Wednesday, May 31, 2017

ပနားမားအာဏာရှင်ဟောင်း နိုရေးဂါး အသက် ၈၃ နှစ်အရွယ်တွင် ကွယ်လွန်



Image may contain: 1 person, closeup
ပနားမားစီးတီး မေ ၃ဝ
ပနားမားနိုင်ငံ၏ အာဏာရှင်ဟောင်းဖြစ်သူ မင်နျူယယ်နိုရေးဂါးသည် မေ ၂၉ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ ၎င်းသည် ၁၉၈၃ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ ပနားမားနိုင်ငံအား အာဏာရှင်တစ်ဦးအဖြစ် အုပ်စိုးခဲ့သူဖြစ်ပြီး ကွယ်လွန် ချိန်တွင် အသက် ၈၃ နှစ်ရှိကြောင်း ယနေ့ ရိုက်တာသတင်းတွင် ဖော်ပြသည်။
မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ဆောင်ချက်များရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ်တွင် ပနားမားနိုင်ငံအတွင်းသို့ အမေရိကန်စစ်တပ်က ကျူးကျော်ဝင်ရောက်ကာ မင်နျူယယ်နိုရေးဂါးအား ရာထူးမှ ဖယ်ရှားခဲ့သည်။ ၎င်းသည် ရာထူးမှ ဖယ်ရှားခြင်းမခံရမီ အမေရိကန်၏သူလျှိုတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၃ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အာဏာရချိန်အတွင်း နိုရေးဂါးသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)နှင့် နှစ်ပေါင်းရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်သည်။
အာဏာရှင်ဟောင်း နိုရေးဂါး ကွယ်လွန်သည့်သတင်းကို မေ ၂၉ ရက် ညပိုင်းတွင် ပနားမားသမ္မတ ကာလို့စ်ဗာရီလာက ၎င်း၏အင်တာနက် တွစ်တာတွင် ရေးသားခဲ့သည်။ နိုရေးဂါးကွယ်လွန်ခြင်းသည် အမေရိကတိုက်အလယ်ပိုင်းတွင် တည်ရှိသည့် ပနားမားနိုင်ငံ၏သမိုင်းတွင် ၎င်း၏အခန်းကဏ္ဍ နိဂုံးချုပ်သွား ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အာဏာရှင်ဟောင်း နိုရေးဂါးအား ရာထူးမှ ဖယ်ရှားရေးအတွက် ပနားမား နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ထိုစဉ်က အမေရိကန်သမ္မတ ဂျော့အိတ်ခ်ျဒဗလျူဘုရှ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ နိုရေးဂါးသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသောငွေကြေးများကို ခဝါချခဲ့ပြီး ကိုကင်းမှောင်ခိုရောင်း ဝယ်မှုများကို ကိုလံဘီယာမှ မူးယစ်ဂိုဏ်းခေါင်းဆောင် ပါဘလိုအက်စ်ကိုဘာနှင့်အတူ လုပ်ဆောင်ခဲ့ဖွယ်ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။ ပနားမားအာဏာရှင် ဟောင်းသည် အမေရိကန်နိုင်ငံတွင် ၁၉၉၂ ခုနှစ်က ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး လူသတ်မှုကြောင့်ချမှတ်ခံရသော ထောင်ဒဏ်ကို ၎င်းကွယ်လွန်ချိန်အထိ ပနားမားနိုင်ငံ၌ ကျခံခဲ့ရသည်။
ရိုက်တာ။

No comments:

Post a Comment