Wednesday, May 31, 2017

ကိုယ်ပိုင်ဘိုးရင်းလေယာဉ်ကို လေကြောင်းပြတိုက်သို့ဂျွန်ထရာဗော်တာ လှူဒါန်းမည်

Image may contain: 1 person
အေးပြည့်
ဟောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားကြီး ဂျွန်ထရာဗော်တာက သူပိုင်ဆိုင်တဲ့ ကိုယ်ပိုင်လေယာဉ်တွေ အနက် ၇ဝ၇ လေယာဉ်တစ်စင်းကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မှာရှိတဲ့ လေကြောင်းပြတိုက်သို့ လှူဒါန်းသွားမှာဖြစ်ကြောင်း နယူးစ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ယင်းလေယာဉ်ကို သြစတြေးလျနိုင်ငံရဲ့မြို့တော် စစ်ဒနီရဲ့ တောင်ဘက် ၁၄၅ ကီလိုမီတာအကွာမှာရှိတဲ့ အယ်လ်ဘီယန်ပန်းခြံဆီသို့ မပျံသန်းမီ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဂျွန်ထရာဗော်ဒါရဲ့ နေအိမ်မှာ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် သမိုင်းဆိုင်ရာ လေယာဉ်ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းသို့ ပေးအပ်သွားမှာဖြစ်ပြီး ဒီလိုလှူဒါန်းသွားမယ့်အကြောင်းကိုတော့ ပြီးခဲ့တဲ့ မေ ၂၈ ရက်မှာ ဂျွန်ထရာဗော်တာက တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ဂျွန်ထရာဗော်တာပိုင်တဲ့ ဘိုးရင်းလေယာဉ် သြစတြေးလျကို ရောက်ရှိမယ့်ရက်အတိအကျကိုတော့ လတ်တလော အချိန်အထိ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးကြောင်းနဲ့ ဒီလိုလေယာဉ်ကို ပျံသန်းသယ်ဆောင်ရာမှာလည်း ဂျွန်ထရာဗော်တာက အဖွဲ့ဝင်တစ်ဦးအဖြစ် ကိုယ်တိုင်ပါဝင်လိုတဲ့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။ လတ်တလော မှာတော့ ယင်းလေယာဉ်ဟာ သြစတြေးလျကို ပျံသန်းနိုင်ဖို့အတွက် ပြင်ဆင်မှုတွေလိုအပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
လေယာဉ်မောင်းရတာကို အလွန်ဝါသနာပါတဲ့အတွက် ဂျွန်ထရာဗော်တာရဲ့ နယူးယော့ခ်နေအိမ်ဟာ တကယ့်ကို အသုံးပြုနေတဲ့ လေယာဉ်ကွင်းတစ်ခုသဖွယ်ပြင်ဆင်ထားပြီး ပြေးလမ်းနှစ်ခုလည်း ပါဝင်နေကြောင်း သိရပါတယ်။

ပြတ်ပြတ်သားသားမရှိသေးတဲ့ အက်သလက်-ဂရစ်ဇ်မန်း-မန်ယူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း

Image may contain: 1 person, standing
မေလဲ့သင်း
အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆုဖလားတွေ ကိုင်မြှောက်ချင်တဲ့ဆန္ဒကြောင့် အက်သလက်ကနေထွက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားခဲ့သလို အဲဒီမတိုင်မီ ပြင်သစ်ရုပ်သံတစ်ခုနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မန်ယူကိုပြောင်းဖို့က ၆ဝ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီကြားကာလမှာ မန်ယူအသင်းဟာ ယူရိုပါလိဂ်ဖလားကို ရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာကြောင့် အားလုံးက ဂရစ်ဇ်မန်းတစ်ယောက်တော့ မန်ယူကို လာမယ်ဆိုတာ ရာနှုန်းပြည့်နီးပါးလောက်ကို သေချာသွားပြီလို့ ကောက် ချက်ဆွဲခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နောက်ရက်မှာပဲ သူက အက်သလက်တီကိုမှာ ဆက်နေရင်းနဲ့ပဲ ဖလားတွေ ကိုင်မြှောက်ချင်တယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒီတော့ ဂရစ်ဇ်မန်း ရဲ့ စကားအသွားအလာအရ မန်ယူကို လာမှာလား၊ မလာဘူးလားဆိုတာ အခုထိ ဂဏနဃအဖြေမထုတ်နိုင်သေးဖြစ်နေတယ်။ မန်ယူက သူ့ကို ရဖို့အတွက် အက်သလက်နဲ့ သူ့အကြားထည့်ချုပ်ထားတဲ့ စာချုပ်အရ ယူရိုသန်း ၁ဝဝ လျော်ကြေးပေးရမှာဖြစ်ပေမယ့် မန်ယူက ဒီလောက်ပမာဏကို သုံးစွဲဖို့ အသင့်အနေအထားပါ။ ဂရစ်ဇ်မန်းကိုယ်တိုင်က သူပြောင်းရင် မန်ယူကိုသာ ပြောင်းမယ်လို့ အရင်ကတည်းက ဆုံးဖြတ်ထားပုံ ပေါ်သလို အက်သလက်ဘက်က ဂရစ်ဇ်မန်းနေရာ အစားထိုးဖို့ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို သဘောတူညီမှု ရယူထားပြီးဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဂရစ်ဇ်မန်းက ဘာကိုချင့်ချိန်ပြီး အခုလို တစ်ခါပြောတဲ့စကားနဲ့ နောက်တစ်ခါ ပြောတဲ့စကား ဘာလို့ မတူတာလဲဆိုတာတော့ ကာယကံရှင်သာအသိဆုံး ဖြစ်မှာပါ။ အားကစားရေးရာ ကျွမ်းကျင်သူ တော်တော်များများကလည်း ဂရစ်ဇ်မန်းလာရင် မန်ယူရဲ့ ကျောနံပါတ်(၇)ကို ဖယ်လိုင်နီဆီက လက်လွှဲရယူ မယ်လို့ တောင် သုံးသပ်နေကြတဲ့အထိ ဖြစ်နေပါတယ်။ဂရစ်ဇ်မန်းဟာ အင်တာဗျူးတစ်ခုမှာ တစ်မျိုး၊ နောက် အင်တာဗျူးတစ်ခုမှာ တစ်မျိုး ပြောနေတာကြောင့် ဘာကိုကြည့်ပြီး အဖြေထုတ်ရမှန်းမသိ မျက်စိလည် သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အက်သလက်တီကို ဥက္ကဋ္ဌ ကာရန်ဇိုကလည်း ဂရစ်ဇ်မန်းအနေနဲ့ အက်သလက်တီကိုမှာ လာမယ့်ရာသီ ဆက်ရှိမှာ သေချာပြီး ဘယ်အသင်းကိုမှ ပြောင်းမှာမဟုတ်ဘူးလို့ အတည်ပြုပြောခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဂရစ်ဇ်မန်း ဘယ်လိုဆုံးဖြတ်ထားလဲဆိုတာ လာမယ့် ရက်သတ္တသုံးပတ်လောက်အတွင်း သိရမယ့် ကိစ္စဖြစ်နေပြီး မန်ယူကို တကယ်ရောက်မရောက်ဆိုတာ ဇွန်လအတွင်း သိကြရတော့မှာဖြစ်ပါတယ်။

မြန်မာသံအဆိုရှင် မကွေးမြို့သူ မေယုဆွေ၏ မင်းငဲ့ညှာပါစေ တေးစီးရီး ထွက်မည်

Image may contain: 1 person
တေးဂီတကျော်စိုးနိုင် (Valency Music Band)၊ စန္ဒရားအောင်မြတ်ထွဋ်၊ စောင်း ကိုလှိုင်ဝင်း မောင်(မကွေး)၊ တေးသံသွင်း (Lynnç Esus5) တို့ ပါဝင်အားဖြည့်ထားသည့် မြန်မာသံအဆိုရှင် မကွေးမြို့သူလေး မေယုဆွေ၏ မင်းငဲ့ညှာပါစေ ဒီဗွီဒီ ကာရာအိုကေ တေးစီးရီးကို ဇွန်လဆန်း၌ ကြိုတင်စနစ်ဖြင့် ဖြန့်ချိထွက်ရှိမည် ဖြစ်ပါသည်။
'ငယ်ငယ်ကတည်းက ပွဲတော်အတော်များများ ဆိုဖြစ်တယ်။ ဝန်ထမ်းလုပ်ဖြစ်ကတည်းက မဆိုဖြစ်တော့ဘူး။ နှစ်(၂ဝ)ကျော်လောက် အဆက်ပြတ်သွားတာ။ ဆေးပင်စင်ယူလိုက်တယ်။ ငယ်ငယ်တုန်းကတော့ မိဘကသဘောမတူလို့ မလုပ်ဖြစ်ခဲ့ဘူး။ တစ်ချိန်ချိန်မှာ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တယ်။ ဝန်ထမ်းဘဝကလည်းထွက်၊ ဂီတပိုးကလည်း မသေသေးတာကြောင့် ပထမဆုံးတေးစီးရီးလေးလုပ်ဖြစ်တာပါ။ တကယ်ကို ကြိုးစားထားပါတယ်' ဟု အဆိုရှင် မေယုဆွေက ဆိုသည်။
၁၉၈၆ မှ ၁၉၉၂ ခုနှစ်ထိ မကွေးသင်္ကြန်ဗဟိုမဏ္ဍပ်ပေါ်တွင် အမြဲပွဲတောင်းခံခဲ့ရသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် နိုင်ငံတာဝန်များကို နှစ်(၂ဝ)ကျော် တာဝန်ထမ်းဆောင်ခဲ့သူ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် ဝေးလံဒေသများတွင် တာဝန် ထမ်းဆောင်ရင်း အညာမြေကိုအမြဲလွမ်းနေတတ်သူ မေယုဆွေအနေဖြင့် မြန်မာသံကို နှစ်သက်မြတ်နိုးသူများအတွက် ဘဝကိုပေးဆပ်တော့မည်ဟု ဆုံးဖြတ်ထားကြောင်းလည်း သိရသည်။
'ဂီတအမျိုးအစားတွေအများကြီးရှိတဲ့အနက် မြန်မာသံကို နှစ်သက်တယ်။ကျက်သရေ အရှိဆုံးလို့လည်းထင်တယ်။ အသိမ်မွေ့ဆုံး၊ အနူးညံ့ဆုံးလို့လည်း ခံယူထားတာကြောင့် နောက်ထပ် တေးစီးရီးတွေ ဆက်လုပ်သွားဦးမှာပါ'ဟုလည်း အဆိုရှင်က မြန်မာသံကို နှစ်သက်ရသည့်အကြောင်းရင်းကို ပြောခဲ့သည်။
မကြာမီထွက်ရှိတော့မည့် မင်းငဲ့ညှာပါစေတေးစီးရီးတွင် ရွှေလည်တိုင်၊ အနမ်း ခြေရာ၊ နေ့စဉ် ပိတောက်တွေပွင့်ပါစေ၊ မင်းငဲ့ညှာပါစေ၊ အကြွေးရတောင် မလွမ်း တော့ဘူး၊ အလွမ်းဆုတောင်း၊ နယ်စည်းမခြား နှလုံးသား၊ ပန်းဝတ်လွှာ၊ မေလာ ရင်ကြိုမှာလား၊ ချစ်ညှိုးမာန်တွေပြေပါစေ၊ နက်ဖြန် သို့မဟုတ် ဘယ်သောအခါ၊ နှလုံးသားမြို့ဟောင်းဝေဒနာ၊ ပြန်လာခဲ့မည် ရွှေညာဆီ၊ ခရေပင်အောက်က ပိတောက်ချစ်သူ စသည့် သီချင်း(၁၄)ပုဒ်ပါဝင်မည်ဖြစ်ကာ ပရိသတ်တွေအနေနဲ့ လွမ်းမောကြည်နူးတသဖွယ် တေးသီချင်းတွေကို နားဆင်ရလိမ့်မည်ဟုလည်း မကွေးဒေသခံ ဂီတမှူး၊ အဆိုတော်နှင့် တေးရေးဆရာ ကိုလူဝိုင်းက ပြော သည်။
တေးရေး သျှန်ထွန်း(မြန်မာစာ) ရေးစပ်ထားသည့် နယ်စည်းမခြား နှလုံးသား(စုံတွဲသီချင်း)တွင် ဗညားဟန် ပါဝင်သီဆိုထားပြီး ပြန်ဆို တေးသုံးပုဒ်ပါဝင်ကြောင်း၊ တေးဂီတပညာရှင်ကြီးများ ပါဝင် တီးခတ်ထားပြီး ရိုက်ကူး၊ တည်းဖြတ်မှုများအပါအဝင် ထုတ်လုပ်မှုအဆင့်ဆင့်ကို ဂရုတစိုက်ဖန်တီးထားသည့် တေး အယ်လ်ဘမ်ဖြစ်ကြောင်းလည်း စီစဉ်သူများထံမှ သိရသည်။
ဇေယျတု(မကွေး)

မင်္ဂလာနှစ်ပတ်လည်နေ့ကို ဆင်နွှဲခဲ့တဲ့ အာဂျေဟွန်း

Image may contain: 2 people, people standing, outdoor, text and nature
အေးပြည့်
တောင်ကိုရီးယားရဲ့ ခေါင်းဆောင်မင်းသားတစ်ဦးဖြစ်တဲ့ အာဂျေဟွန်းနဲ့ ''Boys Over Flowers(F4)''ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီး ဂင်ဂျန်ဒီအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ဂိုဟေဆန်းတို့ရဲ့မင်္ဂလာနှစ်ပတ်လည် နေ့မှာတော့ အထိမ်းအမှတ်ဖြစ်စေဖို့ အာဂျေဟွန်းက ပြုလုပ်ဖန်တီးပေးခဲ့ပြီး ပရိသတ်တွေကိုလည်း သူ့ရဲ့လူမှုကွန်ရက် မီဒီယာပေါ်ကနေတစ်ဆင့် နှစ်ပတ်လည်နေ့ဆင်နွှဲပုံကို ထုတ်ဖော်ပြသခဲ့ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ဖော်ပြချက် တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မင်္ဂလာပွဲဆင်နွှဲခဲ့ကြတဲ့ အာဂျေဟွန်းနဲ့ ဂိုဟေဆန်းတို့ရဲ့ ပထမဆုံးအကြိမ်ကျရောက်ခဲ့တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာတော့ အာဂျေဟွန်းက ကြီးမားတဲ့ ဝက်ဝံဝတ်စုံကို ဝတ်ဆင်ကာ ကပြခဲ့ပြီး ယင်းဗီဒီယိုဖိုင်ကို သူ့ရဲ့လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ယင်းဗီဒီယိုဖိုင်မှာ ကနေတဲ့ အာဂျေဟွန်းရဲ့အနောက်မှာ သူတို့ရဲ့ကြောင်လေးကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အာဂျေဟွန်းနဲ့ ဂိုဟေဆန်းတို့က သူတို့နှစ်ဦးဟာ အတူရှိနေတဲ့အချိန်တွေအတွင်းမှာ ပိုမိုအပြစ်ကင်းကြကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ဖူးပြီး လတ်တလောမှာလည်း မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ချစ်စဖွယ် ပြုလုပ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။
ယခုလိုမင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်ဗီဒီယိုဖိုင်ကို အွန်လိုင်းမီဒီယာပေါ်မှာ ဖော်ပြခဲ့ရာမှာတော့ ပရိသတ် တွေက ကြယ်ပွင့်မောင်နှံနှစ်ဦးကို ပျော်ရွှင်စရာနှစ်ပတ်လည်ဖြစ်စေကြောင်းနဲ့ ဆုတောင်းစကားတွေကို ပြန်လည်ရေး သားဖော်ပြခဲ့ကြကြောင်းလည်း သိရပါတယ်။

ရွန်းနီအတွက် မန်ယူမှာ နေရာတစ်နေရာ သေချာမယ့် အဖြေကို ရှာချိန်ရောက်ပြီ

Image may contain: one or more people
မေလဲ့သင်း
ရွန်းနီဆိုတာ မန်ယူအသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင်၊ ကလပ်အသင်း ရဲ့ ထာဝရ ဂိုးသွင်းစံချိန်ရှင်။ ဒါပေမယ့် ဒီလို ဂုဏ်ပုဒ်တွေဟာ ခုတော့ မန်ယူ ကစားသမားဘဝ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက် မရရှိတဲ့အနေအထားပါ။ ရွန်းနီကတော့ သူ့ကို ကမ်းလှမ်းထားတဲ့ အသင်းများစွာရှိပြီး သူ့အနာဂတ် ကိစ္စရပ်ကို လာမယ့် နှစ်ပတ်အတွင်း မိသားစုနဲ့ တိုင်ပင်ကာ အဖြေထုတ် မယ်လို့ ဆိုထားပါ တယ်။ ဒီလိုစကား ရွန်းနီဆီက ထွက်လာတာဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး နောက်တစ်ရက်အကြာ၊ အင်္ဂလန်လက်
ရွေးစင်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ တကယ်ဆို ရွန်းနီဟာ အခုမှ အသက် (၃၁)နှစ်သာ
ရှိသေးပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု အနေအထားအရလည်း အကောင်း ဆုံးကစားနိုင်ဆဲပါ။ ဒီလိုအချိန်မှာ အင်္ဂလန်ရဲ့ထိပ်တန်း ဂိုးသွင်းရှင်တစ်ယောက်၊ မန်ယူရဲ့ ထိပ်တန်းဂိုးသွင်းရှင် တစ်ယောက်အနေနဲ့ အခုလိုနိုင်ငံ့လက်ရွေးစင်အသင်း ကနေ ချန်လှပ်ခံရတာ၊ အသင်းရဲ့ အရန်ကစားသမား အဖြစ်သာ အချိန်ကုန်နေရတာဟာ သူ့ရဲ့ ဂုဏ်သိက္ခာ အတွက် ထိခိုက်စေသလို ကာယကံရှင်အတွက်အင်မတန်မှလည်း နာကျင်၍ခံရခက်ဖြစ်မယ်ဆိုတာ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။
နည်းပြ မော်ရင်ဟိုကတော့ လာမယ့်ရာသီ မန်ယူအတွက် ရွန်းနီ ဆက်ကစားတာကို မြင်တွေ့လိုကြောင်း ဆိုခဲ့ပေမယ့် ဒီစကားဟာလည်း ရွန်းနီအတွက် နှစ်သိမ့်ခံ စကားသက်သက်သာ ဖြစ်မှာပါ။ ခုနောက်ဆုံးကြားသိရသလောက်ကတော့ အဲဗာတန်အသင်းကလည်း သူ့အပေါ်ထားခဲ့တဲ့ စိတ်ဝင်စားမှု လျော့ကျ လာတာကြောင့် စူပါလိဂ်(ဒါမှမဟုတ်) မေဂျာလိဂ်ကိုသာ ရွေးချယ် ရဖွယ်ရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်အတွင်း မန်ယူကနေ ရွန်းနီ မထွက်ခွာတာဟာ ကာကယံရှင်ကို အကြီးအကျယ်ထိခိုက် စေပါတယ်။
ရွန်းနီကတော့သူဟာ ပရီမီယာလိဂ်ကလပ်အသင်းနှစ်သင်းမှာ ကစားဖူးပြီး ပရီမီယာလိဂ် အသင်းတစ်ခုကိုပဲ ရွေးချယ်မလား၊ ဒါမှမဟုတ် စူပါလိဂ်(ဒါမှမဟုတ်) မေဂျာလိဂ်တွေဆီ ပြောင်း မလားဆိုတာ သိပ်မဝေးတဲ့ကာလအတွင်း ပရိသတ်ကို အသိပေးသွားမယ်လို့ ဆိုပါတယ်။ တရုတ်စူပါလိဂ်အသင်း တွေကတော့ ရွန်းနီအတွက် ကမ္ဘာ့စံချိန်တင်လုပ်ခလစာ တစ်ပတ်ပေါင်တစ်သန်းနဲ့ ကမ်းလှမ်းထားပြီး ငွေကြေး ကြောင့်ဆိုရင်တော့ စူပါလိဂ်ကလွဲရင် ကျန်နေရာကို ရောက်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အင်္ဂလန်
လက်ရွေးစင်အသင်းနေရာ တစ်နေရာအတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး သူအရင်က ဆုံးဖြတ်ထားတဲ့ အတိုင်း ၂ဝ၁၈ ကမ္ဘာ့ဖလားအပြီးမှသာ လက်ရွေးစင် အသင်းကနေ အနားယူမယ်ဆိုရင် သူ့ကိုကမ်းလှမ်း ထားတဲ့ အသင်းတွေများစွာထဲက ပရီမီယာလိဂ် ကလပ်အသင်းတစ်ခုကိုသာ ရွေးချယ်ပါလိမ့် မယ်။

စပိန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးအခွန်လိမ်လည်သူဖြစ်လာတဲ့စီရိုနယ်လ်ဒို

Image may contain: 1 person, standing
မေလဲ့သင်း
အခွန်တိမ်းရှောင်မှုကြောင့် မက်ဆီကိုစပိန်တရားရုံးက ထောင်ဒဏ် ၂၁လ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် စပိန်နိုင်ငံရဲ့ ဥပဒေကြောင်းအရ ပထမဦးဆုံးအကြိမ် ပြစ်ဒဏ်ကျူးလွန်ပြီးထောင်ဒဏ် ၂၄ လအောက်ဆို ထောင်ကျခံစရာမလိုတာကြောင့် မက်ဆီအနေနဲ့ ဂုဏ်သိက္ခာပိုင်းထိခိုက်တာ ကလွဲရင် ထောင်ဒဏ်ကျခံရမှာ မဟုတ်ပါဘူး။ ဒီလို စီရင်ချက် ထွက်လာပြီး သုံးရက်အကြာမှာပဲ စီရိုနယ်လ်ဒိုဟာ စပိန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အခွန်လိမ်လည်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပြန်ပါတယ်။ သူဟာ ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၃ ခုနှစ် အတွင်း ရုပ်ပုံလွှာ အသုံးပြုခကနေ ရရှိတဲ့ဝင်ငွေတွေ အပေါ် အခွန်လိမ်လည်ခဲ့တာလို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါ တယ်။ သူ့အနေနဲ့ ပေါင် ၁၃သန်း စပိန်အစိုးရ ကိုပေးဖို့ ပျက်ကွက်ခဲ့ပြီး စပိန်အခွန် အေဂျင်စီနဲ့ အစိုးရ ရှေ့နေတွေနဲ့ပေါင်းပြီး ဒီကိစ္စရပ်ကို စွဲချက်တင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါ တယ်။
ဒီကိစ္စရပ်ကိုအားကစားဝက်ဘ်ဆိုက် အတော် များများကလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် စီရိုနယ်လ်ဒိုအနေနဲ့ အခွန်ရှောင်ခဲ့ တယ်ဆိုတဲ့ သတင်းထွက်လာတာဟာ ပထမဦးဆုံးအကြိမ်မဟုတ်ဘဲ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဒါမျိုး သတင်းတွေ ထွက်ခဲ့ပါတယ်။ သူဟာ အရင်က ဒီလိုမျိုးသတင်းတွေထွက်လာပြီဆိုချက်ချင်းရှင်းလင်း ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ထူးထူးခြားခြား နှုတ်ဆိတ်နေပါတယ်။ အဲဒီအချိန်တုန်းက ရီးယဲလ် မက်ဒရစ်ကလည်း သူတို့ကစားသမားကို လေးစာမှုပေးဖို့နဲ့ စီရိုနယ်လ်ဒိုဟာ ဒီလိုစရိုက်မျိုးရှိသူ မဟုတ်ဘူးလို့ တုံ့ပြန် ပေးခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ရီးယဲလ်ရော ကာယကံရှင် စီရို နယ်လ်ဒိုပါ အသံတိတ်နေပါတယ်။ စပိန်အာဏာပိုင်တွေ ကတော့ စီရိုနယ်လ်ဒိုအနေနဲ့ အုပ်ချုပ်ရေးပိုင်း ကိစ္စရပ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိတာကြောင့် ဒီလိုပြဿနာတွေ ဖြစ်လာ ရတာဆိုပြီး အကြောင်းပြမယ်လို့ ကြိုတွက်ထားကြပါ တယ်။ ထင်မြင်ချက်တွေထက် တကယ်ကျူးလွန်၊ မကျူးလွန်ဆိုတာ ကာယ ကံရှင် ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာဖြစ်ပေမယ့် နာမည်ကျော်ကစား သမားတွေ အခွန်ကိစ္စနဲ့ပတ်သက်ပြီး အခုလို ပြဿနာပေါ်လာတာဟာ စပိန်နိုင်ငံကို လာရောက်ကစားလိုတဲ့ ကစားသမားတွေကို အနည်းနဲ့အများ တွန့်ဆုတ်သွားစေမှာတော့ အမှန်ပဲ ဖြစ်ပါလိမ့်မယ်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

Image may contain: 1 person, crowd
ပဲခူး မေ ၃ဝ
ပဲခူးမြို့ မြို့တော်ခန်းမ၌ မေ ၃ဝ ရက် နံနက် ၈ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပ ပညာရေးနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများကအာသောက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊အထက(၆)၊ လ(ခွဲ) ဘုရားသုံးဆူကျောင်းတို့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။
ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေးအတွက်၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ လေ့ကျင့်ခန်းစာအုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ရာ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်
တွင် ပဲခူးတိုင်းဒေသကြီးအတွက် မူလတန်းအဆင့်ပုံနှိပ်စာအုပ်များ တန်ဖိုးကျပ် ၁၁ဝ၅ ဒသမ ၉၇ သန်း၊ အလယ်တန်းအဆင့်အတွက် ကျပ် ၃၉၈ ဒသမ ၂၅ သန်း၊ အထက်တန်းအဆင့်အတွက် ကျပ် ၄၆၉ ဒသမ ၁၈ သန်း ဖြန့်ဝေပေးမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ
အတွက် ဝတ်စုံတစ်စုံအခမဲ့ဖြန့်ဝေပေးရာ တိုင်းဒေသကြီးတစ်ခုလုံးတွင် ဝတ်စုံတန်ဖိုးကျပ် ၇၅၂ ဒသမ ၈၆၂၁၇၃ သန်း အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပထမတန်းမှစတင်၍ စတုတ္ထတန်းအထိ ပညာရေးဝန်ကြီးဌာနမှကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်ခြောက်အုပ်နှုန်း တန်ဖိုးငွေကျပ် ၄၁၈ ဒသမ ၅၁၇ သန်း အခမဲ့ထောက်ပံ့ပေး
မည်ဖြစ်သည်။
အဆိုပါအခမ်းအနားကို နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ထားသည့်ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေး၊ ကျောင်း
ထွက်သူပပျောက်ရေးတို့အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းပြင်ပပညာရေးနှင့် တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးချုပ်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ တက်
ရောက်ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)

ကလေးစာပေပွဲတော် (တောင်ကြီး)ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှု

Image may contain: 2 people, people standing, child and outdoor
တောင်ကြီး မေ ၃ဝ
တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ်တွင်ပြုလုပ်မည့် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုကို ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်
သန်းမောင်သည် မေ ၂၉ ရက် နံနက် ၁ဝ နာရီက တောင်ကြီးတက္ကသိုလ်သို့ရောက်ရှိပြီး ခန်းမပြင်ဆင်ထားရှိမှု၊ ကလေးကဗျာရွတ်ဆိုနှင့် ပုံပြောပြိုင်
ပွဲပြုလုပ်မည့် ခန်းမပြင်ဆင်ထားရှိမှု၊စာပေဆွေးနွေးပွဲနှင့် စာပေဟောပြောပွဲခန်းမပြင်ဆင်ထားရှိမှု၊ ဆရာကြီးမင်းသုဝဏ်စာအုပ်ပြခန်း၊ ကလေးစာပေ
ပြခန်းနှင့် စာအုပ်ဈေးရောင်းဆိုင်ခန်းများ စီစဉ်ထားရှိမှုတို့ကို ကြည့်ရှုပြီး လုပ်ငန်းများဆောင်ရွက်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းများ စီစဉ်
ဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းဝေးပြုလုပ်ရာ ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က လုပ်ငန်းအစီအစဉ်များကိုရှင်းလင်းပြောကြားသည်။ ယင်းနောက် လုပ်ငန်းကော်မတီများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြသည်။
ရှမ်းပြည်နယ်(တောင်ကြီး) ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်ကို တောင်ကြီး တက္ကသိုလ် ဘက်စုံခန်းမ၌ ဇွန် ၂ ရက်မှ ၄ ရက်အထိ
ကျင်းပမည်ဖြစ်ပြီး ပွဲတော်တွင် ကလေးစာဖတ်ခန်းများ၊ ကလေးကစားနည်းမျိုးစုံနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စက္ကူခေါက်၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲများကို ကျင်းပမည့်အပြင်စာအုပ်ဈေးရောင်းပွဲတော်တွင်လည်း ကလေးစာပေ
စာအုပ်များ၊ အခြားသုတရသစာအုပ်မျိုးစုံကိုအထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး

Image may contain: 3 people, people smiling

ပြုံယမ်း မေ ၃ဝ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းသည် တိကျသေချာသော လမ်းòန်မှု စနစ်ဖြင့် တိုက်ချင်းပစ် ဒုံးကျည်သစ်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီးနောက်တွင် မဟာ ဗျူဟာမြောက်ပြီး စွမ်းအားကြီးမားသည့်လက်နက်များကို ပိုမိုထုတ်လုပ်ရန် အမိန့် ပေးအပ်လိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယားဗဟိုသတင်း အေဂျင်စီက အင်္ဂါနေ့ သတင်းတွင် ဖော်ပြခဲ့သည်။
တနင်္လာနေ့က စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သည် ယခင်ထုတ်လုပ်ခဲ့သည့် ဗားရှင်းဖြစ်သည့် ဟွာဆောင်းဒုံးကျည်နှင့်နှိုင်းယှဉ်လျှင် နည်းပညာအဆင့်မြှင့်တင် ထားပြီး လူအစားစက်ကို အစားထိုးသုံးကာ ကြိုတင်ပစ်ခတ်နိုင်သည့် အစီအစဉ် တပ်ဆင်ထားကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြထားသည်။
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်သည့် တာလတ်ပစ်ဒုံးကျည်သည် မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းပေါ်တွင် ကျရောက်ခဲ့ပြီး ယင်းပစ်ခတ်မှု သည် နိုင်ငံတကာက ဖိအားပေးမှုများနှင့် ပိတ်ဆို့မှုများ ပိုမိုကျရောက်လာမည့် ခြိမ်းခြောက်မှုများကို စိန်ခေါ်လိုက်သည့် မြန်နှုန်းမြင့် ဒုံးကျည်စမ်းသပ်မှုဖြစ်သည်ဟုဆိုသည်။
မြောက်ကိုရီးယားခေါင်းဆောင်က မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်၏ ရန်မှကာကွယ်သွားနိုင်ရန်အတွက် စွမ်းအားကြီးမားသည့် လက်နက်အမြောက်အမြား ကို အချိန်နှင့်တစ်ပြေးညီ ကြိမ်ဖန်များစွာ ပိုမိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် အမေရိကန်က ပြုလုပ်လျက်ရှိသည့် စစ်ရေး လေ့ကျင့်မှုမှန်သမျှကို စစ်ပွဲအတွက်ဟန်ပြင်နေမှုအဖြစ် မှတ်ယူလျက်ရှိသည်။
(ရိုက်တာ)

ဇင်ဘာဘွေနိုင်ငံ၌ ရွှေတွင်းပြိုကျ ရှစ်ဦးသေဆုံး

Image may contain: outdoor

ဟာရာရီ မေ ၃ဝ

ဇင်ဘာဘွေနိုင်ငံအတွင်းရှိ ရွှေတွင်းတစ်ခုပြိုကျမှုဖြစ်ပွားပြီးနောက် အဆိုပါရွှေတွင်း၌ အလုပ်လုပ်နေသော တရားမဝင်ရွှေတူးဖော်ရေးသမား ရှစ်ဦးသေဆုံးခဲ့ကြောင်း ဇင်ဘာဘွေ ရဲတပ်ဖွဲ့က မကြာသေးမီက ပြောခဲ့သည်။
ရွှေတွင်းပြိုကျမှုသည် ညပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြိုကျချိန်တွင် ရွှေတူးဖော်သမားကိုးဦး ရွှေများတူးဖော်နေကြောင်း သိရသည်။ ရွှေတွင်းပြိုကျ ပြီးနောက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေတွင်းသည် အစိုးရဌာန၏ ခွင့်ပြုချက်မရဘဲ တရားမဝင်ရွှေတူးဖော် ခြင်းဖြစ်ကြောင်း သိရသည်။ ဇင်ဘာဘွေနိုင်ငံတွင် တရားမဝင်ရွှေတူးဖော်ရေး လုပ်ငန်းများ ပြုလုပ်လေ့ရှိပြီး အသက်အ္တရာယ်လုံခြုံမှုမရှိဘဲ ရွှေတူးဖော်ရေးသမားများ မကြာခဏ သေဆုံးမှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
(ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့၌ ပျက်စီးမှုများဖြစ်ပေါ်



Image may contain: tree and outdoor
နေပြည်တော် မေ ၃ဝ
ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါမုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့တွင် အောင်မင်္ဂလာရပ်ကွက်၊ ကုန်းတန်းရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ရွှေပြားရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်တို့၌ နေအိမ်များ ပျက်စီးပြီး လွှတ်တော်ရုံး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စုပေါင်းရုံး၊ ပြည်နယ်ကျေးလက်ဦးစီးဌာနရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန မှူးရုံး၊ ကျောက်တန်းကျန်းမာရေးဌာနတို့မှ အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
ထို့အတူ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မောင်တောမြို့နယ်တို့တွင်လည်း သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ နေအိမ်များ၊ စာသင်ကျောင်းများ ပျက်စီးပြိုကျမှု ဖြစ်ပွားခဲ့သည့်အပြင် သောက်သုံးရေကန်များ ကျိုးပေါက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၌လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ငပုတောမြို့နယ်တို့တွင်လည်း ဝန်ထမ်းအိမ်ရာများ၊ လူနေအိမ်ရာများ ပြိုကျပျက်စီးမှုရှိခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း နေအိမ်နှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆက်လက်စိစစ်ဆဲဖြစ်ကြောင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ကြေးမုံ)

MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ဆက်လက်ကျင်းပမည်



Image may contain: 2 people, people playing sports, people standing, stadium and outdoor
ရန်ကုန် မေ ၃ဝ
၂ဝ၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၆)ကို ဇွန် ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီးအဆင့် ရပ်တည်မှုပြောင်းလဲနိုင်သည့် ပွဲများ ပါဝင်နေသည်။
ပွဲစဉ်(၁၆)အဖြစ် ဇွန် ၁ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ အောင်ဆန်းကွင်း၌ GFA အသင်းနှင့် ဧရာဝတီအသင်း၊ ဇွန် ၂ ရက်တွင် အောင်ဆန်းကွင်း၌ ဇွဲကပင် အသင်းနှင့် ဟံသာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ နေပြည်တော်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇွန် ၃ ရက်တွင် မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ပွဲစဉ်(၁၅)အပြီး တွင် ရန်ကုန်အသင်းက ၃၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်က ၃၅ မှတ်၊ ရတနာပုံက ၃၄ မှတ်၊ ဧရာဝတီနှင့် ရခိုင်က ၂၃ မှတ်စီ၊ မကွေးက အမှတ် ၂ဝ၊ Southern နှင့် ဟံသာဝတီတို့က ၁၅ မှတ်စီ၊ ဇွဲကပင် က ၁၄ မှတ်၊ နေပြည်တော်က ၁၂ မှတ်၊ ချင်းယူနိုက်တက်နှင့် GFA တို့က ၁ဝ မှတ်စီရထားသည်။
ပွဲစဉ်(၁၅)တွင် လက်ရှိချန်ပီယံ ရတနာပုံအသင်းကို အဝေးကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ပြီး ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည့် ရန်ကုန်အသင်းသည် ယခုတစ်ပတ်တွင် ပွဲကျပ်ထပ်မံကစား ရမည်ဖြစ်ကာ ခြေစွမ်းတက်နေသည့် မကွေးအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။ ရန်ကုန်အသင်းသည် ယခုပွဲ တွင် ထပ်မံခြေချော်ပါက ထိပ်ဆုံး နေရာမှ ဖယ်ပေးရဖွယ်ရှိနေသည်။ ဒုတိယနေရာမှ ရှမ်းယူနိုက်တက် အသင်းသည် နေပြည်တော်နှင့်ပွဲကို အဝေးကွင်းအစား ကြားကွင်း၌ ကစားရမည်ဖြစ်သောကြောင့် အခွင့်အရေး ပိုသာဖွယ်ရှိနေပြီး လက်ရှိချန်ပီယံ ရတနာပုံအသင်းမှာမူ အိမ်ကွင်း ထပ်မံကစားရမည်ဖြစ်သည်။
ယခုတစ်ပတ်ပွဲစဉ်အပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း၏ အာရှဖလား ခြေစစ်ပွဲနှင့်မြန်မာ ယူ-၂၂ အသင်း၏ နိုင်ငံတကာပြိုင်ပွဲကြောင့် သုံးလကျော် ရပ်နားမည်ဖြစ်ပြီး စက်တင်ဘာလမှ သာပြန်လည်ကျင်းပမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ဖိုးသော်ဇင်

ဆယ်လ်ဖီတုတ်တံအသုံးပြုအောင်ပွဲခံခဲ့သည့်ဟက်ဒါဖီးလ်ဒ်ကစားသမားများကို ပရိသတ်များဒေါသထွက်

Image may contain: 3 people
မေလဲ့သင်း
ဟက်ဒါဖီးလ်ဒ်အနေဖြင့် ပရီမီယာလိဂ်တန်းတက်ခွင့်အတွက် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ရက်ဒင်းအသင်းကို အနိုင်ရရှိပြီး တန်းတက်ခွင့်ရရှိခဲ့သော်လည်း ကစားသမားများက ကွင်း အတွင်း ဆယ်လ်ဖီတုတ်တံများဖြင့် ဓာတ်ပုံရိုက်အောင်ပွဲခံမှုကြောင့် ပရိသတ်များ၏ အမျက် သင့်ခံနေရကြောင်း သိရသည်။ ပရီမီယာလိဂ်ထိပ်တန်းအသင်းများဖြစ်သည့် အာဆင်နယ်၊ စပါးနှင့် မန်ယူအသင်းတို့သည် ကွင်းအတွင်း ဆယ်လ်ဖီတုတ်တံ အသုံးပြုဓာတ်ပုံရိုက်ကူးမှုကို တားမြစ်ထားသည်။
ဝင်ဘလေကွင်းတွင် ကစားခဲ့သည့် ယင်းပွဲစဉ်တွင် အောင်ပွဲခံနိုင်ခဲ့သည့် ဟက်ဒါဖီးလ် အသင်းမှ ကစားသမားများက ဆယ်လ်ဖီတုတ်တံများအသုံးပြုကာ ဓာတ်ပုံရိုက်ကူးခဲ့ကြ ရေးကိုသာ ဦးစားပေးခဲ့၍ ပရိသတ်များက အမျက်သင့်ကာ တန်းပြန်ဆင်းရသည်နှင့်ပင် ထိုက်တန်ကြောင်း တွစ်တာ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဒေါသတကြီး ဝေဖန် ခဲ့ကြသည်။ ပရိသတ်အများစု၏ မှတ်ချက်များတွင် ကစားသမားများရဲ့အောင်ပွဲကို ဂုဏ်ပြု ခြင်းထက် ဆယ်လ်ဖီတုတ်တံအသုံးပြုမှုကိုသာ အဓိကထားဝေဖန်ခဲ့ကြသည်ကို တွေ့ရသည်။

အိုဇေးလ်နှင့် ဆန်းချက်ဇ်နှစ်ဦးပေါင်းကို တစ်နှစ်လုပ်ခ ပေါင်သန်း ၃ဝ ဖြင့်ကမ်းလှမ်းရန် အာဆင်နယ်ပြင်ဆင်လာပြန်

Image may contain: 1 person
မေလဲ့သင်း
အာဆင်နယ်အနေဖြင့် သက်တမ်းတိုးစာချုပ် လက်မှတ်ထိုးနိုင်ခြင်းမရှိသေးတဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့နှစ်ဦးပေါင်း အတွက် တစ်နှစ်လုပ်ခပေါင်သန်း ၃ဝ ပေးချေမည်ဟူသော ကမ်းလှမ်းချက်အသစ်ကို ထပ်မံကမ်းလှမ်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၂၇၅ဝဝဝ၊ အိုဇေးလ်ကို တစ်ပတ်လုပ်ခ ၂၈ဝဝဝဝ ဖြင့် ၂ဝ၂ဝ အထိ နှစ်နှစ်စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်းမည်ဖြစ်သည်။ သူတို့နှစ်ဦး ၏ လက်ရှိစာချုပ်မှာ ၂ဝ၁၈ နွေရာသီ မှာပင် ကုန်ဆုံးမည်ဖြစ်ရာ ကလပ် အသင်းဘက်မှ နောက်ထပ် ကမ်းလှမ်းချက်အသစ်တစ်ရပ်ကို အလျင်အမြန် ဖော်ဆောင်ခဲ့ခြင်းဖြစ် သည်။
အိုဇေးလ်၏ ကိုယ်စားလှယ် ဖြစ်သူက သူ့ကစားသမားအတွက် တစ်ပတ်လုပ်ခပေါင် ၃၅ဝဝဝဝ အထိ တောင်းဆိုထားသော်လည်း ပေါင် ၂၈ဝဝဝဝ ဖြင့်သာ ကမ်းလှမ်းမှု ပြုခဲ့ ခြင်းဖြစ်သည်။
ဆန်းချက်ဇ်ကိုလည်း အစောပိုင်း က တစ်ပတ်လုပ်ခပေါင် ၃ဝဝဝဝဝ ဖြင့် ကမ်းလှမ်းခဲ့သည်ဟု သတင်း ထွက်ခဲ့သေးပြီး ယခုမူ ၂၅ဝဝဝ လျော့ကျကာ ပေါင် ၂၇၅ဝဝဝ ဖြင့်သာ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သူတို့ နှစ်ဦးစာချုပ်ကိစ္စကို မေ ၃၁ ရက်တွင် ပြုလုပ်မည့် အာဆင်နယ်ဘုတ်အဖွဲ့ အစည်းအဝေးအတွင်း ဆွေးနွေးသွား မည်ဖြစ်သလို ဝင်းဂါးကို မူလက ကမ်းလှမ်းထားတဲ့ နှစ်နှစ်စာချုပ်ကို လည်း ပြန်လည်သုံးသပ်မည်ဖြစ်သည်။
ဆန်းချက်ဇ်မှာ လန်ဒန်လူနေမှု ဘဝကို နှစ်သက်သူဖြစ်သလို ယခု ကဲ့သို့ မူရင်းရရှိတဲ့ လစာနှုန်းထားထက် များစွာမြင့်မားတဲ့ လုပ်ခလစာ ထပ်တိုးကမ်းလှမ်းမှုကြောင့် အဆိုပါ ကမ်းလှမ်းမှုအသစ်ကို ဆန်းချက်ဇ် လက်ခံလိမ့်မည်ဟု အာဆင်နယ် ဘက်မှ မျှော်လင့်နေသည်။ သို့သော် မန်စီးတီးအသင်းကလည်း ဆန်းချက်ဇ် ကို သေချာပေါက် ခေါ်ယူနိုင်မည်ဟု မျှော်လင့်နေသလို ဘိုင်ယန်မြူးနစ် အသင်းကလည်း ဘိုင်ယန်၏ အောင်မြင်မှု အစဉ်အလာကြောင့် ဆန်းချက်ဇ်ရရှိရေးတွင် အခြား အသင်းထက် ခေါင်းတစ်လုံးသာသည့် အနေအထား ရောက်နေသည်ဟု ယုံကြည်ထားသည်။ ယခုနှစ် နွေဈေးကွက်အတွင်း အာဆင်နယ်မှ ဝီရှိုင်းယား၊ အော်စပီနာ၊ ကီရန်ဂစ် ဘ်စ်၊ ကမ်းဘဲလ်နှင့် ဆက်ဇနီတို့ ထွက်ခွာဖွယ်ရှိနေပြီး ကစားသမားသစ် အင်အားဖြည့်တင်းမှု များစွာကို ပြုလုပ်ရတော့မည်ဖြစ်သည်။

ပနားမားအာဏာရှင်ဟောင်း နိုရေးဂါး အသက် ၈၃ နှစ်အရွယ်တွင် ကွယ်လွန်



Image may contain: 1 person, closeup
ပနားမားစီးတီး မေ ၃ဝ
ပနားမားနိုင်ငံ၏ အာဏာရှင်ဟောင်းဖြစ်သူ မင်နျူယယ်နိုရေးဂါးသည် မေ ၂၉ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ ၎င်းသည် ၁၉၈၃ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ ပနားမားနိုင်ငံအား အာဏာရှင်တစ်ဦးအဖြစ် အုပ်စိုးခဲ့သူဖြစ်ပြီး ကွယ်လွန် ချိန်တွင် အသက် ၈၃ နှစ်ရှိကြောင်း ယနေ့ ရိုက်တာသတင်းတွင် ဖော်ပြသည်။
မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ဆောင်ချက်များရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ်တွင် ပနားမားနိုင်ငံအတွင်းသို့ အမေရိကန်စစ်တပ်က ကျူးကျော်ဝင်ရောက်ကာ မင်နျူယယ်နိုရေးဂါးအား ရာထူးမှ ဖယ်ရှားခဲ့သည်။ ၎င်းသည် ရာထူးမှ ဖယ်ရှားခြင်းမခံရမီ အမေရိကန်၏သူလျှိုတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၃ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အာဏာရချိန်အတွင်း နိုရေးဂါးသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)နှင့် နှစ်ပေါင်းရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်သည်။
အာဏာရှင်ဟောင်း နိုရေးဂါး ကွယ်လွန်သည့်သတင်းကို မေ ၂၉ ရက် ညပိုင်းတွင် ပနားမားသမ္မတ ကာလို့စ်ဗာရီလာက ၎င်း၏အင်တာနက် တွစ်တာတွင် ရေးသားခဲ့သည်။ နိုရေးဂါးကွယ်လွန်ခြင်းသည် အမေရိကတိုက်အလယ်ပိုင်းတွင် တည်ရှိသည့် ပနားမားနိုင်ငံ၏သမိုင်းတွင် ၎င်း၏အခန်းကဏ္ဍ နိဂုံးချုပ်သွား ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အာဏာရှင်ဟောင်း နိုရေးဂါးအား ရာထူးမှ ဖယ်ရှားရေးအတွက် ပနားမား နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ထိုစဉ်က အမေရိကန်သမ္မတ ဂျော့အိတ်ခ်ျဒဗလျူဘုရှ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ နိုရေးဂါးသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသောငွေကြေးများကို ခဝါချခဲ့ပြီး ကိုကင်းမှောင်ခိုရောင်း ဝယ်မှုများကို ကိုလံဘီယာမှ မူးယစ်ဂိုဏ်းခေါင်းဆောင် ပါဘလိုအက်စ်ကိုဘာနှင့်အတူ လုပ်ဆောင်ခဲ့ဖွယ်ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။ ပနားမားအာဏာရှင် ဟောင်းသည် အမေရိကန်နိုင်ငံတွင် ၁၉၉၂ ခုနှစ်က ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး လူသတ်မှုကြောင့်ချမှတ်ခံရသော ထောင်ဒဏ်ကို ၎င်းကွယ်လွန်ချိန်အထိ ပနားမားနိုင်ငံ၌ ကျခံခဲ့ရသည်။
ရိုက်တာ။

မော်စကိုတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၃ ဦးသေဆုံးပြီး ၇ဝ ကျော် ဒဏ်ရာရ



Image may contain: car and outdoor
မော်စကို မေ ၃ဝ
ရုရှားနိုင်ငံ မော်စကိုမြို့တွင် တနင်္လာနေ့က မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၃ ဦးသေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများက ပြောကြားသည်။
လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လျှပ်စီးလက် မိုးကြိုးပစ်ခြင်းများ မော်စကိုမြို့တွင် ဖြစ်ပွားခဲ့သည်။
မုန်တိုင်းကြောင့် သစ်ပင် ၄ဝဝ ခန့် ပြိုလဲခြင်း၊ အဆောက်အအုံ ခေါင်မိုး များလန်ခြင်းနှင့် လမ်းဘေးတွင် ထောင်ထားသည့် ဆိုင်းဘုတ်များ လဲပြိုခြင်းများ ဖြစ်ပွားခဲ့သည်။
လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်နေသည့်အတွက် လမ်းအတော်များများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ လေကြောင်းလိုင်းများ နှောင့်နှေးကြန့် ကြာခဲ့ရသကဲ့သို့ အခြားသော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည်လည်း ရပ်ဆိုင်းသွားခဲ့ရသည်။
မော်စကိုမြို့သည် ယခုလ အစောပိုင်းတွင် အချိန်အခါမဟုတ် ဆီးနှင်းများကျရောက်ခဲ့ပြီး အချို့ရက်များတွင် အပူချိန်သည် ၂ဝ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လေ့ရှိသည်။ ဒေသဆိုင်ရာ မိုးလေဝသတာဝန်ရှိသူများက တည်ငြိမ်မှုမရှိသော ဆိုးရွားသည့်ရာသီ ဥတုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း သတိပေးပြော ကြားထားသည်။
အင်န်အိတ်ခ်ျကေ။

ယီမင်တွင် ဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၄၇၁ ဦး သေဆုံး



Image may contain: 3 people, people sitting
ဆာနား မေ ၃ဝ

ပြည်တွင်းစစ် ဆိုးဆိုးရွားရွားဖြစ်ပွားနေ သည့် ယီမင်နိုင်ငံတွင် ကာလဝမ်း ရောဂါဖြစ်ပွားမှုကြောင့် ယခုလအတွင်း ၄၇၁ ဦး သေဆုံးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၂၇ ရက်အထိ သေဆုံးသူအရေအတွက်ကို နောက်ဆုံးထုတ်ပြန်ပေးထားသည်။ သေဆုံးသူအရေအတွက်ကို အတည်ပြုထားပြီး ဝမ်းရောဂါဖြစ်ပွားနေသည် ဟု သံသယရှိသူ ၅၂ဝဝဝ ကျော်ရှိကြောင်းလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားသည်။
ဆော်ဒီ ထောက်ခံအားပေးထားသော အစိုးရနှင့် သူပုန်တပ်ဖွဲ့များ ဖြစ်ပွားသည့် ပြည်တွင်းစစ်ပွဲတွင် ဆေးရုံများနှင့် ရေဖြန့်ဖြူးပေးဝေသော စနစ်များဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ယီမင်နိုင်ငံတွင် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးများလည်း ဆိုးဆိုးရွားရွား ပြတ်တောက်လျက်ရှိသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများက စစ်ပွဲတွင်ပါဝင် တိုက်ခိုက်နေသော အဖွဲ့အစည်းများအနေဖြင့် ဆေးရုံဆေးခန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးရန် တိုက်တွန်းထားသကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှုပေးမည့် ပုဂ္ဂိုလ်များကိုလည်း ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေများသို့ ဝင်ရောက်ခွင့်ပေးရန်လည်း တောင်းဆိုထားသည်။
အင်န်အိတ်ခ်ျကေ။

တောင်ကိုရီးယား မိုဘိုင်းလောင်ချာများ ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်ခဲ့မှု စုံစမ်းစစ်ဆေးမည်



Image may contain: sky and outdoor
ဆိုးလ် မေ ၃ဝ
အမေရိကန် ဒုံးကျည်ကာကွယ်ရေးဒိုင်းလွှားစနစ်အတွက် မိုဘိုင်းလောင်ချာများကို ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတထံမှ ခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် သမ္မတ မွန်ဂျေအင်က ညွှန်ကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်သည့် ဒုံးခွင်းဒုံး စနစ်အတွက် နောက်ထပ် မိုဘိုင်းလောင်ချာလေးခု ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတ၏ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိကြောင်း၊ မိုဘိုင်းလောင်ချာများကို သမ္မတ၏ခွင့်ပြုချက်မရှိဘဲ သယ်ယူပို့ဆောင်ခဲ့သည်ဟု သမ္မတကြားသိရသည့်အခါ ၎င်းမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း သမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ယွန်ယောင်ချန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်သည့် တီအိပ်ခ်ျအေအေဒီ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် မိုဘိုင်းလောင်ချာနှစ်ခုကို တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ် မိုဘိုင်းလောင်ချာလေးခုကို ထပ်မံပေးပို့ခဲ့ရာတွင် သမ္မတအား အသိပေးခြင်းမရှိဘဲ တိတ်တဆိတ် သယ်ယူပို့ဆောင်ခဲ့သည်ဟု သမ္မတ၏ လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ချန်အိန်ယောင်းက သမ္မတထံ သတင်းပို့ခဲ့ကြောင်း ယွန်ယောင်ချန်းက ပြောကြားသည်။
မိုဘိုင်းလောင်ချာများအား လျှို့ဝှက်စွာ ပို့ဆောင်ခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးရန် လုံခြုံရေးအကြံပေးပုဂ္ဂိုလ်နှင့် သမ္မတရုံးဝန်ကြီးတို့အား သမ္မတက ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားသည်။
မေ ၉ ရက် သမ္မတရွေးကောက်ပွဲ မကျင်းပမီ ရက်သတ္တနှစ်ပတ်အလိုတွင် အမေရိကန် တီအိပ်ခ်ျအေ အေဒီ ဒုံးခွင်းဒုံးစနစ်အတွက် မိုဘိုင်းလောင်ချာ နှစ်ခုနှင့် ရေဒါတို့ကို မြောက်ပိုင်း ကွမ်ဆောင်းပြည်နယ် ဆောင်ဂျူ စီရင်စု ဆိုဆောင်းရီကျေးရွာရှိ ဂေါက်ကွင်းတစ်ကွင်းသို့ ညသန်းခေါင်ယံအချိန်တွင် ပို့ဆောင်ခဲ့သည်။
ရိုက်တာ။

သင်တန်းမှရရှိသည့်အတွေ့အကြုံများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာအသုံးချ



ရန်ကုန် မေ ၃ဝ 
 
အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၂၉ ရက်နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ၊ ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင် စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာ ဝင်းသိမ်းက သင်တန်းဖွင့် မိန့်ခွန်းပြော ကြားရာ၌ နိုင်ငံတစ်နိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိက မည်သည့်ကဏ္ဍတွင်မဆို စီမံ ခန့်ခွဲအုပ်ချုပ်မှု၊ ဝန်ဆောင်မှု၊ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု စသည်တို့ကို စဉ်ဆက်မပြတ် အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် အတွက် လူ့စွမ်းအားအရင်းအမြစ်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိကြောင်း။
ဤသင်တန်းသို့ တက်ရောက်ကြ သည့် သင်တန်းသား သင်တန်းသူများ ကို ပညာဌာန ခုနစ်ခုဖြစ်သည့် စီမံခန့်ခွဲမှု ပညာဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံ ရေးသိပ္ပံပညာဌာန၊ လူမှုရေးသိပ္ပံ ပညာဌာန၊ ဥပဒေပညာဌာန၊ အင်္ဂလိပ် ဘာသာပညာဌာနနှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဌာနများက ခေတ်စနစ်နှင့် လျော်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ အဆင့် အတန်းရှိရှိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးဇယားများကိုလည်း ပထမအကြိမ် သင်တန်းမှရရှိလာသည့် အတွေ့အကြုံ၊ အားနည်းချက်၊ အားသာချက်များကို အခြေခံကာ တက္ကသိုလ်အကြံပေးအဖွဲ့ (Advisory Group)တက္ကသိုလ် ပညာရပ်အဖွဲ့(Board of Studies)နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ဖွဲ့စည်းထားသည်။ ပညာရပ်ဆိုင်ရာ ဗဟို အဖွဲ့ (Core Group)တို့၏ ဆွေးနွေး အကြံပြုချ က်များနှင့်အညီ ပိုမိုသင့်လျော် ကောင်းမွန်ပြီး ထိရောက်မှုရှိစေရန် ပြင်ဆင်မွမ်းမံ ရေးဆွဲထားသည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးကြိုးစားစား သင်ယူကြရန်လည်း တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ပြည်သူ နှင့်အတူလက်တွဲ၍ အကောင်အထည် ဖော်နိုင်ရန်အတွက် '' နိုင်ငံတော် တည် ထောင်မှု ပြည်သူနှင့်ဝန်ထမ်းလက်တွဲပြု'' ဆိုသည့် ဆောင်ပုဒ်အသစ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် (UNDP)၏ ပူးပေါင်းပါဝင် ကူညီမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သဘော ထားအမြင်နှင့် အတွေ့အကြုံများကို လေ့လာသည့် စစ်တမ်း(Perception Survey)အရ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် (Civil Service Reform Strategic Action Plan)ကို ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ပြီး နယ်ပယ်လေးခုဖြစ်သည့် နိုင်ငံ့ ဝန်ထမ်းအုပ်ချုပ်ရေး၊ လုပ်ငန်းစဉ်သစ် (New Civil Service Govern -ance)၊ အရည်အချင်းနှင့် လုပ်ငန်း စွမ်းဆောင်ရည်ကို အခြေခံသော အလေ့ အထနှင့် စနစ်များဆီသို့ ဦးတည်ရေး(Merit-based and Performance-driven culture and system)၊ ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ် လာစေရန် ခေါင်းဆောင်မှုပေး နိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည် များကိုမြှင့်တင်ခြင်း(People Centred Leadership of the Civil Service and Capacity Develop-ment)၊ နိုင်ငံ့ဝန်ထမ်းများ၏ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင် ပေးခြင်း (Transparency and Accountability in the Civil Service ) စသည့် နယ်ပယ် (၄)ရပ် အပေါ်အခြေခံပြီး CSR Logframe First Draft မှသည်Third Draft အထိ ပြင်ဆင်ရေးဆွဲကြေညာခဲ့ပြီး ရရှိ လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ များ၏ အကြံပြုချက်များနှင့် CSR Logframe Final Draft ကို ပြုစု ရေးဆွဲခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဇူလိုင်လတွင် Civil Service Reform Strategic Action Plan ကို ထုတ်ပြန်ကြေညာ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
Civil Service Reform ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် ''နိုင်ငံ့ ဝန်ထမ်းများအပေါ် ပြည်သူများ၏ အမြင်သဘောထားကို လေ့လာဆန်းစစ် မှုပြုလုပ်မည့် လုပ်ငန်းစဉ်'' ( Public Perception Survey Activity)ကို UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါ ကြောင်း၊ လေ့လာဆန်းစစ်မှုလုပ်ငန်း စဉ်ကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း(Public Service Delivery)များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍Bribery - လာဘ်ပေးလာဘ်ယူပြု ခြင်းရှိ/မရှိ၊ Abuse of Power- အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း ရှိ/ မရှိ ၊Responsiveness - တုံ့ပြန် ဆောင်ရွက်မှု ကောင်း/ မကောင်း၊Equal opportunity - တန်းတူအခွင့် အရေးရရှိမှု ရှိ/မရှိ၊Discrimination of the races လူမျိုးခွဲခြားမှု ရှိ/ မရှိ စသည်တို့အပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူ များ၏ အမြင်သဘောထားကို လေ့လာ ဆန်းစစ်မှုမှတ်တမ်း - Public Perce-ption Survey ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံ ချက်- Civil Service Reform Action Plan ၊ နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက်မူဘောင် - Civil Ser-vice Compentency Frame-work ၊ ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အစီအစဉ် -Leadership Development Scheme များကို သင်တန်းသားများ အနေဖြင့် ကြိုတင်လေ့လာ သိရှိထားခြင်း အားဖြင့် မိမိတာဝန်ထမ်းဆောင်သည့် အခါ ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်မည့် အတွေးအမြင် သစ်များ၊ မိမိ၏ ဝန်ထမ်းဘဝတိုးတက် အောင်ပြုလုပ်ရမည့် နည်းလမ်းများ၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန် လိုအပ်သည်များကို သိရှိလာမည်ဖြစ် ကြောင်း ၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့် အတိုင်း အနာဂတ်နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို မောင်းနှင်ကြ မည့် နိုင်ငံ့ဝန်ထမ်း အရာရှိလောင်းများ၊ ပုဂ္ဂလိက ဝန်ထမ်းလူငယ်များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား လေ့လာသင်ယူပြီး သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာ အတွေ့အကြုံ များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိစွာ အသုံးချနိုင်ကြစေ ရန်နှင့် ဝန်ထမ်းသက်တမ်းတစ်လျှောက် တော်၍ကောင်းသော အဂတိတရားကင်း သော ဝန်ထမ်းများဖြစ်ကြပြီး ရာထူး အဆင့်ဆင့်တိုးမြှင့်ကာ နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း နည်းလမ်းမှန်စွာဖြင့် ကိုယ်ကျိုးစီးပွားတိုးတက်အောင် ဆောင် ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၅၃ ဦး ၊ သင်တန်းသူ ၁ဝ၁ ဦး စုစုပေါင်း ၁၅၄ ဦးတက်ရောက်မည်ဖြစ်ပြီး သင် တန်း ကာလမှာ စက်တင်ဘာ ၁၅ ရက်ထိ ရက်သတ္တ ၁၆ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ် သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရပ် အဖွဲ့ ဝင်များ၊ ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက် ရောက်ခဲ့သည်။ (သတင်းစဉ်)

ကျောင်းအပ်နှံရေးနေ့အခမ်းအနား လယ်ဝေးမြို့၌ ကျင်းပ



Image may contain: 3 people, people standing
လယ်ဝေး မေ ၃ဝ
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၂ဝ၁၇ - ၂ဝ၁၈ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၈ နံနက် ၉ နာရီက အထက(၁)ရွှေရတုခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ကျောင်းနေအရွယ်ကလေးများ အားလုံးအခမဲ့ ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ဆရာ၊ မိဘအုပ်ထိန်းသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းထွက်နှုန်း လျော့ကျစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းအပ်နှံရေး နှိုးဆော်ပေးရန်စသည်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးနေဇော်တို့က အမှာစကားပြောကြားကြပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးကြာညွန့်က ပညာရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးသည်။ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အခမဲ့ထောက်ပံ့ပစ္စည်း များပေးအပ်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူပြီး ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

သဘာဝဘေးအန္တရာယ်သတိပြုရှောင်ရှား



Image may contain: text
မေ ၃ဝ ရက်က ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ''မိုရာ'' (Mora) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီး ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် စစ်တကောင်းမြို့အနီး ဖြတ်ကျော်ဝင်ရောက်ခဲ့သော်လည်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းစက်ကွင်းကျရောက်သဖြင့် လေဒဏ်မိုးဒဏ်များ အဖျားခတ်ခဲ့သည်။
အထူးသဖြင့် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် မုန်တိုင်းစက်ကွင်းကျရောက်မှုပိုများခဲ့ပြီး အပျက်အစီး များဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန်၊ ရှမ်း၊ ကယားပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ရာ သစ်ပင်များပြိုလဲခြင်း၊ နေအိမ်များပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုရာ တိုက်ခတ်မှုအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် လေပြင်းဒဏ်ကိုခံကြရသလို အချို့နေရာများတွင် မိုးကြီးခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။ ယခုကာလသည် လေပြင်းတိုက်ခတ်သည့် သဘာဝဘေးများဖြစ်ပေါ် လေ့ရှိပြီး ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က မေလဆန်းကဖြစ်ခဲ့သည်ကို သတိပြုရမည်ဖြစ်သည်။ မေလအစောပိုင်း ကာလက မြန်မာနိုင်ငံတစ်ဝန်းတွင် အပူရှိန်များမြင့်တက်ခဲ့ရာ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ပြီး ယခုကဲ့သို့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးဟူသည်မှာ အချိန်အခါမရွေးဖြစ်ပေါ်တတ်ပြီး အထူးသဖြင့် ယခုကာလများတွင်အဖြစ်များသည်။ ဖြစ်ပေါ်ခဲ့သောသဘာဝဘေးမှာ ပြီးဆုံးသွားပြီဟုမဆိုနိုင်ချေ။ ထပ်မံ၍လည်းအချိန်အခါမရွေးဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်သတိပြုကြရမည်ဖြစ်သည်။ ယခုကာလတွင် သဘာဝဘေးအန္တရာယ်နှိုးဆော်ချက်များကိုသိရှိမှတ်သားကြပြီး ပြည်သူများဘေးအန္တရာယ်ကင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မုန်တိုင်းများ အဖြစ်များသောကာလတွင် ကုန်းမြင့်ဒေသတွင် နေထိုင်ကြသောသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းနှင့်မြစ်ချောင်းများအနီး နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း သတိပြုကြရမည်ဖြစ်သည်။ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရေးပြင်ဆင်ထားရန် အကြံပြုပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ သဘာဝဘေးဖြစ်လာလျှင် ကြိုတင်အသင့်ဖြစ်စေရေးအတွက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်သည်။ အရေးပေါ် ရွှေ့ပြောင်းနိုင်မည့်အစီအစဉ်များ၊ အရေးပေါ်အသုံးအဆောင်များ အဆင်သင့်ထားရှိသင့်သည်။
မိသားစုများနှင့်ကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်များသတ်မှတ်ထားရန်နှင့် လေပြင်းကဲ့သို့ သဘာဝဘေးဖြစ်ပေါ်ချိန်တွင် ခိုင်ခံ့သောအမိုးအကာ၊ အဆောက်အအုံအောက်တွင် နေထိုင်သင့်သည်။ ကမ်းခြေများတွင် အပန်းဖြေကြသူများအဖို့ သတိပြုအပန်းဖြေရန်လိုအပ်ပြီး ဖြစ်ပေါ်လာတတ်သော လျှပ်တစ်ပြက် ရေကြီးမှုများကိုလည်း အထူးသတိထားရမည်ဖြစ်သည်။ တောင်ကျချောင်း၊ မြေတောင်များနှင့် မြစ်ချောင်းများအနီးနေထိုင်ကြသူများအဖို့ စိတ်ချသောနေရာများသို့ ရွှေ့ပြောင်းထားရန်လိုအပ်သည်။
သဘာဝဘေးဒဏ်ကို တိုက်ရိုက်မခံစားရနိုင်သည့် ကုန်းတွင်းဘက် ဒေသများတွင် နေထိုင်ကြသူများအနေဖြင့်လည်း လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့်လည်း ရင်ဆိုင်ရနိုင်သဖြင့် အထူးသတိပြုနေထိုင်သင့်သည်။ စိုက်ပျိုးသီးနှံပင်များ စိုက်ပျိုးလုပ်ကိုင်သူများအဖို့ မိမိတို့၏သီးနှံများ ပျက်စီးယိုယွင်းခြင်းမရှိအောင်နှင့် ရိတ်သိမ်းဆွတ်ခူးပြီး လုံခြုံစိတ်ချသော နေရာများသို့ ခေတ္တရွှေ့ပြောင်းထားသင့်သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်အချိန်မရွေး ကြုံတွေ့နိုင်သဖြင့် သဘာဝဘေးများကို စဉ်ဆက်မပြတ်လေ့လာကာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။