Sunday, December 31, 2017

ရာသီကြိုခြေစမ်းပွဲတွင် ရှမ်းယူနိုက်တက်၊ ဇွဲကပင်၊ မကွေးနှင့် ဟံသာဝတီအသင်းတို့ အနိုင်ရ

Image may contain: 4 people, people playing sports and outdoor
ရန်ကုန် ဒီဇင်ဘာ ၃ဝ
၂ဝ၁၈ ရာသီအတွက် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာနေရှင် နယ်လိဂ် ကလပ်အသင်းများသည် ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။ ခြေစမ်းပွဲများတွင် ရှမ်း ယူနိုက်တက်အသင်းက GFA အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဟံသာဝတီအသင်း က ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မကွေးအသင်းက Southern အသင်းကို လေးဂိုး-နှစ်ဂိုး၊ ဇွဲကပင်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ်GFA အသင်းနှင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး နိုင်ငံခြားသားကစားသမားများ အပါအဝင် အမာခံကစားသမားအများစုဖြင့် ယှဉ်ပြိုင်ကစားခဲ့သည်။ နိုင်ငံခြားသားတိုက်စစ်မှူးနှစ်ဦးဖြစ်သော ခရစ္စတိုဖာ (၂ မိနစ်)၊ ပက်ထရစ် (၆၆ မိနစ်)တို့၏ သွင်းဂိုးများဖြင့် ရှမ်းယူနိုက်တက်အသင်း အနိုင်ရခဲ့ခြင်းဖြစ် သည်။
GFAအသင်းအတွက် ချေပဂိုးကို ၈၉ မိနစ်တွင် အီမာနျူရယ်က သွင်းယူခဲ့ သည်။ ဟံသာဝတီအသင်းမှာမူ နာမည်ကြီး ရတနာပုံအသင်းကို အနိုင်ကစားခဲ့ သည်။ နှစ်သင်းစလုံးတွင် အမာခံကစားသမားအများစု ယှဉ်ပြိုင်ခဲ့ပြီး ဟံသာဝတီ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို မိနစ် ၆ဝ တွင် ကျော်ဇေယျက သွင်းယူခဲ့သည်။ ရတနာပုံအသင်းသည် ရာသီကြိုခြေစမ်းပွဲများတွင် နောက်ဆုံး သုံးပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းနှင့်Southern အသင်းတို့ ပွဲမှာ ဂိုးများအပြန်အလှန်သွင်းယူခဲ့ပြီး မကွေးအသင်းအတွက်ဂိုးများကို အောင်မြင့်ထွန်းက နှစ်ဂိုး၊ စိုးမင်းအောင်နှင့် မြတ်ထွန်းသစ်တို့က တစ်ဂိုးစီ သွင်းယူခဲ့ကာSouthern အသင်းအတွက် ဂိုးများကို အောင်မိုးနှင့် ဒီမီထရီတို့က သွင်းယူခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်

မောင်တောဒေသဖွံ့ဖြိုးရေး အထောက်အကူပြုမည့် မြစ်ကူးတံတားများ တည်ဆောက်နေ

Image may contain: sky, cloud, outdoor, nature and water
နေပြည်တော် ဒီဇင်ဘာ ၃ဝ
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တွေမြို့မှ မောင်တောသို့ တိုက်ရိုက်မော်တော်ကားဖြင့် သွားလာနိုင် ရန် ၄၉ မိုင်ရှည်သော မော်တော်ကားလမ်းကွန်ရက်ကို ဖောက်လုပ်နေသကဲ့သို့ တစ်ချိန်တည်းမှာပင် လမ်းကြောင်း ပေါ်ရှိ မြစ်ကူးတံတားကြီး ငါးစင်းကိုလည်း အကောင် အထည်ဖော် တည်ဆောက်လျက်ရှိသည်။
''ကျွန်တော်တို့ တံတားဦးစီးဌာနအနေနဲ့ ပုဏ္ဏားကျွန်း- ရသေ့တောင်-ဘူးသီးတောင်-မောင်တောလမ်းပေါ်မှာ ရှိတဲ့ အဓိကကျန်ရှိနေတဲ့ တံတားကြီးငါးစင်း တည်ဆောက် နေတာဟာ လာမယ့် မတ် ၃၁ ရက်မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်၊ မတ်လအကုန်မှာ ဒီတံတားတွေ ဖွင့်လှစ်နိုင်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်၊ ဒီတံတားကြီးတွေ ဆောက်လုပ်ပေးလိုက်တဲ့အတွက် စစ်တွေကနေ မောင်တောကို ကားနဲ့ သွားလာနိုင်တော့မှာ ဖြစ်ပါတယ်''ဟု တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက ပြောသည်။
အဆိုပါ လမ်းပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက တံတားကြီးများ တည်ဆောက်လျက် ရှိရာ အဓိကကျန်ရှိနေသော တံတားကြီးနှစ်စင်းမှာပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းပေါ်ရှိ ပေ ၈၈ဝ ရှည် ရသေ့တောင်တံတားနှင့် ဘူးသီးတောင်မြို့နယ် ရသေ့တောင်-ဘူးသီးတောင်လမ်းပေါ်ရှိ ပေ ၆ဝဝ ရှည် စိုင်းတင်တံတားတို့ဖြစ်သည်။
အခြားသော တံတားကြီးများမှာ ဘူးသီးတောင်-ရသေ့တောင်လမ်းပေါ်၌ တည်ရှိသည်။ ထင်ရှားသော တံတားများမှာ ပေ ၉၆ဝ ရှည် ပန်ဇင်းချောင်းတံတား၊ ပေ ၁၈ဝ ရှိ အောင်သာချောင်းတံတားနှင့် ပေ ၁၅ဝ ရှည် ရေစိုးချောင်းတံတား တို့ဖြစ်ကြသည်။ အခြားသော တံတားငယ်များလည်း ဘူးသီးတောင်-ရသေ့တောင် လမ်းကြောင်းပေါ်တွင် ရှိသေးသည်။ သို့သော် တံတားငါးစင်းသာ အဓိကဖြစ်ပြီး စိုင်းတင်တံတားနှင့် ဘူးသီးတောင်တံတားတို့ကို အမြန်ပြီးစီးအောင် အကောင် အထည်ဖော်êကြိုးပမ်းလျက်ရှိသည်။ ယင်းတံတားများ ပြီးစီးသွားပါက စစ်တွေမှ မောင်တောသို့ ကားလမ်းပေါက်သွားပြီဖြစ်ကြောင်း သိရသည်။
မြင့်မောင်၊ ဇေယျာ၊ ဓာတ်ပုံ-နေဝင်းထွန်း

ရန်ကုန်မြို့ တညင်းကုန်း အဆင့်မြင့် လက်ကားဈေးသစ်ကြီး ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည်

Image may contain: 1 person, sitting
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက်(MAEX)တို့ အကျိုးတူပူးပေါင်းတည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်ရှိ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့် လက်ကားဈေးသစ်ကြီးတွင် သစ်သီးလက်ကားဈေးရုံ၊ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သုံး သစ်သီးဝလံပစ္စည်း လက်ကားဈေးရုံ၊ တောင်သူလက်လီရောင်း(Ground Market )ဈေးရုံကြီး သုံးရုံတို့ တည်ဆောက်ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ၂၆ ရက်က အကြိုဖွင့်လှစ်မှု ပြုလုပ်ခဲ့သည်။
ထို့အပြင် အဆိုပါဈေးကြီးကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ၂၄ နာရီဖွင့်လှစ်သည့် ဈေးကြီးအဖြစ် ဆိုင်ခန်းများကို တရားဝင်ဖွင့်လှစ်ကာ စားသုံးကုန်ပစ္စည်း များ ရောင်းချတော့မည်ဖြစ်သဖြင့် ဈေးစီမံကိန်းနှင့် တည်ဆောက်ပြီးစီးမှုအပိုင်းများ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ် သွားမည့် အခြေအနေများ၊ လာရောက်ရောင်းဝယ်မည့် သူများအတွက် ဆောင်ရွက်ပေးထားသည့် ဝန်ဆောင်မှု များပြုလုပ်ထားသည့်အပေါ်MAEXကုမ္ပဏီမှ CEO ဦးအောင်ကြီးနှင့် မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်း ခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-
မေး။ ။ ဒီဈေးကြီးရဲ့ စီမံကိန်းနဲ့ စတင်အကောင် အထည်ဖော် ဆောင်ရွက်မှုကို သိပါရစေ။
ဖြေ။ ။ ဈေးစတင်ဖြစ်ပေါ်လာပုံကတော့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကနေ တညင်းကုန်း ကုန်စိမ်းဈေး မြေနေရာအပါအဝင် မြေ ၈၅ ဧကပေါ်မှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေးကြီး တည်ဆောက်ဖို့ တင်ဒါခေါ်ယူခဲ့ပါတယ်။
အဲဒီလို တင်ဒါခေါ်ယူတဲ့အခါမှာ ဒဂုံအင်တာ နေရှင်နယ်ဆိုပြီး ကျွန်တော်တို့ကုမ္ပဏီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် မတ်လမှာ အဆင့်မြင့် လက်ကားဈေးကြီး တည်ဆောက်ဖို့အတွက်ဆိုပြီး ကျွန်တော်တို့ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ချပေးခဲ့ပါတယ်။
အဲဒီလိုချပေးတဲ့အခါမှာ တင်ဒါစည်းမျဉ်း၊ စည်းကမ်း အရ တင်ဒါအောင်တဲ့ ကုမ္ပဏီဟာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပေးရမယ်လို့ပါတဲ့အတွက် ဒဂုံအင်တာနေရှင်နယ် လီမိတက်ဟာ ပထမဆုံး ၄၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင် ပြီးတော့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက် (MAEX)အများပိုင်ကုမ္ပဏီကို စတင်ဖွဲ့စည်းခဲ့တာပါ။စတင်ဖွဲ့စည်းစဉ်က ရှယ်ယာ HOLDERS ၁၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။
အခုအချိန်မှာတော့ ရှယ်ယာHOLDERS ပေါင်း ၂၂၇၄ ဦးနဲ့ အစုရှယ်ယာငွေကျပ်( ၂၂ ဘီလီယံ)ကျော်နဲ့ ဒီဈေးကြီးကို ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ ဒီဈေးကို အဓိကအားဖြင့် ကျွန်တော်တို့က ဟင်းသီးဟင်းရွက် သစ်သီးဝလံနဲ့ ပန်းမန်အပါအဝင် စားသောက်ကုန်တွေကို လက်ကား ရောင်းဝယ်ဖြန့်ဖြူးဖို့ရည်ရွယ်ပြီး ဆောင်ရွက် ထားတဲ့ဈေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဈေးတွေထဲမှာ အကြီးဆုံးဈေးကြီးဖြစ်ပါတယ်။
မေး။ ။ ဒီဈေးကြီးမှာ အဓိကအားဖြင့် ဘယ်လို ကုန်ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်သွားမှာလဲ။ ဈေးတည်ဆောက်ထားမှုနဲ့ ပြီးစီးမှုအပေါ် ရှင်းပြပေးပါဦး။
ဖြေ။ ။ ဒီဈေးမှာဆိုရင် ဈေးရုံကြီးပေါင်းရှစ်ရုံ ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီဈေးရုံတွေကတော့ ဈေးရုံအမှတ်တစ် သစ်သီးလက်ကားရောင်းဝယ်ရေးဈေးရုံ၊ ဈေးရုံအမှတ် နှစ်က ဟင်းသီးဟင်းရွက်၊ ပန်းမန်၊ စားဖိုဆောင်သုံး သစ်သီးဝလံပစ္စည်း လက်ကားရောင်းဝယ်ရေးဈေးရုံ၊ အမှတ်သုံးကတော့ ဟင်းသီးဟင်းရွက်၊ ပန်းမန်တောင်သူ လက်လီရောင်း ဈေးရုံဖြစ်ပါတယ်။
ရုံအမှတ်လေးကတော့ ရာသီပေါ်သီးနှံ လက်ကား ရောင်းဝယ်ရေးဈေးရုံအပြင် နောက်ပိုင်းမှာ တင်ဒါစနစ်ကို ကျင့်သုံးဖို့အတွက် တင်ဒါခန်းမ အဲဒီထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။ ရုံအမှတ်ငါးကတော့ နှစ်ထပ် စားသောက်ဆိုင် တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ နှစ်ထပ်ဈေးရုံဖြစ်ပါတယ်။ ရုံအမှတ်ခြောက်မှာကတော့ အသင့်စားသုံးနိုင်တဲ့ သား၊ ငါးနဲ့ ငါးပိ၊ ငါးခြောက် ကုန်ခြောက်မျိုးစုံ ရောင်းဝယ်တဲ့ နှစ်ထပ်ဈေးရုံဖြစ်ပါတယ်။ ရုံအမှတ် ခုနစ်နဲ့ ရှစ်ကတော့ အအေးခန်းပါဝင်တဲ့ အလတ်စားပွဲရုံပါ။ အကြီးစားပွဲရုံ လူနေဆိုင်ခန်း အဆောက်အအုံ နှစ်ခန်းတွဲ သုံးထပ်၊ လေးထပ်တို့အပါအဝင် ပွဲရုံအဆောက်အအုံ ၂ဝဝ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်Hyper Market တစ်ခု ပါမယ်။ ဈေးကို လာရောက်တဲ့သူတွေ တည်းခိုနိုင်ဖို့ အဆင့်မြင့် ရှစ်ထပ် မိုတယ်တွေအပြင် စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်တစ်ဆိုင် ပါဝင်မယ်။ ဒီဈေးကြီးဟာ ဆိုရင် နိုင်ငံတကာကို Export လုပ်ဖို့အထိ ရည်ရွယ် ထားတဲ့အတွက်ကြောင့် အသင့်ထုပ်ပိုးထားတဲ့ ပစ္စည်းတွေ ကိုထားဖို့ အအေးခန်းစက်ရုံ သုံးရုံလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။
အခုလက်ရှိ PHASE-1 အနေနဲ့ကတော့ ဈေးရုံကြီး သုံးရုံ ပြီးစီးသွားပါပြီ။ ဒီဇင်ဘာ ၂၆ ရက်က အကြို ဆိုင်ခန်းဖွင့်လှစ်မှု လုပ်ခဲ့ပါတယ်။ အဲဒီဈေးရုံတွေကတော့ ဈေးရုံအမှတ်တစ် သစ်သီး လက်ကားရောင်းဝယ်ရေးဈေးရုံ၊ ဈေးရုံအမှတ်နှစ်က ဟင်းသီးဟင်းရွက်၊ ပန်းမန်၊ စားဖို ဆောင်သုံး ဝလံပစ္စည်း လက်ကားရောင်းဝယ်ရေးဈေးရုံ၊ အမှတ်သုံးကတော့ ဟင်းသီးဟင်းရွက်၊ ပန်းမန် တောင်သူ လက်လီရောင်းဈေးရုံဖြစ်ပါတယ်။ အဲဒီမှာကတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ပန်းမန်တွေကို ထုတ်လုပ်သူတွေနဲ့ လက်လီရောင်းတဲ့သူတွေ တစ်ခါတည်း လာရောက်ရောင်းချနိုင်တဲ့ ဈေးရုံဖြစ်ပါတယ်။ အဲဒီဈေးရုံ သုံးရုံထဲမှာဆိုရင် အမှတ်တစ်နဲ့ နှစ် ဈေးရုံတစ်ရုံစီမှာ ဆိုင်ခန်းအကျယ် (၅ x ၁၁)ပေ၊ (၅ x ၁၃) ပေဆိုင်ခန်းပေါင်း ၁၁၂ဝ စီနဲ့ ဈေးရုံအမှတ်သုံးဖြစ်တဲ့ တောင်သူ လက်လီ ရောင်းဈေးရုံမှာတော့ (၅ x ၅) ပေ၊ (၅ x ၈) ပေ ဆိုင်ခန်း ၃၃၆ဝ ရှိပါတယ်။ အားလုံးပေါင်း ဆိုင်ခန်း ၅၆ဝဝ ပြီးစီး သွားပြီဖြစ်ပါတယ်။
မေး။ ။ လက်ရှိ ပြီးစီးဖွင့်လှစ်တော့မယ့်အပေါ် ဈေးရောင်းချလိုသူတွေအတွက် ဆိုင်ခန်းငှားရမ်းမှု အခြေအနေနဲ့ ဈေးစီမံကိန်းတည်ဆောက်မှု အပြီးသတ် ကာလကို သိပါရစေ။
ဖြေ။ ။ အခုပြီးစီးသွားတဲ့ ဈေးဆိုင်ခန်း ၅၆ဝဝ အနက်က ယခင် တညင်းကုန်း ကုန်စိမ်းဈေးဟောင်းမှာ ရှိတဲ့ ဈေးရောင်းချသူတွေအတွက် ဆိုင်ခန်းပေါင်း ၂ဝဝဝ ကို စာချုပ်ပါစည်းကမ်းအရ ယာယီဖယ်ထားပြီး ကျန်ရှိတဲ့ ဆိုင်ခန်းတွေကို အပြင်ကနေပြီး လာရောက်ရောင်းချမယ့် သူတွေအတွက် ဆိုင်ခန်းငှားရမ်းခွင့် ပြုခဲ့ပါတယ်။ ဆိုင်ခန်းလာရောက်လျှောက်ထားသူအတွက် ဆိုင်ခန်း ပေါင်း ၂၅ဝဝ ကျော်ကိုငှားရမ်းခဲ့ပြီး ဆိုင်ခန်းငှားရမ်းခဲ့တဲ့ သူတွေကို ဒီဇင်ဘာ ၂၆ ရက်က ဈေးစတင်ရောင်းချခွင့် ပြုခဲ့ပါတယ်။ ဆိုင်ခန်းငှားရမ်းခကိုတွက်ချက်ပြီး အမှန် တကယ် ဈေးဆိုင်ခန်းစတင်ဖွင့်လှစ်မှုကိုတော့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါ။ သတ်မှတ်ရက်မှာ ဆိုင်ခန်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် အခုလည်း တော်တော်များများက ပြင်ဆင်ထားပြီး ဖြစ်ပါ တယ်။ ဈေးစီမံကိန်းကြီး အားလုံးအပြီးသတ်ပြီးစီးမှုကိုတော့ ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက် မျှော်မှန်းထားပါတယ်။ အခုလည်းဆက်လက်ပြီးတော့ PHASE(1 . 1) အကောင် အထည်ဖော် တည်ဆောက်မှုအဖြစ် ရာသီပေါ်သီးနှံ အဆောက်အအုံနဲ့ နှစ်ထပ် စားသောက်ကုန်ဈေးရုံ၊ အအေးခန်းပါဝင်တဲ့ အလတ်စားပွဲရုံ၊ သားငါးနှင့် ကုန်ခြောက်မျိုးစုံ နှစ်ထပ်ဈေးရုံတွေကိုလည်း ဆက်လက်ပြီး တည်ဆောက်လျက်ရှိပါတယ်။ အမှတ်လေး ဈေးရုံဖြစ်တဲ့ ရာသီပေါ် သီးနှံဈေးရုံဆိုရင်လည်း နောက်တစ်လအတွင်း မှာ အပြီးသတ်တည်ဆောက်ပြီးစီးတော့မှာ ဖြစ်ပါတယ်။
မေး။ ။ ဒီဈေးကြီးကို ဘယ်လိုဒေသတွေကနေ ကုန်စည်စီးဆင်းမှုတွေ အဓိကပြုလုပ်မှာ ဖြစ်ပါသလဲ။ လာရောက်ရောင်းဝယ်သူတွေအတွက်ကိုလည်း အဆင် ပြေအောင် ဘယ်လိုစီစဉ်ဆောင်ရွက် ပေးထားပါသလဲ သိပါရစေ။
ဖြေ။ ။ ဒီဈေးကိုဝင်တဲ့ ကုန်ပစ္စည်းတွေကတော့ ရှမ်းပြည်ဘက်ကလာတဲ့ စားသုံးကုန်တွေ၊ ဗမာကုန်လို့ ခေါ်တဲ့ နေပြည်တော်၊ ကျောက်ဆည် ၊ လယ်ဝေးဘက်က စားသောက်ကုန်တွေ၊ ပြည်၊ သဲကုန်း၊ မှော်ဘီ၊ တိုက်ကြီးနဲ့ ဧရာဝတီတိုင်းဘက်က စားသောက်ကုန်တွေ အဓိက ဝင်ရောက်ရောင်းချတာဖြစ်ပါတယ်။ ဒီဈေးကြီးမှာဆိုရင် အဆင့်မြင့် အမှိုက်သိမ်းစနစ်၊ ဈေးဧရိယာ တစ်ခုလုံး အတွက် ၂၄ နာရီ လုံခြုံရေးစနစ်တွေအပြင် ဈေး လာရောက်ရောင်း၊ ဝယ်သူတွေအတွက် ကုန်စည်တွေ အတင်အချ အလွယ်တကူပြုလုပ်နိုင်ဖို့နဲ့ ယာဉ်ရပ်နား နိုင်ဖို့အတွက် ဈေးတည်ဆောက်ပုံအရ ဈေးရုံတွေ ပတ်ပတ်လည်မှာ ယာဉ်ရပ်နားတဲ့နေရာတွေ တည်ဆောက် ထားပါတယ်။ ယာဉ်အစီးရေ ၂ဝဝဝ ကျော်ရပ်နားနိုင်တဲ့ ကားပါကင်ရှိပါတယ်။ ဒါ့အပြင် ဈေးပတ်ပတ်လည်ကိုလည်း ကွန်ကရစ်လမ်းတွေ တည်ဆောက်ပေးထားပြီး သန့်ရှင်း သပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားပါတယ်။ တောင်သူ လက်လီရောင်းသူတွေအတွက်ဆိုရင်လည်း ဈေးရုံထဲအထိ ဝင်ရောက်ပြီး ကုန်ပစ္စည်းတွေချနိုင်တဲ့အထိ ပြုလုပ်ပေးထား ပါတယ်။ ဒါ့ကြောင့် ရောင်းဝယ်သူတွေအနေနဲ့ ကုန်ပစ္စည်း သယ်ယူရတဲ့ အလုပ်သမားခကို သက်သာစေမှာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ လာရောက်ရောင်းချတဲ့ စားသောက် ကုန်တွေကို စားသုံးရန်သင့်၊ မသင့် စစ်ဆေးပေးသွားမှာ ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို ဝယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုး ထုတ်လုပ်သူတွေအတွက်ကိုလည်း လိုအပ်တဲ့ နည်းပညာ အကူအညီ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဈေးက ကုန်ပစ္စည်းတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက် ကုန်များကို ရရှိစေမှာဖြစ်ပါတယ်။ ကိုယ်ပိုင် စိုက်ပျိုး ထုတ်လုပ်ပြီး လာရောက်ရောင်းချတဲ့ သူတွေအတွက်လည်း ဒီဈေးကြီးမှာ ပွဲရုံတွေရှိတဲ့အပြင် ကိုယ်တိုင်လာရောက် ရောင်းချနိုင်မှာဖြစ်တဲ့အတွက် သူတို့အနေနဲ့ တန်ဖိုးမြင့်တဲ့ ဈေးတွေရရှိသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် ဒီဈေးကြီးမှာ လာရောက်ရောင်းချတဲ့ ကုန်ပစ္စည်းတွေ အတွက်ကိုလည်း အအေးခန်းစနစ်ကိုလည်း ရည်ရွယ်ထား ပါတယ်။ အဓိကကတော့ Export လုပ်ငန်းလုပ်တဲ့သူတွေ အတွက် ရည်ရွယ်ထားတာပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ တဖြည်းဖြည်းနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားသောက်ကုန်ပစ္စည်းတွေအတွက် နထစသမအ လုပ်နိုင်တဲ့ အလားအလာတွေ ပိုပြီးတော့ ကောင်းမွန်စေ နိုင်မှာ ဖြစ်ပါတယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
တွေ့ဆုံမေးမြန်း- ဇော်ကြီး(ပဏီတ)
ဓာတ်ပုံ- ဖေဇော်

မန္တလေးမြို့ နှစ်သစ်ကူး New Year Count Down ပွဲကို ကျုံးတောင်ဘက်တွင် ပြုလုပ်မည်

Image may contain: night and outdoor
မန္တလေး ဒီဇင်ဘာ ၃ဝ
မန္တလေးမြို့တွင်၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်သို့ ကူးပြောင်းသည့် ကာလ ဖြစ်သော ဒီဇင်ဘာ ၃၁ ရက် ည နှစ်သစ်ကူး New Year Count Downပွဲကို မြို့သူ မြို့သားများ စနစ်တကျနှင့် ပျော်ရွှင်စွာ ဆင်နွှဲနိုင် ရန်အတွက် ကျုံးတောင်ဘက်ခြမ်း မြို့တော်စည်ပင်သာယာရုံးရှေ့တွင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း စည်ပင် သာယာရေးကော်မတီဝင် ဦးကျော် ဆန်းမြင့်က ပြောသည်။
''မန္တလေးမှာ နှစ်သစ်ကူး New Year Count Down နှစ်စဉ်လုပ်ကြတယ်၊ ပျော်ကြ တယ်၊ သူတို့ပျော်တာကို ကျယ်ကျယ် ဝန်းဝန်းနဲ့ စနစ်တကျရှိအောင် ဒီနှစ် မှာ စည်ပင်ရုံးရှေ့မှာလုပ်ဖို့ စီမံပေး တာပါ၊ အရင်နှစ်တွေက ဆီဒိုးနား ဟိုတယ်အနားမှာ လုပ်ကြတယ်၊ ခုဆိုရင် စည်ပင်ရုံးရှေ့မှာ လျှပ်စစ် မီးလုံးတွေထွန်းညှိဖို့ ပြင်ဆင်နေပြီ''ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ပြုလုပ်ရာတွင် မြို့တော် စည်ပင်ဘတ်ဂျက်ငွေကို အသုံးမပြုဘဲ မြို့တော်စည်ပင်တွင်ရှိသော လျှပ်စစ် မီးလုံးများဖြင့် အလှဆင်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် သည်။
''ပျော်ပွဲရွှင်ပွဲတွေ မပါဘူး၊ စည်ပင် ဘတ်ဂျက်ငွေလည်း သုံးစွဲမှာမဟုတ် ဘူး၊ မြို့သူမြို့သားတွေနဲ့ တစ်သားတည်း ဖြစ်အောင်နဲ့ စိတ်ချမ်းသာ ပျော်ရွှင် စေချင်လို့ တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ဆည်းပေးတာပါ၊ လုံခြုံရေးပိုင်း လည်း စီစဉ်ထားပါတယ်''ဟု စည်ပင် သာယာရေးကော်မတီဝင် ဦးကျော် ဇောအောင်က ဆိုသည်။
New Year Count Down နှစ်သစ်ကူးပွဲပြုလုပ်ရာတွင် လုံခြုံရေး အတွက် နယ်မြေခံရဲတပ်ဖွဲ့နှင့် မြို့တော်စည်ပင်သာယာရဲတပ်ဖွဲ့တို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ယူနီဖောင်းနှင့် တပ်ဖွဲ့ဝင်များအပြင် အရပ်ဝတ်များဖြင့်လည်း လုံခြုံရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

မြန်မာ့ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှု အဆင့်မြှင့်တင်နိုင်ရန် ကင်မရာရိုက်ကူးမှုဆိုင်ရာ စာတွေ့၊ လက်တွေ့ အသိပညာမျှဝေ

Image may contain: one or more people, people on stage and indoor
ရန်ကုန် ဒီဇင်ဘာ ၃ဝ
မြန်မာ့ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုကို အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်သည့် ကင်မရာရိုက်ကူးမှုဆိုင်ရာ စာတွေ့၊ လက်တွေ့ အသိပညာမျှဝေခြင်း အစီအစဉ်ကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၂)ရပ်ကွက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ စတူဒီယို (၁)တွင် ပြုလုပ်သည်။
အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က ဦးဆောင်၍ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ ကူညီမှုတို့ဖြင့် စက်မှုအခြေခံ သာရေး၊ နာရေးအသင်းက စီစဉ်ပြုလုပ် ခြင်းဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးခြင်းနှင့်ပတ်သက်၍ ကင်မရာ အပိုင်း၊ မီးအလင်းအမှောင်အပိုင်းနှင့် မီးပိုင်းဆိုင်ရာ အပိုင်းများတွင်ပါဝင်သော ကင်မရာနှင့် ပတ်သက်သည့် အကြောင်းအရာများဖြစ်သည့် နည်းပညာအပိုင်း၊ ကင်မရာ တည်ဆောက်ပုံနှင့် မှန်ဘီလူးတည်ဆောက်ပုံများကို ကင်မရာရိုက်ကူးသူများနှင့် အထောက်အကူပြုသူများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူရိုက်ကူးမှုပုံစံများ အား စာတွေ့လက်တွေ့ အသိပညာမျှဝေပေးခဲ့သည်။
ထိုသို့ အသိပညာမျှဝေရာတွင် ကင်မရာ အမျိုးအစား စုံလင်စွာ အသုံးပြုကာ ကင်မရာနှင့် မှန်ဘီလူးအမျိုးအစား အလိုက် အသုံးပြုမှုအပေါ် အားသာချက်၊ အားနည်းချက် များကိုလည်း စာတွေ့၊ လက်တွေ့ ရှင်းလင်းပြသခဲ့သည့် အပြင် တက်ရောက်လာကြသူများ၏ အမြင်များနှင့် ပတ်သက်၍လည်း ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ကြ သည်။
အစီအစဉ်နှင့်ပတ်သက်၍ ရုပ်ရှင်ဓာတ်ပုံအပိုင်း တာဝန်ခံ ကိုစိုင်းအောင်ထွန်းက ''ရှေ့ပိုင်းမှာလည်း ကင်မရာရိုက်ကူးမှုဆိုင်ရာ အတွေ့အကြုံ မျှဝေတဲ့ပွဲလေး လုပ်ခဲ့ပါတယ်၊ ဒီကနေ့မှာတော့ အဲဒီပွဲလေးရဲ့ နောက်ဆက် တွဲဖြစ်တဲ့ ကင်မရာပိုင်းဆိုင်ရာ လက်တွေ့ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး သူ့ကဏ္ဍအလိုက် တာဝန်ပိုင်းခြားခွဲဝေယူမှု တွေကို မျှဝေခြင်းပဲဖြစ်ပါတယ်၊ အဓိကအားဖြင့် ရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးမှုကို ရည်မှန်းပြီးလုပ်တာပါ၊ အခုလို ပြုလုပ်ခြင်းဖြင့် ရုပ်ရှင်ရိုက်ကူးမှုအပိုင်းမှာ ပိုမို ထိရောက်မှု ရှိပြီး အရည်အသွေးမြင့်တက်လာစေမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။
အဆိုပါ အသိပညာမျှဝေခြင်း အစီအစဉ်သို့ မြန်မာ့ ရုပ်ရှင်အနုပညာလောကမှ ဒါရိုက်တာများ၊ ကင်မရာ ရိုက်ကူးသူများနှင့် ရုပ်ရှင်အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအား ဖြင့် မြန်မာ့ရုပ်ရှင် ရိုက်ကူးထုတ်လုပ်မှုအပိုင်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူများ ပိုမိုများပြား လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး

အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား စားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်

Image may contain: 2 people, people playing sports and table
ရန်ကုန် ဒီဇင်ဘာ ၃ဝ
အားကစားသမားများ၊ နည်းပြများ ချစ်ကြည်ရင်းနှီးမှုရရှိခြင်း၊ စားပွဲတင် တင်းနစ် အားကစား သမားများ၏ အားကစားအဆင့်အတန်းမြင့်မားရေး၊ စားပွဲတင် တင်းနစ်အားကစားနည်း တိုးတက်ပြန့်ပွားစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်နိုင် စေရန်ရည်ရွယ်၍ ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်က အဖွင့် အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်ထံသို့ Crown Club မှ အလှူငွေကျပ် နှစ်သိန်းပေးအပ်ရာ ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အသက် ၁၂ နှစ်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ခြောက်ဦး၊ အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် အမျိုးသား ၈၆ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁ဝ၇ ဦး၊ အသင်းပေါင်း ၂၈ သင်း ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ဆုများပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ကြေးမုံ

ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုဖြစ်မြောက်ရေး ရန်ပုံငွေဈေးရောင်းပွဲနှင့် ပြည်သူ့ပွဲတော် ကျင်းပ

Image may contain: 3 people, people standing, crowd and outdoor
ရန်ကုန် ဒီဇင်ဘာ ၃ဝ
ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တု ဖြစ်မြောက်ရေး ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ပြည်သူ့ပွဲတော်ကို ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၂၆)ရပ်ကွက်ရှိ ယဉ်ကျေးမှု တက္ကသိုလ်အနောက်ဘက် ပြည်ထောင်စု လမ်းသွယ်၌ ဒီဇင်ဘာ ၂၇ ရက်က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်း ရုပ်တုဖြစ်မြောက်ရေး ရန်ပုံငွေ ဈေးရောင်း ပွဲတော်နှင့် ပြည်သူ့ပွဲတော်တွင် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက အခမဲ့ ဖျော်ဖြေတင်ဆက်ကြပြီး အဆိုပါပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ခင်မောင်ဝင်း(ကြေးမုံ)

အသက်(၇ဝ)အထက် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ သက်ကြီးပူဇော်

Image may contain: 3 people, people sitting
ရန်ကုန် ဒီဇင်ဘာ ၃ဝ
အသက်(၇ဝ)အထက် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးများအား သက်ကြီးပူဇော်ပွဲ ကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ယင်းသက်ကြီးပူဇော်ပွဲကို မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအဖွဲ့က ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး သက်ကြီးဘောလုံးသမားဟောင်းကြီးအများစု တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်က သက်ကြီးပူဇော်ပွဲကျင်းပရသည့်အကြောင်းအား ရှင်းလင်းပြောကြားပြီး ကန်တော့ခံပုဂ္ဂိုလ်ကြီးများနှင့် မိတ်ဆက်ပေးသည်။ ဆက်လက်၍ ကန်တော့ခံ လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးများအား ကန်တော့ခံပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။ ထို့နောက် ကန်တော့ခံပုဂ္ဂိုလ်များကိုယ်စား ဦးစိုးမြင့်က ဆုံးမသြဝါဒစကားပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက သက်ကြီးပူဇော်ပွဲ ကျင်းပပေးသည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုယ်စား ကျေးဇူးတင်စကား ပြောကြား သည်။ ယင်းနောက် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင် (ဂိုး)က ကျေးဇူးတင်စကားပြောကြားပြီး သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူ များအား မေတ္တာလက်ဆောင်ပေးအပ်သည်။
သတင်း-ဖိုးသော်ဇင်၊ ဓာတ်ပုံ-စိုးညွန့်

ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ရိုးရာဓလေ့ထုံးစံ နှီးနှောဖလှယ်ပွဲပြုလုပ်

Image may contain: one or more people, people on stage and crowd
မိုးညှင်း ဒီဇင်ဘာ ၃ဝ
မိုးညှင်းခရိုင်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ရိုးရာဓလေ့ထုံးစံနှီးနှော ဖလှယ်ပွဲကို မိုးညှင်းခရိုင် အရပ်ဘက် လူမှု အဖွဲ့အစည်းများကွန်ရက်က ဦးစီးပြီး မိုးညှင်းမြို့ ထီးလင်းဘုန်းကြီးကျောင်း အောင်မင်္ဂလာ ဇာတ်ရုံ၌ ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီ က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရိုးရာဓလေ့ထုံးစံ နှီးနှော ဖလှယ်ပွဲပြုလုပ်ရခြင်းမှာ တိုင်းရင်းသားများ ငြိမ်းချမ်းရေးနှင့်အတူ စည်းလုံးညီညွတ်မှု ရရှိစေရန်ရည်ရွယ်ကြောင်း မိုးညှင်းခရိုင် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် အဖွဲ့ဝင် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတင်ကိုကိုက ပြောသည်။
''ငြိမ်းချမ်းခြင်းနှင့်အတူ စည်းလုံး ညီညွတ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ တစ်ဦးနှင့် တစ်ဦးမေတ္တာထားခြင်း စတဲ့ရိုးရာဓလေ့စရိုက် တွေကို ပျံ့နှံ့စေဖို့ ရည်ရွယ်ပါတယ်၊ နိုင်ငံတော်အဆင့်ပြဿနာကို နိုင်ငံတော်က လုပ်ဆောင်နေကြလို့ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးရသွားပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံငြိမ်းချမ်းသွားမှာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ဒေသအတွင်းက တိုင်းရင်းသား တွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိမှ ကျွန်တော်တို့ဒေသအတွင်း ငြိမ်းချမ်းသွားမှာပါ၊ ဒီအတွက်ကို အဓိကထားရည်ရွယ်ပြီး ဒီလိုပွဲ ကို ပြုလုပ်ပေးဖြစ်ခဲ့တာပါ''ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ဦးတင်ကိုကိုက ပြောသည်။
အဆိုပါပွဲတွင် တိုင်းရင်းသားအချင်းချင်း ဓလေ့ထုံးစံများကို အလေးထားပြီး လူ့အခွင့် အရေး ကိုယ့်အခွင့်အရေးများကို နားလည် သိတတ်သည့်စိတ်၊ ကိုယ်ချင်းစာသည့်စိတ်ဖြင့် နားလည်ခွင့်လွှတ်ကာ ဓလေ့ထုံးစံများ ပြန့်ပွားလာစေရန်နှင့် ဒေသအတွင်း တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးကာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အတူယှဉ်တွဲ နေထိုင် နိုင်ရေးကို အဓိကထား ဆောင်ရွက်နေကြ ကြောင်း မိုးညှင်းခရိုင် အရပ်ဘက်လူမှု အဖွဲ့အစည်းများကွန်ရက်က ပြောသည်။
''ငြိမ်းချမ်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ အရေးကြီးနေတယ်၊ ငြိမ်းချမ်းရေးရှိတဲ့နိုင်ငံ ဖြစ်ပါမှ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေး ကိစ္စတွေမှာပါ ပြီးပြည့်စုံပြီး နိုင်ငံအတွက် သားကောင်းတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ အခုလို နှီးနှောဖလှယ်ပွဲက ငြိမ်းချမ်းရေးကောက်ကြောင်းတွေကို ယူပြီး တော့ နိုင်ငံတော်အဆင့်တွေကိုလည်း တင်ပြ သွားမှာပါ''ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
အဆိုပါပွဲကို ဒီဇင်ဘာ ၂၉ ရက်နှင့် ၃ဝ ရက် နှစ်ရက်သာပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသားများဖြစ်ကြသော ကချင် တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား၊ ရှမ်းနီ တိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား၊ ဗမာ တိုင်းရင်းသား စသည့်အပြင် ဂေါ်ရခါးလူမျိုး များပါ ပါဝင်တက်ရောက်ကာ တိုင်းရင်းသား ရိုးရာအတီးအမှုတ်များ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသားများအားလုံးက ဒေသအတွင်းစမ်းစစ်ချက်များကို ဆွေးနွေးပြီး သဘောတူညီချက်များကို ချမှတ်ကြမည်ဖြစ် သည်။ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးတွင် မိုးညှင်း မြို့သူ မြို့သားများ တိုင်းရင်းသားများ က ကောင်းသည့် ဘက်မှနေ၍ နိုင်ငံတော်ကို အထောက်အကူပြု ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒေသအတွင်း ငြိမ်းချမ်းရေး အတွက် ဘာတွေဆက်လုပ်ကြမလဲဆိုသည့် နှီးနှောဖလှယ်ဆွေးနွေးမှုများနှင့် အဖြေရှာ သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းဦး

ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ရိုးရာဓလေ့ထုံးစံ နှီးနှောဖလှယ်ပွဲပြုလုပ်

Image may contain: one or more people, people on stage and crowd
မိုးညှင်း ဒီဇင်ဘာ ၃ဝ
မိုးညှင်းခရိုင်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ရိုးရာဓလေ့ထုံးစံနှီးနှော ဖလှယ်ပွဲကို မိုးညှင်းခရိုင် အရပ်ဘက် လူမှု အဖွဲ့အစည်းများကွန်ရက်က ဦးစီးပြီး မိုးညှင်းမြို့ ထီးလင်းဘုန်းကြီးကျောင်း အောင်မင်္ဂလာ ဇာတ်ရုံ၌ ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီ က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရိုးရာဓလေ့ထုံးစံ နှီးနှော ဖလှယ်ပွဲပြုလုပ်ရခြင်းမှာ တိုင်းရင်းသားများ ငြိမ်းချမ်းရေးနှင့်အတူ စည်းလုံးညီညွတ်မှု ရရှိစေရန်ရည်ရွယ်ကြောင်း မိုးညှင်းခရိုင် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် အဖွဲ့ဝင် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတင်ကိုကိုက ပြောသည်။
''ငြိမ်းချမ်းခြင်းနှင့်အတူ စည်းလုံး ညီညွတ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ တစ်ဦးနှင့် တစ်ဦးမေတ္တာထားခြင်း စတဲ့ရိုးရာဓလေ့စရိုက် တွေကို ပျံ့နှံ့စေဖို့ ရည်ရွယ်ပါတယ်၊ နိုင်ငံတော်အဆင့်ပြဿနာကို နိုင်ငံတော်က လုပ်ဆောင်နေကြလို့ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးရသွားပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံငြိမ်းချမ်းသွားမှာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ဒေသအတွင်းက တိုင်းရင်းသား တွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိမှ ကျွန်တော်တို့ဒေသအတွင်း ငြိမ်းချမ်းသွားမှာပါ၊ ဒီအတွက်ကို အဓိကထားရည်ရွယ်ပြီး ဒီလိုပွဲ ကို ပြုလုပ်ပေးဖြစ်ခဲ့တာပါ''ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ဦးတင်ကိုကိုက ပြောသည်။
အဆိုပါပွဲတွင် တိုင်းရင်းသားအချင်းချင်း ဓလေ့ထုံးစံများကို အလေးထားပြီး လူ့အခွင့် အရေး ကိုယ့်အခွင့်အရေးများကို နားလည် သိတတ်သည့်စိတ်၊ ကိုယ်ချင်းစာသည့်စိတ်ဖြင့် နားလည်ခွင့်လွှတ်ကာ ဓလေ့ထုံးစံများ ပြန့်ပွားလာစေရန်နှင့် ဒေသအတွင်း တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးကာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အတူယှဉ်တွဲ နေထိုင် နိုင်ရေးကို အဓိကထား ဆောင်ရွက်နေကြ ကြောင်း မိုးညှင်းခရိုင် အရပ်ဘက်လူမှု အဖွဲ့အစည်းများကွန်ရက်က ပြောသည်။
''ငြိမ်းချမ်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ အရေးကြီးနေတယ်၊ ငြိမ်းချမ်းရေးရှိတဲ့နိုင်ငံ ဖြစ်ပါမှ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေး ကိစ္စတွေမှာပါ ပြီးပြည့်စုံပြီး နိုင်ငံအတွက် သားကောင်းတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ အခုလို နှီးနှောဖလှယ်ပွဲက ငြိမ်းချမ်းရေးကောက်ကြောင်းတွေကို ယူပြီး တော့ နိုင်ငံတော်အဆင့်တွေကိုလည်း တင်ပြ သွားမှာပါ''ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
အဆိုပါပွဲကို ဒီဇင်ဘာ ၂၉ ရက်နှင့် ၃ဝ ရက် နှစ်ရက်သာပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသားများဖြစ်ကြသော ကချင် တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား၊ ရှမ်းနီ တိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား၊ ဗမာ တိုင်းရင်းသား စသည့်အပြင် ဂေါ်ရခါးလူမျိုး များပါ ပါဝင်တက်ရောက်ကာ တိုင်းရင်းသား ရိုးရာအတီးအမှုတ်များ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသားများအားလုံးက ဒေသအတွင်းစမ်းစစ်ချက်များကို ဆွေးနွေးပြီး သဘောတူညီချက်များကို ချမှတ်ကြမည်ဖြစ် သည်။ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးတွင် မိုးညှင်း မြို့သူ မြို့သားများ တိုင်းရင်းသားများ က ကောင်းသည့် ဘက်မှနေ၍ နိုင်ငံတော်ကို အထောက်အကူပြု ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒေသအတွင်း ငြိမ်းချမ်းရေး အတွက် ဘာတွေဆက်လုပ်ကြမလဲဆိုသည့် နှီးနှောဖလှယ်ဆွေးနွေးမှုများနှင့် အဖြေရှာ သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းဦး

ကိုလံဘီယာရှိ ညကပွဲရုံတွင် ပေါက်ကွဲမှုကြောင့် ၃၁ ဦး ဒဏ်ရာရ

Image may contain: one or more people, night and outdoor
ဘိုဂိုတာ ဒီဇင်ဘာ ၃ဝ
ကိုလံဘီယာနိုင်ငံမြောက်ပိုင်းအန်တီအိုကွေယာဒေသရှိ ညကပွဲရုံ တစ်ရုံတွင် လူအုပ်အတွင်းသို့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်း ဖောက်ခွဲခဲ့ရာ ၃၁ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဒီဇင်ဘာ ၃ဝ ရက်တွင် ပြောကြားသည်။
ဘိုရာဘိုရာအမည်ရှိ ညကပွဲရုံ အတွင်း လူများစွာ စုဝေးရောက်ရှိ နေချိန် ဒီဇင်ဘာ ၂၉ ရက် နံနက် အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း ကော်ကာစီယာမြို့တော်ဝန် က မီဒီယာသို့ ပြောကြားသည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည် လက်ပစ်ဗုံးပစ်သွင်းသူအဖြစ် သံသယ ရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထား ကြောင်း မြို့တော်ဝန်က အတည်ပြု ပြောကြားသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ ကြောင်း ကျန်းမာရေး တာဝန်ရှိသူ များက ပြောကြားကြသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားစဉ် ကြောက်လန့်တကြား ထွက်ပြေး နိုင်ရန် ကြိုးပမ်းကြရာမှ လူပြိုမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရမှုများ ဖြစ်ပွား ခဲ့ကြောင်း၊ လူအချို့မှာ ပြင်းထန်စွာ ဒဏ်ရာရသည်ဟု ယူဆရကြောင်း ဒေသဆိုင်ရာ အသံလွှင့်ဌာနက သတင်းထုတ်ပြန်သည်။
တိုက်ခိုက်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့သည် ညကပွဲရုံသို့ မော်တော် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာ ခဲ့ပြီးနောက် ကပွဲရုံ အဆောက် အအုံအတွင်းရှိနေသူ လူအုပ်အတွင်း သို့ ဗုံးတစ်လုံးပစ်သွင်းကာ တိုက်ခိုက် ခဲ့သည်ဆို၏။
ဆင်ဟွာ

အီရန်နိုင်ငံတစ်ဝန်း အစိုးရကိုဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွား

Image may contain: 1 person, standing and crowd
တီဟီရန် ဒီဇင်ဘာ ၃ဝ
အီရန်နိုင်ငံတစ်ဝန်းတွင် အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။
ဆန္ဒပြမှုများသည် ဒီဇင်ဘာ ၂၈ ရက်ကတည်းက အီရန်နိုင်ငံ အရှေ့ မြောက်ပိုင်း မာရှက်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများသို့ ပျံ့နှံ့သွားခဲ့သည်။
အီရန်နိုင်ငံ အနောက်ပိုင်းရှိ ကာမန်ရှားမြို့တွင် လူ ၃ဝဝ ခန့် စုဝေး၍ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက မီးသတ်ပိုက်များအသုံးပြုကာ အဓိကရုဏ်းနှိမ်နင်းသည့် ဗီဒီယိုဖိုင်များ အင်တာနက်စာမျက်နှာများပေါ်သို့ တင်ထားသည်ကို တွေ့ရသည်။
အီရန်နိုင်ငံအလယ်ပိုင်း အက်စ်ဖာဟန်မြို့တွင်လည်း အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို နှိမ်နင်းလျက်ရှိသည်။ တာဝန် ရှိသူများက ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။
၂ဝ၁၅ ခုနှစ်တွင် အီရန်နိုင်ငံသည် အမေရိကန်နှင့် အခြားသော ကမ္ဘာ့ အင်အားကြီးနိုင်ငံ ငါးနိုင်ငံနှင့် နျူကလီးယားသဘောတူညီမှုတစ်ခု ရရှိခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ အီရန်နိုင်ငံက ၎င်း၏ နျူကလီးယားအစီအစဉ်ကို ဖြတ်တောက်ရမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် အီရန်နိုင်ငံအပေါ် ချမှတ် ထားသည့် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများကို ရုပ်သိမ်းပေးရမည်ဖြစ်သည်။ သို့သော် အီရန်ပြည်သူများက ကုန်ဈေးနှုန်းမြင့်တက်လာမှု၊ အထူးသဖြင့် လူငယ်များအတွင်း အလုပ်လက်မဲ့ဦးရေမြင့်တက်လာမှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခြင်းဖြစ်သည်။
အီရန်နိုင်ငံတွင် အစိုးရကိုဆန့်ကျင်သည့် ဆန္ဒပြမှုမှာ ဖြစ်တောင့်ဖြစ်ခဲ ရှားရှားပါးပါးဖြစ်ရပ်တစ်ခုဖြစ်သည်။
အင်န်အိတ်ခ်ျကေ

ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေမှ ငွေကြေး အလွဲသုံးမှု ယွမ်သန်း ၇၃ဝ ကို ပြန်လည်သိမ်းဆည်းနိုင်

Image may contain: 1 person, sitting and suit
ပေကျင်း ဒီဇင်ဘာ ၃ဝ
တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ် အတွက် ခွင့်ပြုပေးခဲ့သော ရန်ပုံငွေမှ ငွေကြေးများကို အလွဲသုံးခဲ့သည်ဟု စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် မလျော်မကန်အသုံးပြုခဲ့သည့် ငွေကြေးအနက်မှ ယွမ် သန်း ၇၃ဝ ကို အာဏာပိုင်များက ပြန်လည်သိမ်းဆည်း နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဒီဇင်ဘာ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံရှိ ပြည်နယ် ၂၈ ပြည်နယ်၌ စာရင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ရန်ပုံငွေများကို အလွဲသုံးမှု တွေ့ရှိရပြီး တာဝန်ရှိသူပေါင်း ၄၅ဝ ခန့်ကို စွဲချက်တင်လိုက် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ကောင်စီ အောက်ရှိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးရေးရုံးတို့၏ တာဝန်ရှိသူများက ပြောကြားကြသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်အတွက် ခွင့်ပြုပေးထားသော ရန်ပုံငွေမှ ငွေကြေးများအား မည်သို့ မည်ပုံ အလွဲသုံးမှုပြုလုပ်ခဲ့သည်ကို အသေးစိတ်မသိရပေ။
အစိုးရအဖွဲ့သည် ၂ဝ၂ဝ ပြည့်နှစ်ထက် နောက်မကျ ဘဲ ဆင်းရဲမွဲတေမှု လုံးဝကင်းပျောက်အောင် ပြုလုပ်သွား မည်ဟု ကတိကဝတ်ပြုခဲ့သည်။ တရုတ်နိုင်ငံ၌ လောလော ဆယ်တွင် ဆင်းရဲမွဲတေသူအဖြစ် စံနှုန်းသတ်မှတ်ခံရသူ လူပေါင်း သန်း ၇ဝ ရှိသည်။ သို့ရာတွင် ဆင်းရဲမွဲတေမှု ပြဿနာဖြေရှင်းနိုင်ရေးအတွက် အချိန်များစွာယူ၍ ဆောင်ရွက်သွားရမည်ဟု သုတေသီများက ပြောကြား ကြသည်။
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် လေးနှစ်တာ ကာလ ပတ်လုံး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းအတွက် ယွမ်ငွေ ၁၉၆ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၁၄ ဘီလီယံ)ကျခံ အသုံးပြုခဲ့သည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်အရ ခွင့်ပြု ပေးထားသော ရန်ပုံငွေများကို အလွဲသုံးမှုဖြင့် တာဝန်ရှိသူ ၉၇ဝ ကို အရေးယူအပြစ်ပေးခဲ့သည်ဟု တရုတ်အမျိုးသား စာရင်းစစ်ချုပ်ရုံး အကြီးအကဲ ဟူယွေကျန်းက ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဆင်ဟွာ

ကိုယ့်ဒေသ တိုးတက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီနိုင်မယ့် လမ်းစလေး ရလာတဲ့အချိန်မှာ ဆရာတစ်ယောက်အဖြစ်နဲ့ ဒေသအကျိုးကို ထမ်းရွက်နိုင်နေပြီဖြစ်လို့ ဂုဏ်ယူမိပါတယ်


Image may contain: 1 person, selfie and closeup

မောင်တော ဒီဇင်ဘာ ၃ဝ
၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား ပြီးနောက် ရခိုင်ပြည်နယ်အစိုးရက ဝေးလံသော ကျေးလက်ဒေသများရှိ အခြေခံပညာ ကျောင်းများတွင် ဆရာမများကို မြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ¤င်းတို့နေရာ၌ မလေးရှား၊ ထိုင်းနှင့် ဖားကန့်တို့တွင် သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်ရောက်လာ၍ ကျောင်းဆရာ အလုပ်ကို စိတ်ဝင်စားသော ပညာတတ် လူငယ်များအား အသက် ၃ဝ ဝန်ထမ်း ခန့်ရန် ကန့်သတ်ချက်ကို ၃၅ နှစ်အထိ လျှော့ချပေးကာ ကျောင်းဆရာ အလုပ်ကို ခန့်ထားပေးခဲ့သည်။
နေ့စားလပေးအဖြစ် ခန့်ထားပေး ခဲ့သော အဆိုပါ ကျောင်းဆရာများအား ပြီးခဲ့သော သြဂုတ်လက အမြဲတမ်း ဝန်ထမ်းအဖြစ် အတည်ပြုခန့်ထား ပေးခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကျောင်းဆရာများအား မောင်တောမြို့ အထက(၂)၌ KG နှင့်ွGrade 1 ၁ဝ ရက်ကြာသင်တန်း သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်း ဆရာ အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ကိုင်ရခြင်းနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းထားမှုများကို စုစည်းဖော်ပြ လိုက်ပါသည်။
ဆရာ ဦးသန်းရွှေ
(မောင်တောမြို့နယ်
ဂါရာဘရွန် မူလတန်းလွန်ကျောင်း)
ကျွန်တော်က မလေးရှားနိုင်ငံမှာအလုပ်သွားလုပ်ပြီး ပြန်လာခဲ့ပါတယ်။ မောင်တောအတွက် ပညာရေးဌာနက ကျောင်းဆရာအလုပ် ခေါ်ပါတယ်။ မိဘတွေကလည်း ကျောင်းဆရာ အလုပ်ကိုလုပ်ဖို့ တိုက်တွန်းပါတယ်။ပထမကတော့ ကျောင်းဆရာအလုပ်ကို ခေါ်ယူတာ သိပ်မရှိပါဘူး။ အခု အလုပ်က ၃၅ နှစ်အောက်ခေါ်တာပါ။ အရင်ကတော့ ၃ဝ နှစ်အောက်ခေါ် တာပါ။ အခု ၃၅ နှစ်အောက်ခေါ်လို့ ဒီအလုပ်ကို စိတ်ဝင်စားလို့ လျှောက်ခဲ့ ပါတယ်။ နောက်ပိုင်းမှာလည်း ကျောင်းဆရာ အလုပ်ကို စွဲစွဲမြဲမြဲ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
ဆရာ ဦးဇော်ဟန်ထွန်း
(ဘူးသီးတောင်မြို့နယ် လက်ပံကိုင်း
ကျေးရွာ မူလတန်းကျောင်း)
ဒီအလုပ်ကိုမရခင် နိုင်ငံရပ်ခြားမှာ သွားရောက် လုပ်ကိုင်ခဲ့ပါတယ်။ သူများနိုင်ငံ သွားရောက်အလုပ် လုပ်ကိုင်တဲ့အခါမှာ အစစအရာရာ အခက်အခဲတွေရှိပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ဝန်ထမ်းတွေရဲ့ နွေးထွေးမှုကို သဘောကျပါတယ်။ ဝါသနာလည်းပါတယ်ဆိုတော့ လုပ်ဖြစ် သွားတာပါ။ တခြားနိုင်ငံမှာ သူတို့ သတ်မှတ်တဲ့ စည်းကမ်းတွေ လိုက်နာ ရတဲ့အပြင် အလိုလိုကြောက်ရွံ့နေရ တယ်။ လုံလုံခြုံခြုံလည်း မရှိဘူး။ မရှိလို့သာ သူများနိုင်ငံမှာသွားလုပ် နေရတာပါ။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ ကိုယ့်နိုင်ငံ ကိုယ့်အစိုးရ ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရာလည်း ရောက်၊ ဝါသနာကလည်း ပါတယ်ဆို တော့ ဒီအလုပ်ကိုလုပ်ဖြစ်သွားတာပါ။
ဆရာဦးခင်ထွန်းမောင်
(အထက်ကြွေချောင်း မူလတန်းကျောင်း
ဘူးသီးတောင်မြို့နယ်)
ကျွန်တော် သင်ရတဲ့ကလေးတွေ က ခမီတိုင်းရင်းသားလေးတွေပါ။ တိုင်းရင်းသားတွေဆိုတော့ သူတို့ စကားနဲ့ လွဲတာလေးတွေတော့ ရှိတာ ပေါ့ဗျာ။ êကြိုးစားပြီးတော့ ရွာခန့် ဆရာတွေနဲ့ ပူးပေါင်းသင်ပေးပါတယ်။ကျွန်တော် ဒီအလုပ်မလုပ်ခင်က မလေးရှားမှာ ခုနစ်နှစ်လောက်လုပ်ဖူး ပါတယ်။ ကျွန်တော်က ဘွဲ့ရပြီးသား ပါ။ လုပ်ရတဲ့အလုပ်တွေက အောက်ခြေ အလုပ်တွေဆိုတော့ အဆင်မပြေပါ ဘူး။ နိုင်ငံခြားသားလူမျိုးဆိုတော့ သူတို့က ခွဲခြားဆက်ဆံတယ်။ နှိမ် တယ်။ အောက်ခြေအလုပ်တွေပဲ လုပ်ရတယ်။
ဆရာ ဦးဇေယျာချစ်မြတ်ဦး
ကျွန်တော်က အခု မောင်တော မြို့နယ် အလက(ခွဲ) (မောင်နှမ ကျေးရွာ) ဒုတိယတန်းမှာရှိတဲ့ ကလေး တွေကို စာသင်ပြပေးနေပါတယ်။ ကျွန်တော့်မွေးရပ်မြေ ဇာတိကတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပါ။ အရင် ကျွန်တော်စာသင်ရတဲ့ ရွာက တော့ မီးလောင်တဲ့အထဲ ပါသွားပါပြီ။ အဲဒီရွာကတော့ ရခိုင်တိုင်းရင်းသား တွေ မဟုတ်ကြလို့ စာသင်ပြရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အခု ကျောင်းမှာ ကလေးတွေကို စာသင် ရတာ အကုန် အဆင်ပြေပါတယ်။ ကျွန်တော်က အခုလို ဆရာတစ်ယောက် မဖြစ်ခင်က ရန်ကုန်မှာ ခြောက်နှစ် လောက်နေထိုင်ခဲ့ပြီး ကုမ္ပဏီတစ်ခုမှာ လုပ်ခဲ့ပါသေးတယ်။ အဲဒီလိုလုပ်နေရင်း က ဒီဘက်ဒေသတွေမှာ ဆရာတွေ ခန့်မယ်ဆိုတော့ ကျွန်တော်လျှောက်ခဲ့ တာပါ။ ကိုယ့်ဒေသတိုးတက်ဖို့ တစ်ဖက် တစ်လမ်းက ကူညီနိုင်မယ့် လမ်းစလေး ရလာတဲ့အချိန်မှာ ကျွန်တော် ဆရာ တစ်ယောက်အဖြစ်နဲ့ ဒေသအကျိုးကို ထမ်းရွက်နိုင်နေပြီဖြစ်လို့ ဂုဏ်ယူမိပါ တယ်။
အဆိုပါ KG နှင့် Grade 1 သင်တန်းတွင် ဆရာ ဆရာမ ၅၃၄ ဦးအနက် ဆရာ ၄၅၂ ဦးတက်ရောက် လျက်ရှိသည်။
မြင့်မောင်၊ ဇေယျာ
ဓာတ်ပုံ-နေဝင်းထွန်း

Friday, December 29, 2017

အားကစားနှင့် ကာယပညာဦးစီးဌာနအသင်း တက္ကသိုလ်အသင်းကို ဂိုးပြတ် အနိုင်ရ

Image may contain: 1 person, playing a sport and outdoor
ရန်ကုန် ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ KBZ Bank ၏ အဓိက ပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂ဝ၁၇-၂ဝ၁၈ ရာသီ KBZ Bank Women's League ပြိုင်ပွဲ ပွဲစဉ်(၁) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းက ဂိုးပြတ်အနိုင်ရခဲ့ သည်။ အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းသည် တက္ကသိုလ်အသင်း နှင့် စတင်တွေ့ဆုံခဲ့ပြီး ကိုးဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်သည့် တက္ကသိုလ်အသင်း သည် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းကို ယှဉ်ကစားနိုင်ခြင်း မရှိဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ လက်ရွေးစင်ကစားသမား အများစုပါဝင်သည့်အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းသည် ပွဲစကတည်းက ဖိကစားနိုင် ခဲ့ပြီး ၁၂ မိနစ်တွင် ရီရီဦးက အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းက စိတ်ကြိုက်ဖိကစားသွားခဲ့ပြီး အသင်းခေါင်းဆောင် ခင်မာလာထွန်းက ၁၈၊ ၂၄၊ ၂၈၊ ၄၉၊ ၈၆ မိနစ်တွင် တစ်ဦးတည်းငါးဂိုးသွင်းယူခဲ့သည်။ အားကစားနှင့် ကာယပညာဦးစီးဌာန အသင်းအတွက် ကျန်အနိုင်ဂိုးများကို ၂၅ မိနစ်တွင် ရီရီဦး၊ မိနစ် ၇ဝ တွင် သင်းသင်းယု၊ မိနစ် ၉ဝ တွင် ဇင်ဇင်နိုင်တို့က သွင်းယူခဲ့သည်။ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းသည် ပြီးခဲ့သည့်ရာသီတွင် တတိယရခဲ့သည့် အသင်းဖြစ်ပြီး ယခုရာသီပထမဆုံးပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
တတိယနေ့ကို ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီခွဲတွင် အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး အား/ကာသိပ္ပံအသင်းနှင့်YREO အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-စိုးညွန့်

စစ်တွေမြစ်ကမ်း မြို့သစ်စီမံကိန်း ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်

Image may contain: text
ရန်ကုန် နိုဝင်ဘာ ၂၈
အမေရိကန်ဒေါ်လာ ၁ဝ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည့် စစ်တွေမြစ်ကမ်း မြို့သစ်စီမံကိန်း(Sittwe Waterfront Project) မှာ လက်ရှိတွင် ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး လာမည့် ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် အပြီးသတ် ပြီးစီးမည်ဖြစ်ကြောင်း စစ်တွေမြစ်ကမ်း မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
စစ်တွေမြို့ မြစ်ကမ်းဘေးတွင် အကောင်အထည်ဖော်သွားမည့် စစ်တွေ မြစ်ကမ်း မြို့သစ်စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co.,Ltd.တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုနှင့် စီမံကိန်းပြီးစီးမှု အခြေအနေ၊ မြို့သစ်စီမံကိန်း မြေကွက်များ ရောင်းချသွားမည့် အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်က ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ပြုလုပ်ခြင်းဖြစ်သည်။
''ယခင်အစိုးရသက်တမ်း မကုန်ခင်လေးမှာ MIC ရဲ့ ခွင့်ပြုချက်ကျထားပြီး စီမံကိန်းတစ်ခုဖြစ်ပါတယ်၊MIC ကို ဖြတ်သန်းပြီး လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ EIA SIAအဆင့်ဆင့်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှာ ရခိုင်ပြည်နယ်အစိုးရက ၃ဝ ရာခိုင်နှုန်း၊BXTက ၇ဝ ရာခိုင်နှုန်းဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအနေနဲ့MICက ခွင့်ပြုထားတဲ့စီမံကိန်းတစ်ခု အောင်မြင်အောင် လုပ်ဆောင်ရမယ့်နေရာမှာ စာချုပ်တွေမှာ ပါပါတယ်၊ ကူညီပံ့ပိုးပေးရမယ့် အပိုင်းတွေ၊ ဥပဒေ၊ နည်းဥပဒေ အပိုင်းတွေ၊ မြေယာတွေပေါ်လာပြီး ရင်းနှီးမြှုပ်နှံသူတွေ၊ မြေကွက်အတွက် ဝယ်မယ်ဆိုရင် အဲဒီမြေယာအတွက် ဂရန်ရရှိမယ့် ကိစ္စရပ်တွေ၊ မြေယာနဲ့ရှင်းရှင်း လင်းလင်းဖြစ်ရမယ့် ကိစ္စရပ်တွေကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်''ဟု ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက မီဒီယာများနှင့်တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းသည် ဧရိယာအားဖြင့် ဧက ၉ဝ ခန့်ရှိပြီး စီမံကိန်းဧရိယာ အတွင်း စုပေါင်းအိမ်ရာ၊ လက်လီလက်ကားဈေးကွက်၊ အလယ်အလတ်အမြင့်ရှိ ကွန်ဒိုမီနီယံများ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှု စီးပွားရေးဇုန်၊ ငါးစက်ရုံများ၊ အပန်းဖြေနေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။
စစ်တွေမြစ်ကမ်း မြို့သစ်စီမံကိန်းတွင် စင်ကာပူနိုင်ငံ၏ မြေဖို့ခြင်း နည်းပညာကို အသုံးပြုထားပြီး ကွန်ကရစ်ရေတားနံရံများ ထည့်သွင်းတည် ဆောက်ထားခြင်းကြောင့် မြေသားခိုင်မာမှုရှိသည်ဟု သိရသည်။
စီမံကိန်းပြီးစီးပါက အဓိကအားသာချက်အနေဖြင့် မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများ တင်ပို့ရာ အဓိကဆိပ်ကမ်းမြို့ ဖြစ်လာနိုင်ခြင်း၊ နိုင်ငံတကာ မှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများတိုးလာနိုင်ခြင်း၊ ရခိုင်ပြည်နယ်အတွင်း အဆင့်မီမြို့တော်တစ်ခု ပေါ်ထွက်လာခြင်းကြောင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြင်း၊ စက်မှုမြို့အဖြစ် အကောင်အထည်ဖော်နေသည့် ပုဏ္ဏားကျွန်းမြို့နှင့် ဆတ်ရိုးကျ တံတားဖွင့်လှစ် ပြီးပါက မိနစ် ၃ဝ ခန့်အတွင်း သွားလာနိုင်မည်ဖြစ်ပြီး စစ်တွေဆိပ်ခံတံတားနှင့် ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့ကို ထောက်ပံ့ပို့ဆောင်ရေး အဓိကဒေသတစ်ခု ဖြစ်လာနိုင်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။
အဆိုပါ စီမံကိန်းရှိ မြေကွက်များကို တစ်စတုရန်းပေလျှင် ကျပ် သောင်းဂဏန်းဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက ဂရန်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ မြေကွက်များကို ဇန်နဝါရီ ၆၊ ၇ ရက်တို့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်နှင့် စစ်တွေမြို့တို့၌ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် iMyanmarHouse.com က တာဝန်ယူရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝဝ၁

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ တက်ရောက်ရန်အတွက် ငြိမ်းချမ်းရေးကော်မရှင် ဖိတ်ကြား

Image may contain: 7 people, people standing
ရန်ကုန် ဒီဇင်ဘာ ၂၈
လာမည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလကုန်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ တက်ရောက်နိုင်ရန် အဆိုပြု ဖိတ်ကြားခဲ့ပြီး ညီလာခံတက်ရောက်ရန်အတွက် စာဖြင့် တရားဝင်ဖိတ်ကြားမှုကိုလည်း ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ရုံးတွင် ကျင်းပသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PC)တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အဆိုပြု ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နာဂဒေသ တည်ငြိမ်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လာမည့် ၂ဝ၁၈ ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီအဖွဲ့အနေဖြင့် တက်ရောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ သည်။
နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီသည် ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ ရက်တွင် (၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနှင့် တွေ့ဆုံခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်း ရေးမှူး ဦးလှမောင်ရွှေက ''ကျွန်တော်တို့ဘက်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နဲ့ ပတ်သက်ပြီး စဉ်းစားပေးဖို့ ပြောတယ်၊ သမ္မတ ဦးသိန်းစိန် လက်ထက်က လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သူတို့တက်တယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမအစည်းအဝေးနဲ့ ဒုတိယအစည်းအဝေးကိုတော့ သူတို့ တက်ရောက်နိုင်ခြင်းမရှိဘူး၊ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး တက်ရောက်ဖို့ အကြိုဖိတ်ကြားတယ်၊ တရားဝင်စာနဲ့လည်း ဖိတ်ကြားမယ်လို့ ကျွန်တော်တို့ဘက်က အဆိုပြုခဲ့ပါတယ်၊ ဒါကြောင့် (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးကို နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီအနေနဲ့ တက်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်တယ်''ဟု ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရသည့် အကြောင်းရင်းကို အဆိုပါ အဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အဖွဲ့ဝင် ဦးကျော်ဝမ်းစိန်က ''ကျွန်တော်တို့ အစိုးရသစ်နဲ့ မတွေ့ဖြစ်ဘူး၊ ရန်ကုန်မရောက်တာ တစ်နှစ် ကျော်ကျော်ရှိပြီ၊ ဒါကြောင့် ငြိမ်းချမ်းရေးကော်မရှင်က တွေ့ဖို့ လာခဲ့ပါဆိုပြီး ဒီနေ့ ရက်ချိန်းပေးတယ်၊ တွေ့ဆုံဖြစ်တဲ့ အကြောင်းရင်းက ကျွန်တော်တို့ ဒေသ ဖွံ့ဖြိုးတည်ငြိမ်အေးချမ်းချင်တယ်၊ နောက် တစ်ဖက်နဲ့ တစ်ဖက်က ဆက်ဆံမှုတွေ ယုံကြည်စိတ်ချရတာပေါ့၊ နယ်မြေအခြေအနေက ကောင်းပါ တယ်၊ ဒါပေမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကျွန်တော်တို့က အမြဲတမ်းတွေ့ဆုံဖို့ လိုအပ်လို့ လာတွေ့ခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီသည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ၂ဝ၁၂ ခုနှစ် ဧပြီလတွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားပြီး ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှစ၍ တပ်မတော်နှင့် ထိတွေ့မှုများမရှိခဲ့ကြောင်း သိရသည်။
NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသည့်အပေါ် ဦးကျော်ဝမ်းစိန် က ''ကျွန်တော်တို့ နာဂတွေ NCA လက်မှတ်မထိုးနိုင်တာက ကျွန်တော်တို့ ဒေသနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံရေးအခြေအနေကိုက လက်မှတ်ထိုးဖို့ အခြေ အနေမပေးလို့ မထိုးနိုင်ရခြင်း ဖြစ်ပါတယ်၊ ပြည်နယ်အဆင့် လက်မှတ်ရေးထိုး ထားတယ်၊ နောက် အောက်ခြေအဆင့်မှာလည်း ထိတွေ့မှု မဖြစ်အောင် ကျွန်တော်တို့က ဆောင်ရွက်ကြပါတယ်၊ ဒါကို နိုင်ငံတော်အဆင့် လူကြီးတွေက လည်း သဘောပေါက်ပါတယ်၊ ဒါပေမယ့် အမြဲတမ်းတော့ ဖိတ်ခေါ်နေပါတယ်၊ အိန္ဒိယဘက်က နာဂပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံထဲက နာဂပဲဖြစ်ဖြစ် နာဂလူထုက တော့ ငြိမ်းချမ်းမှုကို လိုချင်ကြပါတယ်၊ ကျွန်တော်တို့အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းမှုကိုလိုချင်ပါတယ်''ဟု ပြောသည်။
ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ အကြံပေး နှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးအန်ကန့်၊ ဗဟိုကောင်စီဝင် ဦးကျော်ဝမ်းစိန်၊ ဦးစောထင်နှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီသည် အိန္ဒိယနှင့် မြန်မာနယ်စပ်တွင် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဥက္ကဋ္ဌ ဦးကက်ပလန်သည် ၂ဝ၁၇ ခုနှစ် ဇွန်လဆန်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန် သွားကြောင်း သိရသည်။
ရဲခေါင်ညွန့်