Thursday, March 31, 2016

မော်ရင်ဟိုနဲ့ ပြန်ပေါင်းထုပ်ဖို့ဆန္ဒပြင်းပြနေတဲ့ လူကာကူ

ကောင်းမြတ်သူ-စုစည်းသည်

အဲဗာတန် တိုက်စစ်မှူး လူကာကူက သူ့အနေနဲ့ အနာဂတ်မှာ မော်ရင်ဟိုနဲ့ ပြန်ပေါင်းထုပ်ဖို့ ပြင်ဆင်ထားပြီလို့ ပြောဆိုလိုက်ပါတယ်။ လူကာကူဟာ ယခုနှစ် အကုန်မှာ အဲဗာတန်က ထွက်ခွာဖို့ရှိနေပါတယ်။ နည်းပြ မော်ရင်ဟိုအနေနဲ့ လာမယ့်ရာသီမှာ မန်ယူနည်းပြဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ လူကာကူ ရဲ့ ဖခင်က သူ့သားဟာ အိုးထရက်ဖို့ဒ်မှာ ပြောင်းရွှေ့ကစားလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ လူကာကူဟာ မန်ယူနဲ့ ဘိုင်ယန်မြူးနစ်တို့ အပါအဝင် ဥရောပ ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ထားခံရတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ သူဟာ ၂ဝ၁၄ ခုနှစ်က ချယ်လ်ဆီးကနေ အဲဗာတန်ကို ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ တာပါ။ လက်ရှိအချိန်မှာ အဲဗာတန်အသင်းမှာ ခြေစွမ်းပြကစားနေတာပါ။ သို့ပေမယ့် လူကာကူဟာ ချန်ပီယံလိဂ်ကစားလိုတဲ့အတွက် မန်ယူကို ပြောင်းရွှေ့ဖို့ သေချာနေပါတယ်။

အသင်းကြီးတွေအောင်ပွဲခံနိုင်ရေးအပြိုင်ကြိုးစားကြမယ့် ပရီမီယာလိဂ်ပွဲစဉ်(၃၂)

မိုးမြင့်လင်းလက်

ဒီတစ်ပတ် စနေ၊ တနင်္ဂနွေဖြစ်တဲ့ ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာတော့ ဥရောပ ပြည်တွင်းလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်မှာဖြစ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီရဲ့ ပန်းဝင်ချိန်ကာလရောက်နေပြီး ခြေတစ်လှမ်း အမှားခံလို့မရတော့တဲ့ ပွဲတွေဖြစ်လာတာမို့ အသင်းတိုင်း အလေးထား အာရုံစိုက် ကစားနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၃၂)အဖြစ် ယှဉ်ပြိုင်ကစားကြမယ့် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး၊ လက်စတာနဲ့ မန်ယူတို့ရဲ့ အားပြိုင်မှုတွေကို စောင့်ကြည့်အားပေးကြရဦးမှာ ဖြစ်ပါတယ်။လက်စတာနှင့် ဆောက်သမ်တန်
လက်စတာတို့အတွက်ကတော့ လက်ကျန်ပွဲ ခြောက်ပွဲစလုံးကို နိုင်ပွဲတွေနဲ့ ဖြတ်သန်းရေး ကြိုးစားတော့မှာဖြစ်ပါတယ်။ ဆောက်သမ်တန် တို့ကတော့ လက်စတာနဲ့ ဆုံတိုင်း အမှတ်ရ အောင် ကစားနိုင်တာမို့ လက်စတာအတွက် သတိကြီးကြီးထားပြီး ကစားမှာဖြစ်ပါတယ်။ လက်စတာရဲ့ တိုက်စစ်၊ ခံစစ်အပိုင်းက အကောင်း ဆုံး အနေအထားရှိနေပြီး ဆောက်သမ်တန်တို့ ထက် ပိုမိုသာလွန်ပါတယ်။ လက်ရှိအနေအထား မှာတော့ လက်စတာရဲ့ အိမ်ကွင်းလည်းဖြစ်တာမို့ ဂိုးမပြတ်ပေမယ့် အိမ်ရှင်တို့ပဲ နိုင်ပွဲရသွားပါလိမ့် မယ်။ 

ချယ်လ်ဆီးနှင့် ဗီလာ
ချယ်လ်ဆီးတို့ကတော့ နောက်ဆုံး လေးသင်း စာရင်းဝင်ဖို့ဖြစ်နိုင်ခြေ နည်းသွားပြီဖြစ်ပေမယ့် အသင်းတိုင်း၊ ပွဲတိုင်းကို အလေးထားပြီး ကစား နေပါတယ်။ နည်းပြ ဟစ်ဒင့်ရဲ့ အခင်းအကျင်း တွေကြောင့် ရလဒ်ကောင်းတွေ ပြန်ရလာတဲ့ ချယ်လ်ဆီးဟာ ဗီလာကိုလည်း အနိမ့်ဆုံး တစ် မှတ်ရအောင် ကြိုးစားပါလိမ့်မယ်။ ချယ်လ်ဆီးမှာ ဖယ်လ်ကာအို၊ ကော်စတာ၊ ဟာဇက်တို့ မပါ ဝင်နိုင်တာမို့ အားနည်းချက်ရှိနေတာတော့ အမှန်ပါပဲ။ ဗီလာတို့ကတော့ လက်ရှိခြေစွမ်းအရ အမြင့်ဆုံး မျှော်မှန်းနိုင်တာက တစ်မှတ်ထက် မပို နိုင်ပါဘူး။ 

အာဆင်နယ်နှင့် ဝက်ဖို့ဒ်
ပွဲရလဒ်တွေ မကောင်းလို့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်နည်းပြနဲ့ အသင်း သားတွေအတွက် ဒီပွဲက အရေးကြီးနေပါတယ်။ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တောင် ဖိအားတွေရှိနေတာမို့ အာဆင်နယ်တို့ ဒီပွဲမှာ အပြင်းအထန် ရုန်းကန် ပြီးနိုင်ပွဲရအောင် အားထုတ်ပါလိမ့်မယ်။ ဝက်ဖို့ဒ် တို့ကတော့ အာဆင်နယ်ကို အခက်တွေ့အောင် ကစားနိုင်တဲ့ ခြေစွမ်းရှိလို့ ဒီပွဲမှာ မထင်မှတ်တဲ့ ရလဒ်ထွက်ပေါ်သွားနိုင်ပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်တဲ့ အာဆင်နယ်တို့ရဲ့ ပွဲပဲဖြစ်သွားပါလိမ့်မယ်။

မန်စီးတီးနှင့် ဘုန်းမောက်
မန်စီးတီးတို့အတွက် အမှားအယွင်း လုံးဝမခံ တော့ဘဲ ပွဲတွေဖြစ်နေတာမို့ အခုပွဲမှာတော့ အမှတ်ပြည့်ရယူရေးအတွက်ကလွဲပြီး တခြား ရလဒ်ကို ပုံဖော်မှာ မဟုတ်ပါဘူး။ ဘုန်းမောက် တို့က တိုက်စစ်ရော ခံစစ်ပိုင်းမှာပါ အားရစရာ အနေအထားမဟုတ်တဲ့အပြင် ကွင်းလယ်ကစား အားလည်း ကျဆင်းနေပါတယ်။ ကွင်းလယ်က တိုက်စစ်ကို ပံ့ပိုးမှုအပိုင်းမှာ အပိုအလိုတွေဖြစ် နေတဲ့ ဘုန်းမောက်ကို မန်စီးတီးတို့ ဂိုးပြတ်သွင်း အောင်ပွဲခံနိုင်ရေး ကြိုးစားပါလိမ့်မယ်။

မန်ယူနှင့် အဲဗာတန်
မန်စီးတီးကို အနိုင်ကစားပြီး စိတ်ဓာတ်မြင့်မား လာတဲ့ မန်ယူကစားသမားတွေအတွက် အခုပွဲ က အိမ်ကွင်းဆိုပေမယ့် ပြိုင်ဘက်က အဲဗာတန် ဖြစ်တာမို့ ရင်ပူစရာကောင်းနေတာတော့ အမှန် ပါပဲ။ အဲဗာတန်ဟာ မန်ယူနဲ့ဆုံတိုင်း ဖိအားပေး ကစားနိုင်ပြီး အမှတ်ရအောင်လည်း စွမ်းဆောင် နိုင်ပါတယ်။ အသင်းလိုက်ကစားအားကောင်းတဲ့ အဲဗာတန်ဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ သွားကစား ရပေမယ့် မန်ယူကို အခက်တွေ့အောင် ကစားပါ လိမ့်မယ်။ လူငယ်တိုက်စစ်မှူး ရက်ဖို့ဒ်ကို ပွဲထုတ် လာဖို့ရှိတဲ့ နည်းပြ ဗန်ဟားလ်ဟာ ဒီပွဲကို ဘယ်လို အခင်းအကျင်းနဲ့ ဧည့်ခံမလဲကြည့်ရမှာ ပါ။ မန်ယူတို့ အနိမ့်ဆုံး တစ်မှတ်တော့ ရနိုင်တဲ့ ပွဲပါ။

နော့ဝှစ်ခ်ျနဲ့ နယူးကာဆယ်
အမှတ်ပြည့်ရယူရေး ကြိုးစားမယ့် နယူးကာ ဆယ်အတွက်တော့ အဝေးကွင်းဆိုပေမယ့် တိုက် စစ်ဖွင့်ကစားပါလိမ့်မယ်။ နယူးကာဆယ်တို့က ခြေစွမ်းအတက်အကျရှိနေပေမယ့် နော့ဝှစ်ခ်ျရဲ့ အိမ်ကွင်းတုံ့ပြန်မှုက ပြင်းထန်တတ်တာမို့ သတိပြုရမှာပါ။ နော့ဝှစ်ခ်ျ တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် အားနည်းမှုက ရလဒ်ကို ထိခိုက် စေတာမို့ ဒီပွဲမှာ နယူးကာဆယ်တို့ အခြေအနေ ကောင်းသွားနိုင်ပါတယ်။

လီဗာပူးနှင့် စပါး
ခြေစွာနေတဲ့ စပါးတို့က နောက်ဆုံးလေးသင်း စာရင်းမှာ တင်ကျန်နိုင်ရေး အတိမ်းအစောင်း မရှိ အောင်ကြိုးစားနေပါတယ်။ လီဗာပူးတို့ကလည်း ရာသီကုန်ချိန်မှာပွဲတိုင်း နိုင်ပွဲရအောင် အားထုတ် နေတာမို့ အခုပွဲမှာ အိမ်ကွင်းလည်းဖြစ်တာ ကြောင့် အနိမ့်ဆုံး တစ်မှတ်ရအောင် စွမ်းဆောင် ပါလိမ့်မယ်။ ဒါပေမယ့် တိုက်စစ်မှူးတွေ စွမ်းရည် မြင့်မားတဲ့ စပါးဟာ အဝေးကွင်းဆိုပေမယ့် လီဗာပူးကို ကျော်ဖြတ်ဖို့ သေသေချာချာပြင်ဆင် ပြီး ရင်ဆိုင်မှာမို့ ဒီပွဲမှာ စပါးတို့ အမှတ်ပြည့် ရသွားနိုင်ပါတယ်။ ။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့က ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော် မတ် ၃ဝ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်ဥပစာရှိ မြက်ခင်းပြင်၌ ကျင်းပသည်။
ညစာစားပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း တို့က ညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာသော အထူးဧည့်သည်တော် ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတ၏ ဧည့်သည်တော်များ၊ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်ဇနီး ဒေါ်အေးအေးသိန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။ 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် တက်ရောက်လာကြသူ များသည် အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။ (သတင်းစဉ်)

ကိုးတန်ချောင်းတံတားအသစ် တည်ဆောက်ပြီးစီး၍ မော်လိုက်-ခန္တီးလမ်း ရာသီမရွေးသွားလာနိုင်

The Mirror Daily's photo.
မော်လိုက် မတ် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၄၄/၇-၄၅/ဝ) တွင် ကိုးတန်ချောင်းကူးတံတားအသစ် တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် ပြည်သူများ ရာသီမရွေး စိတ်အေးချမ်းမြေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကိုးတန်ချောင်းကူးတံတားက သက္ကယ်ကျင်း-ခန္တီးလမ်းပေါ်မှာ အဓိကကျတဲ့တံတားတစ်စင်းပါ။ မိုးတွင်းမှာ ဒီချောင်းက ရေစီးသန်တော့ ချောင်းရေကြောင့် ယခင်က ဒီကိုးတန်ချောင်းကို ကူးထားတဲ့ တံတားဟောင်းလေးက ရေစီးနဲ့အတူ ပျက်စီးသွားခဲ့တယ်။
ဒီလမ်းကနေ သွားလာနေတဲ့ ပြည်သူတွေအတွက် မိုးတွင်းဆို ကိုးတန်ချောင်းက သဘာဝကပေးထားတဲ့ အတားအဆီးတစ်ခုလိုဖြစ်နေတော့ ရေစီးသန်တဲ့ဒီချောင်းမှာ လှေတို့ ဝါးဖောင်တို့နဲ့ အန္တရာယ် ကြီးစွာဖြင့် ခက်ခဲစွာဖြတ်ကူးရတယ်။
ဒါကြောင့် ဒီချောင်းမှာ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်တဲ့ ကိုးတန် ချောင်းကူးတံတားအသစ်ကို ထပ်မံတည်ဆောက်ခဲ့တာ အခု မတ်လဒုတိယပတ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့အတွက် ပြည်သူများအနေနဲ့ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါပြီ'' ဟု တံတားအထူးအဖွဲ့(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ကိုးတန်ချောင်းတံတားသည် တံတားအရှည်ပေ ၃ဝဝ၊ တံတားအကျယ် ၂၄ ပေ ဖြစ်ကာ တံတားအမျိုးအစားမှာ ဘိုးပိုင်စနစ် သံကူကွန်ကရစ်အုတ်မြစ်ဖြစ်ပြီး ကိုယ်ထည်မှာ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ သံကူကွန်ကရစ် ရေလည်တိုင်နှင့် အပေါ်ထည်မှာ သံကူကွန်ကရစ်ရက်မ၊ ကြမ်းခင်းနှင့် တံတားခံနိုင်ဝန် တန် ၆ဝ ဖြစ်ကာ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၁၇ ဒသမ ၅ သန်းဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။
ဖိုးချမ်း(မုံရွာ)

ရွှေစာရံဘုရားပွဲတွင် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိရာ ငှက်လှေအငှားလိုက် သူများအဆင်ပြေ

The Mirror Daily's photo.
ပုသိမ်ကြီး မတ် ၃ဝ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအနီးတွင် တည်ရှိသော သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလပြည့်နေ့မှစ၍ လပြည့်ကျော် ၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများ လာရောက်လည် ပတ်မှုများပြားလျက်ရှိရာ ငှက်လှေအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
''ကျွန်တော်က ဒီရွှေစာရံဘုရားပွဲတော်ရက်ဆို နှစ်တိုင်းလာပြီး ငှက်လှေအငှား လိုက်တာပါ။ ဘုရားဖူးတွေကို နားဋောင်းကျချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ နားဋောင်းကျစေတီကို ငှက်လှေနဲ့လိုက်ပို့ပေးတာပါ။ လူတစ်ဦးကို ငါးရာကျပ်နဲ့လိုက်ပို့တာပါ။ လှေအပြတ်ငှားလို့လည်းရပါတယ်။ လေးထောင်ကျပ်ပါ။ အသွားအပြန်ဆို ရှစ်ထောင်ပေါ့။ အရင်က လှော်တက်နဲ့ လှော်ပြီးပို့တာပါ။
ခုမှ စက်တပ်ပြီးမောင်းပို့တာ ခြောက်နှစ်လောက်ရှိပါ သေးတယ်။ ဒီမှာက အငှားလိုက်တဲ့လှေ အစီး ၆ဝ ကျော် လောက်ရှိပါတယ်။ ဘုရားဖူးလာတာများတော့ အဆင်ပြေ ပါတယ်။ ဆီတစ်ဘူးကို လေးခေါက်လောက်ပို့လို့ရတယ်လေ။ လပြည့်နေ့ကဆို ရှစ်သောင်းလောက်ကျန်ပါတယ်။ ကြားရက်ကတော့ နှစ်သောင်း၊ သုံးသောင်းလောက်ပဲကျန်ပါတယ်။ ကျွန်တော်က ဦးပိန်တံတားဖက်မှာ အငှားလိုက်တာပါ၊ ပွဲတော်ရက်မို့ ဒီမှာလာပြီး အငှားလိုက် တာပါ။
လေလံကြေးက ပွဲတော်ရက်အစအဆုံး သုံးသောင်းခွဲပေးရပါတယ်။ ငှက်လှေစီးသူများတော့ အဆင်ပြေပါတယ်။ ပွဲတော်ရက်ပြီးရင် တောင်သမန်အင်းဖက် ပြန်မှာပါ'' ဟု ငှက်လှေအငှားလိုက်သူ ဦးအောင်ဆန်း ဝင်းက ပြောသည်။
သစ္စာဓိဋ္ဌာန်ရွှေစာရံစေတီတော်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်း၏ မိဖုရားတစ်ပါးဖြစ်သူ ရှမ်းမင်းသမီး စောမွန်လှက တည်ထားခဲ့ကြောင်း မှတ်တမ်းများအရသိရပြီး ရှမ်းလူမျိုးများလာရောက်မှုများပြားသလို ရှမ်းပြည်နယ် ဒေသထွက်ကုန်ပစ္စည်းများရောင်းချလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

ပခုက္ကူ၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

The Mirror Daily's photo.
ပခုက္ကူ မတ် ၃ဝ
ပခုက္ကူမြို့ မြို့သစ်ရပ် ချယ်ရီလမ်းရှိ ရွှေကောင်းစားသောက်ဆိုင် အခန်းအမှတ်(၅)တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးပြားများ လာရောက်ရောင်းချ သူနှင့် ဆက်စပ်ပြစ်မှုကျူးလွန်သူများအား မတ် ၂၈ ရက် ၈ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မှုခင်းအကူ တပ်ဖွဲ့မှ ရဲအုပ်မျိုးနိုင်၊ ရဲအုပ် နိုင်လင်းနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပခုက္ကူမြို့ မြို့သစ်ရပ် ချယ်ရီ လမ်းရှိ ရွှေကောင်းစားသောက်ဆိုင် အခန်း(၅)တွင် စောင့်ဆိုင်းနေစဉ် ကျော်ကြီး(ခ) ကျော်ဇင်ထွန်းနှင့် ပခုက္ကူမြို့ အမှတ်(၁၁) ရပ်ကွက် ၁၂လမ်းနေ ပိုင်ဖြိုးလွင်(ခ) ပိုင်ကြီး (ခ)ငပိုင်မှာ ကလစ်ဘီး အနက်ရောင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၄င်းတို့အား ရှာဖွေရာ ကျော်ကြီး(ခ)ကျော်ဇင်ထွန်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ (အလေးချိန် ၂ဝ ဒသမ ၁ ဂရမ်)၊ ဆေးပြားရောင်းချရ ငွေကျပ် ၄၅ဝဝ၊ အဖြူရောင် လက်ကိုင်ဖုန်း တစ်လုံးတို့ သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ရှာဖွေရာ အပေါက်ဝတွင် စောင့်ဆိုင်းနေသူ ပိုင်ဖြိုးလွင်ထံမှ နံပါတ်ပါ အနက်ရောင်ကလစ်ဘီး ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် ၁ဝဝဝ တို့ အား သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့အားစစ်မေးရာ ပခုက္ကူမြို့ မြို့ရှောင်လမ်းနှင့် မြိုင်လမ်းဆုံအနီးရှိ စားသောက်ဆိုင်တွင် အတူသွားရောက် ရောင်းချပေးသူ ပြာလောင်(ခ)ဌေးမင်းလှိုင် စောင့်ဆိုင်းနေကြောင်း သိရ၍ သွားရောက်ဖမ်းဆီးခဲ့ပြီး ¤င်းထံမှ မူးယစ် ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် အဖြူရောင် ပလတ်စတစ်အိတ်သေး ခြောက် လုံး၊ ငွေစက္ကူရောရာ ကျပ် ၁၁၄၇၅ဝ၊ ပိုင်ဖြိုးလွင်ပိုင်ဆိုင်သော နံပါတ်ပါ JIANSHE ၁၁ဝ အမျိုးအစား အနက်ရောင် ဆိုင်ကယ်တို့ အားတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး များ လက်ဝယ်ကိုင်ဆောင်ရောင်းချသူ ကျော်ကြီး(ခ)ကျော်ဇင်ထွန်း၊ ပြာလောင်၊ ပိုင်ဖြိုးလွင်တို့အား ပခုက္ကူမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

The Mirror Daily's photo.
ကျောက်တံခါး မတ် ၃ဝ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၇/၄) နှင့်( ၇၇/၅)အကြားတွင် ယနေ့နံနက် ၈ နာရီခွဲက ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့သည်။
အခင်းဖြစ်နေရာသို့ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထွန်းထွန်းဦး၊ တာဝန်ကျတာဝန်မှူး ရဲအုပ် သိန်းဗိုလ်နှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ဘောဂသိဒ္ဓိရပ်ကွက် ပိတောက်အိမ်ရာ တိုက်အမှတ်(၇၃၇)နေ အောင်စိုးသူ (၂၅)နှစ် မောင်းနှင်သည့် ယာဉ်အမှတ် ၅ဃ/----- မတ်တူးအမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်လွန်ပြီး လမ်းလယ်ကျွန်းပေါ်မှတစ်ဆင့် တစ်ဖက် ယာဉ်ကြောဘက်သို့ရောက်ရှိကာ တိမ်းမှောက် ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်အမိုး ပိုင်း ပိန်ချိုင့်ပျက်စီး၊ ရှေ့လေကာမှန်နှင့် ရှေ့ မီးသီးများကွဲ၊ ဘော်ဒီယာဘက်ဘေးပိန်ချိုင့်ပျက်စီးခဲ့ပြီး အောင်စိုးသူအား မြို့ချောင်းအမြန် လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)

ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်နဲ့ နယ်သာလန်တို့ အင်အားကြီးပြိုင်ဘက်တွေကို အနိုင်ကစားခဲ့တဲ့ ဥရောပခြေစမ်းပွဲများ




The Mirror Daily's photo.


မတ် ၃ဝ ရက် မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲ ပွဲစဉ်တွေထဲမှာ ဥရောပအင်အားကြီးအသင်းတွေအချင်းချင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်တွေ ပါဝင်နေပြီး အဲဒီထဲကမှ ဂျာမနီက အီတလီ၊ ပေါ်တူဂီက ဘယ်လ်ဂျီယံ၊ ပြင်သစ်က ရုရှား၊ နယ်သာလန်က အင်္ဂလန်ကို အသီးသီးအနိုင်ယူခဲ့တာကို တွေ့ခဲ့ရပါတယ်။

အင်္ဂလန်-နယ်သာလန်

အင်္ဂလန်နဲ့ နယ်သာလန်တို့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းဟာ ဝင်ဘလေကွင်းမှာပဲ နယ်သာလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ၁၇ ပွဲ ဆက်ရှုံးပွဲမရှိ စံချိန်ကျိုးပျက်သွားခဲ့သလို ပြင်သစ်၊ ဂျာမနီတို့ကို အနိုင်ယူပြနိုင် ပြီးနောက် အင်္ဂလန်အသင်းအနေနဲ့ ယူရို-၂ဝ၁၆မှာ ဗိုလ်စွဲတော့မယ့်အလား အလွန်အမင်းချီးမွမ်းခန်းဖွင့်ရေးသားနေတဲ့ အင်္ဂလန်မီဒီယာတွေလည်း တဒင်္ဂတော့ နှုတ်ဆိတ်သွားမှာပဲဖြစ်ပါတယ်။ အင်္ဂလန်ဟာ နယ်သာလန်အသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးဖန်တီးမှုအသာပြုလုပ်နိုင်ခဲ့ပေမယ့် ဒီပွဲမှာ အဆုံးအဖြတ်ပေးသွားတာကတော့ ခံစစ်ဇုန်ကို တည်တည်ငြိမ်ငြိမ်ပြင်ဆင်ထားနိုင်တဲ့ နယ်သာလန်က အသာရသွားတယ်လို့ ယူဆရမှာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အင်္ဂလန်တိုက်စစ်မှူး ဂျေမီဗာဒီရဲ့ အရည်အသွေးတွေက ဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲတွေကို လွဲချော်နေတဲ့ အသင်းခေါင်းဆောင်ရွန်းနီကို လုံးဝမေ့ထားလို့ရအောင် ကောင်းခဲ့တာကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အဖွင့်ဂိုးကို ပွဲချိန် ၄၁ မိနစ်မှာပဲ အင်္ဂလန်တိုက်စစ်မှူး ဗာဒီက သွင်းယူခဲ့ပေမယ့် ရလဒ်ပိုင်းအလှည့်အပြောင်းဖြစ်ခဲ့တာက အင်္ဂလန်နောက်ခံလူ ဒန်နီရို့ရဲ့ လက်ထိဘောကြောင့် နယ်သာလန်အသင်းကို ပင်နယ်တီ ပေးခဲ့ရတဲ့ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒီပင်နယ်တီပြစ်ဒဏ်ကို ဂျန်ဆန်က ချေပဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပြီးနောက် အင်္ဂလန်အသင်းက နိုင်ပွဲဆက်ဖို့ တရစပ် ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နယ်သာလန်မှ ဂျက်ကီယာကာရဲ့ ဖြတ်တင်ဘောကို နာဆင်းကအပိုင်ပိတ်သွင်းသွားခဲ့လို့ အင်္ဂလန်အနေနဲ့ ဝင်ဘလေကွင်းမှာပဲ ရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်-ရုရှား

ယူရို-၂ဝ၁၆ အိမ်ရှင်ပြင်သစ်နဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတဲ့ ရုရှားအသင်းတို့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ ပြင်သစ်က လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပြင်သစ်အတွက် သွင်းဂိုးတွေကို ကန်တီ၊ ဂင်းနက်၊ ပါယက်နဲ့ ကိုးမန်းတို့က သွင်းယူပေးခဲ့ပြီး ရုရှားအတွက်တော့ ကိုကိုရင်နဲ့ ရှက်ဗ်ကော့ဗ်တို့က ချေပဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ထူးထူးခြားခြားဘာမှပြောစရာမရှိပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုသုံးကြိမ်ပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရုရှားအသင်းကို ပေးဂိုးနှစ်ဂိုးတောင်ပေးခဲ့ရတဲ့ ပြင်သစ်အသင်းအနေနဲ့ ဒီထက်ပိုပြီး ကျစ်လျစ်တဲ့ခံစစ်ကိုတည်ဆောက်ဖို့ ကြိုးပမ်းရတော့မယ်ဆိုတာ နည်းပြဒက်စ်ချွမ့်စ်ကို သတိပေးလိုက်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့မှာတော့ သေချာလို့ နေပါတယ်။

ဂျာမနီ-အီတလီ

ဂျာမနီအသင်းနဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာတော့ ဂျာမနီဟာ လွန်ခဲ့တဲ့နှစ်ရက်က အင်္ဂလန်ကို ရှုံးနိမ့်ခဲ့တာကို ပြန်ပြီးပေါက်ကွဲပြ သလားထင်ရလောက်အောင် ပွဲအစအဆုံး ကစားအားလုံးဝမချဘဲ ကစားခဲ့ကာ လေးဂိုး-တစ်ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြလိုက်ပါတယ်။ အခုနိုင်ပွဲက ဂျာမနီအနေနဲ့ အီတလီကို နှစ်ပေါင်း ၂၁ နှစ်အတွင်း ပထမဦးဆုံး ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။ ဂျာမနီက အီတလီနဲ့ဆုံတိုင်း ရလဒ်ကောင်းလေ့မရှိခဲ့ဘဲ ၂ဝဝ၆ ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲမှာ နှစ်ဂိုး-ဂိုးမရှိ၊ ယူရို-၂ဝ၁၂ အကြိုဗိုလ်လုပွဲမှာလည်း နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲစဉ်မှာတော့ ဂျာမနီအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ တိုနီခရူးစ်က သွင်းယူခဲ့ပြီးနောက် ဂေါ့ဇီ၊ ဟက်ခ်တာ၊ အိုဇေးလ်တို့က ဂိုးတွေဆက်တိုက်ခံသွင်းယူခဲ့ကာ အီတလီအတွက် တစ်လုံးတည်းသော နှစ်သိမ့်ချေပဂိုးကို အယ်ရှာရာဝီက ပွဲကစားချိန် ၈၃ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီ-ဘယ်လ်ဂျီယံ

ဒီပွဲစဉ်ကတော့ ဘယ်လ်ဂျီယံအသင်းအတွက် ဘရပ်ဆဲလ်တိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးလားလို့ မေးရလောက်အောင် ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိတောင်ရှိခဲ့ပေမယ့် ဂိုးဖန်တီးမှုနဲ့ဂိုး ပေါက်ခြိမ်းခြောက်မှုတွေမှာ ပေါ်တူဂီအသင်းကို မမီခဲ့တာကတော့ ဆိုးရွားလွန်းပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရိုနယ်လ်ဒိုအတွက်တော့ နိုင်ငံတကာ ပွဲလေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအတွက် သွင်းဂိုးတွေကို နာနီနဲ့ စီရိုနယ်လ်ဒိုတို့က သွင်းယူပေးခဲ့ပြီး ဘယ်လ်ဂျီယံအတွက် ချေပဂိုးကိုတော့ လူကာကူ သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။

မေလဲ့သင်း - စုစည်းရေးသားသည်

သုံးပွင့်ဆိုင်ဇာတ်လမ်းကြားက ရောဘတ်၊ ခရစ်စတင်းနဲ့ ဆိုကို

The Mirror Daily's photo.
သွေးစုပ်ဖုတ်ကောင်တွေအကြောင်း စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် တင်ဆက်မှုတွေနဲ့ ဖန်တီးရိုက်ကူးခဲ့ပြီး ကမ္ဘာတစ်ဝန်းအောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ''Twilight''ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား ရောဘတ် ပတ်တီဆန်နဲ့ မင်းသမီးခရစ်စတင်းတို့နှစ်ဦးဟာ အလွန်လိုက်ဖက်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ အပြင်လောကမှာလည်းချစ်သူတွေဖြစ်ခဲ့ကြပြီး ပရိသတ်တွေကလည်း လိုက်ဖက်တဲ့စုံတွဲအဖြစ် သတ်မှတ်ပေးခြင်းခံထားရတဲ့ စုံတွဲဖြစ် ပါတယ်။
ဒါပေမယ့် သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်းလေးနှစ်ခန့်မှာ လမ်းခွဲခဲ့တဲ့ အခြေအနေကို ရောက်ခဲ့ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ခရစ် စတင်းက သူ့ရဲ့ရုပ်ရှင်သစ် ''Snow White and the Huntsman''ရဲ့ ဒါရိုက်တာဖြစ်သူ ရက်ပါ့စန်းဒါးစ်နဲ့ သတင်းတွေထွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ယူအက်စ်ဝိခ်ကလီးသတင်းစာက ခရစ်စတင်းနဲ့ ရက်ပါ့ စန်းဒါးစ်တို့ရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့တဲ့ အချိန်မှာတော့ခရစ်စတင်းက ရောဘတ်ကို မီဒီယာတွေကနေတစ်ဆင့် တရားဝင်တောင်းပန် ခဲ့ပေမယ့် အဲဒီအဖြစ်အပျက်နောက်ပိုင်း လမ်းခွဲခဲ့ကြပါတယ်။
၂ဝ၁၄ ခုနှစ် စက်တင် ဘာလအတွင်းမှာတော့ ရောဘတ်က အဆို တော်အက်ဖ်ကေအေတွစ်နဲ့ ချစ်သူတွေ ဖြစ်နေကြကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် ဧပြီလအတွင်းမှာ တရားဝင်စေ့စပ်ခဲ့ကြပါတယ်။
လတ်တလောမှာတော့ ခရစ် စတင်းက လိင်တူချစ်သူ အဆိုတော် ဆိုကိုနဲ့ ချစ်သူတွေအဖြစ် လူသိရှင် ကြားတွဲလာကာ သူတို့နှစ်ဦးကို ဟောလိဝုဒ်ရဲ့ လမ်းတွေပေါ်မှာ မကြာခဏဆိုသလို အတူတွဲတွေ့ လာရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ မတ်လအတွင်းက တေးဂီတ ဘလော့ခ်တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုကိုက သူနဲ့ ရောဘတ်တို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဆိုကို က ရောဘတ်နဲ့သူဟာ လော့စ်အန်ဂျယ် လိစ်ကို သူစတင်ပြောင်း ရွှေ့လာချိန်က တွေ့ဆုံခဲ့ ကြကာ ချစ်သူတွေ ဖြစ်ခဲ့ကြတာဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ ဒါ့ကြောင့် ခရစ်စတင်းရဲ့ လက်ရှိချစ်သူဟာ သူ့ရဲ့ချစ်သူဟောင်းရောဘတ်နဲ့လည်း ချစ်ကြိုက်ခဲ့ဖူးသူဖြစ်တဲ့အတွက် သူတို့ရဲ့ အချစ်ဇာတ်လမ်းကို သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဟောလိဝုဒ်မီဒီယာ တွေက ဖော်ပြခဲ့ကြပါတယ်။
ဆိုကိုနဲ့ ခရစ်စတင်းတို့ဟာ ယခုနှစ်အစပိုင်းက ညစာစားပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ချိန်းဆိုတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ယခုလအစပိုင်းမှာ ခရစ်စတင်းက ပဲရစ်ကိုသွားရောက်လည်ပတ်ကာ ဆိုကိုနဲ့ တွေ့ဆုံခဲ့ခြင်းဖြင့် သူတို့နှစ်ဦးအကြားက ဆက်ဆံရေးကို တရားဝင် ထုတ်ဖော် ပြသခဲ့ကာ အမေရိကန်တစ်ဦးနဲ့ ထပ်မံပြီးချစ်သူတွေအဖြစ် လက်မတွဲချင်တဲ့ ခရစ်စတင်းအဖို့ ပြင်သစ်လူမျိုး ဆိုကိုဟာ ပြည့်စုံတဲ့ချစ်သူဖြစ်လာကြောင်း သူတို့နှစ်ဦးနဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးက ဖွင့်ဟခဲ့တယ်လို့ သည်မေရာဒေါ့ကွန်း က ဖော်ပြခဲ့ပါတယ်။
အေးပြည့်

မဟာသင်္ကြန် အကြိုဇာတ်ကားသစ် သင်္ကြန်ပြတိုက်ဇာတ်ကား ဧပြီ ၁ ရက်တွင် ပြသမည်

The Mirror Daily's photo.
ခုချိန်ကာလဟာ သင်္ကြန်ရေ သဘင်ပွဲဆင်နွှဲဖို့ နီးကပ်လာချိန် လည်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိ သတ်ကြီးကို ဒီနှစ်ရဲ့ မဟာသင်္ကြန် အကြိုဇာတ်ကားသစ်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ခင်ဝင့်ဝါနဲ့ နန်းဆုဦးတို့ ခေါင်းဆောင်ပြီး သရုပ်ဆောင်များစွာ ပါဝင်အားဖြည့် ထားတဲ့ သင်္ကြန်ပြတိုက်လို့ အမည် ရတဲ့ သင်္ကြန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားမှာ အထက်တန်း ကျောင်းသားဘဝထဲက ငယ်သူငယ် ချင်းများဖြစ်ကြတဲ့ စိုင်း၊ အယ်လ် ဇော်ခိုင်၊ ဖိုးရှုပ်နဲ့ မြသွေးချယ်တို့ဟာ လူငယ်တို့ထုံးစံအတိုင်း သင်္ကြန်ရက် နီးလာတော့ သင်္ကြန်မှာပျော်ရွှင်ဖို့ တိုင်ပင်နေတုန်း စိုင်းရဲ့အဘိုးက ငွေထုတ်ပေးတော့ အားလုံးပျော်ရွှင် သွားကြပါတယ်။
ဒီအချိန်မှာ မြသွေးချယ်ရဲ့ အွန်လိုင်းကသူငယ်ချင်း ဟေဇယ် ကလည်း သင်္ကြန်ခံစားဖို့ မြန်မာ ပြည်ကိုရောက်လာခဲ့ပြီး သူက စိုင်းကို တိတ်တခိုးစိတ်ဝင်စားနေ ခဲ့ပါတယ်။ ဒီလိုနဲ့ သင်္ကြန်အတွက် မဏ္ဍပ်ဆောက်ပြီး လက်မှတ်တွေလိုက် ရောင်းနေချိန်မှာ မြသွေးချယ်ရဲ့ မောင်လေးဖြစ်သူဟာ ကားတိုက်ခံ ရတဲ့အတွက် အခက်အခဲများစွာနဲ့ သင်္ကြန်ကျဖို့ သုံးရက်အလိုအထိ စပွန် ဆာရှာမရဘဲစိုင်းတို့အုပ်စုအခက် ပွေ နေကြတယ်။
ဟေဇယ်က ဒီအခက်အခဲတွေအား လုံးကိုဖြေရှင်းပေးလို့ ပြေလည်သွားပြီး ပျော်ရွှင်စွာအဆုံးသတ်ထားကြပုံကို ပျော်ရွှင်ကြည်နူးဖွယ် ခံစားကြည့်ရှု နိုင်ကြမှာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ဝတ္ထု မင်းခိုက်စိုး စန်၊ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်ကားလေးကို သမ္မတ၊ မင်္ဂလာ (၁)သိမ်ကြီးဈေး၊ တော့ရွိုင်ရယ် (စိန်ဂေဟာပါရမီ)၊ မင်္ဂလာစံပြ Cineplex၊ ဝင်းလိုက်နဲ့ မင်္ဂလာ ထွန်းသီရိ Cineplex 1 2 3 တို့မှာ လာမယ့် ဧပြီ ၁ ရက်ကစလို့ ရုံတင် ပြသပေးသွားမှာဖြစ်လို့ သင်္ကြန်အကြို မြန်မာဇာတ်ကားလေးကို ပရိသတ်များခံစားနိုင်ရန် တင်ပြ လိုက်ရပါတယ်။
နိုင်ငံခြားဇာတ်ကားသစ် အနေနဲ့ ဝါရင့်အက်ရှင်မင်းသားကြီး မော်ဂန်ဖရီးမန်း ပါဝင်သရုပ် ဆောင်ထားတဲ့ မှုခင်းအက်ရှင် ဇာတ်ကား London Has Fallen (2D) ကို မင်္ဂလာ(၂)၊ နေပြည်တော် Cineplex 1 2 3၊ မင်္ဂလာ စံပြ Cineplex 1 2 3၊ မင်္ဂလာဒိုင်းမွန်း Cineplex 1 2 3 နဲ့ မင်္ဂလာထွန်းသီရိ Cineplex 1 2 3 တွေမှာ ဧပြီ ၁ ရက်ကစလို့ ရုံတင်ပြသသွားမှာ ဖြစ်ပါကြောင်း သတင်းပါးလိုက်ရ ပါတယ်။
ဖြိုးစန္ဒာမြင့်

ရှားပါးစွာတွေ့မြင်ရမည့် ရေဦးမြို့မှ ဒေါင်းလန်းလုပ်ငန်း




The Mirror Daily's photo.


မုံရွာ မတ် ၃ဝ

ဝါးကို နှီးအဖြစ်ခွဲခြမ်းစိတ်ဖြာ၍ ရက်လုပ်ရသည့် နှီးဖြာလုပ်ငန်းအဖြစ် မြန်မာ့ရိုးရာ ဒေါင်းလန်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မြောက်ဘက် ၅၉ မိုင် ခန့်အကွာရှိ ရေဦးမြို့တွင် မျိုးရိုးစဉ်ဆက်လုပ်ကိုင်နေသည့် ဒေါင်းလန်းလုပ်ငန်းကို ရှားရှားပါးပါးတစ်ခုတည်းသာ ကျန်သောလုပ်ငန်းအဖြစ် တွေ့ရသည်။

''အသက် ၁၅ နှစ်သားကတည်းက ဒေါင်းလန်းလုပ် လာတာပါ။ ရေဦးမြို့နယ် ဝသဲရွာသားပါ။ ဒီနယ်မှာတော့ ဝသဲနဲ့ မီးမော်ကုန်းရွာတို့ပဲ ယွန်းဒေါင်းလန်းလုပ်ကြတာပါ။မြေပြန့်ကသူတွေကတော့ မသုံးကြဘူး။ တောင်ပေါ်ရှမ်းပြည်ကပဲ သုံးကြတယ်။ လက်ဖက်ခြောက်ထွက်တဲ့ ရာသီဆိုရင် မန္တလေးပွဲရုံကြီးတွေမှာ ကြိုပို့ထားရတယ်။ ဒီလုပ်ငန်းကို လုပ်ရတာ မိသားစုလုပ်ငန်းအဖြစ် မျိုးရိုးမပျက်ထိန်းသိမ်း ထားတဲ့သဘောပါ။ ငါးယောက်စားဒေါင်းလန်းတစ်ခုကိုကျပ်ငါးထောင်နဲ့ရောင်းရပါတယ်။ အရင်းက ကျပ်လေးထောင် ကျတယ်။ တကယ်အစစ်အမှန် ပစ္စည်းကောင်းချည်းသုံးမယ် ဆိုရင် ငါးယောက်စားဒေါင်းလန်းတစ်ခုကို ကျပ် ငါးသောင်းလောက်ရမှ လုပ်နိုင်မှာပါ။ သက်တမ်းကလည်း အနည်းဆုံး ၁ဝ နှစ်အထိခိုင်တယ်။ပန်းကန်လို ကျကွဲမှာ လည်းမပူရဘူး''ဟု အသက် ၇၅ နှစ်ရှိ ဒေါင်းလန်းလုပ်သူ က ပြောပြသည်။

ဒေါင်းလန်းကို ယခုအခါ မန္တလေး၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နန့်ခမ်းတို့သို့ တင်ပို့ရောင်းချရကာ ရှမ်းပြည်နယ်မှ ဒေါင်းလန်းကို ''ဖိန်း''ဟုခေါ်ပြီး ပလောင်များက ဂလန့်၊ ကချင်ပြည်နယ်က ကြည်လင်၊ မိုးကုတ်မြို့က ဒေါင်းဘောင်၊ ဘုတလင်မြို့က ဗန်းဒယ်၊ မုံရွာ ကျောက်ကာရွာက ရက်သာဟုခေါ်၍ ပင်မလုပ်ငန်းရှင် ရေဦးမြို့က လွှားဟု အသီးသီးခေါ်ဆိုကြကြောင်း သိရသည်။
ဒေါင်းလန်းများကို လူဦးရေ ငါးယောက်စား၊ သုံးယောက်စား၊ နှစ်ယောက်စားအဖြစ်ပြုလုပ်ပြီး အဆိုပါ အရွယ်အစားထက် ကြီးမားစွာလုပ်လိုလျှင်လည်း ပြုလုပ်ပေးကြောင်း သိရသည်။ ဒေါင်းလန်းကောင်းတစ်ခုရရန် အချိန် နှစ်လခန့်ယူ၍လုပ်ရပြီး အကြမ်းအားဖြင့် ဒေါင်းလန်းကို အပိုင်း ၁ဝ ပိုင်းခန့်ခွဲ၍ ပြုလုပ်ရသည်။ အပေါ်ပိုင်း မျက်နှာပြင်မှစ၍ အောက်ခြေအထိလွှား(မျက်နှာခွက်)၊ ဗေဒါခွ၊ ခွက်သီး၊ ခွက်နင်း၊ ပန်းကုံး၊ ခြေတန်၊ ပြော့တောင်၊ ပြော့ရစ်၊ ကြာဘလား၊ ခုံဘီးဟူ၍ အပိုင်း ၁ဝ ပိုင်းခွဲ၍ ပြုလုပ်ရသည်။ လွှားခေါ်မျက်နှာခွက်၏ အောက်ဘက်တွင် ဒေါင်းလန်းအပေါ်မျက်နှာပြင် တင်းမာခိုင်ခံ့စေရန် သစ်စေးဖြင့်သုတ်လိမ်းရန် တပ်ထားသောနှီးခွေကို ဗေဒါခွ ဟုခေါ်ကြောင်း သိရသည်။

မျက်နှာခွက် လွှားကို ပြုလုပ်၍ ဝါးနှီးငယ်များကို သပ်သပ်ရပ်ရပ်ဖြင့် လိုအပ်သောမျက်နှာပြင်အတိုင်း အတာအလိုက် စက်ဝိုင်းပုံရက်လုပ်ရပြီး ရက်လုပ်ထားသော စက်ဝိုင်းအတွင်း သစ်စေးသုတ်၍ လွှစာမှုန့်ဖြူးခြင်းကို စအိုထိုးသည်ဟုခေါ်တွင်၍ မျက်နှာခွက်လွှားကို မြေတိုက်တွင် လုံလောက်သောအပူရရန် သုံးညခန့်ထားရသည်။

သစ်စေးအိပ်လျှင် ခွက်ဘီးနှင့် မျက်နှာခွက်ကို ဆက်စပ်ပေးပြီး ခွက်ဘီးကြားသို့ အနားသားများခိုင်မြဲစေရန် လွှစာမှုန့် များသိပ်ထည့်ကာ သစ်စေးသုတ်၍ မြေတိုက်ထဲ သို့ သွင်းရပြန်သည်။ မျက်နှာခွက်၏အောက်ဘက် ဗေဒါခွ (ခေါ်) နှီးခွေကိုတပ်ဆင်ပြီး မျက်နှာခွက်နှင့် ပန်းကုံးကိုဆက်ပြီး သစ်စေးသုတ်၍ မြေတိုက်တွင် သုံးညခန့်ထားအပြီးတွင် အာလူးကျောက်ဖြင့် ပွတ်တိုက်ရသည်။

ယခုအခါ ကျောက်ခဲအစား ကော်ပတ်ဖြင့် ပွတ်တိုက်ကြပြီး မျက်နှာခွက်မှ ခွက်နင်းအထိပြုလုပ်သောအပိုင်းကို ဒေါင်းလန်း၏အပေါ်ပိုင်းဟုခေါ်ပြီး ခွက်နင်း၏ အောက်ခံဘီးအထိကို အောက်ပိုင်းဟုခေါ်သည်။

ပြုလုပ်ရသည့် အချိန်ကြာမြင့်မှု၊ လူတို့၏နေထိုင် စားသောက်မှုစရိုက်ပြောင်းလဲလာမှု၊ ခေတ်အမြင်ကျယ် ပြန့်လာမှုတို့ကြောင့် မြန်မာ့ရိုးရာမိသားစု ချစ်ကြည်ရေး သရုပ်ဖော်သော ဒေါင်းလန်းသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်လုအခြေအနေတွင် တစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရေဦးမြို့တွင် လုပ်ကိုင်လျက်ရှိသည်။
မျိုးဝင်းထွန်း(မုံရွာ)

အောင်လံမြို့တွင် ကာတွန်းဆရာကြီးများ၏ ရသစုံကာတွန်းပြပွဲ ကျင်းပ

The Mirror Daily's photo.
အောင်လံ မတ် ၃ဝ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့ ကန်ကြီးရပ်ကွက် ချယ်ရီရွှေခန်းမ (၁)တွင် မတ် ၂၉ ရက် နံနက်ပိုင်းက အောင်လံမြို့နယ်မှ ကာတွန်းဆရာကြီးများ ဖြစ်ကြသော ကိုဖေသစ်တည်၊ ကိုဆွေသား၊ ကိုဒီ မျိုးနောင်၊ ကိုကြည်သွင်၊ ကိုမျိုး (အောင်လံ)၊ ကိုကင်း၊ ကိုဇေလတ်ခိုင်တို့ ခုနစ်ဦး၏ စီစဉ်မှုဖြင့် ''ရသစုံ'' ကာတွန်းပြပွဲ ကိုကျင်းပခဲ့သည်။
ယင်းပြပွဲတွင် အောင်လံ ကာတွန်းဆရာခုနစ်ဦးတို့၏ ကာတွန်းလက်ရာများနှင့် ရန်ကုန်မြို့၊ ပြည်မြို့တို့မှ ကာတွန်းဆရာကြီးများ၏ ကာတွန်း ပန်းချီလက်ရာပေါင်း ၂ဝဝ အား ချိတ်ဆွဲပြသထားကာ ကာတွန်း ပန်းချီဆရာများက လက်တွေ့ကယ်ရီကေးချား ရေးဆွဲပေး၍ ရန်ပုံငွေရှာကြပြီး ပြပွဲအား မတ်၂၉ ရက်နှင့် ၃ဝ ရက် နှစ်ရက်ပြသခဲ့ပြီး ပြပွဲသို့ကာတွန်းဝါသနာရှင်များ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာကြည့်ရှု ကြကြောင်း သိရသည်။
သိန်းလွင်(ပြန်/ဆက်)

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်



The Mirror Daily's photo.


အစိုးရသစ်၏ မျှော်မှန်းချက်၊ ရည်မှန်းချက်ဖြစ်သည့် 'ပြောင်းလဲချိန်တန်ပြီ'ဆိုသည့်ကြွေးကြော်သံနှင့်အညီ ဖေဖော်ဝါရီ ၁ ရက်က လွှတ်တော်အဟောင်းမှ လွှတ်တော်အသစ်သို့လည်းကောင်း၊ ယခု မတ် ၃ဝ ရက်တွင် အုပ်ချုပ်ရေးကဏ္ဍဆိုင်ရာအပြောင်းအလဲအဖြစ်သို့လည်းကောင်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

အဆိုပါအပြောင်းအလဲနှစ်ရပ်တွင် လွှတ်တော်အပြောင်းအလဲဆိုသည်မှာ အချုပ်အခြာအာဏာထဲတွင်ပါရှိသည့် ဥပဒေပြုရေးနှင့်ပတ်သက်၍ ပြောင်းလဲခြင်းဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာပြောင်းလဲခြင်းသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ရသည့် အပြောင်းအလဲဖြစ်သောကြောင့် ပြည်သူအများ စိတ်ဝင်စားသည်။ အစိုးရသစ်အပြောင်းအလဲမှာ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ရသည့် အောက်ခြေမှ ဗဟိုကနေတစ်ဆင့် အားသွန်ခွန်စိုက်လုပ်ဆောင်ရတော့မည်ဖြစ်သည်။

ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့မှုဆိုရာ၌ နိုင်ငံတော်အဆင့်မှ ရပ်/ကျေး အဆင့်အထိ တစ်ဆက်တစ်စပ်တည်းသွားနေရမည်ဖြစ်ပြီး ဗဟိုလုပ်ဆောင်မှုကို အောက်ခြေအထိရောက်ရန် အလွန်ကြန့်ကြာတတ်သည်များ ရှိသည်။ ၎င်းကို အုပ်ချုပ်ရေးပိုင်းအနေဖြင့် သတိထားဖို့လိုမည်ဖြစ်သည်။ ပြည်သူများမျှော်လင့် ထားသည့်အတိုင်း ဖြစ်လာရန် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့မှုကို မြန်မြန်နှင့် ပြင်းပြင်းလှုပ်ရှားဆောင်ရွက်နိုင်မှသာလျှင် ပြည်သူများက အသိမြန်ကာ အမြန်အသိအမှတ်ပြုမည်ဖြစ်သည်။

အစိုးရသစ်တစ်ရပ်ကို လွှဲပြောင်းပေးခဲ့ပြီဖြစ်ရာ ရက်ပေါင်း ၁ဝဝ အတွင်း လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများကို အစိုးရသစ်အနေဖြင့် ထိထိမိမိ လုပ်ဆောင်လိမ့်မည်ဖြစ်သော်လည်း ပြည်သူလူထုအနေဖြင့် စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့်နိုင်ဖို့လည်း လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အစိုးရသစ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအပြင် အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့ကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

''လွှတ်တော်ကိုလာရောက်လေ့လာတဲ့သူတွေကိုတွေ့ရတဲ့အခါ သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ သူတို့ရဲ့ ဝမ်းသာပီတိဖြစ်မှုတွေက ကျွန်မတို့ဆီကိုအများ ကြီးကူးစက်ပါတယ်။ အရင်က ကိုယ်တွေချည်းပဲလွှတ်တော်တက်နေရတော့ ဒီလောက်မသိသာဘူး။ ကျွန်မတို့စိတ်ထဲမှာက ရှေ့မှာထမ်းဆောင်ရမယ့်တာဝန်တွေ၊ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကိုပဲ ပိုပြီးအာရုံစိုက်မိနေတယ်။ ပြည်သူလူထုရဲ့စိတ်အားထက်သန်မှု၊ မျှော်လင့်ချက်တွေကိုတွေ့ရတာ ပိုပြီးစိတ်လှုပ်ရှား စေပါတယ်''ဟု ရန်ကင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် က ပြောသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံများထဲတွင် အပါအဝင်ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးအပြင် နိုင်ငံရေးအကျပ်အတည်းများလည်း များစွာရှိနေသည်။ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအပြင် တစ်ချိန်ကဖြစ်ပေါ်ခဲ့သည့် ပြဿနာပေါင်းများစွာကလည်း လွှတ်တော်ကော်မတီများဆီသို့ တိုင်စာတွေတက်နေသည်မှာ အတော်ပင်များနေပြီဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် လယ်ယာမြေကိစ္စနှင့် အလုပ်အကိုင်အခွင့်အလမ်းကိစ္စများကိုလည်း အစိုးရသစ်အနေဖြင့် ဖြေရှင်းရဦးမည်ဖြစ်သည်။

ထို့ကြောင့် အစိုးရသစ်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ရန်ကင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ''အဲဒါတွေကို ဘယ်လောက်ဖြေရှင်းနိုင်မလဲဆိုတာက ကျွန်မတို့ အာရုံစိုက်နေရတယ်။ မဖြေရှင်းနိုင်သေးတဲ့အတွက်လည်း စိန်ခေါ်မှုတွေဖြစ်နေရတာပါ။ ဘယ်လောက်ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာလည်း စိန်ခေါ်မှုတစ်ခုပါ။ ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ရင်တော့ ကျွန်မတို့နိုင်ငံဟာ ပြည်သူလူထုက မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုကို ထူထောင်နိုင်မှာပါ''ဟု ဆိုသည်။

မိုးကောင်းမြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းနိုင်ကမူ ''ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကာလမှာ အာဏာလွှဲပြောင်းမှုဟာ မလွဲမသွေကြုံရမှာပါ။ မဲအများ စုအနိုင်ရတဲ့အဖွဲ့အစည်းကနေ အစိုးရသစ်ဖွဲ့စည်းတာဆိုတော့ နောက်နောင်ကိုလည်း အဆင်ပြေပြေလွှဲပြောင်းပေးနိုင်မယ်လို့လည်း မြင်ပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ ဒီမိုကရေစီနေ့သစ် စတင်မယ့်နေ့လို့လည်း မျှော်လင့်တယ်။ အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကို စေတနာ၊ မေတ္တာနဲ့ အုပ်ချုပ်မယ်၊ ဖြေရှင်းမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်မှာပါ''ဟု ပြောသည်။

အစိုးရသစ်လက်ထက်တွင် တွေ့ကြုံလာမည့် အခက်အခဲအမျိုးမျိုးရှိနိုင်သော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအပါအဝင် ကဏ္ဍပေါင်းစုံအား အမျိုးသားပြန်လည်သင့်မြတ်ရေးမူကိုအခြေခံကာ သဟဇာတရှုထောင့်မှတစ်ဆင့် ဆောင်ရွက်သွားရန်လည်း အရေးကြီးပေသည်။

ထို့ပြင် အစိုးရသစ်လက်ထက်တွင် လွှတ်တော်ကဏ္ဍအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ''လွှတ်တော်အနေနဲ့ကတော့ အရင် ရှိရင်းစွဲကော်မတီတွေကနေပြီးတော့ အစိုးရသစ်လက်ထက်မှာ ဆက်ပြီးလုပ် ဆောင်ရမယ့် ဥပဒေကြမ်းကိစ္စတွေကိုလည်း လုပ်ရမှာရှိသလို ပြန်ပြီးပြင်ရမယ့် ဥပဒေအချို့ကိုပြင်ပြီး ပယ်ဖျက်သင့်တာတွေကို ပယ်ဖျက်ဖို့ လုပ်ကြမှာပါ။ လွှတ်တော်အနေနဲ့ကတော့ ဥပဒေပြုမယ်၊ စောင့်ကြည့်မယ်၊ ထိန်းညှိမယ်။ ဒ့ါအပြင် ပူးပေါင်းဆောင်ရွက်စရာရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ပဲရှိပါတယ်''ဟု ဆက်လက်ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်ရေးတို့ကို ဦးစားပေးပြောကြားခဲ့သည်။

ထိုသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် မိန့်ခွန်းပြောကြားအပြီးတွင် ''ဒီနေ့ဟာဆိုရင် အရပ်သားသမ္မတတစ်ယောက် တက်လာတာဖြစ်တဲ့အတွက်ကြောင့် အင်မတန်မှ ဝမ်းသာကြိုဆိုပါတယ်။ သမ္မတကြီးပြောသွားတဲ့ မိန့်ခွန်းကိုလည်း တော်တော်လေးအားရနှစ်ထောင်းဖြစ်မိပါတယ်။ ပြောသွားတဲ့အထဲမှာ တိုင်းရင်းသားတွေအပေါ်မှာ လိုလားတဲ့ငြိမ်းချမ်းရေးကို ပြည်သူပြည်သား တိုင်းရင်းသားများအားလုံးရဲ့ အကျိုးတွေအတွက် ဆောင်ရွက်သွားပါမယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်သွားမယ်ဆိုတာလည်း ကြားသိရပါတယ်။ အဲဒီအတွက် ကြိုလည်းကြိုဆိုပါတယ်''ဟု ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းထွန်းအောင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပြောကြားသည့် မိန့်ခွန်းတွင် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမည့်တာဝန်ရှိသည်ဟု ဆိုခဲ့သည်။

ထို့ကြောင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းသီဟကျော်က''ပြည်သူတွေရွေးချယ်တင်မြှောက်လို့ တက်လာတဲ့အစိုးရဆိုတော့ ကျွန်တော်တို့အနေနဲ့လည်း အထူးပဲဝမ်းမြောက်မိပါတယ်။ နှစ်ပေါင်းမြောက် မြားစွာခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့ လူမှုဘဝဒုက္ခတွေအားလုံး၊ တိုင်းရင်းသားများ အားလုံးတောင်းဆိုထားတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သွားမယ်ဆိုတဲ့အပိုင်းကိုလည်း နိုင်ငံတော်သမ္မတက ပြောကြားသွားတဲ့အတွက်ကြောင့် အလွန်ပဲမျှော်လင့် မိပါတယ်။ ပြောခဲ့သလိုလည်း ဆောင်ရွက်နိုင်ပါစေလို့လည်း ဆုတောင်းပေးလို ပါတယ်''ဟု ဆိုသည်။
''နှစ်(၅ဝ)လောက်အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်ထက်ကနေပြီးတော့ အရပ်သားအစိုးရစစ်စစ်ကို ပြောင်းလဲတဲ့အတွက် အများကြီးဂုဏ်ယူပါတယ်။ ကြုံတွေ့ရမယ့်အခက်အခဲတွေက အများကြီးပါ။ ပထမအချက်ကတော့ တိုင်းရင်းသားရင်ကြားစေ့ရေးကို အစိုးရသစ်အနေနဲ့ ပထမဦးဆုံး ရင်ဆိုင်ဖြေရှင်း ရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အစိုးရအဖွဲ့သစ်အနေနဲ့ တတ်သိပညာရှင် တွေပူးပေါင်းပြီး ပြည်သူတွေက အစိုးရသစ်အပေါ် ယုံကြည်အားကိုးတဲ့ မျှော်လင့်ချက်ကို အများကြီးဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မဲဆန္ဒနယ်မှ ဦးတိုးသောင်က ပြောသည်။

ဆက်လက်ပြီး''လောလောဆယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင် ခြင်းမရှိသေးတဲ့အချိန်မှာတော့ သမ္မတနဲ့အဖွဲ့ဝင်အားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ပါမယ်၊ ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတာကို ကတိသစ္စာပြုထားကြရတာဖြစ်တဲ့အတွက် လောလောဆယ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပြင်ဆင်ဖို့ကြိုးစားမယ်ဆိုတာကတော့ နောက်ပိုင်းတစ်ကဏ္ဍပါ။ ပြင်ဆင်ပြီးပြီဆိုရင်လည်းပဲ ပြင်ဆင်တဲ့အတိုင်း အားလုံးကလိုက်နာဆောင်ရွက် ဖို့လိုအပ်ပါတယ်။ ဆက်သွားမယ့်လမ်းကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ့်အကြောင်းပါလာတဲ့အတွက်ကြောင့်မို့ အခက်အခဲကတော့ တပ်မတော်ရဲ့သဘောတူညီချက်ရယူဆောင်ရွက်ဖို့ဆိုရင် အခက်အခဲရှိနိုင်လိမ့် မယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ တပ်မတော်ဘက်က သဘောတူညီချက်ရပြီ ဆိုရင်တော့ အရာအားလုံးအဆင်ပြေချောမွေ့သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်''ဟု ဦးစိုင်းသီဟကျော်က ဆိုသည်။

''ဒီနေ့ လွှတ်တော်ကို ပထမဦးဆုံး လာရောက်လေ့လာတာပါ။ အရပ်သား သမ္မတ ပထမဦးဆုံး စတင်ဦးဆောင်မှာဖြစ်တဲ့အတွက် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ တိုင်းပြည်က ဒဏ်ရာဒဏ်ချက်တွေများတော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ ရင်ဆိုင်ကျော်လွှားမယ့် အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် အမေစုဦးဆောင်တဲ့အစိုးရသစ်မှာ ထိုအခက်အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်မှ လွှတ်တော်သို့ လာရောက်လေ့လာသူ ဦးအေးကျော်က ပြောသည်။

ပြည်သူတွေထဲက ပြည်သူတစ်ဦးဖြစ်သည့် လွှတ်တော်သို့ လာရောက်လေ့လာသူ မရမ်းကုန်းမြို့နယ်မှ ဒေါ်စန်းနွဲ့ကလည်း ''အနှစ်နှစ်အလလ မျှော်လင့် စောင့်စားခဲ့ရတဲ့၊ ကြိုးစားခဲ့တဲ့ အနှစ်သာရကို ဒီနေ့ပြည့်ပြည့်ဝဝ ခံစားခဲ့ရတယ်။ ခံစားမှုနဲ့အလျောက် တာဝန်ယူမှုတွေလည်း ရှိပါတယ်။ သမ္မတကြီးပြောတဲ့ မိန့်ခွန်းက တိုတိုနဲ့လိုရင်းပဲပြောသွားတယ်။ အချက်အလက်ကလည်း ပြန်တွေးကြည့်လိုက်ရင်အများကြီးပဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်မွမ်းမံပြီးတော့ တိုင်းပြည်အတွက် ငါလည်းတာဝန်ရှိနေပြီဆိုတာ သမ္မတတစ်ယောက်တည်းပဲ ပြောလို့မရဘူး။ သမ္မတတာဝန်ယူသွားသလို ပြည်သူလူထုအားလုံးကလည်း ကိုယ့်တာဝန် ကိုယ်ကျေပြီးတော့ ဆောင်ရွက်ကြဖို့လိုတယ်''ဟု ပြောသည်။

''ဘာပဲပြောပြော လက်ရှိအနေအထားအရ အကောင်းဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ အခုအခြေအနေက တိုက်ဆိုင်တာမဟုတ်ပါဘူး။ ပြည်သူတွေပေါင်းစုပြီးတော့ ဖြစ်ပေါ်လာတဲ့အနေအထားပါ။ ရှေ့ဆက်ပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်ပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစား ရဦးမှာပါ'' ဟု ပန်းတနော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိမ်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပါတီဥက္ကဋ္ဌအဖြစ်မှ အစိုးရအဖွဲ့ဝန်ကြီးအဖြစ် တာဝန်ယူတော့မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်ပါတီတွင် မရှိပါက ပါတီ၏ ရှေ့ဆက်လုပ်ဆောင်မည့်အရေးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းအား မေးမြန်းခဲ့ရာ ''ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအာဏာဟာ ကျွန်တော်တို့အလွန်လိုချင်တဲ့ အရာပါ။ အခုလို ဖြစ်သွားတယ်ဆိုတာကလည်း ကျွန်တော်တို့က လိုချင်လို့ ဖြစ်တာမဟုတ်ဘူး။ ဥပဒေအရလုပ်လို့မရလို့ လုပ်လို့ရတာကို လုပ်သွားတဲ့ သဘောပါ။ ပါတီကိုတော့ အတွင်းရေးမှူးအဖွဲ့က ဆက်လုပ်မယ်။ ပြန်လည် ဖွဲ့စည်းရေးလုပ်မှာပါ။ ဒါပေမယ့် လက်ရှိကတော့ အတွင်းရေးမှူး ငါးဦးက ဦးဆောင်မှာပါ''ဟု ဆိုသည်။

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများအပါအဝင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများက ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။
သတင်းဆောင်းပါးနှင့်ဓာတ်ပုံ
အေဝမ်းစိုး၊ နိုင်လင်းကြည်၊ ကိုမင်း

နန်းဆန်မန်းသင်္ကြန်ဖြစ်ရေးအတွက် ကြိုးစားလုပ်ဆောင်ပေးရန်လို

The Mirror Daily's photo.
မန္တလေး မတ် ၃ဝ
သင်္ကြန်နားနီးလာသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခွင် သင်္ကြန်တေးသီချင်းသံတို့လွှမ်းနေ ပေသည်။ ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှအစ အဝါရောင်ပိတောက်ပန်းများဖြင့် အလှဆင်ရင်း သင်္ကြန်ကို ကြိုဆိုနေလျက်ရှိသည်။ လက်ဖက်ရည်ဆိုင်၊ ထီဆိုင်မှအစ သင်္ကြန်တေးများ လွင့်ပျံ့နေလျက်ရှိသည်။ ယခုနှစ် သင်္ကြန်တွင် နန်းဆန်သော မန်းသင်္ကြန်ဖြစ်ရေးအတွက် ကြိုးစားအားထုတ်လျက် ရှိနေပေသည်။
မန္တလေးမြို့သူ မြို့သားများ ကျုံးနောက်ခံနှင့် ရေကစားမဏ္ဍပ်များကို နေ့စဉ်ကြည့်နေကြ ပေသည်။ မြို့တော်ဝန် မဏ္ဍပ်အခြေအနေ၊ ငွေငန်းမောင်လှုပ်ရှားမှုနှင့်အတူ အခြားမဏ္ဍပ် များတွင် လာရောက်သီဆိုမည့်အဆိုတော်များသတင်းကို နားစွင့်နေကြသည်။ ထိုသို့နားစွင့်မှုများ အတွင်း နန်းဆန်သောမန်းသင်္ကြန်အတွက် မြို့တော်ဝန်မဏ္ဍပ်မှဧည့်ခံမည့် အစီအစဉ်များကို မြို့ခံများ ပြောကြားလျက်ရှိနေပေသည်။
မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို မန်းတောင်ရိပ်ခို၊ ပြည်ထောင်စု၏ထာဝရအလှ သီချင်းများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်မည်ဖြစ်ကြောင်းကိုလည်း သိရှိနေကြပြီဖြစ်သည်။
ဖွင့်ပွဲတွင်နန်းဆန်သည့်မန်းသင်္ကြန်အတွက် လုပ်ဆောင်မှုများကိုလည်း မြို့ခံများပြော နေပေသည်။ ဖွင့်ပွဲတွင် မန္တလေးမြို့ရှိကျောင်းပေါင်း၂ဝ မှ ကျောင်းသား ကျောင်းသူအင်အား ၁၅ဝဝ နှင့် မန်းစည်ပင်ယိမ်းအကအဖွဲ့မှ ဝန်ထမ်း၂ဝ တို့၏ အကအလှများကို ရှုစားရမည်ဖြစ်သည်။ မြို့တော်ဝန်မဏ္ဍပ်တွင် မန်းစည်ပင်ခေတ်ပေါ်တေးဂီတနှင့်တွဲဖက်ကာ မြန်မာသံစဉ် သီချင်း ၁ဝ ပုဒ်ဖြင့် ဧည့်ခံဖျော်ဖြေမည့်သတင်း မန္တလေးမြို့အတွင်း သင်းနေပြီဖြစ်သည်။
ကျုံးပတ်လည်တွင် သင်္ကြန်မဏ္ဍပ်များ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီဖြစ်သည်။ တည်ဆောက်မှုကို ဧပြီ ၉ ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။ ယခုနှစ်တွင် ရေသုံးစွဲ မှုနည်းပါးရေးအတွက် ရေကစားချိန်များကို လျှော့ချထားပြီဖြစ်သည်။ မဏ္ဍပ်များသတ်မှတ် စည်းကမ်းဖြင့် ရေကစားရန်တိုက်တွန်းထားသလို နန်းဆန်သည့်မန်းသင်္ကြန်ဖြစ်ရေး မြို့သူ မြို့သားများ ဝိုင်းဝန်းဆောင်ရွက်ပေးမှ ရနိုင်မည်ဖြစ်သည်။
လက်ရှိကာလတွင် နန်းဆန်သည့် မန်းသင်္ကြန်ကိုပေါ်လွင်စေသည့် သီချင်းသံများပတ်ဝန်း ကျင်တွင်လွင့်ပျံ့ကာ ခေတ်ပေါ်တေးများကို လွှမ်းနေလျက်ရှိသည်။ စာသားတစ်လုံးချင်းတွင် အဓိပ္ပာယ်ပြည့်ဝနေပြီး နားထောင်သူရင်ထဲ စာသားတစ်လုံးချင်းက ကိုင်စွဲနေပေသည်။ မြူမှောင်ဝေကင်း .. ငွေအဆင်းဆန္ဒ.. ပြည်ထောင်.. တိုင်းမြန်ပြည် ..အေးချမ်းအောင်ဆု..သွန်းခါရေ.. အေးစေကြောင်း လောင်းတဲ့လုံမေ.. ထူးထူးကဲကဲလှကြပါစေ.. အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ..သံသာ..ချိုမြမြဆိုတေးလေးတွေ.. မန်းမြို့သူရဲ့ ဂုဏ်နဲ့ညီပေ.. ယဉ်ကျေးသူတွေ.. မနှစ်ကပဲ လောင်းခဲ့တာတွေ.. အေးအေးမြမြ မမေ့တဲ့နိုင်ပေ..မှအစ နားဝတွင်စွဲထင်အောင် လွင့်ပျံ့လျက် ရှိနေပေသည်။
(တိမ်တမန်)

ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ ဆက်သွယ်ထားသည့် ငမိုးရိပ်တံတား(ဗိုလ်မှူးဗထူး) တံတားသစ်ဖွင့်




The Mirror Daily's photo.


ရန်ကုန် မတ် ၃ဝ

ရန်ကုန်မြို့ပြ ယာဉ်ကြော ကျပ်တည်းမှု ဖြေလျှော့စေရေးနှင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူ လျင်မြန်စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်ခဲ့သော ဒဂုံမြို့သစ်(မြောက်ပိုင်း) ဗိုလ်မှူးဗထူးလမ်းနှင့် မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းတို့ကို ဆက်သွယ် တည်ဆောက်ထားသော ငမိုးရိပ် တံတား(ဗိုလ်မှူးဗထူး) တံတားသစ် ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မော်ကွန်း ကမ္ပည်းကျောက်စာရှေ့၌ ပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်နှင့် တာဝန်ရှိသူများက တံတားပေါ် ဖြတ်သန်းသောယာဉ်များအား အမှတ်တရ မျက်နှာသုတ် ပဝါများ ပေးအပ်ကြောင်း သိရသည်။

ငမိုးရိပ်တံတား(ဗိုလ်မှူးဗထူး)တံတားအား ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ ရေးနှစ်တစ်နှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန် ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ အဆိုပါတံတား၏ ဒီဇိုင်းအား ထိုင်းနိုင်ငံ Asia Engineering Consultants ကုမ္ပဏီမှရေးဆွဲခြင်း ဖြစ်သည်။ တံတားအရှည်မှာ ၁၅ဝ ဒသမ ၅မီတာ ရှိပြီး အကျယ် ၁ဝ ဒသမ ၃၅မီတာ၊ ယာဉ်သွားလမ်း အကျယ် ၈ မီတာရှိကာ လူသွားလမ်း အကျယ် နှစ်ဖက် ၃ ဒသမ ၃၅ မီတာ ရှိသည်။ တံတားအမျိုးအစားမှာ အုတ်မြစ်ဘိုးပိုင်ဖောင်ဒေးရှင်းဖြစ်ပြီး အောက်ထည်သံကူ ကွန်ကရစ်ဖြစ်ကာ အပေါ်ထည်ကြိုတင်အား ဖြည့်ကွန်ကရစ်ယက်မနှင့် သံကူကွန် ကရစ်ကြမ်းခင်းဖြင့် တည်ဆောက်ထားကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) လက်ထောက်ဌာနမှူး ဦးကျင်အုန်းထံမှ သိရသည်။

အဆိုပါတံတားသည် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အစိုးရသစ်ကာလအတွင်း တံတားသုံးစင်း တည်ဆောက်ခဲ့ရာ တတိယမြောက် တံတားဖြစ်ကြောင်းနှင့် တံတားသစ်ဖွင့်လှစ်နိုင်ခြင်းကြောင့် မြောက်ဥက္ကလာပဘက်မှ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်သို့ သွားသောယာဉ်များ ဖြတ်သန်းနိုင်သည်။ မူလတံတားဟောင်းပေါ်မှ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ မြောက်ဥက္ကလာပမြို့နယ်သို့ ယာဉ်များဖြတ်သန်းနိုင်မည်။ ခန့်မှန်းကုန်ကျငွေကျပ် ငါးဘီလီယံကျော် အကုန်အကျခံ တည်ဆောက်ပေးခြင်းဖြစ်ကြောင်းနှင့် ဆက်စပ်မြို့နယ်များတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့သွား နိုင်မည့်အပြင် မြို့သစ်နေပြည်သူများ အချိန်တိုအတွင်း လွယ်ကူလျင်မြန် စွာသွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

(ကြေးမုံ)

သထုံမဟာသင်္ကြန်တွင် ရိုးရာနံ့သာသွေးပွဲ ပထမဆုံးအကြိမ် ထည့်သွင်းပြီး ယခင်နှစ်များကထက် စည်ကားအောင်ကျင်းပမည်

The Mirror Daily's photo.
သထုံ မတ် ၃ဝ
မွန်ပြည်နယ် သထုံမြို့နယ်၏ ယခုနှစ် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်တွင် ရိုးရာနံ့သာသွေးပွဲကို ပထမဆုံးအကြိမ်ထည့် သွင်းပြုလုပ်သွားမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်အား ယခင်နှစ်များ ကထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်အောင် စီစဉ်ထားကြောင်း သထုံမြို့နယ်မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။
''တိမ်မြုပ်လုနီးပါးဖြစ်နေတဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုကို ပြန်လည်အစပျိုးပေးတဲ့အနေနဲ့ရယ် နောက်ပြီး မြန်မာနှစ်သစ်ကို အမွှေးနံ့သာတွေပက်ဖျန်းပြီး မင်္ဂလာရှိရှိနဲ့ ကြိုဆိုချင်တာကြောင့် ထည့်သွင်းကျင်းပတာပါ''ဟု မြို့နယ်မဟာသင်္ကြန်ပွဲတော်ကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် က ပြောသည်။
သထုံမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာတစ်ခုတို့မှ လှပျိုဖြူ လေးများက သင်္ကြန်အကြိုနေ့တွင် ဖွင့်ပွဲမတိုင်ခင် နံ့သာသွေးပွဲကို ပြုလုပ်ပြီး တာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များနှင့် မြို့သူမြို့သားများက သထုံမြို့ကျက်သရေဆောင် ရွှေစာရံစေတီဝင်းအတွင်းရှိ ဂြိုဟ်တိုင်အသီးသီးတွင် နံ့သာရည်များဖြင့် လှည့်လည် ပက်ဖျန်း ခြင်းနှင့် သင်္ကြန်ပွဲတော်ဖွင့်ပွဲတွင် တက်ရောက်လာသူတို့အား ပက်ဖျန်းသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
''မဏ္ဍပ်ကြီးတွေမှာ ရေကစားသူတွေနဲ့ လာရောက်ဖျော်ဖြေ သူတွေကိုတော့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ အတိုအပြတ်ဝတ်တာ မျိုး၊ သရုပ်ပျက်တာမျိုးတွေကို ကန့်သတ်သွားမှာဖြစ်ပြီးတော့ မြို့နယ်အတွင်းမှာတော့ နိုင်ငံတော်ကသင်္ကြန်ကာလအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ခွင့်ပြုသွားမှာပါ'' ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။
ရေကစားမဏ္ဍပ်များတွင် လျှပ်စစ်မီးကြောင့် မီးဘေး အန္တရာယ်များကြုံတွေ့နိုင်ရာ အရေးပေါ်အခြေအနေများအတွက် တပ်ဖွဲ့ဝင်များကို အသင့်အနေထားပြင်ဆင်ထားပြီး ရေကစား မဏ္ဍပ်ကြီးတစ်ခုတွင်လည်း မီးသတ်ဆေးဘူး နှစ်ဘူးစီ ထားရှိပေး သွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောသည်။
သထုံမြို့နယ်တွင် ယခင်နှစ်များက ဗဟိုရေကစားမဏ္ဍပ် ကြီးတစ်ခုနှင့် အဖွဲ့လိုက် ရေကစားမဏ္ဍပ်ငယ်များသာရှိရာမှ ယခုနှစ်တွင် ရေကစားမဏ္ဍပ်ကြီး သုံးခုနှင့် အခြားမဏ္ဍပ်ငယ်တို့ဖြင့် ရေကစားသွားကြမည်ဖြစ်ကြောင်း ယခုနှစ်မှာ ထူးခြားသည့် အပူချိန်မြင့်မားမှုနှင့် ကြုံတွေ့လျက်ရှိရာ ရေကစားသူများ အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ကျန်းမာရေးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က လှည့်လှည်ကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သထုံမြို့နယ်မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။
သက်ဦး(သထုံ)

တောင်ကြီးမြို့ရွှေတောင်ရပ်ကွက် အဝီစိစက်ရေတွင်းမှ ရေပေးဝေမည်




The Mirror Daily's photo.


တောင်ကြီး မတ် ၃ဝ

အယ်နီညိုရာသီဥတု၏ ဖြစ်စဉ်ကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံအနှံအပြားတွင် ရေရှားပါးမှုပြဿနာများဖြင့် ရင်ဆိုင်နေကြရာ ရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် ပြည်သူ ၉ဝဝဝခန့် သုံးစွဲနိုင်ရန် အတွက် နဂါးပွက်ပရိယတ္တိစာသင်တိုက်အတွင်း တူးဖော်လှူဒါန်းထားသော အဝီစိစက်ရေတွင်းနှင့် ဂါလန် ၁၅ဝဝဝ ဆံ့ရေလှောင်ကန်မှတစ်ဆင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အိမ်ရာများသို့ နှစ်လက်မပိုက် ပေ ၇၆ဝဝသုံးစွဲ၍ ရေတိုင် ၂၁တိုင် ဆက်သွယ်ရေးတူးဖော်နေမှုအခြေအနေများကို ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ဒေါ်ခင်ဝင်းရီနှင့် ဦးကျော်ကျော်စိုးတို့ပါဝင်သော တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ ဖောင်ဒေးရှင်းမှ ပုဂ္ဂိုလ်များသည် မွန်းလွဲပိုင်းတွင် အောင်ပန်းမြို့ မင်္ဂလာကန်အနီးတွင် မတ်လအတွင်းက တူးဖော်လှူဒါန်းထားသော စက်ရေတွင်းသို့ သွားရောက်၍ လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါစက်ရေတွင်းသည် တစ်နာရီရေဂါလန် ၂ဝဝဝ ထွက်ရှိပြီး ရေဂါလန် ၁၂ဝဝဝဆံ့ ရေလှောင်ကန်မှ ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ ရေလှောင်ကန်တွင် ရေခက်ပိုက် ရှစ်ခုကိုလည်းကောင်း၊ ရေချိုးကန် တစ်ကန် ပြုလုပ်၍လည်းကောင်း ဒေသအား ၂၄ နာရီပတ်လုံး သန့်ရှင်းသော သောက်ရေနှင့် သုံးရေများ ဖြန့်ဝေလှူ ဒါန်းလျက်ရှိကြောင်း သိရသည်။

(အောင်ထွန်း)

ဒုံးလက်နက်များသည် အစ္စလာမ္မစ်နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးကြောင်း အီရန်ထိပ်တန်ခေါင်းဆောင်ပြောကြား


Myanmaalinn's photo.
ဒူဘိုင်း မတ် ၃ဝ 

ဒုံးလက်နက်များသည် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏အနာဂတ်အတွက် အဓိကအရေးကြီးသော အချက်များ ဖြစ်ကြောင်း အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့ တွင်ပြောခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင်ဖော်ပြ သည်။
ဒုံးကျည်စမ်းသပ်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်မှုများကို အများအပြားရရှိခဲ့ကြောင်း ၄င်းကပြောခဲ့ သည်။ ထိပ်တန်းခေါင်းဆောင် အရာတိုလာ အလီခါမေနီ က ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးခဲ့သော လွန်ခဲ့သောနှစ် နျူကလီးယားကိစ္စကို ထောက်ခံခဲ့သော် လည်း ထိုစဉ်ကတည်းက အမေရိကန်ပြည်ထောင်စုနှင့် ၄င်း၏မိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများကို မပြုလုပ်ရန် အီရန်အား ပြောကြားခဲ့ကြောင်း သိရသည်။
အနာဂတ်အတွက် ဒုံးကျည်များနှင့်မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း အနောက်အုပ်စုက ပြောခဲ့သည်။ အီရန် ထိပ်တန်းခေါင်းဆောင်၏ ဖော်ပြချက်သည် ''အီရန်၏အနာဂတ်သည် စားပွဲဝိုင်းဆွေးနွေးပွဲဖြစ်ကြောင်း၊ ဒုံးကျည် များမဟုတ်ကြောင်း'' တွစ်တာတွင်ဖော်ပြခဲ့သော ယခင် သမ္မတဟောင်း အခ်ဘာဟရှ်မီရက်ဖ်ဆန်ဂျနီ၏ပြောကြား ချက်များကို ရည်ညွှန်းသလိုဖြစ်နေသည်။
အီရန် တော်လှန်ရေးတပ်ဖွဲ့များက ယခုလအစောပိုင်း က ဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပအင်အားကြီးနိုင်ငံ များက ယင်းစမ်းသပ်မှုသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်သလိုဖြစ်နေ ကြောင်း ပြောခဲ့သည်။
သို့သော်လည်း လုံခြုံရေးကောင်စီ၏အမြဲတမ်းအဖွဲ့ဝင် ရုရှားနိုင်ငံကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာမရောက်ကြောင်း ပြောကြားခဲ့သည်။

(ရိုက်တာ)

တရုတ်နိုင်ငံ ၂၂လုံးမြောက် လမ်းညွှန်အချက်ပြဂြိုဟ်တုလွှတ်တင်


Myanmaalinn's photo.
 ပေကျင်း မတ် ၃ဝ 

တရုတ်နိုင်ငံသည် ကမ္ဘာ့ တည်နေရာ လမ်းညွှန်အချက်ပြမှု များနှင့် ကွန်ရက်များ ပြန်လည် နေရာတကျ ဖြစ်စေရန်အတွက် ဂြိုဟ်တုတစ်လုံးကို မတ် ၃ဝ ရက် နံနက် ၄ နာရီ ၁၁မိနစ်က လွှတ်တင် ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ် တွင် ဖော်ပြသည်။
တရုတ်နိုင်ငံ ဇီချန်း အနောက် တောင်ဘက်ရှိ ဇီချန်း ဒုံးပျံလွှတ်တင် ရေးစင်မှလွှတ်တင်လိုက်သော ယင်း ဒုံးပျံကို လောင်းမတ်ခ်ျ ၃ အေ သယ်ဆောင်ရေးဂြိုဟ်တုက သယ် ဆောင်သွားမည်ဖြစ်ပြီး ပတ်လမ်းထဲ သို့ လွှတ်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသည် ပိုင်တုလမ်းညွှန် အချက်ပြဂြိုဟ်တုစနစ်ဖြင့် အသုံး ပြုထားသော ၂၂ လုံးမြောက်ဂြိုဟ်တု တစ်လုံးဖြစ်ကြောင်း သိရသည်။
သယ်ဆောင်ရေးဂြိုဟ်တုကို ပစ် လွှတ်ခဲ့သည်မှာလည်း ၂၂၅ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။ လွှတ်တင် လိုက်သော ဂြိုဟ်တုသည် ပတ်လမ်း ထဲရောက်ပြီး ပုံမှန်လည်ပတ်လုပ် ဆောင်သွားနိုင်မည်ဆိုပါက ကမ္ဘာကြီး ကို ဖြန့်ကြက်မည့် ဘီဒီအက်စ်စနစ်ကို ပြုပြင်ပေးမည်ဖြစ်ကာ ယင်းစနစ်ကို ပိုမိုကောင်းမွန်စေမည် ဖြစ်ကြောင်း သိရသည်။

(ဆင်ဟွာ)

ခိုးထုတ်ဆင်စွယ်များအား ကင်ညာရဲတပ်ဖွဲ့ သိမ်းဆည်းရမိ




The Mirror Daily's photo.


နိုင်ရိုဘီ မတ် ၃ဝ

အမေရိကန်ဒေါ်လာ ၆၄ဝဝဝ တန်ဖိုးရှိ ဆင်စွယ်များအား နိုင်ရိုဘီရှိ ဂျိုမိုကန်ညာတာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၃ဝ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျောက်စိမ်းတုံးများအဖြစ် အသွင်ယူထားသော အဆိုပါဆင်စွယ်များအား မိုဇမ်ဘစ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာစဉ် လေဆိပ်စစ်ဆေးရေးဂိတ်တွင် စက်ဖြင့်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့က စစ်ဆေးရေးဂိတ်မှာ စစ်ဆေးလိုက်တော့ ဆင်စွယ် ၁၈ ခုကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်'' ဟု လေဆိပ်မှုခင်းတပ်ဖွဲ့မှူး ဂျိုးဇက်အန်ဂျီဆာက ဆင်ဟွာသို့ပြောကြားသည်။ ဆင်စွယ်များကို မာပူတိုမြို့မှ ဗန်ကောက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။ တရားခံများကို ဖမ်းမိသည့်အခါ အပြစ်ပေးနိုင်ရန် မာပူတိုက တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုဖြစ်ရပ်သည် တောရိုင်းတိရစ္ဆန်များရောင်းဝယ်ဖောက်ကားမှု တားဆီးရေးကြေညာချက် တစ်ရပ်အား လက်မှတ်ရေးထိုးကြောင်း ကင်ညာလေကြောင်းမှ ကြေညာပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာ။

ဗုံးဖောက်ခွဲမှုသံသယရှိသူများ၏ သတင်းအချက်အလက်များကို နယ်သာလန်သို့ အက်ဖ်ဘီအိုင်ကြိုတင်သတိပေးခဲ့သည်ဟုဆို


Myanmaalinn's photo.
အမ်စတာဒမ် မတ် ၃ဝ 

ဗုံးဖောက်ခွဲမှု မဖြစ်ပေါ်ခင် ခြောက်ရက်အလို ဘယ်လ်ဂျီယံနိုင်ငံ တွင်လွန်ခဲ့သောအပတ်က ဖြစ်ပွားခဲ့ သော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းအချက်အလက် များကိုရရှိခဲ့ကြောင်း ဒတ်ခ်ျစုံစမ်း စစ်ဆေးရေး အာဏာပိုင်များက မတ် ၃ဝ ရက်တွင် ပြောသည်။
ဖောက်ခွဲမှု သံသယတရားခံ ဖြစ်သူ အီဘရာဟင် အယ်လ်ဘတ် ခရိုနှင့် ၄င်း၏ညီဖြစ်သူ ခါလစ်တို့ နှင့်ပတ်သက်ပြီး အက်ဖ်ဘီအိုင်၏သတိပေးချက်များကို အင်္ဂါနေ့ကရရှိခဲ့ ကြောင်း ဒတ်ခ်ျအာဏာပိုင်များက ပြောသည်။
အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သော ခါလစ်နှင့် အီဘရာဟင်တို့ ၏ပြစ်မှုဆိုင်ရာ အချက်အလက်များကို ၄င်းတို့အနေဖြင့် သတင်းပေးပို့ခဲ့ ကြောင်း ပြောခဲ့သည်။ ဒတ်ခ်ျရဲများက အချက်အလက်များကို ဘယ်လ် ဂျီယံရဲများနှင့် လဲလှယ်မှုပြုလုပ်ခဲ့ ကြောင်း ပြောခဲ့သည်။ သို့သော်လည်း ဘယ်လ်ဂျီယံရဲများက သတင်းအချက် အလက်ရရှိခဲ့ခြင်းမရှိကြောင်း ပြောဆို ခဲ့သည်။
လွန်ခဲ့သောနှစ် ဇွန်လကတူရကီ အာဏာပိုင်များက အီဘရာဟင်အား ဆီးရီးယားကို ဝင်ရောက်မှုဖြင့် ဖမ်း ဆီးထိန်းသိမ်းခဲ့သည်။ သို့သော် ၄င်း ကို နယ်သာလန်သို့ပြန်ပို့လိုက် သောအခါတွင် ၄င်းနှင့်ပတ်သက် သော သတင်းအချက်အလက်များကို မျက်ခြည်ပြတ်သွားခဲ့ကြောင်း ပြောခဲ့ သည်။ ဘယ်လ်ဂျီယံနှင့် ဒတ်ခ်ျ အာဏာပိုင်များကြား အကြမ်းဖက်မှု ဆိုင်ရာသတင်းအချက်အလက်များ မျှဝေခြင်းနှင့်ပတ်သက်ပြီး ပြစ်တင် ဝေဖန်မှုများ မြင့်တက်လျက်ရှိ ကြောင်းသိရသည်။

(အင်န်အိတ်ခ်ျကေ)