Wednesday, May 31, 2017

သဘာဝဘေးအန္တရာယ်သတိပြုရှောင်ရှား



Image may contain: text
မေ ၃ဝ ရက်က ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ''မိုရာ'' (Mora) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီး ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် စစ်တကောင်းမြို့အနီး ဖြတ်ကျော်ဝင်ရောက်ခဲ့သော်လည်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းစက်ကွင်းကျရောက်သဖြင့် လေဒဏ်မိုးဒဏ်များ အဖျားခတ်ခဲ့သည်။
အထူးသဖြင့် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် မုန်တိုင်းစက်ကွင်းကျရောက်မှုပိုများခဲ့ပြီး အပျက်အစီး များဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန်၊ ရှမ်း၊ ကယားပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ရာ သစ်ပင်များပြိုလဲခြင်း၊ နေအိမ်များပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုရာ တိုက်ခတ်မှုအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် လေပြင်းဒဏ်ကိုခံကြရသလို အချို့နေရာများတွင် မိုးကြီးခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။ ယခုကာလသည် လေပြင်းတိုက်ခတ်သည့် သဘာဝဘေးများဖြစ်ပေါ် လေ့ရှိပြီး ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က မေလဆန်းကဖြစ်ခဲ့သည်ကို သတိပြုရမည်ဖြစ်သည်။ မေလအစောပိုင်း ကာလက မြန်မာနိုင်ငံတစ်ဝန်းတွင် အပူရှိန်များမြင့်တက်ခဲ့ရာ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ပြီး ယခုကဲ့သို့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးဟူသည်မှာ အချိန်အခါမရွေးဖြစ်ပေါ်တတ်ပြီး အထူးသဖြင့် ယခုကာလများတွင်အဖြစ်များသည်။ ဖြစ်ပေါ်ခဲ့သောသဘာဝဘေးမှာ ပြီးဆုံးသွားပြီဟုမဆိုနိုင်ချေ။ ထပ်မံ၍လည်းအချိန်အခါမရွေးဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်သတိပြုကြရမည်ဖြစ်သည်။ ယခုကာလတွင် သဘာဝဘေးအန္တရာယ်နှိုးဆော်ချက်များကိုသိရှိမှတ်သားကြပြီး ပြည်သူများဘေးအန္တရာယ်ကင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မုန်တိုင်းများ အဖြစ်များသောကာလတွင် ကုန်းမြင့်ဒေသတွင် နေထိုင်ကြသောသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းနှင့်မြစ်ချောင်းများအနီး နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း သတိပြုကြရမည်ဖြစ်သည်။ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရေးပြင်ဆင်ထားရန် အကြံပြုပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ သဘာဝဘေးဖြစ်လာလျှင် ကြိုတင်အသင့်ဖြစ်စေရေးအတွက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်သည်။ အရေးပေါ် ရွှေ့ပြောင်းနိုင်မည့်အစီအစဉ်များ၊ အရေးပေါ်အသုံးအဆောင်များ အဆင်သင့်ထားရှိသင့်သည်။
မိသားစုများနှင့်ကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်များသတ်မှတ်ထားရန်နှင့် လေပြင်းကဲ့သို့ သဘာဝဘေးဖြစ်ပေါ်ချိန်တွင် ခိုင်ခံ့သောအမိုးအကာ၊ အဆောက်အအုံအောက်တွင် နေထိုင်သင့်သည်။ ကမ်းခြေများတွင် အပန်းဖြေကြသူများအဖို့ သတိပြုအပန်းဖြေရန်လိုအပ်ပြီး ဖြစ်ပေါ်လာတတ်သော လျှပ်တစ်ပြက် ရေကြီးမှုများကိုလည်း အထူးသတိထားရမည်ဖြစ်သည်။ တောင်ကျချောင်း၊ မြေတောင်များနှင့် မြစ်ချောင်းများအနီးနေထိုင်ကြသူများအဖို့ စိတ်ချသောနေရာများသို့ ရွှေ့ပြောင်းထားရန်လိုအပ်သည်။
သဘာဝဘေးဒဏ်ကို တိုက်ရိုက်မခံစားရနိုင်သည့် ကုန်းတွင်းဘက် ဒေသများတွင် နေထိုင်ကြသူများအနေဖြင့်လည်း လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့်လည်း ရင်ဆိုင်ရနိုင်သဖြင့် အထူးသတိပြုနေထိုင်သင့်သည်။ စိုက်ပျိုးသီးနှံပင်များ စိုက်ပျိုးလုပ်ကိုင်သူများအဖို့ မိမိတို့၏သီးနှံများ ပျက်စီးယိုယွင်းခြင်းမရှိအောင်နှင့် ရိတ်သိမ်းဆွတ်ခူးပြီး လုံခြုံစိတ်ချသော နေရာများသို့ ခေတ္တရွှေ့ပြောင်းထားသင့်သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်အချိန်မရွေး ကြုံတွေ့နိုင်သဖြင့် သဘာဝဘေးများကို စဉ်ဆက်မပြတ်လေ့လာကာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

No comments:

Post a Comment