Wednesday, May 31, 2017

ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့၌ ပျက်စီးမှုများဖြစ်ပေါ်



Image may contain: tree and outdoor
နေပြည်တော် မေ ၃ဝ
ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါမုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့တွင် အောင်မင်္ဂလာရပ်ကွက်၊ ကုန်းတန်းရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ရွှေပြားရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်တို့၌ နေအိမ်များ ပျက်စီးပြီး လွှတ်တော်ရုံး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စုပေါင်းရုံး၊ ပြည်နယ်ကျေးလက်ဦးစီးဌာနရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန မှူးရုံး၊ ကျောက်တန်းကျန်းမာရေးဌာနတို့မှ အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
ထို့အတူ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မောင်တောမြို့နယ်တို့တွင်လည်း သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ နေအိမ်များ၊ စာသင်ကျောင်းများ ပျက်စီးပြိုကျမှု ဖြစ်ပွားခဲ့သည့်အပြင် သောက်သုံးရေကန်များ ကျိုးပေါက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၌လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ငပုတောမြို့နယ်တို့တွင်လည်း ဝန်ထမ်းအိမ်ရာများ၊ လူနေအိမ်ရာများ ပြိုကျပျက်စီးမှုရှိခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း နေအိမ်နှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆက်လက်စိစစ်ဆဲဖြစ်ကြောင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment