Sunday, December 31, 2017

အီရန်နိုင်ငံတစ်ဝန်း အစိုးရကိုဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွား

Image may contain: 1 person, standing and crowd
တီဟီရန် ဒီဇင်ဘာ ၃ဝ
အီရန်နိုင်ငံတစ်ဝန်းတွင် အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။
ဆန္ဒပြမှုများသည် ဒီဇင်ဘာ ၂၈ ရက်ကတည်းက အီရန်နိုင်ငံ အရှေ့ မြောက်ပိုင်း မာရှက်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများသို့ ပျံ့နှံ့သွားခဲ့သည်။
အီရန်နိုင်ငံ အနောက်ပိုင်းရှိ ကာမန်ရှားမြို့တွင် လူ ၃ဝဝ ခန့် စုဝေး၍ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက မီးသတ်ပိုက်များအသုံးပြုကာ အဓိကရုဏ်းနှိမ်နင်းသည့် ဗီဒီယိုဖိုင်များ အင်တာနက်စာမျက်နှာများပေါ်သို့ တင်ထားသည်ကို တွေ့ရသည်။
အီရန်နိုင်ငံအလယ်ပိုင်း အက်စ်ဖာဟန်မြို့တွင်လည်း အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို နှိမ်နင်းလျက်ရှိသည်။ တာဝန် ရှိသူများက ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။
၂ဝ၁၅ ခုနှစ်တွင် အီရန်နိုင်ငံသည် အမေရိကန်နှင့် အခြားသော ကမ္ဘာ့ အင်အားကြီးနိုင်ငံ ငါးနိုင်ငံနှင့် နျူကလီးယားသဘောတူညီမှုတစ်ခု ရရှိခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ အီရန်နိုင်ငံက ၎င်း၏ နျူကလီးယားအစီအစဉ်ကို ဖြတ်တောက်ရမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် အီရန်နိုင်ငံအပေါ် ချမှတ် ထားသည့် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများကို ရုပ်သိမ်းပေးရမည်ဖြစ်သည်။ သို့သော် အီရန်ပြည်သူများက ကုန်ဈေးနှုန်းမြင့်တက်လာမှု၊ အထူးသဖြင့် လူငယ်များအတွင်း အလုပ်လက်မဲ့ဦးရေမြင့်တက်လာမှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခြင်းဖြစ်သည်။
အီရန်နိုင်ငံတွင် အစိုးရကိုဆန့်ကျင်သည့် ဆန္ဒပြမှုမှာ ဖြစ်တောင့်ဖြစ်ခဲ ရှားရှားပါးပါးဖြစ်ရပ်တစ်ခုဖြစ်သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment