Thursday, October 31, 2019

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) (သောင်းရင်းမြစ်)တံတားဖွင့်ပွဲနှင့် Border Control Facilities(BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပ




 
Image may contain: 6 people, people smiling, people standing
နေပြည်တော် အောက်တိုဘာ ၃၀
 
 
 
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် မြန်မာနိုင်ငံ(မြဝတီ)နှင့် ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ် သည့် သောင်းရင်းမြစ်ပေါ်၌ တည်ဆောက်ထားသော မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂) (သောင်းရင်းမြစ်) တံတားဖွင့်ပွဲနှင့် Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်းအခမ်း အနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ တံတားပေါ်ရှိ ယာယီမင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ် ဆောင်ရွက် ချက်များ ဗီဒီယိုကိုပြသဖွင့်လှစ်ပြီး ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက နှစ်နိုင်ငံချစ်ကြည်ရေးတံတား တည်ဆောက်ပေးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
တိုးမြှင့်ဆောင်ရွက်လျက်ရှိ
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ကုန်း၊ ရေနယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သလို နှစ်ရှည်လများ အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံလျက်ရှိကြပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ မိတ်ဖက်နိုင်ငံများလည်း ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွား ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီ(JBTC) ဖွဲ့စည်း ထားရှိပြီး ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူလျင်မြန် ချောမွေ့စေရေး အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အဓိကကုန်သွယ်မှုလမ်းကြောင်းများမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ပြီး သယ်ယူပို့ဆောင်ရေး မြန်ဆန် လာရန် လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အကြား ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် အမှတ်(၁)ချစ်ကြည် ရေးတံတားကို အသုံးပြုသည့် နှစ်နိုင်ငံကုန်သွယ်ရေး မော်တော်ယာဉ်များ တိုးတက်များပြားလာသဖြင့် ယခု အမှတ်(၂) ချစ်ကြည်ရေးတံတားကို ထိုင်း နိုင်ငံ အစိုးရအကူအညီဖြင့် တည်ဆောက်ရန် ညှိနှိုင်းခဲ့ပြီး ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ တံတားပြီးမြောက် ခြင်း အခမ်းအနားကျင်းပခဲ့ပါကြောင်း။
တံတားကြီးတည်ဆောက်ပေးနိုင်ရန် ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံအစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ လမ်းဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ ကူညီပံ့ပိုးပေးသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မကြာသောကာလ တွင် မြန်မာ - ထိုင်း ချစ်ကြည် ရေးတံတားအမှတ်(၂)ပေါ်တွင် နှစ်နိုင်ငံပြည်သူ များ သွားလာအသုံးပြုသည်ကို တွေ့မြင်ရတော့မည်ဖြစ်ပါကြောင်း။
မြန်မာပြည်သူများနှင့်အတူ ထိုင်းနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း အေးချမ်းသာယာပြီး ပြည့်စုံကုံလုံပေါကြွယ်ဝသည့် အနာဂတ်ဆီသို့ အတူ လျှောက်လှမ်းနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam Chidchob က ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam Chidchob နှင့် တာဝန်ရှိသူတို့က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) (သောင်းရင်းမြစ်) တံတားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နှစ်နိုင်ငံဝန်ကြီးများသည် နှစ်နိုင်ငံ ပူးပေါင်းကူးလူး ဆက် သွယ်ရေးသမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးသည့်အနေဖြင့် တံတားကြီး ပေါ်မှ ကုန်စည်ပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အစီအစဉ်ဒုတိယအပိုင်း Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်း ကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ကျင်းပရာ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဘက်ခြမ်း Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအုန်းလွင်က နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် Border Control Facilities (BCF) အဆောက်အဦ ကမ္ပည်း မော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam Chidchob တို့က စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးပြီး မြန်မာဘက်ကမ်း Border Control Facilities (BCF) အား လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ (အပေါ်ပုံ)
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) (သောင်းရင်းမြစ်)သည် မြန်မာနိုင်ငံ(မြဝတီ)နှင့် ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ်ကာ သောင်းရင်း မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားပြီး တံတားအရှည် မီတာ ၇၆၀ ၊ တံတား အကျယ် ၁၇ ဒသမ ၂ မီတာရှိသည့် ကြိုတင်အားဖြည့်သံကူကွန်ကရစ် ၊ Box Girder နှစ်လမ်းသွားတံတားဖြစ်ကာ နှစ်ဖက်ချဉ်းကပ်လမ်းများ၊ Border Control Facilities (BCF) များနှင့် Traffic Change Over စသည်တို့ ပြည့်စုံစွာထည့်သွင်းပြီး အဆင့်မြင့်နည်းပညာ (High Technology) များ အသုံးပြု၍ စံချိန်စံညွှန်းအရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ထား သော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment