Thursday, October 31, 2019

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) (သောင်းရင်းမြစ်)တံတားဖွင့်ပွဲနှင့် Border Control Facilities(BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပ




 
Image may contain: 6 people, people smiling, people standing
နေပြည်တော် အောက်တိုဘာ ၃၀
 
 
 
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် မြန်မာနိုင်ငံ(မြဝတီ)နှင့် ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ် သည့် သောင်းရင်းမြစ်ပေါ်၌ တည်ဆောက်ထားသော မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂) (သောင်းရင်းမြစ်) တံတားဖွင့်ပွဲနှင့် Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်းအခမ်း အနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ တံတားပေါ်ရှိ ယာယီမင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ် ဆောင်ရွက် ချက်များ ဗီဒီယိုကိုပြသဖွင့်လှစ်ပြီး ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက နှစ်နိုင်ငံချစ်ကြည်ရေးတံတား တည်ဆောက်ပေးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
တိုးမြှင့်ဆောင်ရွက်လျက်ရှိ
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ကုန်း၊ ရေနယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သလို နှစ်ရှည်လများ အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံလျက်ရှိကြပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ မိတ်ဖက်နိုင်ငံများလည်း ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွား ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီ(JBTC) ဖွဲ့စည်း ထားရှိပြီး ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူလျင်မြန် ချောမွေ့စေရေး အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အဓိကကုန်သွယ်မှုလမ်းကြောင်းများမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ပြီး သယ်ယူပို့ဆောင်ရေး မြန်ဆန် လာရန် လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အကြား ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် အမှတ်(၁)ချစ်ကြည် ရေးတံတားကို အသုံးပြုသည့် နှစ်နိုင်ငံကုန်သွယ်ရေး မော်တော်ယာဉ်များ တိုးတက်များပြားလာသဖြင့် ယခု အမှတ်(၂) ချစ်ကြည်ရေးတံတားကို ထိုင်း နိုင်ငံ အစိုးရအကူအညီဖြင့် တည်ဆောက်ရန် ညှိနှိုင်းခဲ့ပြီး ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ တံတားပြီးမြောက် ခြင်း အခမ်းအနားကျင်းပခဲ့ပါကြောင်း။
တံတားကြီးတည်ဆောက်ပေးနိုင်ရန် ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံအစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ လမ်းဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ ကူညီပံ့ပိုးပေးသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မကြာသောကာလ တွင် မြန်မာ - ထိုင်း ချစ်ကြည် ရေးတံတားအမှတ်(၂)ပေါ်တွင် နှစ်နိုင်ငံပြည်သူ များ သွားလာအသုံးပြုသည်ကို တွေ့မြင်ရတော့မည်ဖြစ်ပါကြောင်း။
မြန်မာပြည်သူများနှင့်အတူ ထိုင်းနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း အေးချမ်းသာယာပြီး ပြည့်စုံကုံလုံပေါကြွယ်ဝသည့် အနာဂတ်ဆီသို့ အတူ လျှောက်လှမ်းနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam Chidchob က ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam Chidchob နှင့် တာဝန်ရှိသူတို့က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) (သောင်းရင်းမြစ်) တံတားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နှစ်နိုင်ငံဝန်ကြီးများသည် နှစ်နိုင်ငံ ပူးပေါင်းကူးလူး ဆက် သွယ်ရေးသမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးသည့်အနေဖြင့် တံတားကြီး ပေါ်မှ ကုန်စည်ပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အစီအစဉ်ဒုတိယအပိုင်း Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်း ကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ကျင်းပရာ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဘက်ခြမ်း Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအုန်းလွင်က နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် Border Control Facilities (BCF) အဆောက်အဦ ကမ္ပည်း မော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam Chidchob တို့က စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးပြီး မြန်မာဘက်ကမ်း Border Control Facilities (BCF) အား လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ (အပေါ်ပုံ)
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) (သောင်းရင်းမြစ်)သည် မြန်မာနိုင်ငံ(မြဝတီ)နှင့် ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ်ကာ သောင်းရင်း မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားပြီး တံတားအရှည် မီတာ ၇၆၀ ၊ တံတား အကျယ် ၁၇ ဒသမ ၂ မီတာရှိသည့် ကြိုတင်အားဖြည့်သံကူကွန်ကရစ် ၊ Box Girder နှစ်လမ်းသွားတံတားဖြစ်ကာ နှစ်ဖက်ချဉ်းကပ်လမ်းများ၊ Border Control Facilities (BCF) များနှင့် Traffic Change Over စသည်တို့ ပြည့်စုံစွာထည့်သွင်းပြီး အဆင့်မြင့်နည်းပညာ (High Technology) များ အသုံးပြု၍ စံချိန်စံညွှန်းအရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ထား သော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ “ကျွန်ုပ်တို့၏ သမုဒ္ဒရာ” ညီလာခံ တက်ရောက်




Image may contain: 19 people, people smiling, people standing
နေပြည်‌တော် အောက်တိုဘာ ၃၀




စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် အောက်တိုဘာ ၂၃ ရက်က နော်ဝေနိုင်ငံ အော်စလိုမြို့၌ ကျင်းပပြုလုပ်သော “ကျွန်ုပ်တို့၏ သမုဒ္ဒရာ” ညီလာခံသို့ တက်ရောက် ခဲ့သည်။
အဆိုပါညီလာခံတွင် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် Ms. Erna Solberg က အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဝန်ကြီးများနှင့် သိပ္ပံပညာရှင်များက သမုဒ္ဒရာများ ရင်ဆိုင်နေရသည့် ပြဿနာများအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ချက်နှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အရေးယူ ဆောင်ရွက်မှု၊ သမုဒ္ဒရာများ ညစ်ညမ်း မှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ငါးအလွန်အကျွံ ဖမ်းဆီး မှုနှင့် ရေလုပ်ငန်းစီမံအုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများအပေါ် အရေးယူ ဆောင်ရွက်မှု၊ သမုဒ္ဒရာများမှ ရရှိမည့် အစားအစာနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊ ရေရှည် တည်တံ့သော ပင်လယ်သမုဒ္ဒရာ စီးပွားရေး တည်ဆောက်ခြင်း၊ သမုဒ္ဒရာများ သန်မာအားကောင်းရေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရေရှည်တည်တံ့သော ငါးလုပ်ငန်းအခန်းကဏ္ဍတွင် မြန်မာ့ ရေပြင်အတွင်း အထူးငါးလုပ်ငန်း စီမံ ခန့်ခွဲသည့် ဧရိယာများနှင့် ငါးသယံ ဇာတ ထိန်းသိမ်းရေးဇုန်များ ထပ်မံ တိုးချဲ့သတ်မှတ် အကောင်အထည် ဖော် ဆောင်ရွက်သွားမည့် အစီအစဉ် များကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တောင်ကိုရီးယား သမ္မတနိုင်ငံ ပင်လယ်သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီး Mr. Moon Seong-hyeok နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု ဝန်ကြီးသည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်း တွင် နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr.Dag-IngeUlstein နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း နယ်ပယ်တွင် စွမ်းဆောင်ရည်မြင့်မား လာရေးနှင့် သယံဇာတရင်းမြစ် စီမံ ခန့်ခွဲမှုများအတွက် “ဖွံ့ဖြိုးတိုးတက်မှု အတွက် ငါးလုပ်ငန်းကဏ္ဍ ” အစီအစဉ် ဖြင့် နော်ဝေနိုင်ငံမှ ပံ့ပိုးကူညီပေး နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့ ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိ




Image may contain: 5 people, people smiling, people standing and suit
ရန်ကုန် အောက်တိုဘာ ၃၀



ဂျပန်နိုင်ငံတွင် ရုပ်ရှင်စတူဒီယိုနှင့် သင်တန်းကျောင်းများ၊ ရုပ်ရှင်စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်များ၊ ရုပ်သံနှင့် သတင်းဌာနများ၊ ရုပ်ရှင်ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီများ လေ့လာရေးခရီးစဉ်နှင့် တိုကျို နိုင်ငံတကာရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့ကြသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံရုံး ဒုတိယအကြီးအကဲ မစ္စတာ တော်ရုမာအဲဒနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။
ပြန်လည်လိုက်ပါ
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိလ္လာစိုး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ စာတည်း ဒေါ်ခင်ရတနာ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒါရိုက်တာ အေဝမ်းဦးသိန်းထွဋ်၊ Save Myanmar Film မှ ဒါရိုက်တာ ဦးဥက္ကာတို့လည်း ပြန်လည်လိုက်ပါလာ ကြသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံ သံအမတ်ကြီး၊ နော်ဝေနိုင်ငံသံအမတ်ကြီးနှင့် ဆွစ်ဇာလန်နိုင်ငံမှ GICHD ၏ General Director တို့အား သီးခြားစီလက်ခံတွေ့ဆုံ




Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် အောက်တိုဘာ ၃၀




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Stephen Marshall ၊ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့် ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD) ၏ General Director , Ambassador Mr. Stefano Toscano တို့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စ၊ မသန်စွမ်းသူများ တရားစီရင်ရေးကို လက်လှမ်းမီရရှိရေးဆိုင်ရာကိစ္စနှင့် မြန်မာနှင့် နယူးဇီလန်တို့အကြား ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မိုင်းဒဏ်ခံစားရသူ များအား ထောက်ပံ့ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးကိစ္စ၊ နိုဝင်ဘာလအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပမည့် Anti-Personnel Mine Ban Convention ၏ စတုတ္ထအကြိမ်မြောက် ညီလာခံနှင့်စပ်လျဉ်းသည့်ကိစ္စ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံး အခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့်စပ်လျဉ်း၍ လူသားချင်းစာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD) ၏ General Director , Ambassador Mr. Stefano Toscano နှင့် တွေ့ဆုံစဉ် ယနေ့ကျင်းပသည့် National Mine Action Authority အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မိုင်းကိစ္စများနှင့် စပ်လျဉ်း၍ အာဆီယံဒေသတွင်း မိုင်းစင်တာ (ARMAC)နှင့် ပူးပေါင်း ဆောင်ရွက်နေမှု ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွစ်ဇာလန်နိုင်ငံနှင့် Geneva International Centre တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် ပေးအပ်သည့်တာဝန်များအပေါ် အကောင်းဆုံးဖြစ်အောင်ထမ်းဆောင်




Image may contain: 4 people, people standing
နေပြည်တော် အောက်တိုဘာ ၃၀ 



ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄)၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဆရာ၊ ဆရာမ များ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ် များအား အခြေခံ၊ အဆင့်မြင့်ပညာရပ်များ လေ့ကျင့် သင်ကြားပေးပြီး နယ်စပ်ဒေသများ၏ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့ကို ထူထောင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် စစ်ကိုင်းကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၃၅၉ ဦး၊သိပ္ပံဘွဲ့ ၆၇၀၊ B.Tech ၁၃၉ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ၆၀၅ ဦးစုစုပေါင်း တိုင်းရင်းသားလူငယ် ၁၇၇၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ အရည်အချင်း ပြည့်မီ၍ ဆက်လက်သင်ယူလေ့လာခဲ့ကြရာ Ph.D ဘွဲ့ ၁၈ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၄၆ ဦး၊ မဟာသိပ္ပံဘွဲ့ ၉၄ ဦး၊ ME ၁၉ ဦး၊ BE ၂၆၂ ဦး၊ B.Tech ၂၀၇ ဦး ရှိပြီဖြစ်ကြောင်း။
အရည်အသွေးမြင့်မားလာအောင် လေ့လာ
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများဖြစ်လာစေရေး အစဉ်လေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်း အတွင်းတွင် Long Life Learning အနေဖြင့် လက်ရှိထက် ပိုပြီးအဆင့်မြင့်သည့် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်း များကို နိုင်ငံ့တာဝန်များထမ်းဆောင်ကြရင်း တစ်ပြိုင်နက် ဆက်လက်တက်ရောက်ဆည်းပူးနိုင်အောင် ကြိုးစားသွား ကြရန်၊ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ အင်္ဂလိပ်စာနှင့် ICT နည်းပညာများကိုလည်း မျက်ခြည်မပြတ်လေ့လာသွား ကြရန်၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ကောင်းကျိုး ရရှိစေရေးအတွက်သာ အသိ သတိဖြင့် အသုံးပြုလေ့လာ ကြရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေး များ ပိုမိုမြင့်မားလာအောင်လည်း စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသွားကြရန် မှာကြားလိုကြောင်း။
သင်တန်းဆင်းမောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှာ “နိုင်ငံ့ဝန်ထမ်း” များအဖြစ် တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သဖြင့် လုပ်ရည် ကိုင်ရည်ရှိသည့်၊ ယုံကြည်ချက်ခိုင်မာမှုရှိသည့်၊ ကျင့်ဝတ် သိက္ခာပြည့်စုံသည့်၊ ဘက်လိုက်မှုကင်းရှင်းစွာဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရေး၊ ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေး အခြေခံအုတ်မြစ် များဖြစ်သည့် စရိုက်လက္ခဏာကောင်းမွန်မှု၊ ကိုယ်ကျင့် တရားကောင်းမွန်မှု၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု တို့ဖြင့် ပြည့်စုံသူများဖြစ်လာစေရန် လိုအပ်ကြောင်း။
မူးယစ်ကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်ရန်
ထို့အပြင် တာဝန်ကျရာဒေသများတွင် မိမိတို့၏ ဌာန တာဝန်များအပြင် တိုင်းပြည်၏ အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းတည်ငြိမ်ရေးရရှိသည်အထိ ကျရာကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန်၊ မိမိကိုယ်တိုင်က မူးယစ် ဆေးဝါးကင်းစင်သည့်သူဖြစ်ဖို့လိုသလို ဒေသခံပြည်သူလူထု ကိုလည်း မူးယစ်ဆေးဝါးကင်းစင်သူများ၊ မူးယစ်ကင်းစင် သည့် ပတ်ဝန်းကျင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ရောက်ရှိရာဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေနှင့် ဓလေ့ထုံးစံများကို အစဉ်မြတ်နိုးစွာ ထိန်းသိမ်းသွားကြရန်၊ မူလလုပ်ငန်းတာဝန်များအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ၊ အသိပညာပြန့်ပွားဖြန့်ဝေရေး လုပ်ငန်းများကိုလည်း တတ်နိုင်သရွေ့ စီမံဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ထမ်းဆောင် ရမည့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် ဇွဲ၊ လုံ့လဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုနှင့်အတူ ပေးအပ်သည့်တာဝန်များအပေါ် အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြရန် တိုက်တွန်း မှာကြားသည်။
အလုပ်ခန့်အပ်လွှာများ ပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားနှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆု ရကျောင်းသားတို့အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က A.G.T.I ထူးချွန်ဆု ရရှိသူအားလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။ ယင်းနောက် ဝန်ကြီးဌာန ၁၃ ခုတို့မှ ကိုယ်စားလှယ် များက ဝန်ကြီးဌာနအသီးသီးသို့ အလုပ်တာဝန် ခန့်အပ်ခြင်း ခံရသော သင်တန်းဆင်းကျောင်းသား ကျောင်းသူ ၂၀၆ ဦး တို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများကို ခင်မင်ရင်းနှီးစွာနှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရကျောင်းသား ကျောင်းသူများအား အားပေး စကားပြောကြားသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု ညနေစာဖြင့် တည်ခင်းဧည့်ခံသည်။
တိုင်းရင်းသားလူငယ် ၂၀၆ ဦး အောင်မြင်
ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၄)တွင် ဝိဇ္ဇာဘွဲ့ ၄၆ ဦး၊ သိပ္ပံဘွဲ့ ၈၄ ဦးနှင့် A.G.T.I ဒီပလိုမာ ၇၆ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တိုင်းရင်းသားလူငယ်မောင်မယ် စုစုပေါင်း ၂၀၆ ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး ခန့်အပ်လွှာပေးအပ်




Image may contain: 2 people, people smiling, people standing, suit and indoor
နေပြည်တော် အောက်တိုဘာ ၃၀ 



 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်း ရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရသူ Mr. Ola Almgren အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။ ယင်းသို့တွေ့ဆုံစဉ် Mr. Ola Almgren က ၎င်း၏ ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ် သည်။
ယင်းနောက် တွေ့ဆုံဆွေးနွေးရာ တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်မှုများနှင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အကောင်အထည်ဖော်ရေးတို့တွင် ကုလသမဂ္ဂနှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကုလ သမဂ္ဂဌာနေညှိနှိုင်းရေးမှူး စနစ်သစ် ၏ အခန်းကဏ္ဍ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးနှင့် နေရပ်ပြန်လာမည့် သူများအတွက် ပတ်ဝန်းကျင်ကောင်း များ ဖန်တီးပေးနိုင်ရေးတို့အတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင် ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

နိုင်ငံတကာချစ်ကြည် ဆက်ဆံရေးမှသည်

အယ်ဒီတာအာဘော်



နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် အလေးပေး ရမည့် လိုအပ်ချက်တစ်ခုအနေဖြင့် ရေရှည်အကျိုးကို ရှုမြင် ကြရန်လိုသည်ဟူ၍ မျက်မှောက်ခေတ်ကမ္ဘာ၏ တူရူအဖြစ် ဆိုကြသည်။
လက်ငင်းကာလ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း မည်သို့တိုးတက်ထွန်းကား မြင့်မားအောင် လုပ်ကြမည်ဆိုသည် ထက် နောင် အနှစ်ငါးဆယ်၏ ဟိုဘက်ကို မည်သို့တည်တံ့အောင် ထိန်းသိမ်းကြမလဲဆိုသည်က ပိုအရေးကြီးနေပြီဟု နိုင်ငံတကာ ပညာရှင်များက ထောက်ပြနေကြသည်။
ထို့ပြင် လူတစ်ဦးချင်းအနေဖြင့် ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ အနေဖြင့်ဖြစ်စေ မည်မျှလောက် ချမ်းသာကြွယ်၀ တိုးတက် မြင့်မားသည်ဆိုဆို မမျှတသည့် ကြွယ်၀မှုများက ကမ္ဘာကြီး၏ ရေရှည်တည်တံ့မှု လူသားမျိုးနွယ်တို့၏ ရေရှည်ရှင်သန်မှုကို ထိခိုက်ပျက်စီးစေလိမ့်မည်ဟုလည်း ထောက်ပြ၏။
သဘာ၀ ပတ်ဝန်းကျင်များနှင့် ရင်းမြစ်သယံဇာတများကို ရေရှည်အမြော်အမြင်ဖြင့် ထုတ်ယူသုံးစွဲခြင်းမျိုးဖြစ်အောင် မလုပ်မဖြစ် လုပ်ကြရတော့မည်။
နိုင်ငံတကာမှာဖြစ်စေ၊ ပြည်တွင်းမှာဖြစ်စေ လူမျိုးစုံတို့ အကြား ဆင်းရဲချမ်းသာကွာဟမှုကို ချုံ့ပစ်ကြရမည်။ ချမ်းသာ ကြွယ်၀သူတို့က အလွန်အမင်းစည်းစိမ်ခံ သုံးစွဲနေချိန်မှာ ဆင်းရဲ မွဲတေသူတို့က ငတ်မွတ်ခေါင်းပါးမှုကြောင့် သေကျေပျက်စီးနေရမှု များကို လျော့ပါးပျောက်ကွယ်အောင် မဖြစ်မနေကြိုးစားကြရ တော့မည်။
နိုင်ငံချင်း ဆက်ဆံရေးတွင် တစ်ဦးနှင့်တစ်ဦး အကျိုးလိုလား သည့် သဘောထားအခြေခံဖြင့် စီးပွားရေး၊ လူမှုရေးအပြန် အလှန်ကူညီဖေးမမှု၊ အလုပ်တူပူးပေါင်းဆောင်ရွက်မှု စသည် တို့ကို ပိုမိုအလေးထား ဆောင်ရွက်ကြရန် လိုအပ်နေပြီ။
ကမ္ဘာကြီးက တဖြည်းဖြည်းချင်း မနိုင်ဝန် ထမ်းလာနေရပြီ ဖြစ်သည့်အတွက် နိုင်ငံတကာပြည်သူတို့အကြား လုံလောက်မျှတ သည့် သုံးစွဲမှုမျိုးကို ထိန်းကွပ်ရခြင်းမျိုးလည်းရှိရန် လိုအပ်လာ နေပြီ။
ဤသည်မှာ ချမ်းသာကြွယ်၀မှု၊ ဆင်းရဲမွဲတေမှုတို့နှင့်လည်း ကောင်း၊ အင်အားကြီးမားခြင်း၊ ချို့ငဲ့သေးငယ်ခြင်းတို့နှင့် လည်း ကောင်း မသက်ဆိုင်။ လူသားချင်း စာနာထောက်ထားမှုကို အခြေခံသည့် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား တို့ကို အရင်းခံသည့် ချစ်ကြည်ဆက်ဆံရေးက တစ်နေ့တခြား ပိုမိုလိုအပ်လာနေပြီဟု ဖော်ပြနေခြင်းဖြစ်သည်။
နိုင်ငံချင်း ကူးလူးဆက်ဆံမှုများနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံ မှုများ၊ လူမှုရေးကူညီထောက်ကူမှုများဖြင့် အပြန်အလှန်အကျိုး ကျေးဇူး များရေးကို ဦးတည်ကြိုးစားကြခြင်းက တန်းတူညီမျှမှု ကို နီးကပ်စေမည်။ တန်းတူညီမျှမှု နည်းပါးသည်နှင့်အမျှ အကြမ်းဖက်မှုများ၊ စစ်ပွဲများကို ပိုမိုတိုးပွားလာစေမည်ဟု နားလည်ကြဖို့လိုသည်။
ကမ္ဘာကြီး၏ လားရာနှင့် တူရူက တဖြည်းဖြည်းချင်း ပြောင်းလဲလာနေပြီဖြစ်သည်။ မပြောင်းလဲ၍လည်း မရနိုင်တော့ ဟု အမြော်အမြင်ကြီးသူတို့က နားလည်လာနေကြပြီ။
နိုင်ငံတစ်ခုအတွင်းရှိ လူမျိုးစုများ၊ ပြည်နယ်များ၏ တန်းတူညီမျှမှုက မဖြစ်မနေလိုအပ်လာသကဲ့သို့ ကမ္ဘာ့နိုင်ငံ များအကြားတွင်လည်း နိုင်ငံကြီး၊ နိုင်ငံငယ် ခွဲခြားမှုများထက် နိုင်ငံတကာချစ်ကြည်ရေးမူကို ကိုင်စွဲကာ ဆင်းရဲချမ်းသာ ကွာဟမှုကို လျော့ပါးအောင် အားထုတ်ကြိုးစားရင်း လူသား တို့၏ တန်းတူညီမှုကို လုပ်ဆောင်ကြရမည့် ခေတ်ဆီသို့ ဦးတည် လာနေပြီ ဖြစ်ပါသတည်း။ ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီစည်းဝေး




Image may contain: 3 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၃၀



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၅၂/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စား လှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ



Image may contain: 3 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၃၀ 


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Johan Cels အား ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကမ္ဘာတစ်ဝန်း လူနေမှုဘဝလုံခြုံရေး၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးနှင့် ဒုက္ခသည်များ၊ နိုင်ငံမဲ့များနှင့် အိုးအိမ်စွန့်ခွာနေရသူ များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်များတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အလေးထားလုပ်ဆောင်နေမှုများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံဖလှယ် ရေးနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ကျင်းပပြုလုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေ ပြုရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ၂၀၁၉ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ




Image may contain: 6 people, indoor
နေပြည်တော် အောက်တိုဘာ ၃၀




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ၂၀၁၉ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် သာသနာ့မဟာဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုကြပြီး ကထိန်လျာသင်္ကန်း၊ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး နန့်ကြင်ကြည်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး ဒေါ်အေးသီတာ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်း ထွန်းဟိန်၏ ဇနီး ဒေါက်တာ စိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အမျိုး သား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီး များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က သာသနာ့မဟာဗိမာန် တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော် ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်း သည်။
ပရိတ်တရားတော်များ နာယူ
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့် ပရိသတ်များက နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် နှင့် ကထိန်အလှူခံဆရာတော် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တတိဿတို့ထံ ကထိန် သင်္ကန်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန် ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၏ဇနီး နန့်ကြင်ကြည်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တို့က ကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အမျိုး သား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆရာတော်၊ သံဃာ တော်များထံ ဆက်ကပ်လှူဒါန်းကြ သည်။
ရေစက်သွန်းလောင်း
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင် သန်လျင်မြို့ မင်းကျောင်း ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
အခမ်းအနားအပြီးတွင် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တွင် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေ စုစုပေါင်း ကျပ်သိန်း ၄၃၀ ကျော်တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ သတင်းစဉ်

Wednesday, October 30, 2019

ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းဖွင့်လှစ်




Image may contain: 3 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၉



ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်တွင် ပြည်သူကို သတင်းများ ပြန်ကြားပေးရမည့်တာဝန်ပါရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ဌာန တစ်ခုဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် လူမှုမီဒီယာများမှ သတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပါ ကြောင်း၊ အလားတူ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ပုံနှိပ်သတင်းစာ များနှင့် Myanmar digital news အွန်လိုင်းသတင်းစာတို့မှ သတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကလည်း ဝန်ကြီးဌာန၏ ဝက်ဆိုက်ဖြစ်သည့် MOI Webportal ကို တာဝန်ယူဆောင်ရွက်ကာ သတင်းများ ဖော်ပြပေးလျက်ရှိပါ ကြောင်း၊ အများအားဖြင့် MOI Webportal တွင် သတင်းစာသားနှင့် သတင်း ဓာတ်ပုံများသာ ဖော်ပြပေးလျက်ရှိပါကြောင်း။
ယနေ့ခေတ်တွင် စတုတ္ထစက်မှုတော်လှန်ရေးကြောင့် ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာပါကြောင်း၊ မိမိတို့နိုင်ငံတွင် မိုဘိုင်း ဆင်းကတ်သုံးစွဲမှုသည် နိုင်ငံ့လူဦးရေထက်ပင် များပြားသည်ကို အားလုံးသိရှိ ကြပြီးဖြစ်ပါကြောင်း၊ ထို့အတူ လူမှုမီဒီယာသုံးစွဲသူမှာလည်း သန်း ၂၀ ကျော်ရှိ ပြီး အများစုသည် မိုဘိုင်းဖုန်းများမှတစ်ဆင့် သတင်းများကို ဖတ်ရှုကြပါ ကြောင်း၊ ပုံနှိပ်သတင်းစာများ ဖတ်ရှုမှုအရေအတွက်သည် ကျဆင်းလာပါ ကြောင်း။
ပြည်သူစိတ်ဝင်စားသည့်အကြောင်းအရာ ရိုက်ကူးထုတ်လွှင့်မည်
ထိုသို့ ပြောင်းလဲလာသည့် သတင်းစီးဆင်းမှုအရ ပြည်သူအများစုအသုံးပြု သည့် လူမှုမီဒီယာ၊ အွန်လိုင်းမီဒီယာများတွင် သတင်းများတင်ပြပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီး ဌာန၏ ဝက်ဆိုက်ဖြစ်သည့် MOI Webportalတွင် သတင်းများတင်ပြရာတွင် သတင်းစာသား၊ သတင်းဓာတ်ပုံအဖြစ်သာမက ရုပ်သံပါဝင်သည့် ဗီဒီယိုသတင်း တိုများကို ရိုက်ကူးထုတ်လွှင့်နိုင်ရန် ယနေ့ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊ သတင်းများအပြင် ပြည်သူများစိတ်ဝင်စားမှုရှိသည့် အကြောင်းအရာ များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဒေသအလိုက် ဓလေ့ထုံးစံများ၊ ပွဲတော်များ စသည်တို့ကိုလည်း ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရုပ်သံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းဆရာ ဦးအောင်တင်ထွန်းက စမတ်ဖုန်းဖြင့် သတင်းများကို ကောင်းမွန်စွာ ရိုက်ကူး တည်းဖြတ်တင်ဆက်နိုင်ရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်စကားပြောကြားသည်။
လေးရက်ကြာဖွင့်လှစ်မည်
ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်းကို နိုဝင်ဘာ ၁ ရက် အထိ လေးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား ၂၀ တက်ရောက်ကြသည်။
သင်တန်းတွင် စမတ်ဖုန်းကင်မရာ အသုံးပြုနည်း၊ သတင်းရေးသားနည်း၊ ရိုက်ကူးပြီး ရုပ်သံများကို စမတ်ဖုန်းဖြင့် တည်းဖြတ်နည်းများကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် NCA-S EAO အဖွဲ့ ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့အား သီးခြားစီလက်ခံတွေ့ဆုံ




Image may contain: 3 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၉



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် NCA-S EAO အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့အား နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
ငြိမ်းချမ်းရေးဆိုင်ရာ
ကိစ္စရပ်များဆွေးနွေး
တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံရှိ တိုဟိုစတူဒီယို၊ ရုပ်ရှင်သင်တန်းကျောင်းနှင့် ရုပ်ရှင်အမျိုးသား မော်ကွန်းတိုက်များတွင် ကြည့်ရှုလေ့လာ




Image may contain: 9 people, indoor
တိုကျို အောက်တိုဘာ ၂၉



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် တိုကျိုမြို့ရှိ တိုဟိုစတူဒီယိုသို့ သွားရောက်ပြီးရုပ်ရှင် ဇာတ်ကားများ ထုတ်လုပ်ရန် ကြိုတင်ပြင်ဆင်မှုမှစ၍ ထုတ်လုပ်ပြီးချိန်အထိ လုပ်ငန်းစဉ်များကို လေ့လာကြသည်။
တိုဟိုစတူဒီယိုသည် ၁၉၃၄ ခုနှစ်မှစ၍ တိုဟိုရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်းအဖြစ် ပေါ်ပေါက်ခဲ့ရာမှ တီထွင်ဆန်းသစ်မှုများဖြင့် အစဉ်တစိုက်ဆောင်ရွက် ခဲ့ရာ ယနေ့အချိန်တွင် ဂျပန်နိုင်ငံ၏ အကြီးဆုံးအသံသွင်းလုပ်ငန်းနှင့် ခေတ်မီ ထုတ်လုပ်ရေးစင်တာကြီးအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်ရုပ်ရှင်သင်တန်း ကျောင်း (Japan Institute of the Moving Image) သို့ သွားရောက်ကြပြီး ရုပ်ရှင်သမိုင်းနှင့် ယဉ်ကျေးမှု၊ သီအိုရီနှင့် ဘာသာရပ်များ သင်ကြားပို့ချမှုနှင့် လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာကြသည်။
အဆိုပါ ရုပ်ရှင်သင်တန်းကျောင်းသည် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး ကဏ္ဍတွင် တစ်ဦးချင်းမှစ၍ စွမ်းဆောင်ရည်တိုးမြှင့်စေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ရုပ်ရှင်သရုပ်ဖော်ပညာနှင့် မှတ်တမ်းတင်ခြင်း၊ ရိုက်ကူးခြင်း၊ အသံဖမ်းခြင်းနှင့် တည်းဖြတ်ခြင်း၊ ကျိုးကြောင်းဆက်စပ်၍ ဇာတ်ညွှန်းရေးသားခြင်းဘာသာရပ် (၃) ခုကို လေးနှစ်ကြာ ဆက်နွှယ်သင်ကြားပို့ချမှုဖြင့် ဘွဲ့ဒီဂရီပေးအပ်လျက်ရှိ ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံရုပ်ရှင်အမျိုးသားမော်ကွန်းတိုက် (National Film Archive of Japan) သို့ ရောက်ရှိပြီး ရုပ်ရှင် ဇာတ်လမ်း၊ ဇာတ်ညွှန်းမူရင်းများ၊ ရုပ်ရှင်ပိုစတာမူရင်းများ၊ ရိုက်ကွင်းမှတ်တမ်း ဓာတ်ပုံများ၊ ရုပ်ရှင်ကင်မရာများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ ကိုယ်ရေးအချက် အလက်များ၊ ရုပ်ရှင်ဇာတ်ကားများတွင် အသုံးပြုခဲ့သည့် ဆက်စပ်ပစ္စည်းများ၊ သမိုင်းဝင်ယဉ်ကျေးမှုလက်ရာ ရုပ်ရှင်ဇာတ်ကားများ စုစည်းပြသထားမှုကို ကြည့်ရှုလေ့လာကြသည်။
ယင်းမော်ကွန်းတိုက်သည် ယခင်အမျိုးသားရုပ်ရှင်ဗဟိုဌာန (National Film Center) ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ခေတ်မီအနုပညာအမျိုးသားပြတိုက် (National Museum of Modern Art) အဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်ရှင်ဇာတ်လမ်းလေးသောင်းခန့်နှင့် အခြားအနုပညာပစ္စည်းများ စုစည်း ပြသထားသည့် လွတ်လပ်သော လူထုအခြေပြုဌာနတစ်ခုဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




Image may contain: 4 people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၂၉




ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာ၊ ရွှေထီးတော်တင်မဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်အထမြောက် စေရန် တာဝန်ယူထားသည့် လုပ်ငန်းဆောင်တာများကို လစ်ဟာမှုမရှိစေရေး ကုသိုလ်ယူ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်မှုလုပ်ငန်းများနှင့် မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သာသနာတော်ဆိုင်ရာအခမ်းအနားများ ကျင်းပရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သံဃာတော်များပင့်လျှောက်ရေး၊ ဖိတ်ကြား ရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင် ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေး ဆပ်ကော်မတီ၊ လုပ်ငန်းနှင့်စာရင်းစစ်ဆေးရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ဦးစီးကော်မတီဥက္ကဋ္ဌက တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

(၉၆)နှစ်မြောက် တူရကီသမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ




Image may contain: 4 people, people smiling, people standing, suit, wedding and indoor
ရန်ကုန် အောက်တိုဘာ ၂၉


 

(၉၆)နှစ်မြောက် တူရကီသမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် တူရကီ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနား ကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး Mr. Haydar Kerem Divanlioglu နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က နှုတ်ခွန်းဆက် စကားပြောကြားကြပြီး (၉၆)နှစ် မြောက် တူရကီသမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့က တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက် ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက် လာကြသူများအား သံအမတ်ကြီးနှင့် ဇနီးတို့က ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန် မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် အဖွဲ့အား တွေ့ဆုံ




Image may contain: 4 people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၂၉ 



ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရူယားမားနှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည် တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံ သည်။
ဆွေးနွေး
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ အကူ အညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင် ရေးစီမံကိန်းလုပ်ငန်းများ တိုးတက်မှု နှင့် ထိုရထားလမ်းပိုင်းတွင် အသုံးပြု မည့် လူစီးရထားတွဲများ အချိန်မီရရှိ ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(ဗဟိုအဖွဲ့ချုပ်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ




Image may contain: 4 people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၂၉


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(ဗဟိုအဖွဲ့ချုပ်)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာနော်ကဖောထူး၊ တွဲဖက်အတွင်းရေးမှူး ဦးစောကျော်ညွန့်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့က ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှုများ၊ ကျေးလက်မီးလင်းရေး အပါအဝင် ဒေသအခြေအနေအပေါ်မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန်ကိစ္စရပ်များ၊ လတ်တလောလိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေး ရေးနှင့် ရေရှည်တွင် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင် နိုင်ရေးအတွက် ဝန်ကြီးဌာန၊ ဒေသအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့်အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor အား လက်ခံတွေ့ဆုံ




Image may contain: 3 people, people smiling, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၉



ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း ဟိန်သည် ဟောင်ကောင်တက္ကသိုလ်၏ အာရှ နှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် များ၊ လွှတ်တော်လုပ်ငန်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၏ လုပ်ငန်း အတွေ့အကြုံ၊ အရည်အသွေး ပိုမိုပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီစည်းဝေး




Image may contain: 1 person, sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၉



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၅၁/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေး ဝင်းအောင်(ခ)ဦးပြုံးချို၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီးအား လက်ခံတွေ့ဆုံ



Image may contain: 6 people, people smiling, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၉ 



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စများနှင့် မြန်မာနိုင်ငံတွင် အမေရိ ကန်နိုင်ငံမှ လာရောက်ရင်းနှီး မြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး Mr. David Stilwell နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး Mr. Scot Marciel တက်ရောက်ခဲ့ ကြောင်း သိရသည်။ သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တရုတ်ကွန်မြူနစ်ပါတီ၊နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူးချုပ်အား လက်ခံတွေ့ဆုံ



Image may contain: 2 people, people sitting, table, child and indoor
နေပြည်တော် အောက်တိုဘာ ၂၉



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Ms. Sun Haiyan နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည်ဆိုသည့် စံ (၅)ချက်နှင့်အညီ ကျင်းပနိုင်ရန် (၂၀၁၉−၂၀၂၂) မဟာဗျူဟာစီမံကိန်းရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ပြည်တွင်း/ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေးအဖွဲ့များ ဖိတ်ကြားသွားမည့် အခြေအနေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများ ဆောင်ရွက်နေမှု၊ ပြည်သူလူထု အသိပညာပေးခြင်း (Civic Education)နှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း (Voter Education) လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တိုင်းရင်းသား ဘာသာစကားများဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနိုင်ရေး ဆောင် ရွက်နေမှု၊ ရွေးကောက်ပွဲတွင် Social Media အသုံးပြု၍ အမုန်းစကားများ၊ သတင်းအမှားများဖြန့်ဝေမှုမရှိစေရေးအတွက် ကာကွယ်မည့် အစီအစဉ်များ ဆောင်ရွက်ထားရှိမှု၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

သံအမတ်ကြီး ဦးသူရိန်သန့်ဇင် ဆားဘီးယားသမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်




နေပြည်တော် အောက်တိုဘာ ၃၀



ဆားဘီးယားသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသူရိန်သန့်ဇင်သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ဘဲလ်ဂရိတ်မြို့၌ ဆားဘီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား ဗိုချစ်ချ်ထံ ပေးအပ်ခဲ့ပြီး ဖြစ်သည်။
သတင်းစဉ်

အကြမ်းဖက်ဝါဒ အခြေချမလာရအောင်


အယ်ဒီတာအာဘော်



အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ ဘဂ္ဂဒါဒီ၏ ရုပ်ကြွင်း များကို သမုဒ္ဒရာရေသင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းဖြင့် အကြမ်းဖက် ခေါင်းဆောင်တစ်ဦး နိဂုံးချုပ်ခဲ့ပြန်ပြီ ဖြစ်သည်။ အစ္စလာမ္မစ် ခါလီဖိတ်နိုင်ငံတော်ကြီး တည်ထောင်မည်ဟုဆိုကာ ကမ္ဘာ အရပ်ရပ်မှ လူသူများကိုစုရုံးပြီး အကြမ်းပတမ်းတိုက်ခိုက်မှုများ၊ မြို့ရွာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာတို့ကို ဖြိုချ ဖျက်ဆီးမှုများ၊ လူပေါင်းများစွာတို့ကို အရက်စက်ဆုံးနည်းလမ်း များဖြင့် သတ်ဖြတ်ပြမှုများကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းတစ်ခုလုံး တုန်လှုပ်ချောက်ချားခဲ့ကြရသည်။ ဘာသာရေးကို အကြောင်းပြ၍ စည်းရုံးခဲ့သော်လည်း ၎င်းနှင့် ၎င်း၏အဖွဲ့က ဘာသာတရား၏ စစ်မှန်သောပုံရိပ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုသာ အကဲဖြတ် ခံခဲ့ရပြီး အဖွဲ့လည်းပြိုကွဲကာ ကစဉ့်ကလျားဖြစ်ခဲ့သလို အဖွဲ့ ခေါင်းဆောင်မှာလည်း ကမ္ဘာပေါ်မှ ထာဝရပျောက်ကွယ်သွား ခဲ့ပြီးဖြစ်ရာ အကြမ်းဖက်မှုဖြင့် အစဉ်အမြဲ အနိုင်မရနိုင်ဘဲ အချိန်တန်ပါက ကျရှုံးရသည့်သဘောကို စောကြောဖွယ်ရာပင် ဖြစ်သည်။
အကြမ်းဖက်ဝါဒကို ကိုင်စွဲကြသူများက ၎င်းတို့၏ နိုင်ငံရေး၊ ဘာသာရေး၊ အယူဝါဒရေး၊ လူမျိုးရေး အစရှိသည့် ရည်မှန်းချက် တစ်ခုခုတို့ကို အကောင်အထည်ဖော်ရန်အတွက် အကာအကွယ် မဲ့သူများ၊ အထူးသဖြင့် သာမန်အရပ်သား ပြည်သူများကို ပစ်မှတ် ထားကာ အကြောက်တရားသွတ်သွင်းသည့်အနေဖြင့် ရက်စက် ကြမ်းကြုတ်သည့် နည်းလမ်းများသုံးစွဲ၍ တိုက်ခိုက်ခြိမ်းခြောက် ကြခြင်းဖြစ်သည်။ အကြမ်းဖက်ဝါဒနှင့်စပ်လျဉ်း၍ အဓိပ္ပာယ် ဖွင့်ဆိုမှုများစွာရှိသော်လည်း ဘုံသဘောတူညီမှုမှာမူ ရက်စက် ကြမ်းကြုတ်သည့်နည်းလမ်းများကို သုံးစွဲခြင်းနှင့် အကာ အကွယ်မဲ့သူများကို ပစ်မှတ်ထားခြင်းတို့ပင် ဖြစ်သည်။
အကြမ်းဖက်ခြင်းက လူ့အသိုင်းအဝိုင်းကို တုန်လှုပ် ချောက်ချားစေခြင်းဖြင့် အလိုရှိရာရည်မှန်းချက်ကို ရယူနိုင်ရန် ရည်ရွယ်သော်လည်း ရေရှည်တွင် အောင်ပွဲမရနိုင်ကြောင်း ကမ္ဘာ့ သမိုင်းတစ်လျှောက်တွင် သာဓကများကို တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။ လူသားတို့၏ ပင်ကိုသဘောမှာ အကြမ်းဖက်ခြင်းကို မနှစ်မြို့သလိုပင် အကြမ်းဖက်ခြင်းနှင့်အတူ ပေါက်ဖွားလာသည့် ကြောက်ရွံ့ထိတ်လန့်မှု၊ မုန်းတီးစက်ဆုပ်မှုတို့ကိုလည်း လိုလား လက်ခံလေ့မရှိကြ။ လိုလားလက်ခံသည်ဟု ဆိုသူမျိုးတို့သည် လည်း ပုံမှန်စိတ်အခြေအနေမရှိသူ၊ ဆင်ခြင်တွေးခေါ်နိုင်စွမ်း မရှိသူများသာလျှင် ဖြစ်ကြသည်။ လူ့ကျင့်ဝတ်နှင့် လူ့စံနှုန်းတို့ ကျိုးပျက်နေသူ တစ်နည်းအားဖြင့် လူမဆန်သူများသာလျှင် ဖြစ်ကြသည်။ လူ့အသိုင်းအဝိုင်းက အကြမ်းဖက်မှုကို လက်မခံ သည့်အခါ အကြမ်းဖက်နည်းလမ်းကို ကျင့်သုံးသူသည် အချိန်တန် လျှင် ရှုံးနိမ့်ရစမြဲသာလျှင် ဖြစ်သည်။
မိမိတို့နိုင်ငံသည် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုနှင့် မကင်းသောနိုင်ငံဖြစ်သည်။ လူမျိုးရေး၊ ဘာသာရေး အယူအစွဲ တို့ဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကို အကြမ်းဖက်တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်မှုများရှိနေကြောင်း သတိပေးမှုများရှိခဲ့သလို ပြည်ပမှ အကြမ်းဖက်သမားများ ဝင်ရောက်မလာစေရေး ကာကွယ်တားဆီးမှုများ၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်မှုများရှိကြောင်းလည်း သိရသည်။ အကြမ်းဖက်လုပ်ရပ် နှင့် အကြမ်းဖက်ဝါဒတို့က အရပ်ဘက်ပစ်မှတ်များကို ဦးတည်လေ့ ရှိသည့်အလျောက် မိမိတို့နိုင်ငံအတွင်း၊ မိမိတို့လူ့အသိုင်းအဝိုင်း အတွင်း အကြမ်းဖက်ဝါဒ လာရောက်အခြေချ အမြစ်တွယ်မလာ ရေး၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်မလာရေးအတွက် ဝိုင်းဝန်းကာကွယ်တားဆီးနိုင်ကြပါစေကြောင်း။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ




Image may contain: 1 person, standing
နေပြည်တော် အောက်တိုဘာ ၂၉


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းရေး ကဏ္ဍများအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ASEAN၊ EAS ထိပ်သီးအစည်းအဝေး များဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။ သတင်းစဉ်

Tuesday, October 29, 2019

နိုင်ငံရေးဆွေးနွေးပွဲများကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခြင်းဖြင့် နိုင်ငံရေးရလဒ်များကို ရရှိစေမှာဖြစ်

Image may contain: 1 person, flower


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်
လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ကိုယ်စား KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောကြားသည့် အမှာစကား


လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်တကွ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှ ခေါင်းဆောင်ကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျား
ယခုလို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးသော (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထား ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား အမှာစကား ပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တက် ရောက်လာကြသောခေါင်းဆောင်ကြီးများ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းများဖြင့် ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဦးစွာ ပြောကြားလို ပါတယ်။
ဤအခမ်းအနားသို့ NCAကို လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတို့မှ စုံစုံလင်လင် တက်ရောက်ကြမည်ဟု မျှော်လင့်ထားကြသော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အဖွဲ့မှ တက်ရောက်လာနိုင်ခြင်း မရှိသည့်အပေါ် လွန်စွာမှ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကျွန်တော်တို့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ (၄)နှစ်ပြည့် လွန်မြောက်လာခဲ့ပြီးဖြစ်ပါတယ်။
ယုံကြည်မှုတွေအားနည်းနေ
သို့သော်လည်း အခုထက်ထိတိုးတက်မှု များများစားစား မရရှိသေးတာက ယုံကြည်မှုတွေအားနည်းနေပြီး အာဃာတတရားတွေ၊ သံသယတွေ၊ စိုးရိမ်မှု တွေ၊ မုန်းတီးမှုတွေ အားကောင်းနေသေးတယ်လို့ ကျွန်တော်မြင်မိတယ်။ ကျွန်တော်တို့တတွေဟာ ဘာကို မယုံမကြည်ဖြစ်နေကြရတာလဲ၊ ဒါတွေကို ပြန်ဆန်းစစ်ရမှာဖြစ်ပြီး မှန်ကန်တဲ့၊ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်အကောင်အထည်ဖော်ဆောင်ကြရမှာ ဖြစ်ပါ တယ်။
NCA စာချုပ်ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုကြီးတွင် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ယနေ့တိုင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းနိုင်စေရေးအတွက် နိုင်ငံရေးပြဿနာများကို စစ်ရေး ဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာပြီး ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကို တည်‌ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့ဖြင့် ကနဦး ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(MNSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့မှ ဆက်လက် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အတွက် (၁၀)ဖွဲ့ ရှိခဲ့ပြီးဖြစ်ပါတယ်။
ထပ်မံလက်မှတ်မရေးထိုးနိုင်သေး
ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဆိုသည့်အတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဆောင်နိုင်သည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲနိုင်ရေးအတွက် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတို့မှလည်း NCA ကို လက်မှတ်ရေးထိုးနိုင်ရန် အစိုးရမှသော် လည်း ကောင်း၊ တပ်မတော်မှသော်လည်းကောင်း၊ NC A ကို လက်မှတ်ရေးထိုး ထားကြ သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှသော် လည်းကောင်း မိမိနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍမှ ကြိုးစားခဲ့ကြသော်လည်း ယနေ့ထိ ထပ်မံလက်မှတ်မရေးထိုးနိုင်သေးပါ။
ဒီအခြေအနေအပေါ် ကျွန်တော်တို့အားလုံးမှ ပြန်လည်သုံးသပ်ကြပြီး ကျန်ရှိနေသူများ NCA လက်မှတ်ရေးထိုးလာနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ်။ သို့မှသာ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်၏ အနှစ်သာရကို ပေါ်လွင် စေမှာဖြစ်ပြီး မိမိတို့အားလုံးမှ တည်ဆောက်ချင်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများကို အောင်အောင် မြင်မြင် ကျင်းပပြုလုပ်နိုင်ခြင်းဖြင့် နိုင်ငံရေးရလဒ်များကို ရရှိစေမှာ ဖြစ်ပါတယ်။
(၄)နှစ်တာကာလအတွင်း NCA စာချုပ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက် ကို ရောက်ရှိဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပေမယ့် NCA ပါ စာသားများအပေါ် တူညီသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မရရှိသေးသည့်အတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင်လည်း မိမိတို့ နားလည်ထားကြသည့် အဓိပ္ပာယ်အရသာ အကောင်အထည်ဖော်နေကြသလို ဖြစ်နေပါတယ်။
အားလုံးတစ်သားတည်းကျတဲ့ အမြင်နဲ့ သုံးသပ်ချက်မဟုတ်ရင်တောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျွန်တော်တို့ တည်ဆောက်ချင်သော လမ်းကြောင်း ကနေ တိမ်းစောင်းသွားနေသည့် အခြေအနေသို့ တွန်းပို့လာနေတယ်ဆိုတာ ကို ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အချို့က သုံးသပ်ထားကြတာတွေရှိသလို ပါဝင်ပတ်သက်နေကြသည့် အစုအဖွဲ့တွေကြားမှာ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက် မှုတွေ၊ အသာစီးရလိုမှုတွေရှိနေကြလို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မပြုလုပ် မကျင်းပနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်နေတာဖြစ်တယ် လို့ ပြောနိုင်ပါတယ်။
ဆက်လက်လျှောက်လှမ်းနိုင်ဖို့လို
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို ထားရှိကြပြီး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ အရေးကြီးသည့်အချက်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေကြသည့် Stakeho-lder များအကြား ယုံကြည်မှုတည်ဆောက်ခြင်းပဲဖြစ်ပါတယ်၊ ယုံကြည်မှုရရှိ ရေးအတွက် ထင်သာမြင်သာရှိသည့် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်း စဉ်ဟာလည်း မဖြစ်မနေဖော်ပြလုပ်ဆောင်သွားပေးဖို့ လိုအပ်ပါတယ်။
တစ်ပြိုင်တည်းမှာပဲ ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့အတွက် ပါဝင်ပတ်သက်နေကြသည့် Stakeholder များအကြားမှာ ကျွန်တော်တို့အားလုံးဟာ ဘုံနားလည်မှု၊ ဘုံရည်မှန်းချက်တွေ ကို ရယူထားရှိခြင်းဖြင့် နည်းလမ်းများ ရှာဖွေနိုင်ကြမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက် နိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့တွေအနေနဲ့ NCA အရ သဘောတူထားခဲ့ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု၊ တန်းတူညီမျှမှု တို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိ သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံ ရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဆိုသည့်အတိုင်း ဦးလည်မသုန် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားကြတဲ့ ကျွန်တော်တို့အားလုံးဟာ “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု တို့ကို အခြေခံပြီး ဤသဘောတူစာချုပ်ပါအချက်များကို ပြီးစီးအောင်မြင် သည့်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော်ဆောင် သွားရန် အပြန်အလှန်သန္နိဋ္ဌာန်ချကြပါစို့။
ပါဝင်သက်ဆိုင်နေကြသော Stakeholder များအကြား ယုံကြည်မှုကို တည်ဆောက်ရင်း ကျွန်တော်တို့အားလုံးမှ အပြန်အလှန်လေးစားအသိအမှတ် ပြု၊ တန်ဖိုးထားမှုကိုအခြေခံပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို စုပေါင်းတည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ အမြဲရှေးရှုဆောင်ရွက်ခဲ့

Image may contain: 1 person, standing

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အမှာစကား





ဒီကနေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျအကောင်အထည်ဖော် ပေးနိုင်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့တဲ့ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။


ဒီနှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော် သမ္မတကြီး အမှူးပြုတဲ့ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ငြိမ်းချမ်းရေးအတွက် အဘက်ဘက်မှ ပါဝင်ဆောင်ရွက်နေကြတဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးနဲ့ အခမ်းအနားတက်ရောက်လာသူအားလုံး ငြိမ်းချမ်းသာယာရှိကြ၍ နိုင်ငံ့အကျိုး၊ ပြည်ထောင်စုအကျိုးနဲ့ ငြိမ်းချမ်းရေးအကျိုးတို့ကို ဆတက်ထမ်းပိုး စည်းလုံးညီညွတ်စွာထမ်းဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့များဟာလည်း ၎င်းတို့အကြောင်းနဲ့ ၎င်းတို့သာ ဖြစ်ပါလိမ့်မယ်။


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်းအခမ်းအနားတွေ ကျင်းပလာတာ ဒီနေ့နဲ့ဆို ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။ အခမ်းအနားတိုင်းမှာ တာဝန်ရှိသူများက အမှာစကား၊ နှုတ်ခွန်းဆက်စကား အသီးသီးပြောကြပါတယ်။ ကျွန်တော့်အနေနဲ့လည်း ယခင်အခမ်းအနား ၃ ကြိမ်မှာ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါတယ်။ ဒီနေ့မှာတော့ ယခင်ပြောခဲ့တဲ့ နှုတ်ခွန်းဆက်စကားတွေထဲက အရေးကြီးတဲ့အချက်အချို့ကို ပြန်လည်အမှတ်ရစေဖို့ အဖွင့်အနေနဲ့ ပြောလိုပါတယ်။


တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်

ပထမဆုံးအခမ်းအနားမှာ ကျွန်တော့်အနေနဲ့ NCA စာချုပ် ဖြစ်ပေါ်လာပုံနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ကို အလေးပေးပြောကြားခဲ့ပါတယ်။ NCA စာချုပ်နဲ့ပတ်သက်လို့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး နိုင်ငံ့ ငြိမ်းချမ်းရေးအတွက် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ခဲ့တဲ့အချိန်ကစတင်ပြီး NCA စာချုပ်ကို ပထမဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်အထိ အချိန်ကာလ လေးနှစ်ကျော်ကြာမြင့်ခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းအဆင့်ဆင့်ကို ညီညွတ်တဲ့ပေါင်းစည်းစွမ်းအားနဲ့ ကြိုးစား ဖြတ်သန်းခဲ့ရပုံတွေကို ဆက်လက်လုပ်ဆောင်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေအတွက် ခွန်အားတွေဖြစ်စေဖို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ခေတ်အဆက် ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ တပ်မတော်ရဲ့ “အသိတရား”နဲ့ လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုခိုင်မြဲစေဖို့အတွက် လိုအပ်တဲ့ “အရှိတရား” ဖြစ်တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ် အကြောင်းကို ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်နဲ့ NCA စာချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုဖြစ်စေဖို့ လမ်းခင်းပေးထားတာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပါတယ်။


ဒုတိယအခမ်းအနားမှာတော့ ပြည်သူလူထုတစ်ရပ်လုံးတောင်းဆိုခဲ့တဲ့ ယနေ့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို တပ်မတော်က လိုလိုလားလား လမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး ဒီလမ်းကြောင်းပေါ်မှာ အဆင်ပြေ ချောမွေ့စွာ လျှောက်လှမ်းနိုင်ဖို့ တပ်မတော်အစိုးရလက်ထက်ကတည်းက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကြိုတင်တည်ဆောက်မှုတွေ၊ ဆောင်ရွက်ခဲ့ပုံတွေ၊ NCA စာချုပ်ရဲ့ အရေးပါပုံများနဲ့ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့လိုတဲ့အကြောင်းတွေကို ပြည့်ပြည့်စုံစုံရှင်းပြခဲ့ပါတယ်။


တတိယအခမ်းအနားမှာတော့ အဲဒီအချိန်က သဘောထားကွဲလွဲနေတဲ့ “ခွဲမထွက်ရ”ဆိုတဲ့စကားရပ်နဲ့ပတ်သက်ပြီး ဘာကြောင့်လိုအပ်တယ်ဆိုတဲ့ အကြောင်း၊ တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ် အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဇယား-၂ နဲ့ဇယား-၅ တို့ကို ပြင်ဆင်ဖြည့်စွက်လုပ်ပိုင်ခွင့်တွေ ထပ်မံတိုးချဲ့ပုံများ၊ တပ်မတော်ရဲ့သမိုင်းနဲ့တစ်ခုတည်းသော တပ်မတော်ကိစ္စတို့ကို နောက်ခံသမိုင်းကြောင်းများနဲ့တကွ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပြောဆိုခဲ့ပါတယ်။ ဒါတွေကို ထပ်မံပြောပြရတာဟာ တပ်မတော်ရဲ့ NCA အပေါ်မှာ ရပ်တည်ချက်၊ ငြိမ်းချမ်းရေးအပေါ် သဘောထား နဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အပေါ် အလေးအနက်ထားရှိမှုကို ပိုမိုပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ NCA အပေါ်မှာပဲ ရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခိုင်ခိုင် မာမာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


၄ လကျော်ကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေးခဲ့
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့ အလိုလားဆုံး သူတွေကတော့ လက်နက်ကိုင်တိုက်ပွဲတွေမှာ အသက်ခန္ဓာစွန့်လွှတ်တိုက်ပွဲဝင် နေရတဲ့ တပ်မတော်သားတွေဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ လက်တွေ့အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာထုတ်ပြန်ပြီး ပထမအကြိမ် ၄ လကျော်ကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေးခဲ့ပါတယ်။ အဲဒီအချိန်ကာလမတိုင်မီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးအင်အားစုအချို့၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းအချို့က တပ်မတော်အနေနဲ့ သဘောထားကြီးစွာ အပစ်ရပ်ပေးသင့်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်ပေးရင် ငြိမ်းချမ်းရေးရရှိမယ်ဆိုပြီး အမြဲတမ်းပြောဆိုခဲ့ပါတယ်။ ကမ္ဘာမှာ ဘယ်မှာမှမရှိခဲ့တဲ့ ဒီလိုပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို တပ်မတော်အနေနဲ့ လက်တွေ့ဆောင်ရွက်ပေးပြီး သက်သေပြခဲ့ ပါတယ်။


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်အထိ ၉လကာလအတွင်း အပစ်ရပ်သက်တမ်းတိုးပေးမှုနဲ့ ငြိမ်းချမ်းရေး ထိထိရောက်ရောက်ဆောင်ရွက် နိုင်ကြဖို့ ထုတ်ပြန်ချက် ၄ ကြိမ် ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်တွေ့ ရလဒ်တွေက ဘာတွေဖြစ်လာတယ်ဆိုတာကို တစ်နိုင်ငံလုံးက တိုင်းရင်းသား ပြည်သူလူထုအားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် များထုတ်ပြန်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခဲ့တဲ့ စစ်တိုင်း ၅ တိုင်းရဲ့ အချို့ ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိသလောက် လျော့နည်းသွားပေမယ့် အချို့ဒေသတွေမှာ EAO အချင်းချင်း နယ်မြေချဲ့ထွင် တိုက်ခိုက်မှုဖြစ်ခဲ့ တာတွေ၊ ကြားထဲက ပြည်သူလူထုဒုက္ခရောက်ရတာတွေ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့အချိန်ကာလကို အခွင့်ကောင်းယူပြီး အင်အားတည်ဆောက်၊ နယ်မြေတည်ဆောက်ခဲ့မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တာတွေ ကိုလည်း တွေ့ကြုံခဲ့ရပါတယ်။


ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ပြောရရင် ရခိုင်ပြည်နယ်ဟာ ယခင် ကတည်းက အဖြူရောင်နယ်မြေ ဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တော ဒေသမှာ ARSA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ဒေသခံ ရခိုင်၊ မြို၊ ခမီတို့အပါအဝင် တိုင်းရင်းသားပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပါတယ်။


အဲဒီဒေသမှာ လူနည်းစုဖြစ်တဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်အနေနဲ့ များစွာ အရင်းအနှီးပေးပြီး ကာကွယ်ပေးခဲ့ရပါတယ်။ ARSA ကြောင့် မတည်မငြိမ် ဖြစ်နေတဲ့အခြေအနေမှာ AA အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဘူးသီးတောင်ဒေသက တိုင်းရင်းသားရွာတွေကို အကာအကွယ်ပေးနေတဲ့ အင်အားနည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းလေးခုကို အကြမ်းဖက်တိုက်ခိုက် ခဲ့ပြီး ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။ ဒီလုပ်ရပ် တွေဟာ ကျွန်တော်တို့ ဒီနေ့ ကျင့်သုံးတည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ်နဲ့ လားလားမှမသက်ဆိုင်၊ မထိုက်တန်တဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။


ဒီအကြမ်းဖက်လုပ်ရပ်တွေကို တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ တစ်ဖက်က အဲဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသားတွေကို ARSA ရန်က ကာကွယ်ပေးနေသလို AA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ကာကွယ်ပေးနေရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ ကာလအတွင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နဲ့ ဆွေးနွေးဖို့ တိုက်တွန်းခဲ့တဲ့အပြင် လိုအပ်ပါက ထပ်မံ ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင် ၈ ဦးပါ တပ်မတော်ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေဟာ တိုင်းရင်းသား ပြည်သူလူထုက မျှော်လင့်သလောက် ခရီးမပေါက်တဲ့အတွက်လည်း အချိန် မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးနိုင်ဖို့ ဇူလိုင်လ ၁ ရက်နဲ့ ဩဂုတ်လ ၁၄ ရက်တို့မှာ တိုက်တွန်းအသိပေးချက် ၂ စောင်ထုတ်ပြန်ပြီး နှိုးဆော်ခဲ့ရ ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က လမ်း၊ တံတား၊ မြို့၊ ရွာတွေကို နှောင့်ယှက် ဖျက်ဆီးခဲ့တာတွေ၊ ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့တွေကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်တွေ့ကြုံရပါတယ်။ ဒီလို လုပ်ရပ်တွေဟာ သူတို့တောင်းဆိုနေတဲ့ တိုင်းရင်းသားအခွင့်အရေးလားလို့ ပြန်ပြီးသုံးသပ်စရာတွေ ဖြစ်လာခဲ့ပါတယ်။


လက်နက်ကိုင်ပဋိပက္ခရဲ့ အခြေခံဇာစ်မြစ်

ကျွန်တော်တို့နိုင်ငံမှာ လက်ရှိတောက်လောင်နေဆဲဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခရဲ့ ဇာစ်မြစ်ဟာ ယခင်ကိုလိုနီလက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့စနစ်ကြောင့် ဖြစ်ပါတယ်။ ဒီလိုသွေးခွဲ အုပ်ချုပ်မှုရဲ့ အကျိုးဆက်တွေကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်းအကြား သွေးကွဲခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများအထိ ဖြစ်ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားအရေးကွဲပြားမှု၊ အယူဝါဒ ရေးကွဲပြားမှုတွေကတစ်ဆင့် အုပ်ချုပ်တဲ့အစိုးရအဆက်ဆက်ကို လက်နက် စွဲကိုင် ဆန့်ကျင်ခြင်းဟာ ယနေ့တိုင်တည်ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ အခြေခံဇာစ်မြစ်ပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ အစိုးရရဲ့
အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့အဖွဲ့အစည်းပီသစွာ ကာကွယ် ရခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ရှိနေဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း များဟာ ဘယ်လိုပေါ်ပေါက်ခဲ့တယ်၊ ဘယ်လိုအဖွဲ့အစည်းကနေ ဆင်းသက် လာခဲ့တယ်၊ မူလပေါ်ပေါက်လာရတဲ့အကြောင်းအရင်းတွေက ဘာတွေဆိုတာ အဖွဲ့အစည်းတွေကိုယ်တိုင်က အသိဆုံးဖြစ်ပါတယ်။


ဦးစားပေးအနေနဲ့ နိုင်ငံရေးကိုဦးတည်ဆွေးနွေး

အတိတ်မှာ ဘာတွေဖြစ်ခဲ့သည်ဖြစ်စေ၊ ကျွန်တော်တို့အနေနဲ့ အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်တင်နေလို့ ပိုမိုတိုးတက်လာစရာအကြောင်းမရှိပါဘူး။ လက်ရှိပစ္စုပ္ပန်ကာလ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ တော်တော်များများပြောဆိုနေတာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ပါတယ်။ ဦးစားပေးဖြေရှင်းသင့်တဲ့ကိစ္စလည်း ဖြစ်ပါ တယ်။ ဒီလို ဦးစားပေးဖြေရှင်းမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်
ရာမှာ တိုင်းရင်းသားတွေရဲ့အရေးကိစ္စကို ဦးစားပေးအဖြစ် အမြဲထည့်သွင်းထားရှိ ပါတယ်။ ဒါကြောင့် လက်ရှိဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းမှာ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကိုလည်း ဦးစားပေးစဉ်းစား ဆောင်ရွက်သင့်တယ်လို့လည်း ယူဆပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစု ပင်လုံ ဟာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ဦးစားပေးပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေးကို ခွဲခြားပြီးမြင်တာက လက်တွေ့အလုပ်ဖြစ်နိုင်ပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပင်လုံညီလာခံဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ လွတ်လပ်ရေးရပြီးရင် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ ဦးစားပေးအနေနဲ့ နိုင်ငံရေးကိုဦးတည်ဆွေးနွေးတာ ဖြစ်ပါတယ်။ ယခုကျင်းပပြုလုပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကို ဦးဆုံး ဘယ်လို ရပ်တန့်ပစ်မလဲဆိုတဲ့ ငြိမ်းချမ်းရေးကို အဓိကထား ဦးတည်ဆွေးနွေးတာ ဖြစ်ကြောင်း ကျွန်တော်တို့ သတိပြုရမှာ ဖြစ်ပါတယ်။


ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာပဲဖြစ်ဖြစ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ အမြဲရှေးရှုဆောင်ရွက်ခဲ့ပါတယ်။ ခေတ်အဆက် ဆက်၊ အစိုးရအဆက်ဆက်ဟာလည်း ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ခေတ်ကာလအခြေအနေ၊ အချိန်အခါပေါ်မှာမူတည်ပြီး တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခဲ့ကြမှာ ဖြစ်ပါတယ်။


ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့စိတ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတိတ်ကိုလက်ညှိုးထိုးအပြစ်တင်နေရုံနဲ့ လုပ်ငန်းစဉ်ကြီး ပြီးမြောက်စရာမရှိပါဘူး။ ပိုမိုအေးချမ်းသာယာဖွံ့ဖြိုး တိုးတက် တဲ့ လူမှုစီးပွားဘဝတည်ဆောက်နိုင်ဖို့ လက်ရှိပစ္စုပ္ပန်မှာရှိနေတဲ့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ယခင်က ဘာတွေမှားခဲ့ကြသလဲ၊ ဘာတွေလိုအပ်ချက်ရှိခဲ့ကြသလဲ ဒါတွေကို မှန်မှန်ကန်ကန်၊ အစွဲကင်းကင်း သုံးသပ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့စိတ်နဲ့ ရှေ့ကိုဆက်လုပ် သွားရင် ဒီလုပ်ငန်းစဉ်ကြီး အောင်မြင်ပြီးမြောက်မယ်လို့ အကြံပြုပြောကြားလို ပါတယ်။ ဒီလိုဆွေးနွေးရာမှာ သံသယစိတ်နဲ့ အတ္တလိုလားချက်တွေ ကြီးမား လွန်းရင်လည်း ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးမှုတွေမှာ မည်သို့မျှ မအောင်မြင်နိုင်ကြောင်း သတိပြုဖို့ လိုအပ်ပါတယ်။


ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အင်အားစုအချို့ပြောနေကြတဲ့ ဖက်ဒရယ်စနစ်အကြောင်းကို ပြောလိုပါတယ်။ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး မိမိတို့ လိုရာ၊ သန်ရာကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ဆောင်ရွက်နေကြတာတွေ့ရပါတယ်။ ဘယ်လောက်ပဲ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေဖွင့်ဆိုပြီး စံနှုန်းအမျိုးမျိုး သတ်မှတ်ကြသည် ဖြစ်စေ အနှစ်သာရက “ပေါင်းစည်းခြင်း” (Together) နဲ့ “သဟဇာတဖြစ်မှု” (Hermony) ပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့ အတူတကွပေါင်းစည်းနေထိုင်ဖို့၊ သဟဇာတဖြစ်ဖို့အတွက် လိုက်နာရမယ့် တာဝန်တွေ၊ စောင့်ထိန်းရမယ့် ဝတ္တရားတွေ၊ ဒီလိုနေထိုင်ခြင်း ဖြင့် ရရှိလာမယ့်အခွင့်အရေးတွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော် တည်ဆောက်ကြရာမှာ အသေးစိတ် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။


ဒီလို စေ့စပ်ညှိနှိုင်းအဖြေရှာရာမှာလည်း မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့အစည်းတစ်ခုတည်းအတွက်ကိုသာ မကြည့်ဘဲ ပြည်ထောင်စုဆိုတဲ့ အမြင်၊ We are Myanmar ဆိုတဲ့ တစ်ပေါင်းတစ်စည်းတည်းစိတ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှ အလုပ်ဖြစ်နိုင်မှာ ဖြစ်ပါတယ်။


ဖက်ဒရယ်စနစ် ကျင့်သုံးမှု

ဒီနေ့၊ ဒီအချိန်မှာ အင်အားစုတော်တော်များများက ညွှန်ပြပြောဆိုနေတဲ့ ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပြီး ဆက်လက်ပြီးလည်း လေ့လာလျက်ရှိပါတယ်။ စာအုပ်စာတမ်း တွေက လေ့လာတာအပြင် ဒီစနစ်ကိုကျင့်သုံးနေတဲ့ နိုင်ငံတွေကိုသွားရောက်ပြီး လက်တွေ့လေ့လာခဲ့ပါတယ်။ တွေ့ရှိတာက ဖက်ဒရယ်စနစ်ကို ကျင့်သုံးမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြပါဘူး။ အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ပြဋ္ဌာန်း ထားမှု၊ လက်တွေ့ကျင့်သုံးနေမှုတွေက နိုင်ငံရဲ့နောက်ခံသမိုင်း၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ စုစည်းတည်ဆောက်ပုံနဲ့ အခြေအနေ၊ အချိန်အခါတွေအရ အမျိုးမျိုးကွဲပြားမှုတွေရှိနေတာ တွေ့ရပါတယ်။


ကျွန်တော်တို့နိုင်ငံနဲ့ အနီးစပ်ဆုံးတူညီနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စု စနစ်ကို လက်တွေ့အောင်မြင်စွာကျင့်သုံးနေပုံနဲ့ ပတ်သက်ပြီး လေ့လာတဲ့အခါ ဖက်ဒရယ်ဆိုတာ ခွဲထွက်ခွင့်မဟုတ်ကြောင်း၊ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ပုံသေသတ်မှတ်ထားခြင်းမရှိဘဲ မိမိနိုင်ငံ၊ မိမိလူမျိုး၊ ဒေသပထဝီနဲ့ သင့်လျော်တဲ့ ပုံစံကို ဆောင်ရွက်ကြရကြောင်း တွေ့ရှိရပါတယ်။ ဒီမိုကရေစီဖက်ဒရယ်စနစ် ဆိုရာမှာလည်း အများသဘောတူညီတဲ့ပုံစံနဲ့ မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေအကြား အာဏာခွဲဝေကျင့်သုံးခြင်းပင် ဖြစ်ကြောင်း တွေ့ရပြီး ၎င်းကဲ့သို့ ခွဲဝေကျင့်သုံးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဥပဒေပြုပိုင်ခွင့်ဇယားတွေနဲ့ တိကျစွာသတ်မှတ်ထားရှိကြောင်း တွေ့ရှိရပါတယ်။


အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိ

ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားရမှာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ကိစ္စပါ။ ဒီကိစ္စကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့၊ အဖြစ်နိုင်ဆုံးနည်းလမ်း ရှာဖွေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား (၁၊ ၂၊ ၃၊ ၅) ဥပဒေပြုစာရင်းတွေအတွက် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေက ဘာဥပဒေတွေ ပြဋ္ဌာန်းခဲ့ကြပြီးပြီလဲ။ အဲဒီ ပြဋ္ဌာန်းပြီး ဥပဒေအပေါ်အခြေခံပြီး မိမိတိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လောက်ဆောင်ရွက်နေကြပြီလဲ ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်းက တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတွေရဲ့ ဥပဒေပြုစာရင်းတွေကို ထပ်မံတိုးချဲ့လုပ်ပိုင်ခွင့် များ ပေးအပ်ခဲ့တဲ့အပေါ် လက်တွေ့မှာ ဘယ်လောက်အသုံးချနိုင်ပြီလဲ ပြန်လည် သုံးသပ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ထိုက်တာတွေကို ပကတိ အခြေအနေနဲ့ကိုက်ညှိပြီး ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်လျက်ရှိနေသလို တပ်မတော်နဲ့ ခံယူချက်၊ ယုံကြည်ချက်တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။
အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေ၊ တာဝန်ရှိမှုတွေဟာ စာထဲမှာ ပြဋ္ဌာန်းလိုက်ရုံနဲ့ ပြီးပြည့်စုံသွားတဲ့ကိစ္စတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက လက်တွေ့ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်တည်ဆောက် သွားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူကိုဗဟိုပြုတဲ့စနစ် ဖြစ်လို့ အဲဒီလို ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်သွားနိုင်ရေး ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အသိပညာ၊ အတတ်ပညာမြင့်မားဖို့ လိုအပ်ပါတယ်။


နိုင်ငံသူ နိုင်ငံသားတွေ ကိုယ်တိုင်ကြိုးစားရမှာဖြစ်

အသိပညာဆိုတာ ဘဝမှာတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်ပြီး အတတ်ပညာဆိုတာ သင်ယူရတဲ့ပညာ ဖြစ်ပါတယ်။
မိမိဖြတ်သန်းလာခဲ့ရတဲ့ အသိပညာတွေကို သင်ယူတတ်‌မြောက်ထားတဲ့ အတတ်ပညာတွေနဲ့ ပေါင်းစပ်ပြီး မိမိဒေသ၊ မိမိမြို့၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးချရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အောင်မြင်စွာတည်ဆောက်နိုင်ဖို့ ဘယ်သူကမှ လာရောက်ကြိုးပမ်းပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထု၊ နိုင်ငံသူ နိုင်ငံသားတွေကပဲ ကိုယ်တိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။


ဒီလိုဆောင်ရွက်ကြရာမှာ ကျွန်တော်တို့ဟာ မဖြစ်နိုင်တဲ့၊ နိုင်ငံရဲ့အခြေ အနေနဲ့ မကိုက်ညီတဲ့ ဖြစ်လိုတဲ့ဆန္ဒတစ်ခုတည်းအပေါ် အာရုံစိုက်ဆောင်ရွက် နေမယ့်အစား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီသင့်လျော်တဲ့ ဖြစ်နိုင်ခြေတွေအပေါ်မှာ အာရုံစိုက်ဆောင်ရွက်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို ပိုမိုမြန်ဆန်ထိရောက်စေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာထက် ဇယား-၂၊ ၃ နဲ့ ၅ မှာ ကျွန်တော်တို့ ဘာတွေဖြည့်စွက်ပြင်ဆင်ပြီး ဘယ်လိုပြည့်စုံအောင်ဆောင်ရွက်ကြမလဲဆိုတဲ့ စဉ်းစားနည်းက ပိုမိုသဘာဝကျ လိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံရဲ့ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်မှာ မှ သီးသန့်လူမျိုးစုတစ်ခုတည်းနေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်လျက်ရှိပါတယ်။ အနည်းနဲ့အများသာ ကွာခြားပါတယ်။ ဒါဟာ အရှိတရားဖြစ်ပါတယ်။ ဒီအရှိတရားအပေါ်မှာ အခြေခံပြီးစဉ်းစားရင် တိုင်းဒေသကြီးတစ်ခု၊ ပြည်နယ်တစ်ခုမှာ လူမျိုးစုတစ်ခုတည်းအတွက် ရည်ရွယ်ပြီး ဥပဒေပြဋ္ဌာန်းရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ ဆိုတဲ့အဖြေကို စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံသားတွေ ရှိပါတယ်။ တိုင်းရင်းသားနဲ့ နိုင်ငံသား မူလအခွင့်အရေးတွေ မတူကြပေမယ့် မြန်မာပြည်မှာနေပြီး မြန်မာစိတ်မွေး၍ တိုင်းပြည်ကောင်းရာကောင်းကျိုးကို အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စစ်မှန်တဲ့ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက်

တပ်မတော်သားများအနေနဲ့ စစ်မှုထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အကျိုးပြုလျက်ရှိပါတယ်။ တပ်မတော်ဟာ နိုင်ငံ့ခြံစည်းရိုး ဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှသာလျှင် တိုင်းပြည်လုံခြုံအေးချမ်းမှာ ဖြစ်ပါတယ်။
တိုင်းပြည်လုံခြုံအေးချမ်းမှုရှိမှသာလျှင် တိုင်းရင်းသားပြည်သူအားလုံး၊ နိုင်ငံသားအားလုံး လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားများရဲ့ လုပ်အားစစ်စစ်နဲ့ ထွက်လာတဲ့ ထုတ်ကုန်ပစ္စည်းများကို ရောင်းကုန်ပစ္စည်းအနေနဲ့ ဝင်ငွေတိုးတက်လာအောင်၊ ပြည်သူတို့ရဲ့ ဝယ်လိုအား တိုးတက်လာပြီး လူမှုစီးပွားတိုးတက်အောင် ဆောင်ရွက်ဖို့က ယနေ့ ပကတိ လိုအပ်ချက် ဖြစ်ပါတယ်။ ဒါတွေအတွက် တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း စစ်မှန်တဲ့ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ တာဝန်တွေကို ပြည်သူလူထုနဲ့ နိုင်ငံ့အကျိုးစီးပွားအပေါ်ရှေးရှုပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။


နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-
- NCA စာချုပ်ကို ကျွန်တော်တို့အားလုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပြီး နိုင်ငံရဲ့ ငြိမ်းချမ်းရေးသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူခဲ့ကြတာကို ပြန်ပြောင်းသတိရပြီး ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးခရီးစဉ်အတွက် အားသစ်၊ အင်သစ်၊ အတွေးအမြင်သစ်တွေမွေးပြီး လျှောက်လှမ်းသွား ကြပါ။


- နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက် ကြရာမှာ ဟိုးယခင်ကရှိခဲ့တဲ့ အတွေးအမြင်တွေကို ခေတ်စနစ်နဲ့ လျော်ညီတဲ့ အတွေးအမြင်တွေနဲ့ အစားထိုးပြီး ရှေ့ဆက် လျှောက်လှမ်းကြပါ။


- ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာမှာ ကျွန်တော်တို့အားလုံးသည် မြန်မာဖြစ်သည် ဆိုတဲ့ ပြည်ထောင်စုစိတ်အရင်းခံပြီး ငြိမ်းချမ်းရေးကိုလိုလားတဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ ဆောင်ရွက်သွားကြရင် ပြည်သူလူထုလိုလား တောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ထိရောက်လျင်မြန်စွာ ဖော်ဆောင်သွားနိုင်မှာဖြစ်ကြောင်း တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။