Friday, December 29, 2017

စစ်တွေမြစ်ကမ်း မြို့သစ်စီမံကိန်း ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်

Image may contain: text
ရန်ကုန် နိုဝင်ဘာ ၂၈
အမေရိကန်ဒေါ်လာ ၁ဝ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည့် စစ်တွေမြစ်ကမ်း မြို့သစ်စီမံကိန်း(Sittwe Waterfront Project) မှာ လက်ရှိတွင် ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး လာမည့် ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် အပြီးသတ် ပြီးစီးမည်ဖြစ်ကြောင်း စစ်တွေမြစ်ကမ်း မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
စစ်တွေမြို့ မြစ်ကမ်းဘေးတွင် အကောင်အထည်ဖော်သွားမည့် စစ်တွေ မြစ်ကမ်း မြို့သစ်စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co.,Ltd.တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုနှင့် စီမံကိန်းပြီးစီးမှု အခြေအနေ၊ မြို့သစ်စီမံကိန်း မြေကွက်များ ရောင်းချသွားမည့် အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်က ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ပြုလုပ်ခြင်းဖြစ်သည်။
''ယခင်အစိုးရသက်တမ်း မကုန်ခင်လေးမှာ MIC ရဲ့ ခွင့်ပြုချက်ကျထားပြီး စီမံကိန်းတစ်ခုဖြစ်ပါတယ်၊MIC ကို ဖြတ်သန်းပြီး လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ EIA SIAအဆင့်ဆင့်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှာ ရခိုင်ပြည်နယ်အစိုးရက ၃ဝ ရာခိုင်နှုန်း၊BXTက ၇ဝ ရာခိုင်နှုန်းဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအနေနဲ့MICက ခွင့်ပြုထားတဲ့စီမံကိန်းတစ်ခု အောင်မြင်အောင် လုပ်ဆောင်ရမယ့်နေရာမှာ စာချုပ်တွေမှာ ပါပါတယ်၊ ကူညီပံ့ပိုးပေးရမယ့် အပိုင်းတွေ၊ ဥပဒေ၊ နည်းဥပဒေ အပိုင်းတွေ၊ မြေယာတွေပေါ်လာပြီး ရင်းနှီးမြှုပ်နှံသူတွေ၊ မြေကွက်အတွက် ဝယ်မယ်ဆိုရင် အဲဒီမြေယာအတွက် ဂရန်ရရှိမယ့် ကိစ္စရပ်တွေ၊ မြေယာနဲ့ရှင်းရှင်း လင်းလင်းဖြစ်ရမယ့် ကိစ္စရပ်တွေကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်''ဟု ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက မီဒီယာများနှင့်တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းသည် ဧရိယာအားဖြင့် ဧက ၉ဝ ခန့်ရှိပြီး စီမံကိန်းဧရိယာ အတွင်း စုပေါင်းအိမ်ရာ၊ လက်လီလက်ကားဈေးကွက်၊ အလယ်အလတ်အမြင့်ရှိ ကွန်ဒိုမီနီယံများ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှု စီးပွားရေးဇုန်၊ ငါးစက်ရုံများ၊ အပန်းဖြေနေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။
စစ်တွေမြစ်ကမ်း မြို့သစ်စီမံကိန်းတွင် စင်ကာပူနိုင်ငံ၏ မြေဖို့ခြင်း နည်းပညာကို အသုံးပြုထားပြီး ကွန်ကရစ်ရေတားနံရံများ ထည့်သွင်းတည် ဆောက်ထားခြင်းကြောင့် မြေသားခိုင်မာမှုရှိသည်ဟု သိရသည်။
စီမံကိန်းပြီးစီးပါက အဓိကအားသာချက်အနေဖြင့် မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများ တင်ပို့ရာ အဓိကဆိပ်ကမ်းမြို့ ဖြစ်လာနိုင်ခြင်း၊ နိုင်ငံတကာ မှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများတိုးလာနိုင်ခြင်း၊ ရခိုင်ပြည်နယ်အတွင်း အဆင့်မီမြို့တော်တစ်ခု ပေါ်ထွက်လာခြင်းကြောင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြင်း၊ စက်မှုမြို့အဖြစ် အကောင်အထည်ဖော်နေသည့် ပုဏ္ဏားကျွန်းမြို့နှင့် ဆတ်ရိုးကျ တံတားဖွင့်လှစ် ပြီးပါက မိနစ် ၃ဝ ခန့်အတွင်း သွားလာနိုင်မည်ဖြစ်ပြီး စစ်တွေဆိပ်ခံတံတားနှင့် ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့ကို ထောက်ပံ့ပို့ဆောင်ရေး အဓိကဒေသတစ်ခု ဖြစ်လာနိုင်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။
အဆိုပါ စီမံကိန်းရှိ မြေကွက်များကို တစ်စတုရန်းပေလျှင် ကျပ် သောင်းဂဏန်းဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက ဂရန်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ မြေကွက်များကို ဇန်နဝါရီ ၆၊ ၇ ရက်တို့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်နှင့် စစ်တွေမြို့တို့၌ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် iMyanmarHouse.com က တာဝန်ယူရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝဝ၁

No comments:

Post a Comment