Wednesday, May 31, 2017

MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ဆက်လက်ကျင်းပမည်



Image may contain: 2 people, people playing sports, people standing, stadium and outdoor
ရန်ကုန် မေ ၃ဝ
၂ဝ၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၆)ကို ဇွန် ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီးအဆင့် ရပ်တည်မှုပြောင်းလဲနိုင်သည့် ပွဲများ ပါဝင်နေသည်။
ပွဲစဉ်(၁၆)အဖြစ် ဇွန် ၁ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ အောင်ဆန်းကွင်း၌ GFA အသင်းနှင့် ဧရာဝတီအသင်း၊ ဇွန် ၂ ရက်တွင် အောင်ဆန်းကွင်း၌ ဇွဲကပင် အသင်းနှင့် ဟံသာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ နေပြည်တော်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇွန် ၃ ရက်တွင် မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ပွဲစဉ်(၁၅)အပြီး တွင် ရန်ကုန်အသင်းက ၃၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်က ၃၅ မှတ်၊ ရတနာပုံက ၃၄ မှတ်၊ ဧရာဝတီနှင့် ရခိုင်က ၂၃ မှတ်စီ၊ မကွေးက အမှတ် ၂ဝ၊ Southern နှင့် ဟံသာဝတီတို့က ၁၅ မှတ်စီ၊ ဇွဲကပင် က ၁၄ မှတ်၊ နေပြည်တော်က ၁၂ မှတ်၊ ချင်းယူနိုက်တက်နှင့် GFA တို့က ၁ဝ မှတ်စီရထားသည်။
ပွဲစဉ်(၁၅)တွင် လက်ရှိချန်ပီယံ ရတနာပုံအသင်းကို အဝေးကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ပြီး ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည့် ရန်ကုန်အသင်းသည် ယခုတစ်ပတ်တွင် ပွဲကျပ်ထပ်မံကစား ရမည်ဖြစ်ကာ ခြေစွမ်းတက်နေသည့် မကွေးအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။ ရန်ကုန်အသင်းသည် ယခုပွဲ တွင် ထပ်မံခြေချော်ပါက ထိပ်ဆုံး နေရာမှ ဖယ်ပေးရဖွယ်ရှိနေသည်။ ဒုတိယနေရာမှ ရှမ်းယူနိုက်တက် အသင်းသည် နေပြည်တော်နှင့်ပွဲကို အဝေးကွင်းအစား ကြားကွင်း၌ ကစားရမည်ဖြစ်သောကြောင့် အခွင့်အရေး ပိုသာဖွယ်ရှိနေပြီး လက်ရှိချန်ပီယံ ရတနာပုံအသင်းမှာမူ အိမ်ကွင်း ထပ်မံကစားရမည်ဖြစ်သည်။
ယခုတစ်ပတ်ပွဲစဉ်အပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း၏ အာရှဖလား ခြေစစ်ပွဲနှင့်မြန်မာ ယူ-၂၂ အသင်း၏ နိုင်ငံတကာပြိုင်ပွဲကြောင့် သုံးလကျော် ရပ်နားမည်ဖြစ်ပြီး စက်တင်ဘာလမှ သာပြန်လည်ကျင်းပမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ဖိုးသော်ဇင်

No comments:

Post a Comment