Thursday, March 31, 2016

ရှားပါးစွာတွေ့မြင်ရမည့် ရေဦးမြို့မှ ဒေါင်းလန်းလုပ်ငန်း




The Mirror Daily's photo.


မုံရွာ မတ် ၃ဝ

ဝါးကို နှီးအဖြစ်ခွဲခြမ်းစိတ်ဖြာ၍ ရက်လုပ်ရသည့် နှီးဖြာလုပ်ငန်းအဖြစ် မြန်မာ့ရိုးရာ ဒေါင်းလန်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မြောက်ဘက် ၅၉ မိုင် ခန့်အကွာရှိ ရေဦးမြို့တွင် မျိုးရိုးစဉ်ဆက်လုပ်ကိုင်နေသည့် ဒေါင်းလန်းလုပ်ငန်းကို ရှားရှားပါးပါးတစ်ခုတည်းသာ ကျန်သောလုပ်ငန်းအဖြစ် တွေ့ရသည်။

''အသက် ၁၅ နှစ်သားကတည်းက ဒေါင်းလန်းလုပ် လာတာပါ။ ရေဦးမြို့နယ် ဝသဲရွာသားပါ။ ဒီနယ်မှာတော့ ဝသဲနဲ့ မီးမော်ကုန်းရွာတို့ပဲ ယွန်းဒေါင်းလန်းလုပ်ကြတာပါ။မြေပြန့်ကသူတွေကတော့ မသုံးကြဘူး။ တောင်ပေါ်ရှမ်းပြည်ကပဲ သုံးကြတယ်။ လက်ဖက်ခြောက်ထွက်တဲ့ ရာသီဆိုရင် မန္တလေးပွဲရုံကြီးတွေမှာ ကြိုပို့ထားရတယ်။ ဒီလုပ်ငန်းကို လုပ်ရတာ မိသားစုလုပ်ငန်းအဖြစ် မျိုးရိုးမပျက်ထိန်းသိမ်း ထားတဲ့သဘောပါ။ ငါးယောက်စားဒေါင်းလန်းတစ်ခုကိုကျပ်ငါးထောင်နဲ့ရောင်းရပါတယ်။ အရင်းက ကျပ်လေးထောင် ကျတယ်။ တကယ်အစစ်အမှန် ပစ္စည်းကောင်းချည်းသုံးမယ် ဆိုရင် ငါးယောက်စားဒေါင်းလန်းတစ်ခုကို ကျပ် ငါးသောင်းလောက်ရမှ လုပ်နိုင်မှာပါ။ သက်တမ်းကလည်း အနည်းဆုံး ၁ဝ နှစ်အထိခိုင်တယ်။ပန်းကန်လို ကျကွဲမှာ လည်းမပူရဘူး''ဟု အသက် ၇၅ နှစ်ရှိ ဒေါင်းလန်းလုပ်သူ က ပြောပြသည်။

ဒေါင်းလန်းကို ယခုအခါ မန္တလေး၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နန့်ခမ်းတို့သို့ တင်ပို့ရောင်းချရကာ ရှမ်းပြည်နယ်မှ ဒေါင်းလန်းကို ''ဖိန်း''ဟုခေါ်ပြီး ပလောင်များက ဂလန့်၊ ကချင်ပြည်နယ်က ကြည်လင်၊ မိုးကုတ်မြို့က ဒေါင်းဘောင်၊ ဘုတလင်မြို့က ဗန်းဒယ်၊ မုံရွာ ကျောက်ကာရွာက ရက်သာဟုခေါ်၍ ပင်မလုပ်ငန်းရှင် ရေဦးမြို့က လွှားဟု အသီးသီးခေါ်ဆိုကြကြောင်း သိရသည်။
ဒေါင်းလန်းများကို လူဦးရေ ငါးယောက်စား၊ သုံးယောက်စား၊ နှစ်ယောက်စားအဖြစ်ပြုလုပ်ပြီး အဆိုပါ အရွယ်အစားထက် ကြီးမားစွာလုပ်လိုလျှင်လည်း ပြုလုပ်ပေးကြောင်း သိရသည်။ ဒေါင်းလန်းကောင်းတစ်ခုရရန် အချိန် နှစ်လခန့်ယူ၍လုပ်ရပြီး အကြမ်းအားဖြင့် ဒေါင်းလန်းကို အပိုင်း ၁ဝ ပိုင်းခန့်ခွဲ၍ ပြုလုပ်ရသည်။ အပေါ်ပိုင်း မျက်နှာပြင်မှစ၍ အောက်ခြေအထိလွှား(မျက်နှာခွက်)၊ ဗေဒါခွ၊ ခွက်သီး၊ ခွက်နင်း၊ ပန်းကုံး၊ ခြေတန်၊ ပြော့တောင်၊ ပြော့ရစ်၊ ကြာဘလား၊ ခုံဘီးဟူ၍ အပိုင်း ၁ဝ ပိုင်းခွဲ၍ ပြုလုပ်ရသည်။ လွှားခေါ်မျက်နှာခွက်၏ အောက်ဘက်တွင် ဒေါင်းလန်းအပေါ်မျက်နှာပြင် တင်းမာခိုင်ခံ့စေရန် သစ်စေးဖြင့်သုတ်လိမ်းရန် တပ်ထားသောနှီးခွေကို ဗေဒါခွ ဟုခေါ်ကြောင်း သိရသည်။

မျက်နှာခွက် လွှားကို ပြုလုပ်၍ ဝါးနှီးငယ်များကို သပ်သပ်ရပ်ရပ်ဖြင့် လိုအပ်သောမျက်နှာပြင်အတိုင်း အတာအလိုက် စက်ဝိုင်းပုံရက်လုပ်ရပြီး ရက်လုပ်ထားသော စက်ဝိုင်းအတွင်း သစ်စေးသုတ်၍ လွှစာမှုန့်ဖြူးခြင်းကို စအိုထိုးသည်ဟုခေါ်တွင်၍ မျက်နှာခွက်လွှားကို မြေတိုက်တွင် လုံလောက်သောအပူရရန် သုံးညခန့်ထားရသည်။

သစ်စေးအိပ်လျှင် ခွက်ဘီးနှင့် မျက်နှာခွက်ကို ဆက်စပ်ပေးပြီး ခွက်ဘီးကြားသို့ အနားသားများခိုင်မြဲစေရန် လွှစာမှုန့် များသိပ်ထည့်ကာ သစ်စေးသုတ်၍ မြေတိုက်ထဲ သို့ သွင်းရပြန်သည်။ မျက်နှာခွက်၏အောက်ဘက် ဗေဒါခွ (ခေါ်) နှီးခွေကိုတပ်ဆင်ပြီး မျက်နှာခွက်နှင့် ပန်းကုံးကိုဆက်ပြီး သစ်စေးသုတ်၍ မြေတိုက်တွင် သုံးညခန့်ထားအပြီးတွင် အာလူးကျောက်ဖြင့် ပွတ်တိုက်ရသည်။

ယခုအခါ ကျောက်ခဲအစား ကော်ပတ်ဖြင့် ပွတ်တိုက်ကြပြီး မျက်နှာခွက်မှ ခွက်နင်းအထိပြုလုပ်သောအပိုင်းကို ဒေါင်းလန်း၏အပေါ်ပိုင်းဟုခေါ်ပြီး ခွက်နင်း၏ အောက်ခံဘီးအထိကို အောက်ပိုင်းဟုခေါ်သည်။

ပြုလုပ်ရသည့် အချိန်ကြာမြင့်မှု၊ လူတို့၏နေထိုင် စားသောက်မှုစရိုက်ပြောင်းလဲလာမှု၊ ခေတ်အမြင်ကျယ် ပြန့်လာမှုတို့ကြောင့် မြန်မာ့ရိုးရာမိသားစု ချစ်ကြည်ရေး သရုပ်ဖော်သော ဒေါင်းလန်းသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်လုအခြေအနေတွင် တစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရေဦးမြို့တွင် လုပ်ကိုင်လျက်ရှိသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment