Tuesday, October 29, 2019

နိုင်ငံရေးဆွေးနွေးပွဲများကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခြင်းဖြင့် နိုင်ငံရေးရလဒ်များကို ရရှိစေမှာဖြစ်

Image may contain: 1 person, flower


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်
လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ကိုယ်စား KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောကြားသည့် အမှာစကား


လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်တကွ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှ ခေါင်းဆောင်ကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျား
ယခုလို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးသော (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထား ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား အမှာစကား ပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တက် ရောက်လာကြသောခေါင်းဆောင်ကြီးများ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းများဖြင့် ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဦးစွာ ပြောကြားလို ပါတယ်။
ဤအခမ်းအနားသို့ NCAကို လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတို့မှ စုံစုံလင်လင် တက်ရောက်ကြမည်ဟု မျှော်လင့်ထားကြသော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အဖွဲ့မှ တက်ရောက်လာနိုင်ခြင်း မရှိသည့်အပေါ် လွန်စွာမှ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကျွန်တော်တို့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ (၄)နှစ်ပြည့် လွန်မြောက်လာခဲ့ပြီးဖြစ်ပါတယ်။
ယုံကြည်မှုတွေအားနည်းနေ
သို့သော်လည်း အခုထက်ထိတိုးတက်မှု များများစားစား မရရှိသေးတာက ယုံကြည်မှုတွေအားနည်းနေပြီး အာဃာတတရားတွေ၊ သံသယတွေ၊ စိုးရိမ်မှု တွေ၊ မုန်းတီးမှုတွေ အားကောင်းနေသေးတယ်လို့ ကျွန်တော်မြင်မိတယ်။ ကျွန်တော်တို့တတွေဟာ ဘာကို မယုံမကြည်ဖြစ်နေကြရတာလဲ၊ ဒါတွေကို ပြန်ဆန်းစစ်ရမှာဖြစ်ပြီး မှန်ကန်တဲ့၊ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်အကောင်အထည်ဖော်ဆောင်ကြရမှာ ဖြစ်ပါ တယ်။
NCA စာချုပ်ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုကြီးတွင် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ယနေ့တိုင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းနိုင်စေရေးအတွက် နိုင်ငံရေးပြဿနာများကို စစ်ရေး ဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာပြီး ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကို တည်‌ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့ဖြင့် ကနဦး ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(MNSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့မှ ဆက်လက် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အတွက် (၁၀)ဖွဲ့ ရှိခဲ့ပြီးဖြစ်ပါတယ်။
ထပ်မံလက်မှတ်မရေးထိုးနိုင်သေး
ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဆိုသည့်အတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဆောင်နိုင်သည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲနိုင်ရေးအတွက် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတို့မှလည်း NCA ကို လက်မှတ်ရေးထိုးနိုင်ရန် အစိုးရမှသော် လည်း ကောင်း၊ တပ်မတော်မှသော်လည်းကောင်း၊ NC A ကို လက်မှတ်ရေးထိုး ထားကြ သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှသော် လည်းကောင်း မိမိနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍမှ ကြိုးစားခဲ့ကြသော်လည်း ယနေ့ထိ ထပ်မံလက်မှတ်မရေးထိုးနိုင်သေးပါ။
ဒီအခြေအနေအပေါ် ကျွန်တော်တို့အားလုံးမှ ပြန်လည်သုံးသပ်ကြပြီး ကျန်ရှိနေသူများ NCA လက်မှတ်ရေးထိုးလာနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ်။ သို့မှသာ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်၏ အနှစ်သာရကို ပေါ်လွင် စေမှာဖြစ်ပြီး မိမိတို့အားလုံးမှ တည်ဆောက်ချင်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများကို အောင်အောင် မြင်မြင် ကျင်းပပြုလုပ်နိုင်ခြင်းဖြင့် နိုင်ငံရေးရလဒ်များကို ရရှိစေမှာ ဖြစ်ပါတယ်။
(၄)နှစ်တာကာလအတွင်း NCA စာချုပ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက် ကို ရောက်ရှိဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပေမယ့် NCA ပါ စာသားများအပေါ် တူညီသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မရရှိသေးသည့်အတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင်လည်း မိမိတို့ နားလည်ထားကြသည့် အဓိပ္ပာယ်အရသာ အကောင်အထည်ဖော်နေကြသလို ဖြစ်နေပါတယ်။
အားလုံးတစ်သားတည်းကျတဲ့ အမြင်နဲ့ သုံးသပ်ချက်မဟုတ်ရင်တောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျွန်တော်တို့ တည်ဆောက်ချင်သော လမ်းကြောင်း ကနေ တိမ်းစောင်းသွားနေသည့် အခြေအနေသို့ တွန်းပို့လာနေတယ်ဆိုတာ ကို ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အချို့က သုံးသပ်ထားကြတာတွေရှိသလို ပါဝင်ပတ်သက်နေကြသည့် အစုအဖွဲ့တွေကြားမှာ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက် မှုတွေ၊ အသာစီးရလိုမှုတွေရှိနေကြလို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မပြုလုပ် မကျင်းပနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်နေတာဖြစ်တယ် လို့ ပြောနိုင်ပါတယ်။
ဆက်လက်လျှောက်လှမ်းနိုင်ဖို့လို
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို ထားရှိကြပြီး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ အရေးကြီးသည့်အချက်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေကြသည့် Stakeho-lder များအကြား ယုံကြည်မှုတည်ဆောက်ခြင်းပဲဖြစ်ပါတယ်၊ ယုံကြည်မှုရရှိ ရေးအတွက် ထင်သာမြင်သာရှိသည့် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်း စဉ်ဟာလည်း မဖြစ်မနေဖော်ပြလုပ်ဆောင်သွားပေးဖို့ လိုအပ်ပါတယ်။
တစ်ပြိုင်တည်းမှာပဲ ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့အတွက် ပါဝင်ပတ်သက်နေကြသည့် Stakeholder များအကြားမှာ ကျွန်တော်တို့အားလုံးဟာ ဘုံနားလည်မှု၊ ဘုံရည်မှန်းချက်တွေ ကို ရယူထားရှိခြင်းဖြင့် နည်းလမ်းများ ရှာဖွေနိုင်ကြမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက် နိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့တွေအနေနဲ့ NCA အရ သဘောတူထားခဲ့ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု၊ တန်းတူညီမျှမှု တို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိ သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံ ရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဆိုသည့်အတိုင်း ဦးလည်မသုန် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားကြတဲ့ ကျွန်တော်တို့အားလုံးဟာ “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု တို့ကို အခြေခံပြီး ဤသဘောတူစာချုပ်ပါအချက်များကို ပြီးစီးအောင်မြင် သည့်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော်ဆောင် သွားရန် အပြန်အလှန်သန္နိဋ္ဌာန်ချကြပါစို့။
ပါဝင်သက်ဆိုင်နေကြသော Stakeholder များအကြား ယုံကြည်မှုကို တည်ဆောက်ရင်း ကျွန်တော်တို့အားလုံးမှ အပြန်အလှန်လေးစားအသိအမှတ် ပြု၊ တန်ဖိုးထားမှုကိုအခြေခံပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို စုပေါင်းတည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment