Thursday, March 31, 2016

နန်းဆန်မန်းသင်္ကြန်ဖြစ်ရေးအတွက် ကြိုးစားလုပ်ဆောင်ပေးရန်လို

The Mirror Daily's photo.
မန္တလေး မတ် ၃ဝ
သင်္ကြန်နားနီးလာသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခွင် သင်္ကြန်တေးသီချင်းသံတို့လွှမ်းနေ ပေသည်။ ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှအစ အဝါရောင်ပိတောက်ပန်းများဖြင့် အလှဆင်ရင်း သင်္ကြန်ကို ကြိုဆိုနေလျက်ရှိသည်။ လက်ဖက်ရည်ဆိုင်၊ ထီဆိုင်မှအစ သင်္ကြန်တေးများ လွင့်ပျံ့နေလျက်ရှိသည်။ ယခုနှစ် သင်္ကြန်တွင် နန်းဆန်သော မန်းသင်္ကြန်ဖြစ်ရေးအတွက် ကြိုးစားအားထုတ်လျက် ရှိနေပေသည်။
မန္တလေးမြို့သူ မြို့သားများ ကျုံးနောက်ခံနှင့် ရေကစားမဏ္ဍပ်များကို နေ့စဉ်ကြည့်နေကြ ပေသည်။ မြို့တော်ဝန် မဏ္ဍပ်အခြေအနေ၊ ငွေငန်းမောင်လှုပ်ရှားမှုနှင့်အတူ အခြားမဏ္ဍပ် များတွင် လာရောက်သီဆိုမည့်အဆိုတော်များသတင်းကို နားစွင့်နေကြသည်။ ထိုသို့နားစွင့်မှုများ အတွင်း နန်းဆန်သောမန်းသင်္ကြန်အတွက် မြို့တော်ဝန်မဏ္ဍပ်မှဧည့်ခံမည့် အစီအစဉ်များကို မြို့ခံများ ပြောကြားလျက်ရှိနေပေသည်။
မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို မန်းတောင်ရိပ်ခို၊ ပြည်ထောင်စု၏ထာဝရအလှ သီချင်းများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်မည်ဖြစ်ကြောင်းကိုလည်း သိရှိနေကြပြီဖြစ်သည်။
ဖွင့်ပွဲတွင်နန်းဆန်သည့်မန်းသင်္ကြန်အတွက် လုပ်ဆောင်မှုများကိုလည်း မြို့ခံများပြော နေပေသည်။ ဖွင့်ပွဲတွင် မန္တလေးမြို့ရှိကျောင်းပေါင်း၂ဝ မှ ကျောင်းသား ကျောင်းသူအင်အား ၁၅ဝဝ နှင့် မန်းစည်ပင်ယိမ်းအကအဖွဲ့မှ ဝန်ထမ်း၂ဝ တို့၏ အကအလှများကို ရှုစားရမည်ဖြစ်သည်။ မြို့တော်ဝန်မဏ္ဍပ်တွင် မန်းစည်ပင်ခေတ်ပေါ်တေးဂီတနှင့်တွဲဖက်ကာ မြန်မာသံစဉ် သီချင်း ၁ဝ ပုဒ်ဖြင့် ဧည့်ခံဖျော်ဖြေမည့်သတင်း မန္တလေးမြို့အတွင်း သင်းနေပြီဖြစ်သည်။
ကျုံးပတ်လည်တွင် သင်္ကြန်မဏ္ဍပ်များ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီဖြစ်သည်။ တည်ဆောက်မှုကို ဧပြီ ၉ ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။ ယခုနှစ်တွင် ရေသုံးစွဲ မှုနည်းပါးရေးအတွက် ရေကစားချိန်များကို လျှော့ချထားပြီဖြစ်သည်။ မဏ္ဍပ်များသတ်မှတ် စည်းကမ်းဖြင့် ရေကစားရန်တိုက်တွန်းထားသလို နန်းဆန်သည့်မန်းသင်္ကြန်ဖြစ်ရေး မြို့သူ မြို့သားများ ဝိုင်းဝန်းဆောင်ရွက်ပေးမှ ရနိုင်မည်ဖြစ်သည်။
လက်ရှိကာလတွင် နန်းဆန်သည့် မန်းသင်္ကြန်ကိုပေါ်လွင်စေသည့် သီချင်းသံများပတ်ဝန်း ကျင်တွင်လွင့်ပျံ့ကာ ခေတ်ပေါ်တေးများကို လွှမ်းနေလျက်ရှိသည်။ စာသားတစ်လုံးချင်းတွင် အဓိပ္ပာယ်ပြည့်ဝနေပြီး နားထောင်သူရင်ထဲ စာသားတစ်လုံးချင်းက ကိုင်စွဲနေပေသည်။ မြူမှောင်ဝေကင်း .. ငွေအဆင်းဆန္ဒ.. ပြည်ထောင်.. တိုင်းမြန်ပြည် ..အေးချမ်းအောင်ဆု..သွန်းခါရေ.. အေးစေကြောင်း လောင်းတဲ့လုံမေ.. ထူးထူးကဲကဲလှကြပါစေ.. အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ..သံသာ..ချိုမြမြဆိုတေးလေးတွေ.. မန်းမြို့သူရဲ့ ဂုဏ်နဲ့ညီပေ.. ယဉ်ကျေးသူတွေ.. မနှစ်ကပဲ လောင်းခဲ့တာတွေ.. အေးအေးမြမြ မမေ့တဲ့နိုင်ပေ..မှအစ နားဝတွင်စွဲထင်အောင် လွင့်ပျံ့လျက် ရှိနေပေသည်။
(တိမ်တမန်)

No comments:

Post a Comment