Wednesday, October 30, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံရှိ တိုဟိုစတူဒီယို၊ ရုပ်ရှင်သင်တန်းကျောင်းနှင့် ရုပ်ရှင်အမျိုးသား မော်ကွန်းတိုက်များတွင် ကြည့်ရှုလေ့လာ




Image may contain: 9 people, indoor
တိုကျို အောက်တိုဘာ ၂၉



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် တိုကျိုမြို့ရှိ တိုဟိုစတူဒီယိုသို့ သွားရောက်ပြီးရုပ်ရှင် ဇာတ်ကားများ ထုတ်လုပ်ရန် ကြိုတင်ပြင်ဆင်မှုမှစ၍ ထုတ်လုပ်ပြီးချိန်အထိ လုပ်ငန်းစဉ်များကို လေ့လာကြသည်။
တိုဟိုစတူဒီယိုသည် ၁၉၃၄ ခုနှစ်မှစ၍ တိုဟိုရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်းအဖြစ် ပေါ်ပေါက်ခဲ့ရာမှ တီထွင်ဆန်းသစ်မှုများဖြင့် အစဉ်တစိုက်ဆောင်ရွက် ခဲ့ရာ ယနေ့အချိန်တွင် ဂျပန်နိုင်ငံ၏ အကြီးဆုံးအသံသွင်းလုပ်ငန်းနှင့် ခေတ်မီ ထုတ်လုပ်ရေးစင်တာကြီးအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်ရုပ်ရှင်သင်တန်း ကျောင်း (Japan Institute of the Moving Image) သို့ သွားရောက်ကြပြီး ရုပ်ရှင်သမိုင်းနှင့် ယဉ်ကျေးမှု၊ သီအိုရီနှင့် ဘာသာရပ်များ သင်ကြားပို့ချမှုနှင့် လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာကြသည်။
အဆိုပါ ရုပ်ရှင်သင်တန်းကျောင်းသည် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး ကဏ္ဍတွင် တစ်ဦးချင်းမှစ၍ စွမ်းဆောင်ရည်တိုးမြှင့်စေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ရုပ်ရှင်သရုပ်ဖော်ပညာနှင့် မှတ်တမ်းတင်ခြင်း၊ ရိုက်ကူးခြင်း၊ အသံဖမ်းခြင်းနှင့် တည်းဖြတ်ခြင်း၊ ကျိုးကြောင်းဆက်စပ်၍ ဇာတ်ညွှန်းရေးသားခြင်းဘာသာရပ် (၃) ခုကို လေးနှစ်ကြာ ဆက်နွှယ်သင်ကြားပို့ချမှုဖြင့် ဘွဲ့ဒီဂရီပေးအပ်လျက်ရှိ ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံရုပ်ရှင်အမျိုးသားမော်ကွန်းတိုက် (National Film Archive of Japan) သို့ ရောက်ရှိပြီး ရုပ်ရှင် ဇာတ်လမ်း၊ ဇာတ်ညွှန်းမူရင်းများ၊ ရုပ်ရှင်ပိုစတာမူရင်းများ၊ ရိုက်ကွင်းမှတ်တမ်း ဓာတ်ပုံများ၊ ရုပ်ရှင်ကင်မရာများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ ကိုယ်ရေးအချက် အလက်များ၊ ရုပ်ရှင်ဇာတ်ကားများတွင် အသုံးပြုခဲ့သည့် ဆက်စပ်ပစ္စည်းများ၊ သမိုင်းဝင်ယဉ်ကျေးမှုလက်ရာ ရုပ်ရှင်ဇာတ်ကားများ စုစည်းပြသထားမှုကို ကြည့်ရှုလေ့လာကြသည်။
ယင်းမော်ကွန်းတိုက်သည် ယခင်အမျိုးသားရုပ်ရှင်ဗဟိုဌာန (National Film Center) ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ခေတ်မီအနုပညာအမျိုးသားပြတိုက် (National Museum of Modern Art) အဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်ရှင်ဇာတ်လမ်းလေးသောင်းခန့်နှင့် အခြားအနုပညာပစ္စည်းများ စုစည်း ပြသထားသည့် လွတ်လပ်သော လူထုအခြေပြုဌာနတစ်ခုဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment