Thursday, March 31, 2016

ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်နဲ့ နယ်သာလန်တို့ အင်အားကြီးပြိုင်ဘက်တွေကို အနိုင်ကစားခဲ့တဲ့ ဥရောပခြေစမ်းပွဲများ




The Mirror Daily's photo.


မတ် ၃ဝ ရက် မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲ ပွဲစဉ်တွေထဲမှာ ဥရောပအင်အားကြီးအသင်းတွေအချင်းချင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်တွေ ပါဝင်နေပြီး အဲဒီထဲကမှ ဂျာမနီက အီတလီ၊ ပေါ်တူဂီက ဘယ်လ်ဂျီယံ၊ ပြင်သစ်က ရုရှား၊ နယ်သာလန်က အင်္ဂလန်ကို အသီးသီးအနိုင်ယူခဲ့တာကို တွေ့ခဲ့ရပါတယ်။

အင်္ဂလန်-နယ်သာလန်

အင်္ဂလန်နဲ့ နယ်သာလန်တို့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းဟာ ဝင်ဘလေကွင်းမှာပဲ နယ်သာလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ၁၇ ပွဲ ဆက်ရှုံးပွဲမရှိ စံချိန်ကျိုးပျက်သွားခဲ့သလို ပြင်သစ်၊ ဂျာမနီတို့ကို အနိုင်ယူပြနိုင် ပြီးနောက် အင်္ဂလန်အသင်းအနေနဲ့ ယူရို-၂ဝ၁၆မှာ ဗိုလ်စွဲတော့မယ့်အလား အလွန်အမင်းချီးမွမ်းခန်းဖွင့်ရေးသားနေတဲ့ အင်္ဂလန်မီဒီယာတွေလည်း တဒင်္ဂတော့ နှုတ်ဆိတ်သွားမှာပဲဖြစ်ပါတယ်။ အင်္ဂလန်ဟာ နယ်သာလန်အသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးဖန်တီးမှုအသာပြုလုပ်နိုင်ခဲ့ပေမယ့် ဒီပွဲမှာ အဆုံးအဖြတ်ပေးသွားတာကတော့ ခံစစ်ဇုန်ကို တည်တည်ငြိမ်ငြိမ်ပြင်ဆင်ထားနိုင်တဲ့ နယ်သာလန်က အသာရသွားတယ်လို့ ယူဆရမှာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အင်္ဂလန်တိုက်စစ်မှူး ဂျေမီဗာဒီရဲ့ အရည်အသွေးတွေက ဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲတွေကို လွဲချော်နေတဲ့ အသင်းခေါင်းဆောင်ရွန်းနီကို လုံးဝမေ့ထားလို့ရအောင် ကောင်းခဲ့တာကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အဖွင့်ဂိုးကို ပွဲချိန် ၄၁ မိနစ်မှာပဲ အင်္ဂလန်တိုက်စစ်မှူး ဗာဒီက သွင်းယူခဲ့ပေမယ့် ရလဒ်ပိုင်းအလှည့်အပြောင်းဖြစ်ခဲ့တာက အင်္ဂလန်နောက်ခံလူ ဒန်နီရို့ရဲ့ လက်ထိဘောကြောင့် နယ်သာလန်အသင်းကို ပင်နယ်တီ ပေးခဲ့ရတဲ့ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒီပင်နယ်တီပြစ်ဒဏ်ကို ဂျန်ဆန်က ချေပဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပြီးနောက် အင်္ဂလန်အသင်းက နိုင်ပွဲဆက်ဖို့ တရစပ် ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နယ်သာလန်မှ ဂျက်ကီယာကာရဲ့ ဖြတ်တင်ဘောကို နာဆင်းကအပိုင်ပိတ်သွင်းသွားခဲ့လို့ အင်္ဂလန်အနေနဲ့ ဝင်ဘလေကွင်းမှာပဲ ရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်-ရုရှား

ယူရို-၂ဝ၁၆ အိမ်ရှင်ပြင်သစ်နဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတဲ့ ရုရှားအသင်းတို့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ ပြင်သစ်က လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပြင်သစ်အတွက် သွင်းဂိုးတွေကို ကန်တီ၊ ဂင်းနက်၊ ပါယက်နဲ့ ကိုးမန်းတို့က သွင်းယူပေးခဲ့ပြီး ရုရှားအတွက်တော့ ကိုကိုရင်နဲ့ ရှက်ဗ်ကော့ဗ်တို့က ချေပဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ထူးထူးခြားခြားဘာမှပြောစရာမရှိပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုသုံးကြိမ်ပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရုရှားအသင်းကို ပေးဂိုးနှစ်ဂိုးတောင်ပေးခဲ့ရတဲ့ ပြင်သစ်အသင်းအနေနဲ့ ဒီထက်ပိုပြီး ကျစ်လျစ်တဲ့ခံစစ်ကိုတည်ဆောက်ဖို့ ကြိုးပမ်းရတော့မယ်ဆိုတာ နည်းပြဒက်စ်ချွမ့်စ်ကို သတိပေးလိုက်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့မှာတော့ သေချာလို့ နေပါတယ်။

ဂျာမနီ-အီတလီ

ဂျာမနီအသင်းနဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာတော့ ဂျာမနီဟာ လွန်ခဲ့တဲ့နှစ်ရက်က အင်္ဂလန်ကို ရှုံးနိမ့်ခဲ့တာကို ပြန်ပြီးပေါက်ကွဲပြ သလားထင်ရလောက်အောင် ပွဲအစအဆုံး ကစားအားလုံးဝမချဘဲ ကစားခဲ့ကာ လေးဂိုး-တစ်ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြလိုက်ပါတယ်။ အခုနိုင်ပွဲက ဂျာမနီအနေနဲ့ အီတလီကို နှစ်ပေါင်း ၂၁ နှစ်အတွင်း ပထမဦးဆုံး ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။ ဂျာမနီက အီတလီနဲ့ဆုံတိုင်း ရလဒ်ကောင်းလေ့မရှိခဲ့ဘဲ ၂ဝဝ၆ ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲမှာ နှစ်ဂိုး-ဂိုးမရှိ၊ ယူရို-၂ဝ၁၂ အကြိုဗိုလ်လုပွဲမှာလည်း နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲစဉ်မှာတော့ ဂျာမနီအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ တိုနီခရူးစ်က သွင်းယူခဲ့ပြီးနောက် ဂေါ့ဇီ၊ ဟက်ခ်တာ၊ အိုဇေးလ်တို့က ဂိုးတွေဆက်တိုက်ခံသွင်းယူခဲ့ကာ အီတလီအတွက် တစ်လုံးတည်းသော နှစ်သိမ့်ချေပဂိုးကို အယ်ရှာရာဝီက ပွဲကစားချိန် ၈၃ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီ-ဘယ်လ်ဂျီယံ

ဒီပွဲစဉ်ကတော့ ဘယ်လ်ဂျီယံအသင်းအတွက် ဘရပ်ဆဲလ်တိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးလားလို့ မေးရလောက်အောင် ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိတောင်ရှိခဲ့ပေမယ့် ဂိုးဖန်တီးမှုနဲ့ဂိုး ပေါက်ခြိမ်းခြောက်မှုတွေမှာ ပေါ်တူဂီအသင်းကို မမီခဲ့တာကတော့ ဆိုးရွားလွန်းပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရိုနယ်လ်ဒိုအတွက်တော့ နိုင်ငံတကာ ပွဲလေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအတွက် သွင်းဂိုးတွေကို နာနီနဲ့ စီရိုနယ်လ်ဒိုတို့က သွင်းယူပေးခဲ့ပြီး ဘယ်လ်ဂျီယံအတွက် ချေပဂိုးကိုတော့ လူကာကူ သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။

မေလဲ့သင်း - စုစည်းရေးသားသည်

No comments:

Post a Comment