Thursday, March 31, 2016

တောင်ကြီးမြို့ရွှေတောင်ရပ်ကွက် အဝီစိစက်ရေတွင်းမှ ရေပေးဝေမည်




The Mirror Daily's photo.


တောင်ကြီး မတ် ၃ဝ

အယ်နီညိုရာသီဥတု၏ ဖြစ်စဉ်ကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံအနှံအပြားတွင် ရေရှားပါးမှုပြဿနာများဖြင့် ရင်ဆိုင်နေကြရာ ရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် ပြည်သူ ၉ဝဝဝခန့် သုံးစွဲနိုင်ရန် အတွက် နဂါးပွက်ပရိယတ္တိစာသင်တိုက်အတွင်း တူးဖော်လှူဒါန်းထားသော အဝီစိစက်ရေတွင်းနှင့် ဂါလန် ၁၅ဝဝဝ ဆံ့ရေလှောင်ကန်မှတစ်ဆင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အိမ်ရာများသို့ နှစ်လက်မပိုက် ပေ ၇၆ဝဝသုံးစွဲ၍ ရေတိုင် ၂၁တိုင် ဆက်သွယ်ရေးတူးဖော်နေမှုအခြေအနေများကို ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ဒေါ်ခင်ဝင်းရီနှင့် ဦးကျော်ကျော်စိုးတို့ပါဝင်သော တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ ဖောင်ဒေးရှင်းမှ ပုဂ္ဂိုလ်များသည် မွန်းလွဲပိုင်းတွင် အောင်ပန်းမြို့ မင်္ဂလာကန်အနီးတွင် မတ်လအတွင်းက တူးဖော်လှူဒါန်းထားသော စက်ရေတွင်းသို့ သွားရောက်၍ လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါစက်ရေတွင်းသည် တစ်နာရီရေဂါလန် ၂ဝဝဝ ထွက်ရှိပြီး ရေဂါလန် ၁၂ဝဝဝဆံ့ ရေလှောင်ကန်မှ ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ ရေလှောင်ကန်တွင် ရေခက်ပိုက် ရှစ်ခုကိုလည်းကောင်း၊ ရေချိုးကန် တစ်ကန် ပြုလုပ်၍လည်းကောင်း ဒေသအား ၂၄ နာရီပတ်လုံး သန့်ရှင်းသော သောက်ရေနှင့် သုံးရေများ ဖြန့်ဝေလှူ ဒါန်းလျက်ရှိကြောင်း သိရသည်။

(အောင်ထွန်း)

No comments:

Post a Comment