Sunday, December 31, 2017

ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ရိုးရာဓလေ့ထုံးစံ နှီးနှောဖလှယ်ပွဲပြုလုပ်

Image may contain: one or more people, people on stage and crowd
မိုးညှင်း ဒီဇင်ဘာ ၃ဝ
မိုးညှင်းခရိုင်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ရိုးရာဓလေ့ထုံးစံနှီးနှော ဖလှယ်ပွဲကို မိုးညှင်းခရိုင် အရပ်ဘက် လူမှု အဖွဲ့အစည်းများကွန်ရက်က ဦးစီးပြီး မိုးညှင်းမြို့ ထီးလင်းဘုန်းကြီးကျောင်း အောင်မင်္ဂလာ ဇာတ်ရုံ၌ ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီ က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရိုးရာဓလေ့ထုံးစံ နှီးနှော ဖလှယ်ပွဲပြုလုပ်ရခြင်းမှာ တိုင်းရင်းသားများ ငြိမ်းချမ်းရေးနှင့်အတူ စည်းလုံးညီညွတ်မှု ရရှိစေရန်ရည်ရွယ်ကြောင်း မိုးညှင်းခရိုင် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် အဖွဲ့ဝင် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတင်ကိုကိုက ပြောသည်။
''ငြိမ်းချမ်းခြင်းနှင့်အတူ စည်းလုံး ညီညွတ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ တစ်ဦးနှင့် တစ်ဦးမေတ္တာထားခြင်း စတဲ့ရိုးရာဓလေ့စရိုက် တွေကို ပျံ့နှံ့စေဖို့ ရည်ရွယ်ပါတယ်၊ နိုင်ငံတော်အဆင့်ပြဿနာကို နိုင်ငံတော်က လုပ်ဆောင်နေကြလို့ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးရသွားပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံငြိမ်းချမ်းသွားမှာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ဒေသအတွင်းက တိုင်းရင်းသား တွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိမှ ကျွန်တော်တို့ဒေသအတွင်း ငြိမ်းချမ်းသွားမှာပါ၊ ဒီအတွက်ကို အဓိကထားရည်ရွယ်ပြီး ဒီလိုပွဲ ကို ပြုလုပ်ပေးဖြစ်ခဲ့တာပါ''ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ဦးတင်ကိုကိုက ပြောသည်။
အဆိုပါပွဲတွင် တိုင်းရင်းသားအချင်းချင်း ဓလေ့ထုံးစံများကို အလေးထားပြီး လူ့အခွင့် အရေး ကိုယ့်အခွင့်အရေးများကို နားလည် သိတတ်သည့်စိတ်၊ ကိုယ်ချင်းစာသည့်စိတ်ဖြင့် နားလည်ခွင့်လွှတ်ကာ ဓလေ့ထုံးစံများ ပြန့်ပွားလာစေရန်နှင့် ဒေသအတွင်း တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးကာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အတူယှဉ်တွဲ နေထိုင် နိုင်ရေးကို အဓိကထား ဆောင်ရွက်နေကြ ကြောင်း မိုးညှင်းခရိုင် အရပ်ဘက်လူမှု အဖွဲ့အစည်းများကွန်ရက်က ပြောသည်။
''ငြိမ်းချမ်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ အရေးကြီးနေတယ်၊ ငြိမ်းချမ်းရေးရှိတဲ့နိုင်ငံ ဖြစ်ပါမှ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေး ကိစ္စတွေမှာပါ ပြီးပြည့်စုံပြီး နိုင်ငံအတွက် သားကောင်းတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ အခုလို နှီးနှောဖလှယ်ပွဲက ငြိမ်းချမ်းရေးကောက်ကြောင်းတွေကို ယူပြီး တော့ နိုင်ငံတော်အဆင့်တွေကိုလည်း တင်ပြ သွားမှာပါ''ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
အဆိုပါပွဲကို ဒီဇင်ဘာ ၂၉ ရက်နှင့် ၃ဝ ရက် နှစ်ရက်သာပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသားများဖြစ်ကြသော ကချင် တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား၊ ရှမ်းနီ တိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား၊ ဗမာ တိုင်းရင်းသား စသည့်အပြင် ဂေါ်ရခါးလူမျိုး များပါ ပါဝင်တက်ရောက်ကာ တိုင်းရင်းသား ရိုးရာအတီးအမှုတ်များ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသားများအားလုံးက ဒေသအတွင်းစမ်းစစ်ချက်များကို ဆွေးနွေးပြီး သဘောတူညီချက်များကို ချမှတ်ကြမည်ဖြစ် သည်။ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးတွင် မိုးညှင်း မြို့သူ မြို့သားများ တိုင်းရင်းသားများ က ကောင်းသည့် ဘက်မှနေ၍ နိုင်ငံတော်ကို အထောက်အကူပြု ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒေသအတွင်း ငြိမ်းချမ်းရေး အတွက် ဘာတွေဆက်လုပ်ကြမလဲဆိုသည့် နှီးနှောဖလှယ်ဆွေးနွေးမှုများနှင့် အဖြေရှာ သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းဦး

No comments:

Post a Comment