Friday, December 29, 2017

အားကစားနှင့် ကာယပညာဦးစီးဌာနအသင်း တက္ကသိုလ်အသင်းကို ဂိုးပြတ် အနိုင်ရ

Image may contain: 1 person, playing a sport and outdoor
ရန်ကုန် ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ KBZ Bank ၏ အဓိက ပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂ဝ၁၇-၂ဝ၁၈ ရာသီ KBZ Bank Women's League ပြိုင်ပွဲ ပွဲစဉ်(၁) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းက ဂိုးပြတ်အနိုင်ရခဲ့ သည်။ အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းသည် တက္ကသိုလ်အသင်း နှင့် စတင်တွေ့ဆုံခဲ့ပြီး ကိုးဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်သည့် တက္ကသိုလ်အသင်း သည် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းကို ယှဉ်ကစားနိုင်ခြင်း မရှိဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ လက်ရွေးစင်ကစားသမား အများစုပါဝင်သည့်အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းသည် ပွဲစကတည်းက ဖိကစားနိုင် ခဲ့ပြီး ၁၂ မိနစ်တွင် ရီရီဦးက အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းက စိတ်ကြိုက်ဖိကစားသွားခဲ့ပြီး အသင်းခေါင်းဆောင် ခင်မာလာထွန်းက ၁၈၊ ၂၄၊ ၂၈၊ ၄၉၊ ၈၆ မိနစ်တွင် တစ်ဦးတည်းငါးဂိုးသွင်းယူခဲ့သည်။ အားကစားနှင့် ကာယပညာဦးစီးဌာန အသင်းအတွက် ကျန်အနိုင်ဂိုးများကို ၂၅ မိနစ်တွင် ရီရီဦး၊ မိနစ် ၇ဝ တွင် သင်းသင်းယု၊ မိနစ် ၉ဝ တွင် ဇင်ဇင်နိုင်တို့က သွင်းယူခဲ့သည်။ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းသည် ပြီးခဲ့သည့်ရာသီတွင် တတိယရခဲ့သည့် အသင်းဖြစ်ပြီး ယခုရာသီပထမဆုံးပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
တတိယနေ့ကို ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီခွဲတွင် အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး အား/ကာသိပ္ပံအသင်းနှင့်YREO အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment