Wednesday, October 30, 2019

ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းဖွင့်လှစ်




Image may contain: 3 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၉



ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်တွင် ပြည်သူကို သတင်းများ ပြန်ကြားပေးရမည့်တာဝန်ပါရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ဌာန တစ်ခုဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် လူမှုမီဒီယာများမှ သတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပါ ကြောင်း၊ အလားတူ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ပုံနှိပ်သတင်းစာ များနှင့် Myanmar digital news အွန်လိုင်းသတင်းစာတို့မှ သတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကလည်း ဝန်ကြီးဌာန၏ ဝက်ဆိုက်ဖြစ်သည့် MOI Webportal ကို တာဝန်ယူဆောင်ရွက်ကာ သတင်းများ ဖော်ပြပေးလျက်ရှိပါ ကြောင်း၊ အများအားဖြင့် MOI Webportal တွင် သတင်းစာသားနှင့် သတင်း ဓာတ်ပုံများသာ ဖော်ပြပေးလျက်ရှိပါကြောင်း။
ယနေ့ခေတ်တွင် စတုတ္ထစက်မှုတော်လှန်ရေးကြောင့် ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာပါကြောင်း၊ မိမိတို့နိုင်ငံတွင် မိုဘိုင်း ဆင်းကတ်သုံးစွဲမှုသည် နိုင်ငံ့လူဦးရေထက်ပင် များပြားသည်ကို အားလုံးသိရှိ ကြပြီးဖြစ်ပါကြောင်း၊ ထို့အတူ လူမှုမီဒီယာသုံးစွဲသူမှာလည်း သန်း ၂၀ ကျော်ရှိ ပြီး အများစုသည် မိုဘိုင်းဖုန်းများမှတစ်ဆင့် သတင်းများကို ဖတ်ရှုကြပါ ကြောင်း၊ ပုံနှိပ်သတင်းစာများ ဖတ်ရှုမှုအရေအတွက်သည် ကျဆင်းလာပါ ကြောင်း။
ပြည်သူစိတ်ဝင်စားသည့်အကြောင်းအရာ ရိုက်ကူးထုတ်လွှင့်မည်
ထိုသို့ ပြောင်းလဲလာသည့် သတင်းစီးဆင်းမှုအရ ပြည်သူအများစုအသုံးပြု သည့် လူမှုမီဒီယာ၊ အွန်လိုင်းမီဒီယာများတွင် သတင်းများတင်ပြပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီး ဌာန၏ ဝက်ဆိုက်ဖြစ်သည့် MOI Webportalတွင် သတင်းများတင်ပြရာတွင် သတင်းစာသား၊ သတင်းဓာတ်ပုံအဖြစ်သာမက ရုပ်သံပါဝင်သည့် ဗီဒီယိုသတင်း တိုများကို ရိုက်ကူးထုတ်လွှင့်နိုင်ရန် ယနေ့ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊ သတင်းများအပြင် ပြည်သူများစိတ်ဝင်စားမှုရှိသည့် အကြောင်းအရာ များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဒေသအလိုက် ဓလေ့ထုံးစံများ၊ ပွဲတော်များ စသည်တို့ကိုလည်း ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရုပ်သံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းဆရာ ဦးအောင်တင်ထွန်းက စမတ်ဖုန်းဖြင့် သတင်းများကို ကောင်းမွန်စွာ ရိုက်ကူး တည်းဖြတ်တင်ဆက်နိုင်ရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်စကားပြောကြားသည်။
လေးရက်ကြာဖွင့်လှစ်မည်
ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်းကို နိုဝင်ဘာ ၁ ရက် အထိ လေးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား ၂၀ တက်ရောက်ကြသည်။
သင်တန်းတွင် စမတ်ဖုန်းကင်မရာ အသုံးပြုနည်း၊ သတင်းရေးသားနည်း၊ ရိုက်ကူးပြီး ရုပ်သံများကို စမတ်ဖုန်းဖြင့် တည်းဖြတ်နည်းများကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment