Sunday, December 31, 2017

ရန်ကုန်မြို့ တညင်းကုန်း အဆင့်မြင့် လက်ကားဈေးသစ်ကြီး ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည်

Image may contain: 1 person, sitting
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက်(MAEX)တို့ အကျိုးတူပူးပေါင်းတည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်ရှိ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့် လက်ကားဈေးသစ်ကြီးတွင် သစ်သီးလက်ကားဈေးရုံ၊ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သုံး သစ်သီးဝလံပစ္စည်း လက်ကားဈေးရုံ၊ တောင်သူလက်လီရောင်း(Ground Market )ဈေးရုံကြီး သုံးရုံတို့ တည်ဆောက်ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ၂၆ ရက်က အကြိုဖွင့်လှစ်မှု ပြုလုပ်ခဲ့သည်။
ထို့အပြင် အဆိုပါဈေးကြီးကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ၂၄ နာရီဖွင့်လှစ်သည့် ဈေးကြီးအဖြစ် ဆိုင်ခန်းများကို တရားဝင်ဖွင့်လှစ်ကာ စားသုံးကုန်ပစ္စည်း များ ရောင်းချတော့မည်ဖြစ်သဖြင့် ဈေးစီမံကိန်းနှင့် တည်ဆောက်ပြီးစီးမှုအပိုင်းများ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ် သွားမည့် အခြေအနေများ၊ လာရောက်ရောင်းဝယ်မည့် သူများအတွက် ဆောင်ရွက်ပေးထားသည့် ဝန်ဆောင်မှု များပြုလုပ်ထားသည့်အပေါ်MAEXကုမ္ပဏီမှ CEO ဦးအောင်ကြီးနှင့် မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်း ခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-
မေး။ ။ ဒီဈေးကြီးရဲ့ စီမံကိန်းနဲ့ စတင်အကောင် အထည်ဖော် ဆောင်ရွက်မှုကို သိပါရစေ။
ဖြေ။ ။ ဈေးစတင်ဖြစ်ပေါ်လာပုံကတော့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကနေ တညင်းကုန်း ကုန်စိမ်းဈေး မြေနေရာအပါအဝင် မြေ ၈၅ ဧကပေါ်မှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေးကြီး တည်ဆောက်ဖို့ တင်ဒါခေါ်ယူခဲ့ပါတယ်။
အဲဒီလို တင်ဒါခေါ်ယူတဲ့အခါမှာ ဒဂုံအင်တာ နေရှင်နယ်ဆိုပြီး ကျွန်တော်တို့ကုမ္ပဏီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် မတ်လမှာ အဆင့်မြင့် လက်ကားဈေးကြီး တည်ဆောက်ဖို့အတွက်ဆိုပြီး ကျွန်တော်တို့ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ချပေးခဲ့ပါတယ်။
အဲဒီလိုချပေးတဲ့အခါမှာ တင်ဒါစည်းမျဉ်း၊ စည်းကမ်း အရ တင်ဒါအောင်တဲ့ ကုမ္ပဏီဟာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပေးရမယ်လို့ပါတဲ့အတွက် ဒဂုံအင်တာနေရှင်နယ် လီမိတက်ဟာ ပထမဆုံး ၄၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင် ပြီးတော့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက် (MAEX)အများပိုင်ကုမ္ပဏီကို စတင်ဖွဲ့စည်းခဲ့တာပါ။စတင်ဖွဲ့စည်းစဉ်က ရှယ်ယာ HOLDERS ၁၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။
အခုအချိန်မှာတော့ ရှယ်ယာHOLDERS ပေါင်း ၂၂၇၄ ဦးနဲ့ အစုရှယ်ယာငွေကျပ်( ၂၂ ဘီလီယံ)ကျော်နဲ့ ဒီဈေးကြီးကို ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ ဒီဈေးကို အဓိကအားဖြင့် ကျွန်တော်တို့က ဟင်းသီးဟင်းရွက် သစ်သီးဝလံနဲ့ ပန်းမန်အပါအဝင် စားသောက်ကုန်တွေကို လက်ကား ရောင်းဝယ်ဖြန့်ဖြူးဖို့ရည်ရွယ်ပြီး ဆောင်ရွက် ထားတဲ့ဈေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဈေးတွေထဲမှာ အကြီးဆုံးဈေးကြီးဖြစ်ပါတယ်။
မေး။ ။ ဒီဈေးကြီးမှာ အဓိကအားဖြင့် ဘယ်လို ကုန်ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်သွားမှာလဲ။ ဈေးတည်ဆောက်ထားမှုနဲ့ ပြီးစီးမှုအပေါ် ရှင်းပြပေးပါဦး။
ဖြေ။ ။ ဒီဈေးမှာဆိုရင် ဈေးရုံကြီးပေါင်းရှစ်ရုံ ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီဈေးရုံတွေကတော့ ဈေးရုံအမှတ်တစ် သစ်သီးလက်ကားရောင်းဝယ်ရေးဈေးရုံ၊ ဈေးရုံအမှတ် နှစ်က ဟင်းသီးဟင်းရွက်၊ ပန်းမန်၊ စားဖိုဆောင်သုံး သစ်သီးဝလံပစ္စည်း လက်ကားရောင်းဝယ်ရေးဈေးရုံ၊ အမှတ်သုံးကတော့ ဟင်းသီးဟင်းရွက်၊ ပန်းမန်တောင်သူ လက်လီရောင်း ဈေးရုံဖြစ်ပါတယ်။
ရုံအမှတ်လေးကတော့ ရာသီပေါ်သီးနှံ လက်ကား ရောင်းဝယ်ရေးဈေးရုံအပြင် နောက်ပိုင်းမှာ တင်ဒါစနစ်ကို ကျင့်သုံးဖို့အတွက် တင်ဒါခန်းမ အဲဒီထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။ ရုံအမှတ်ငါးကတော့ နှစ်ထပ် စားသောက်ဆိုင် တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ နှစ်ထပ်ဈေးရုံဖြစ်ပါတယ်။ ရုံအမှတ်ခြောက်မှာကတော့ အသင့်စားသုံးနိုင်တဲ့ သား၊ ငါးနဲ့ ငါးပိ၊ ငါးခြောက် ကုန်ခြောက်မျိုးစုံ ရောင်းဝယ်တဲ့ နှစ်ထပ်ဈေးရုံဖြစ်ပါတယ်။ ရုံအမှတ် ခုနစ်နဲ့ ရှစ်ကတော့ အအေးခန်းပါဝင်တဲ့ အလတ်စားပွဲရုံပါ။ အကြီးစားပွဲရုံ လူနေဆိုင်ခန်း အဆောက်အအုံ နှစ်ခန်းတွဲ သုံးထပ်၊ လေးထပ်တို့အပါအဝင် ပွဲရုံအဆောက်အအုံ ၂ဝဝ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်Hyper Market တစ်ခု ပါမယ်။ ဈေးကို လာရောက်တဲ့သူတွေ တည်းခိုနိုင်ဖို့ အဆင့်မြင့် ရှစ်ထပ် မိုတယ်တွေအပြင် စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်တစ်ဆိုင် ပါဝင်မယ်။ ဒီဈေးကြီးဟာ ဆိုရင် နိုင်ငံတကာကို Export လုပ်ဖို့အထိ ရည်ရွယ် ထားတဲ့အတွက်ကြောင့် အသင့်ထုပ်ပိုးထားတဲ့ ပစ္စည်းတွေ ကိုထားဖို့ အအေးခန်းစက်ရုံ သုံးရုံလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။
အခုလက်ရှိ PHASE-1 အနေနဲ့ကတော့ ဈေးရုံကြီး သုံးရုံ ပြီးစီးသွားပါပြီ။ ဒီဇင်ဘာ ၂၆ ရက်က အကြို ဆိုင်ခန်းဖွင့်လှစ်မှု လုပ်ခဲ့ပါတယ်။ အဲဒီဈေးရုံတွေကတော့ ဈေးရုံအမှတ်တစ် သစ်သီး လက်ကားရောင်းဝယ်ရေးဈေးရုံ၊ ဈေးရုံအမှတ်နှစ်က ဟင်းသီးဟင်းရွက်၊ ပန်းမန်၊ စားဖို ဆောင်သုံး ဝလံပစ္စည်း လက်ကားရောင်းဝယ်ရေးဈေးရုံ၊ အမှတ်သုံးကတော့ ဟင်းသီးဟင်းရွက်၊ ပန်းမန် တောင်သူ လက်လီရောင်းဈေးရုံဖြစ်ပါတယ်။ အဲဒီမှာကတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ပန်းမန်တွေကို ထုတ်လုပ်သူတွေနဲ့ လက်လီရောင်းတဲ့သူတွေ တစ်ခါတည်း လာရောက်ရောင်းချနိုင်တဲ့ ဈေးရုံဖြစ်ပါတယ်။ အဲဒီဈေးရုံ သုံးရုံထဲမှာဆိုရင် အမှတ်တစ်နဲ့ နှစ် ဈေးရုံတစ်ရုံစီမှာ ဆိုင်ခန်းအကျယ် (၅ x ၁၁)ပေ၊ (၅ x ၁၃) ပေဆိုင်ခန်းပေါင်း ၁၁၂ဝ စီနဲ့ ဈေးရုံအမှတ်သုံးဖြစ်တဲ့ တောင်သူ လက်လီ ရောင်းဈေးရုံမှာတော့ (၅ x ၅) ပေ၊ (၅ x ၈) ပေ ဆိုင်ခန်း ၃၃၆ဝ ရှိပါတယ်။ အားလုံးပေါင်း ဆိုင်ခန်း ၅၆ဝဝ ပြီးစီး သွားပြီဖြစ်ပါတယ်။
မေး။ ။ လက်ရှိ ပြီးစီးဖွင့်လှစ်တော့မယ့်အပေါ် ဈေးရောင်းချလိုသူတွေအတွက် ဆိုင်ခန်းငှားရမ်းမှု အခြေအနေနဲ့ ဈေးစီမံကိန်းတည်ဆောက်မှု အပြီးသတ် ကာလကို သိပါရစေ။
ဖြေ။ ။ အခုပြီးစီးသွားတဲ့ ဈေးဆိုင်ခန်း ၅၆ဝဝ အနက်က ယခင် တညင်းကုန်း ကုန်စိမ်းဈေးဟောင်းမှာ ရှိတဲ့ ဈေးရောင်းချသူတွေအတွက် ဆိုင်ခန်းပေါင်း ၂ဝဝဝ ကို စာချုပ်ပါစည်းကမ်းအရ ယာယီဖယ်ထားပြီး ကျန်ရှိတဲ့ ဆိုင်ခန်းတွေကို အပြင်ကနေပြီး လာရောက်ရောင်းချမယ့် သူတွေအတွက် ဆိုင်ခန်းငှားရမ်းခွင့် ပြုခဲ့ပါတယ်။ ဆိုင်ခန်းလာရောက်လျှောက်ထားသူအတွက် ဆိုင်ခန်း ပေါင်း ၂၅ဝဝ ကျော်ကိုငှားရမ်းခဲ့ပြီး ဆိုင်ခန်းငှားရမ်းခဲ့တဲ့ သူတွေကို ဒီဇင်ဘာ ၂၆ ရက်က ဈေးစတင်ရောင်းချခွင့် ပြုခဲ့ပါတယ်။ ဆိုင်ခန်းငှားရမ်းခကိုတွက်ချက်ပြီး အမှန် တကယ် ဈေးဆိုင်ခန်းစတင်ဖွင့်လှစ်မှုကိုတော့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါ။ သတ်မှတ်ရက်မှာ ဆိုင်ခန်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် အခုလည်း တော်တော်များများက ပြင်ဆင်ထားပြီး ဖြစ်ပါ တယ်။ ဈေးစီမံကိန်းကြီး အားလုံးအပြီးသတ်ပြီးစီးမှုကိုတော့ ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက် မျှော်မှန်းထားပါတယ်။ အခုလည်းဆက်လက်ပြီးတော့ PHASE(1 . 1) အကောင် အထည်ဖော် တည်ဆောက်မှုအဖြစ် ရာသီပေါ်သီးနှံ အဆောက်အအုံနဲ့ နှစ်ထပ် စားသောက်ကုန်ဈေးရုံ၊ အအေးခန်းပါဝင်တဲ့ အလတ်စားပွဲရုံ၊ သားငါးနှင့် ကုန်ခြောက်မျိုးစုံ နှစ်ထပ်ဈေးရုံတွေကိုလည်း ဆက်လက်ပြီး တည်ဆောက်လျက်ရှိပါတယ်။ အမှတ်လေး ဈေးရုံဖြစ်တဲ့ ရာသီပေါ် သီးနှံဈေးရုံဆိုရင်လည်း နောက်တစ်လအတွင်း မှာ အပြီးသတ်တည်ဆောက်ပြီးစီးတော့မှာ ဖြစ်ပါတယ်။
မေး။ ။ ဒီဈေးကြီးကို ဘယ်လိုဒေသတွေကနေ ကုန်စည်စီးဆင်းမှုတွေ အဓိကပြုလုပ်မှာ ဖြစ်ပါသလဲ။ လာရောက်ရောင်းဝယ်သူတွေအတွက်ကိုလည်း အဆင် ပြေအောင် ဘယ်လိုစီစဉ်ဆောင်ရွက် ပေးထားပါသလဲ သိပါရစေ။
ဖြေ။ ။ ဒီဈေးကိုဝင်တဲ့ ကုန်ပစ္စည်းတွေကတော့ ရှမ်းပြည်ဘက်ကလာတဲ့ စားသုံးကုန်တွေ၊ ဗမာကုန်လို့ ခေါ်တဲ့ နေပြည်တော်၊ ကျောက်ဆည် ၊ လယ်ဝေးဘက်က စားသောက်ကုန်တွေ၊ ပြည်၊ သဲကုန်း၊ မှော်ဘီ၊ တိုက်ကြီးနဲ့ ဧရာဝတီတိုင်းဘက်က စားသောက်ကုန်တွေ အဓိက ဝင်ရောက်ရောင်းချတာဖြစ်ပါတယ်။ ဒီဈေးကြီးမှာဆိုရင် အဆင့်မြင့် အမှိုက်သိမ်းစနစ်၊ ဈေးဧရိယာ တစ်ခုလုံး အတွက် ၂၄ နာရီ လုံခြုံရေးစနစ်တွေအပြင် ဈေး လာရောက်ရောင်း၊ ဝယ်သူတွေအတွက် ကုန်စည်တွေ အတင်အချ အလွယ်တကူပြုလုပ်နိုင်ဖို့နဲ့ ယာဉ်ရပ်နား နိုင်ဖို့အတွက် ဈေးတည်ဆောက်ပုံအရ ဈေးရုံတွေ ပတ်ပတ်လည်မှာ ယာဉ်ရပ်နားတဲ့နေရာတွေ တည်ဆောက် ထားပါတယ်။ ယာဉ်အစီးရေ ၂ဝဝဝ ကျော်ရပ်နားနိုင်တဲ့ ကားပါကင်ရှိပါတယ်။ ဒါ့အပြင် ဈေးပတ်ပတ်လည်ကိုလည်း ကွန်ကရစ်လမ်းတွေ တည်ဆောက်ပေးထားပြီး သန့်ရှင်း သပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားပါတယ်။ တောင်သူ လက်လီရောင်းသူတွေအတွက်ဆိုရင်လည်း ဈေးရုံထဲအထိ ဝင်ရောက်ပြီး ကုန်ပစ္စည်းတွေချနိုင်တဲ့အထိ ပြုလုပ်ပေးထား ပါတယ်။ ဒါ့ကြောင့် ရောင်းဝယ်သူတွေအနေနဲ့ ကုန်ပစ္စည်း သယ်ယူရတဲ့ အလုပ်သမားခကို သက်သာစေမှာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ လာရောက်ရောင်းချတဲ့ စားသောက် ကုန်တွေကို စားသုံးရန်သင့်၊ မသင့် စစ်ဆေးပေးသွားမှာ ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို ဝယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုး ထုတ်လုပ်သူတွေအတွက်ကိုလည်း လိုအပ်တဲ့ နည်းပညာ အကူအညီ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဈေးက ကုန်ပစ္စည်းတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက် ကုန်များကို ရရှိစေမှာဖြစ်ပါတယ်။ ကိုယ်ပိုင် စိုက်ပျိုး ထုတ်လုပ်ပြီး လာရောက်ရောင်းချတဲ့ သူတွေအတွက်လည်း ဒီဈေးကြီးမှာ ပွဲရုံတွေရှိတဲ့အပြင် ကိုယ်တိုင်လာရောက် ရောင်းချနိုင်မှာဖြစ်တဲ့အတွက် သူတို့အနေနဲ့ တန်ဖိုးမြင့်တဲ့ ဈေးတွေရရှိသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် ဒီဈေးကြီးမှာ လာရောက်ရောင်းချတဲ့ ကုန်ပစ္စည်းတွေ အတွက်ကိုလည်း အအေးခန်းစနစ်ကိုလည်း ရည်ရွယ်ထား ပါတယ်။ အဓိကကတော့ Export လုပ်ငန်းလုပ်တဲ့သူတွေ အတွက် ရည်ရွယ်ထားတာပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ တဖြည်းဖြည်းနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားသောက်ကုန်ပစ္စည်းတွေအတွက် နထစသမအ လုပ်နိုင်တဲ့ အလားအလာတွေ ပိုပြီးတော့ ကောင်းမွန်စေ နိုင်မှာ ဖြစ်ပါတယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
တွေ့ဆုံမေးမြန်း- ဇော်ကြီး(ပဏီတ)
ဓာတ်ပုံ- ဖေဇော်

No comments:

Post a Comment