Thursday, August 31, 2017

ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကမ်းထိန်းနံရံများ၊ ကျောက်စီရေကာတာများပြုပြင်မွမ်းမံရန်လိုအပ်နေ

Image may contain: mountain, outdoor, nature and water
မုံရွာ သြဂုတ် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများသည်မြစ်ရေ၊ ချောင်းရေ တိုက်စားမှုကြောင့် ကမ်းထိန်းနံရံများ ကျောက်စီရေကာတာများ ပြုပြင်မွမ်းမံရန် လိုအပ်နေပြီဖြစ်ရာ သက်ဆိုင်ရာဌာနများအနေဖြင့် ကွင်းဆင်း စိစစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
''ကနီမြို့နယ် ကင်းအုပ်စု သစ်တောဦးစီးဌာနပိုင်နယ်မြေနဲ့ အဆောက်အအုံ
တွေ၊ ရဲတပ်ဖွဲ့ပိုင်မြေနဲ့ အဆောက်အအုံ တွေ၊ အထက်တန်းကျောင်းဝင်းမြေနဲ့အဆောက်အအုံတွေ၊ အထက်ကင်းကျေးရွာနဲ့ ကင်းကျေးရွာ ကျေးရွာချင်းဆက် လမ်း၊ ကျန်းမာရေးဌာနပိုင်မြေနဲ့အဆောက် အအုံတွေအတွက် မြစ်ရေတိုက်စားမှုကာကွယ်ဖို့ ကျောက်စီမြေထိန်းနံရံ တွေ လိုအပ်နေပါတယ်။ ဒါ့အပြင် ချိုင်-ဒင်ပေါက် မြစ်ကမ်းနဲ့ လူနေအိမ်တွေဟာနီးကပ်နေသလို မူကြိုကျောင်း၊ အထက်တန်းကျောင်းနဲ့ ပေ ၅ဝ လောက်သာကွာတော့တဲ့အတွက် လောလောဆယ်မှာ ကိုယ်ထူကိုယ်ထ ကမ်းထိန်းနံရံတွေ လုပ်နေရပါတယ်။
ချောင်းရေတိုက်စားတာတွေ အနေနဲ့က ကင်းတောင်အုပ်စု ဆင်စမ်းကျေးရွာ
မှာ ကျောက်စီရေကာတာ လိုနေသလိုချောင်းမရှေ့က ငမွဲချောင်းတိုက်စားတာ ကြောင့် မုံရွာ-ယာကြီးလမ်း ရေတိုက်စားတာကိုလည်း ကာကွယ်တည်ဆောက်ပေးဖို့လိုနေပါတယ်။ ဒါ့အပြင်ဘုမ္မဇင်းအုပ်စု တအုံအရှေ့ရွာနဲ့ ခုံကြီးအုပ်စု မြောက်ကုန်း ကျေးရွာ၊ ရေစိုကျေးရွာ သင်္ဂဒုံချောင်းရေတိုက်စားတာတွေကာကွယ်ဖို့ ရေထိန်းနံရံတွေလိုနေပါတယ်'' ဟု ဦးထွန်းထွန်း ဝင်းက ပြောပြသည်။
၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်းစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကနီမြို့နယ်နေရာခြောက်ခုတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စုစုပေါင်းကျပ် ၁၂၂၅ သန်း အကုန်အကျခံ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းထံမှ သိ
ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်
ရေးဦးစီးဌာန ဒေသ (၆) စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးက ကနီမြို့နယ်
အတွင်း၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်က ကနီမြို့ဆိပ်ကမ်း ကမ်းထိန်းလုပ်ငန်း ဝက်ချောင်းကလေးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ကင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ကျောက်လှေခါးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၄၃ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မျိုးဝင်းထွန်း (မုံရွာ)

No comments:

Post a Comment