Thursday, August 31, 2017

ပထမဆုံးတစ်ကိုယ်တော်ခွေကိုဒီဇင်ဘာလမှာထွက်ရှိနိုင်ဖို့ပြင်ဆင်နေတဲ့စွမ်း

Image may contain: one or more people
ဇာတ်သဘင်လောကမှာ နာမည်ကျော်တစ်ဦးဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးမှုရရှိထားတဲ့ စွမ်းက လာမယ့်ဒီဇင်ဘာလမှာတော့ နှလုံးသားကိုလက်ဖွဲ့မယ်လို့အမည်ပေးထားတဲ့ တစ်ကိုယ်တော်ခွေနဲ့အတူ ဂီတလောကကို ခြေချဖို့စိုင်းပြင်းနေပြီလို့ သိရပါတယ်။
''ကျွန်တော် ဒီအခွေကိုလုပ်နေတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကလည်း အဆိုတော် ဖြစ်ချင်တာပါ။ ဒါပေမယ့် အဆိုတော်မဖြစ်ဘဲ ဇာတ်မင်းသားနဲ့ ရုပ်ရှင်မင်းသား ဖြစ်လာတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ မူလရည်ရွယ်ချက် မပျောက်သွားအောင်လို့ မအားတဲ့ကြားထဲကနေ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်ခဲ့တဲ့ အခွေလေးပါ။ ဒီအခွေကို လာမယ့်ဒီဇင်ဘာလမှာထွက်နိုင်အောင်ကြိုးစားနေပါတယ်''ဆိုပြီး တစ်ကိုယ်တော်ခွေ စီစဉ် ဖြစ်ခဲ့တဲ့အပေါ် စွမ်းက ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းခွေထဲမှာ စွမ်းရေးသားထားတဲ့ ကိုယ်တိုင်ရေးသီချင်း နှစ်ပုဒ် ပါဝင်ပြီး သီချင်းအများစုက အသည်းကွဲသီချင်းတွေသာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ''ဒီအခွေထဲမှာ ကျွန်တော် ကိုယ်တိုင်ရေးအသည်းကွဲသီချင်း နှစ်ပုဒ်ပါပါတယ်။ ကျန်တဲ့သီချင်းတော်တော်များများကလည်း အသည်းကွဲသီချင်း တွေချည်းပါပဲ။ အချစ်သီချင်းကတော့ နှစ်ပုဒ်ပါမယ်။ ဒီအခွေလေးက ယောက်ျားလေးတွေအတွက် အကြိုက်တွေ့နိုင်မယ့် အခွေလို့ထင်ပါတယ်''လို့ စွမ်းက ပြောပြခဲ့ပါတယ်။ သီချင်းအမျိုးအစားတွေအနေနဲ့ ပေါ့ပ် နဲ့ ရော့ခ် တွေပါဝင်မယ့် စွမ်းရဲ့တစ်ကိုယ်တော်စီးရီးမှာ သီချင်းပုဒ်ရေ စုစုပေါင်း ၁ဝ ပုဒ်နဲ့ ၁၃ ပုဒ် ကြားပါဝင်မယ်လို့ သိရပါတယ်။
မေနှင်းဆီ

No comments:

Post a Comment