Saturday, October 31, 2015

ရွန်းနီ၏ ပင်နယ်တီကန်ချက်ကို ကာကွယ်နိုင်ခဲ့သည့် လျှို့ဝှက်ချက်ကို မစ်ဒယ်ဘရော့ဂိုးသမားမေ့ဂျက်ဇ် ထုတ်ပြောပြီ




မန်ယူနှင့် မစ်ဒယ်ဘရော့တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကပ်ပီတယ်ဝမ်းဖလားပြိုင်ပွဲတွင် ရွန်းနီ၏ ပင်နယ်တီ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့သည့် မစ်ဒယ်ဘရော့ဒ်ဂိုးသမားမေ့ဂျက်ဇ်က ယခုကဲ့သို့ ကာကွယ်မှုပြုလုပ် နိုင်ခဲ့ခြင်းမှာ အသင်းဖော်စတီးဝပ်ဒေါင်းနင်း၏ အကြံပေးမှုကြောင့်ဖြစ်ကြောင်း ထုတ်ဖ်ာပြောကြားလိုက် သည်။ ယင်းပွဲစဉ်တွင် မိနစ်၁၂ဝ ပြည့်မြောက်သည်အထိ ဂိုးမရှိသရေကျနေသောကြောင့် ပင်နယ်တီအဆုံး အဖြတ်ခံယူရာ မစ်ဒယ်ဘရော့က မန်ယူအား သုံးဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်သို့တက်ရောက် သွားနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် သူရဲကောင်းဖြစ်ခဲ့သော မစ်ဒယ်ဘရော့ ဂိုးသမားမေ့ဂျက်ဇ်က ရွန်းနီနှင့် အက်ရှ်လေယန်းတို့၏ ပင်နယ်တီကန်သွင်းချက်များကို ယခုကဲ့သို့ ကာကွယ်နိုင်ခြင်းမှာ အသင်းဖော် ဒေါင်းနင်း ၏ အကြံပေးချက်ကြောင့်သာဖြစ်ကြောင်း ပြောကြားလိုက်သည်။
'' ရွန်းနီက ပင်နယ်တီကန်ရင်အမြဲညာဘက်ကိုပဲ ကန်တယ်လို့ ဒေါင်းနင်းက ကျွန်တော့်ကိုပြောခဲ့တယ်။ကျွန်တော်လည်းသူပြောတဲ့ အတိုင်းလိုက်နာပြီး ကာကွယ်မှုပြုခဲ့တာပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော် တို့အသင်းက ပင်နယ်တီကို အမြဲတမ်းတကူးတကလေ့ကျင့်ခဲ့တာမျိုးမရှိပါဘူး။ ဒါပေမယ့် မန်ယူနဲ့ ကစားရင် ပင်နယ်တီအထိ အချိန်ဆွဲနိုင်မှာကို သိတာကြောင့် ဒီအပတ်ထဲတော့ ပင်နယ်တီကိုသေချာကျင့်ခဲ့ပါတယ်'' ဟု မေ့ဂျက်ဇ်က ထုတ်ဖော်ပြောကြားလိုက်သည်။
မေ့ဂျက်ဇ်က သူသည် ရီးယဲလ်မှာရှိစဉ်ကတည်းက လေ့ကျင့်ရေးကွင်းများတွင် စီရိုနယ်လ်ဒို၏ ကန်ချက် တွေကိုလည်း အကြိမ်ကြိမ်ကာကွယ်နိုင်ခဲ့သူဖြစ်သည့်အတွက် သူသည် ကမ္ဘာ့အကောင်းဆုံးကစားသမားများ၏ ကန်သွင်းချက်ကို အကြိမ်ကြိမ်ကာကွယ်နိုင်ခဲ့သူဟု ၄င်းကိုယ်၎င်း ဂုဏ်ယူဝင့်ကြွားစွာဆိုခဲ့သည်။
[မေလဲ့သင်း]

မန်ယူနည်းပြ ဖန်ဟားလ် ၏ ကိုင်တွယ်ပုံအား ပေါလ်စခိုး ဝေဖန်


မန်ယူအသင်း၏ ကွင်းလယ်ကစား သမားဟောင်းတစ်ဦးဖြစ်သူ ပေါလ်စခိုးက ၄င်းအနေဖြင့် မန်ယူအသင်း နည်းပြ ဗန်ဟားလ်၏ အသင်းတွင်ကစားရန် နှစ်မြို့ လိမ့်မည်မဟုတ်ကြောင်း ပြောကြားကာ ဗန်ဟားလ်၏ အသင်းကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဝေဖန်ပြောကြားလိုက်သည်။
မန်ယူအသင်းသည် အောက်တို ဘာ ၂၉ ရက်က အိမ်ကွင်းအိုးထရက်ဖို့ဒ် ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ကတ်ပီတယ်ဝမ်းဖလားပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၁၂ဝ ကြာကစားခဲ့ ရာတွင် ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ် ခဲ့သော်လည်း ပင်နယ်တီအဆုံးအဖြတ်ခံ ယူရာတွင် တစ်ဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့် ခဲ့ရသည်။
သို့ရာတွင် ပေါလ်စခိုးသည် မန်ယူနောက်တန်းမှာ ပုံစံတကျ နည်းပြ၍ရသည့် နောက်တန်း ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ သော်လည်း ဖန်တီးနိုင်မှုနှင့် စွန့်စားနိုင်မှုမှာ မရှိကြောင်း မန်ယူ အသင်းအတွက် ပွဲပေါင်း ၇၁၈ ပွဲ ပါဝင်ကစားပေးခဲ့သည့် မန်ယူ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးက ပြောကြားခဲ့သည်။

မန်ယူအသင်းသည် လက်ရှိ တွင် ပရီမီယာလိဂ်အမှတ်ပေးဇယား တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် နှစ်မှတ်အကွာ အမှတ်ပေးဇယား၏ အဆင့်(၄)နေရာတွင် ရပ်တည်လျက် ရှိသည်။
သို့သော် မန်ယူအသင်းနောက်ဆုံး ကစားခဲ့သည့် အိမ်ကွင်းနှစ်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ယင်းနှစ်ပွဲမှာ မန်စီးတီး အသင်းကို အိုးထရက်ဖို့ဒ်၌ ဧည့်ခံကစား ခဲ့ရသည့် မန်ချက်စတာဒါဘီပွဲစဉ်နှင့် မစ်ဒယ်ဘရော့အသင်းအား အိမ်ရှင်အဖြစ် လက်ခံကစားခဲ့ရသည့် ကတ်ပီတယ်ဝမ်း ဖလား ပွဲစဉ်တို့ ဖြစ်သည်။
မန်ယူအသင်းသည် ယခုနှစ်ဘောလုံးရာသီ တွင် ပရီမီယာလိဂ်သွင်းဂိုး ၁၅ ဂိုးသွင်းယူ ထားခဲ့သည့် အသင်းဖြစ်သော်လည်း ထိပ်ဆုံး အသင်းများထဲတွင် သွင်းဂိုးအနည်းဆုံး အသင်းလည်း ဖြစ်သည်။ မန်ယူ တိုက်စစ်မှူး ရွန်းနီသည် လည်း မစ်ဒယ်ဘရော့ အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ပင်နယ်တီ မဝင်ခဲ့ခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီတွင် ¤င်း၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ဝေဖန်မှုများပိုမိုထွက်လာခဲ့ရပြီး လိဂ်ပွဲကိုးပွဲကစားအပြီးတွင် နှစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။
သို့ရာတွင် နည်းပြ ဗန်ဟားလ်၏ မန်ယူအသင်းတွင် မည်သည့်တိုက်စစ်မှူးမဆို ဂိုးသွင်း နိုင်ရန် ရုန်းကန်ရလိမ့်မည်ဟု ပြောကြားကာ အသင်းဟောင်း ကစားဖော် တိုက်စစ်မှူးရွန်းနီအား ပေါ်လ်စခိုးလ် က ကာကွယ်ပြောကြားခဲ့သည်။
မန်ချက်စတာဒါဘီပွဲစဉ်တွင် လည်း တိုက်စစ်မှူး ရွန်းနီ၏ ကစားဟန်မှာ ပုံစံတကျ ဖြစ်ခဲ့သော်လည်း တိုက်စစ် မှူးရွန်းနီအား ဖန်တီး ပေးပို့နိုင်မည့် ကစား သမား မရှိခဲ့ကြောင်း လည်း ပေါလ်စခိုးက ဆို သည်။
ထို့ပြင် မန်ယူ ကစားဖော်ဟောင်း နစ်ကီ ဘတ်ကလည်း တိုက်စစ်မှူး ရွန်းနီမှာ မန်ချက်စတာဒါဘီ ပွဲစဉ်တွင် အသင်းကိုပွဲချိန် ပြည့် ဆွဲခေါ်သွားနိုင်သည် အထိ ခြေစွမ်းကောင်းခဲ့ ကြောင်းနှင့် မန်ယူ အသင်း၏ အဓိကကစား သမား ဖြစ်ခဲ့ကြောင်း တိုက်စစ်မှူး ရွန်းနီကို ထောက်ခံ ပြောကြားခဲ့ သည်။

ငွေကြယ်

ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်မည့်f(x)



တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့်f(x)၏ တစ်ကိုယ်တော် ဖျော်ဖြေရေးအစီအစဉ်ကို ၂ဝ၁၆ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ်ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါတေးဂီတအဖွဲ့၏ ဖျော်ဖြေပွဲကိုလာမည့်၂ဝ၁၆ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ က လက်ခံကျင်းပသွားမည့် အိုလံပစ်ပွဲစဉ်အတွင်း ဇန်နဝါရီ ၃ဝနှင့် ၃၁ရက်များတွင် ဆိုးလ်ရှိ အိုလံပစ်ပန်းခြံ အိုလံပစ်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အဖွဲ့၏အေဂျင်စီဖြစ်သောSM Entertainment က အောက်တိုဘာ ၂၈ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
f(x)အဖွဲ့သည် အဖွဲ့ဝင်လေးဦးပါဝင်သည့် အမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်ကာ ၂ဝဝ၉ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏တေးအယ်လ်ဘမ်ပေါင်းလေးခု ထွက်ရှိပြီး ဖြစ်ကာ မကြာသေးမီကထုတ်လွှင့်ခဲ့သော f(x)၏စတုတ္ထမြောက်စတီရီယိုတေးအယ်လ်ဘမ် “4 Walls”သည် နိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်တေးဂီတဝက်ဘ်ဆိုက်အများစုတွင် ထိပ်ဆုံးမှ ရပ်တည်နေခဲ့သည်။
အေးပြည့် - စုစည်းသည်

အဲလိဇ်စဘတ်(၂)ဘုရင်မကြီး၏ အဝတ်ဗီရိုကို မွေးနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည်




အင်္ဂလန်နိုင်ငံ၏ ဘုရင်မကြီး အဲလိဇ်စဘတ်(၂)၏ အသက် (၉ဝ)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သူ၏အဝတ်ဗီရိုကို အင်္ဂလန်နိုင်ငံ အေဒင်ဘတ်ခ်ျရှိ ဟိုလီဝရုတ်ဒ် ဟောက်စ်နန်းတော်တွင် သူ၏မွေးနေ့ဖြစ်သော ဧပြီ ၂၁ ရက်မှ စတင်ကာ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း ယူအက်စ်အေတူဒေး ဒေါ့ကွန်းက ပြီးခဲ့သည့်ကြာသပတေး နေ့တွင် ရေးသားဖော်ပြခဲ့သည်။
ထို့နောက် သြဂုတ်လမှစတင်၍ ဘက်ကင်ဟန် နန်းတော်၌လည်း ကောင်း၊ စက်တင်ဘာလတွင် ဝင်စာရဲတိုက်၌ လည်းကောင်း အသီးသီးထားရှိ ပြသသွားမည်ဖြစ် သည်။
ဘုရင်မကြီးတွင် ယနေ့အချိန် အထိနှစ်ပေါင်း ကိုးဆယ်အတွင်း ဝတ်စုံပေါင်းတစ်သောင်းခန့် စုဆောင်း မိခဲ့ပြီဖြစ်ကာ ပြုလုပ်မည့်ပြပွဲ အသီးသီးတွင် ယင်းဝတ်စုံများ အနက်မှ ပြပွဲနေရာနှင့်သက်ဆိုင် သော အခမ်းအနားတွင် ဝတ်ဆင်လေ့ ရှိသည့်ဝတ်စုံများကို ရွေးချယ်ပြသ သွားမည်ဖြစ်သည်။
ယင်းပြပွဲတွင် ဘုရင်မကြီး၏ ဘဝ တစ်လျှောက်ထူးခြားသည့် အခမ်း အနားများတွင် ဝတ်ဆင်ခဲ့သည့် ဝတ်စုံများ၊ ဘရင်မကြီးဝတ်ဆင်ခဲ့ သော သမိုင်းဝင် လက်ဝတ်ရတနာ များနှင့် အဝတ်အစားအသုံး အဆောင်များကို သမိုင်းကြောင်းနှင့် ယှဉ်ကာ ခင်းကျင်းပြသသွားနိုင်ရန် လည်း စီစဉ်ထားကြောင်း သိရသည်။
အဲလိဇ်စဘတ်ဘုရင်မကြီးသည် ဝတ်စုံအပြင် ကုတ်အင်္ကျီကိုပါထပ်၍ဝတ်ဆင်လေ့ရှိပြီး ဦးထုပ်လည်း ဆောင်းလေ့ရှိသည်။ များသော အားဖြင့်သူသည် ဝတ်စုံ၊ ကုတ်အင်္ကျီ နှင့် ဦးထုပ်တို့ကို အရောင်တူဝတ်ဆင် လေ့ရှိကာ အနက်ရောင်ရှူးဖိနပ်နှင့် လက်ကိုင်အိတ် အနက်တို့ကို ကိုင်ဆောင်တတ်သည်။
ထို့ပြင်သူသည် အရောင် တောက်တောက်များကို ရွေးချယ် ဝတ်ဆင်တတ်သူဖြစ်ရာ သူ၏ ဝတ်စားဆင်ယင်မှုသည် လူအများ ကြားတွင် ထင်ရှားနေသည်။ အဝတ် အစားဆင်ယင်ခြင်းနှင့်ပတ်သက်၍ ဘုရင်မကြီးက လူအများ၏ အမြင် တွင် သူ့ကိုယုံကြည်အားကိုးစရာ ကောင်းသည့်သူတစ်ဦးအဖြစ် သိမြင် ခံစားလာစေရန်သာ ရည်ရွယ်ပြီး အဝတ်အစားကို ရွေးချယ်ဝတ်ဆင် ကြောင်းလည်း ပြောကြားခဲ့သည်။
အေးပြည့် - စုစည်းသည်

Myanmar Wave Rider Cup and KTA Race Open 2015 ဒုတိယနေ့ယှဉ်ပြိုင်






 ငွေဆောင် အောက်တိုဘာ ၃ဝ

ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိ ပင်လယ်ပြင်ရွက်လှေကလပ်၌ ကျင်းပနေသည့်Myanmar Wave Rider Cup and KTA Race Open
2015 ပြိုင်ပွဲများ၏ ဒုတိယနေ့ပြိုင်ပွဲအဖြစ် အောက်တိုဘာ ၃ဝ ရက် နံနက်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်ကြသည်။

ဒုတိယနေ့ ကလပ်ပြိုင်ပွဲများကို ပထမနေ့ပြိုင်ပွဲ၌ ပါဝင်သညStand Up Paddle (SUP) ကလပ်ပြိုင်ပွဲများတွင် ၁၈ နှစ်အောက် အငယ်တန်း(ကျား)ပြိုင်ပွဲ၊ ၁၈ နှစ်အောက် အငယ်တန်း(မ)ပြိုင်ပွဲ၊ အမျိုးသမီး ရိုးရိုးတန်းပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲဟူ၍ လေးမျိုးခွဲယှဉ်ပြိုင်ခဲ့ကြသည်။Windsurfing ဒုတိယနေ့ပြိုင်ပွဲ၌ စင်ကာပူနိုင်ငံမှတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့၍
မြန်မာ အားကစားသမားများ ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။Windsurfing ရွက်လှေပြိုင်ပွဲ အားကစား နည်းကို ၂ဝ၁၂ တွင်မှ မြန်မာနိုင်ငံ သားတို့ စတင်ကစားခြင်းဖြစ်သော် လည်း ၂ဝ၁၃ ဆီးဂိမ်းတွင် မြန်မာ နိုင်ငံသည် အဆိုပါ အားကစားနည်း မှ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု ဆွတ်ခူးနိုင်ခဲ့သည်။

Kiteboarding ကလပ်ပြိုင်ပွဲ မှာမူ ပြိုင်ပွဲဝင်ရန် သင့်တင့်သည့် လေတိုက်နှုန်း မရရှိမှုကြောင့် လေ့ ကျင့်မှုများဖြင့်သာ ပြီးဆုံးခဲ့ရသည်။Kiteboarding ကလပ်ပြိုင်ပွဲအား အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

ချက်လ်ဆီးက အလိုရှိနေတဲ့ဂရစ်ဇ်မန်း





 ကောင်းမြတ်သူ-စုစည်းသည်

ဒီယေဂိုကော်စတာ စပိန်ကို ပြန်သွားမယ်ဆိုရင် အက်စ်သလက်တီ ကို တိုက်စစ်မှူး ဂရက်ဇ်မန်းကို ခေါ်ယူသွားမယ်လို့ ချယ်လ်ဆီးကဆို ပါတယ်။ ပြင်သစ်ကစားသမား ဂရက်ဇ်မန်းကို အက်သလက်တီကိုရဲ့ ပထမရာသီမှာ ၂၆ ဂိုးသွင်းယူပေးပြီး နောက် ချယ်လ်ဆီးက ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာပါ။ ချယ်လ်ဆီး ကစားသမား ဟာဇက်ကို ဘာစီလိုနာ နဲ့ရီးရဲမက်ဒရစ်တို့ကလည်း ခေါ်ယူ ဖို့ ကြိုးစားနေပါတယ်။ နည်းပြမော် ရင်ဟိုအနေနဲ့ ဖိအားပေးမှုတွေကို လျှော့ချနိုင်ဖို့ ဂရက်ဇ်မန်းကို အရ ခေါ်ယူသွားမယ့် အနေအထားရှိပါ တယ်။

 အက်သလက်တီကို တိုက်စစ် မှူး ဂရက်ဇ်မန်းဟာ အသက်၂၄နှစ် အရွယ်သာရှိသေးတဲ့အတွက် ချယ်လ် ဆီးကခေါ်ယူဖို့ ကြိုးစားနေပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့လည်း ခြေ စွမ်းပြမကစားနိုင်တဲ့ ကော်စတာ နေရာမှာ ဂရက်ဇ်မန်းကို ခေါ်ယူ သွားဖွယ်ရှိပါတယ်။ ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက လည်း ဂရက်ဇ်မန်းကိုခေါ်ယူသွားဖို့ အသင့်ရှိနေတယ်လို့ဆိုပါတယ်။

နောင်ဖွံ့ဖြိုးလာမည့် မြို့ပြနှင့်လူဦးရေကို မျှော်မှန်း၍ ကြိုတင်တွက်ဆဆောင်ရွက် မဇင်းရေလှောင်တမံသည် ပတ်ဝန်းကျင်ဒေသများ စိမ်းလန်းစိုပြည်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်တည်ဆောက်




နေပြည်တော် အောက်တိုဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာ သန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် အောင်ကျော်ဇော၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတ သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ် ယာဉ်များဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ မဇင်းရေလှောင် တမံသို့ရောက်ရှိရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ သည် မဇင်းရေလှောင်တမံစီမံကိန်းရှင်းလင်းဆောင်သို့ မော်တော်ယာဉ် ဖြင့် ဆက်လက်ထွက်ခွာရာ တမံ တစ်လျှောက်တွင်လည်း ဒေသခံ ပြည်သူများက နိုင်ငံတော်အလံငယ်များကိုဝှေ့ယမ်း၍ သောင်းသောင်း ဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင် များနှင့်အတူ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးခင်ဇော် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က မဇင်းရေလှောင် တမံဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းရည်ရွယ်ချက်၊ နှစ်အလိုက် မိုးရေချိန်၊ ရေဝင်ရောက်မှု၊ ရေထုတ် လွှတ်ပေးနိုင်မှုနှင့် ပဲခူးမြို့ ရေကြီး ရေလျှံမှုမှကာကွယ်ရန် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က မဇင်းရေလှောင်တမံမှ ပဲခူးမြို့သို့ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေ နေမှုနှင့်ပတ်သက်ပြီး မှာကြားရာ တွင် မဇင်းရေလှောင်တမံနှင့် ဇလတ် ထော်ရေလှောင်တမံတို့သည် အသစ် တည်ဆောက်မည့် ဟံသာဝတီ လေဆိပ်အနီး၌ တည်ရှိနေသည့် အတွက် နောင်ဖွံ့ဖြိုးတိုးတက်လာ မည့် မြို့ပြနှင့် လူဦးရေကိုမျှော်မှန်း၍ ကြိုတင်တွက်ဆဆောင်ရွက်သွားရန်နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်းဆောင်ရွက်နေ သည့်လုပ်ငန်းများကိုလည်း ဆောလျင် စွာ အကောင်အထည်ဖော်ဆောင်ရွက် ကြရန် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည် မဇင်းရေလှောင်တမံကြံ့ခိုင်မှုအခြေအနေနှင့် ရေသိုလှောင်ထား ရှိမှုအခြေအနေများကို တမံရှုရပ်မှ ကြည့်ရှုစစ်ဆေးသည်။
မဇင်းရေလှောင်တမံသည် ပဲခူး မြို့၏ အနောက်ဘက်ရှိ မဇင်းချောင်း နှင့်ကြက်သောင်းချောင်းဆုံ အထက် ပေ ၅ဝဝ ခန့်အကွာ၌ တည်ရှိပြီး ပဲခူးမြို့အတွက် သောက်သုံးရေနှင့် စက်ရုံ၊ အလုပ်ရုံသုံးရေ နေ့စဉ် ဂါလန် ၁၁ သန်းပေးဝေရန်၊ ပဲခူးမြို့အတွင်း ရှိ မဲခုန်ကျေးရွာအုပ်စုနှင့် ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုရှိ လယ်မြေဧက ၆၅ဝ ခန့်ကို စိုက်ပျိုးရေပေးဝေရန်၊ ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများ မိုးရာသီမြစ်ရေကြီးမှုမှ တစ်စိတ် တစ်ဒေသ ကာကွယ်ပေးနိုင်ရန်၊ ပတ်ဝန်းကျင်ဒေသများ စိမ်းလန်း စိုပြည်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက် ထားသည့် မြေသားရေလှောင်တမံအမျိုးအစားဖြစ်သည်။
ပဲခူးမြို့သည် ပဲခူးမြစ်ကမ်းဘေး ၌ တည်ရှိပြီး မြေနိမ့်လွင်ပြင်ဖြစ်၍ ပဲခူးမြစ် ရေကြီးရေလျှံမှုကို နှစ်စဉ် ကြုံတွေ့နေရသည့်အတွက် မဇင်းတမံ မှ ပဲခူးမြစ်အထိ မဇင်းချောင်းတူးဖော် ခြင်းလုပ်ငန်းနှင့် ခေါင်းဆေးကျွန်း တံတားမှ ပဲခူးမြစ်အထိ ခေါင်းဆေး ကျွန်းချောင်း တူးဖော်ခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်ခြင်းကြောင့် ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် ရေကြီး ရေလျှံမှုနှင့် ခေါင်းဆေးကျွန်းတံတား အနီးရှိ ရန်ကုန်-မန္တလေး ကားလမ်း ရေကျော်ခြင်းတို့မှ လျော့ပါးသက်သာ စေပြီး ဒေသခံပြည်သူများ၏ စီးပွား ရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများမှ ကာကွယ်ပေးလျက် ရှိသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မဇင်းရေလှောင် တမံမှ နှစ်မိုင်အကွာ၌ တည်ရှိ သည့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲသို့ မော်တော် ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ လမ်းတစ်လျှောက်ဝဲယာမှ ဒေသခံ ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင် များသည် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ(မဇင်း) ဘက်စုံသင်တန်းခန်းမသို့ ရောက်ရှိရာ
ဆည်မြောင်းဦးစီးဌာန လေ့ကျင့်ရေးဌာနခွဲ(မဇင်း)၏ နောက်ခံသမိုင်း၊ ဆည်မြောင်းနည်းပညာရပ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ လေ့ကျင့်ပေးနေမှု၊ နည်းပညာပူးပေါင်းလုပ်ဆောင် မှုများနှင့် သင်တန်းများဖွင့်လှစ်ပို့ချနေမှု အခြေအနေများ ကို ဗီဒီယိုမှတ်တမ်းဖြင့် တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် လေ့ကျင့်ရေး ဌာနခွဲအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်များနှင့် ဆည်မြောင်းတည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး စမ်းသပ်ခန်း၊ ဓာတ်ခွဲခန်းများနှင့် ဆည် မြောင်းဒီဇိုင်းပုံစံငယ်အခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြ သည်။
ဆည်မြောင်းဦးစီးဌာန၌ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ(မဇင်း)နှင့် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ (ပုသိမ်ကြီး)တို့ ပါဝင်ဖွဲ့စည်း ထားရှိပြီး မဇင်းဌာနခွဲကို ဂျပန်နိုင်ငံအစိုးရ၏ အကူအညီ ဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်ပညာပေး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဲခူးမြို့၌ ၁၉၈၈ ခုနှစ် မတ်လက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်း၍ စီမံကိန်းအဆင့်(၁) ကာလတွင် ကွန်ပျူတာအသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ မိုးလေဝသ၊ သဘာဝတို့နှင့် လိုက်လျောညီထွေဖြစ်မည့် ဆည်မြောင်း လုပ်ငန်းများအတွက် ဒီဇိုင်းစံညွှန်းများ ပြုစုရေးဆွဲခြင်း၊ တည်ဆောက်ရေးပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ဗဟုသုတများ မြှင့်တင်ပေးရန်အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ စီမံကိန်းအဆင့်(၂)ကာလတွင် နိုင်ငံတော် က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး မြောက်မြားစွာဖြင့် တည်ဆောက်ခဲ့သော ဆည်မြောင်း စီမံကိန်း များ၏ အကျိုးသက်ရောက်မှုများ စနစ်တကျ တိုးတက်ကောင်းမွန်လာစေရန် အဓိကလေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ သည် ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာ လာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြ သည်။
(သတင်းစဉ်)

မိမိတို့လိုလားသည့် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်





နေပြည်တော် အောက်တိုဘာ ၃ဝ

စစ်မှုထမ်းသက် နှစ်ကာလ များစွာအတွင်း တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းကမ်းများ နှင့်အညီ ပြစ်မှုမရှိအောင်နေထိုင် ခြင်း၊ ကျန်းမာကြံ့ခိုင်အောင် နေထိုင် ခြင်း၊ ထိုက်သင့်သည့် သင်တန်းများ တွင် အရည်အချင်းပြည့်မီအောင် တက်ရောက်သင်ကြားခြင်း၊ ခေါင်း ဆောင်မှု မှားယွင်းမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်ခြင်းတို့အပေါ် မူတည်၍ တာဝန်ပေးအပ်ခြင်းဖြစ် သောကြောင့် မိမိကိုယ်မိမိ တန်ဖိုး ထားရန်၊ ဂုဏ်ယူရန်လိုအပ်ကြောင်း၊ မိမိကိုပေးအပ်သည့် မည်သည့် ရာထူးအဆင့်ကိုမဆို တန်ဖိုးထားခြင်း ဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပြီး ကြိုးစားချင်စိတ် အမြဲရှိနေမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ အုပ်ချုပ်မှုမွမ်းမံသင်တန်း အမှတ် စဉ်(၂/၂ဝ၁၅)မှ သင်တန်းသား၊ သင်တန်းသူ အရာရှိများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြား သည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် သင်တန်းသား၊ သင်တန်းသူအရာရှိများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သင်တန်း ဆင်းများအနေဖြင့် မိမိတာဝန်ယူ ကွပ်ကဲရမည့် တပ်၊ဌာန စွမ်းရည်ရှိ စေရန် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ခြေလျင်တပ်များအနေ ဖြင့် တိုက်စွမ်းရည်ရှိရန် လိုအပ် သကဲ့သို့ လက်ရုံးတပ်များအနေဖြင့် လည်း လက်ရုံးတပ်ဖွဲ့ စွမ်းရည်ရှိ အောင် လုပ်ဆောင်ရန်လိုကြောင်း၊ တပ်မှူးတာဝန် ထမ်းဆောင်မည့်သူ များအနေဖြင့် အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ ဘဏ္ဍာရေးအခွင့်အာဏာ သုံးရပ် ပေးအပ်ထားခြင်းဖြစ်၍ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရန် လိုကြောင်း၊ ညီညွတ်မျှတသော အုပ်ချုပ်မှု၊ မှန်ကန်သောတာဝန် ခွဲဝေမှုတို့ရှိရမည် ဖြစ်ကြောင်း။
ယနေ့ ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူ့ဆန္ဒနှင့်အညီ လျှောက် လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခ များရှိနေ၍ မရပါကြောင်း၊ လက်နက် ကိုင်ပဋိပက္ခနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိစ္စရပ်များသည် လည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများရှိပြီး ဖြစ်၍ ဥပဒေနှင့်အညီ ဝင်ရောက် အရွေးချယ်ခံကြရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂ဝ၁၁ ခုနှစ် သြဂုတ်လမှ စ၍ သမ္မတကြီးက ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်ရန် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရုံဖြင့် မပြီးဘဲ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ် ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ် ရမည်ဖြစ်ကြောင်း၊ ပေးထားသည့် ကတိကဝတ်များနှင့်အညီ အမှန် တကယ်ငြိမ်းချမ်းလိုသည့် စိတ်ရှိရန် လိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်ခြင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်ခြင်းနှင့် တိုင်းရင်းသား ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မူဝါဒ သုံးချက်ချမှတ်ထားကြောင်း၊ ငြိမ်းချမ်း ရေးမူ ခြောက်ချက်ကိုလည်း အသိပေး ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ လိုလားသည့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ဆက်လက်လုပ်ဆောင် ရမည်ဖြစ်ကြောင်း။
မကြာမီကျင်းပမည့် ရွေးကောက် ပွဲနှင့်ပတ်သက်၍လည်း တပ်မတော် အနေဖြင့် လွတ်လပ်ပြီး တရားမျှတ မှုရှိရမည်ဟု ထုတ်ဖော်ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း၊
ကြိုတင်မဲပေး ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ် ချက်များနှင့်အညီသာ ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC ) ဒုတိယနေ့အစည်းအဝေး ဆက်လက်ကျင်းပ




သတင်းနှင့်တွေ့ဆုံမေးမြန်း-မြတ်သန္တာမောင်
ဓာတ်ပုံ-အငယ်လေး
 
ရန်ကုန် အောက်တိုဘာ ၃ဝ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)၏ ဒုတိယနေ့ဆွေးနွေးပွဲ တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား များအကြား နှစ်ဖက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာစည်း မျဉ်း၊ စည်းကမ်းများနှင့် စစ်ဘက် ဆိုင်ရာကျင့်ဝတ်များကို နှစ်ဖက် သဘောတူညီမှုရရှိခဲ့သည်ဟု ချင်း အမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာ ရွှေခါးရ်က ပြောကြား သည်။
အဆိုပါ အစည်းအဝေးကို အောက်တိုဘာ ၃ဝ ရက် နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) ၏ ပြည် ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းပုံ၊ လိုက်နာရမည့်ကျင့်ဝတ်များ၊ စည်း မျဉ်းစည်းကမ်းများ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု MPC ၏ ဥပဒေအကြံပေးဖြစ်သူ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောကြား သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောတာဒိုမူးက ''မနေ့ က ဆွေးနွေးတုန်းက အကြမ်းဖျင်း အတည်ပြုတာတွေကို ဒီမနက်ပိုင်း မှာ စာလုံးပေါင်းသတ်ပုံကအစ အသေးစိတ်ဆွေးနွေးတယ်။ ပြီးရင် JMC ရဲ့ ပြည်နယ်အဆင့်မှာရှိတဲ့Structure (ဖွဲ့စည်းပုံ) ကို ဆက် လက်ညှိနှိုင်းကြမယ်။ ပြီးရင် ပြည် ထောင်စုအဆင့်ရဲ့TOR (Terms
of reference) ကို အသေးစိတ်ဆွေး နွေးမယ်။ ကျွန်တော်တို့ကတော့ ဒီတစ်ခေါက်ဆွေးနွေးမှုမှာ ပြည် ထောင်စုအဆင့်ကို ရအောင်ဆွေး နွေးကြည့်ချင်တယ်။ လောလော ဆယ် ပဏာမအဆင့်မှာFunction ဖြစ်နိုင်တဲ့ Mechanism တစ်ခုခုကို ရချင်တယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေကြားမှာ တစ်ခုခု ဖြစ်ခဲ့သော် ချက်ချင်းဖြေရှင်းနိုင်ဖို့ ပါ'' ဟု ဒုတိယမြောက်နေ့ ဆွေးနွေး ပွဲအပေါ် သုံးသပ်သည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) ၏ တတိယနေ့ အစည်းအဝေး ကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် လက် မှတ်ရေးထိုးပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကို နေပြည်တော်တွင် ၂ဝ၁၅ခုနှစ် အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းမှ အောက်တိုဘာ ၁၇ ရက်အထိ ပြုလုပ်ခဲ့သည်။ ယင်း ဆွေးနွေးပွဲတွင် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) နှင့် ပြည် ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) တို့ကို ဖွဲ့စည်းခဲ့သည်။
NCA စာချုပ်အရ လက်မှတ် ရေးထိုးပြီးနောက် ရက်ပေါင်း ၃ဝ အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) ၏ မူဘောင်ကို ရေးဆွဲ ရမည်ဖြစ်ပြီး ရက်ပေါင်း ၆ဝအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေး မှုပူးတွဲကော်မတီ (UPDJC) ၏ မူဘောင်ကို ရေးဆွဲကြရမည် ဖြစ် သည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)ပထမနေ့ အစည်းအဝေး ခေတ္တရပ်နားချိန်တွင်NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ၁၅ ရက် အတွင်း ဖြစ်ပေါ်နေသည့်အခြေ အနေများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ ဖွဲ့စည်းပုံ အဆင့်ဆင့်နှင့် လုပ်ငန်းတာဝန်များ နှင့် စပ်လျဉ်းပြီး MPC ၏ ဥပဒေ အကြံပေးဖြစ်သူ ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်အား မြန်မာ့သတင်းစဉ် က တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်
အဆင့်JMC ကော်မတီ တွေ ဖွဲ့စည်းပုံနဲ့ ပြည်ထောင်စု အဆင့်ဟာ ဘယ်လိုကွာခြားမှုတွေ ရှိလဲ။
ဖြေ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်
အဆင့် ကော်မတီဖွဲ့စည်း ရာမှာ အနည်းငယ်ရှုပ်ထွေးမှုရှိတယ် လို့ ပြောလို့ရတယ်။ ပထဝီအနေ အထားနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ နေထိုင်ရာဒေသ ကြောင့်ပါ။ ဥပမာ ချင်းပြည်နယ် ဆိုရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ကရင်ဆိုရင် သူတို့က တိုင်းဒေသကြီး ပြည်နယ်တစ်ခုမှာ နေထိုင်တယ်။ ဒါ့အပြင်ကို ဒီဒေသမှာ လက်မှတ် ထိုးထားတာကKNU တင်မဟုတ်ဘဲDKBA လည်းရှိတယ်။KNLAPC လည်းရှိနေတယ်။ ဒီအဖွဲ့ တွေကျတော့ ဘယ်လိုပုံစံဖွဲ့ကြမလဲ ဆိုတာကို အသေးစိတ်ဆွေးနွေးရ တယ်။ ကျင့်ဝတ်ကတော့ တစ်ခု တည်းပဲ။ ဒါပေမယ့် ဖွဲ့စည်းပုံကတော့ အနည်းငယ်ကွာခြားမယ်။ ဥပမာ.. ချင်းပြည်နယ်ဆိုရင် အစိုးရဘက်က လက်ခံတဲ့ ကိုယ်စားလှယ်ငါးဦးနဲ့ CNF ဘက်က ကိုယ်စားလှယ် ငါးဦးစီပါ။ ကရင်ပြည်နယ်မှာ ကျတော့ အဖွဲ့အစည်းက သုံးဖွဲ့ဖြစ် ပြီး နယ်မြေကသုံးခုဖြစ်တယ်။ ဒါ ကြောင့် အထူးအနေနဲ့ ပြန်စဉ်းစား ရပါတယ်။
ဒီတော့ ပြည်ထောင်စုအဆင့် မှာက Structure (ဖွဲ့စည်းပုံ) က အားလုံးအတွက် တစ်ခုတည်းပဲ။ ဒါပေမယ့် တိုင်းဒေသကြီးနဲ့ ပြည် နယ်အဆင့် ကော်မတီဖွဲ့စည်းရာ မှာတော့ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုကြားမှာ ဖွဲ့စည်းပုံက အနည်းငယ် ကွဲပြားသွားတယ်။ ပထဝီအနေအထားနဲ့ လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ နယ်မြေဒေသ အရ အထူးအလေးထားပြီး လုပ် ဆောင်ရတဲ့ အပိုင်းတွေရှိနေတယ်။ ချင်းပြည်နယ်အတွက် ဖွဲ့စည်းပုံကို ကရင်ပြည်နယ်မှာ သုံးဖို့မဖြစ်နိုင် တဲ့အခက်ခဲမျိုးတွေရှိနေတယ်။
ဒါ ပေမယ့် နှစ်ဖက်က သဘောတူတာ ကStructure (ဖွဲ့စည်းပုံ) တစ်ခုကို တော့ ကိုင်ထားမယ်။ အဲ့ဒီဖွဲ့စည်းပုံ ကို ပံ့ပိုးပေးမယ့်အရာကိုတော့ နှစ် ဖက်ညှိနှိုင်းကြမယ်လို့ သဘောတူ ကြတယ်။
မေး ။ ဒီနေ့ဆွေးနွေးပွဲရဲ့ လက်ရှိ
အခြေအနေကို ဆရာ့အနေ နဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။ တိုင်းရင်းသားတွေဘက် ကလည်း ဒီဆွေးနွေးပွဲအပေါ်မှာ ဘယ်လို သဘောထားရှိတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ကျွန်တော်ထင်တာကတော့
ဒီနေ့ဆွေးနွေးတာ မနေ့ ကထက် ပိုကောင်းတယ်။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုပိုရှိလာတယ်။ သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့ ဘက် တစ်ခုခု မရှိတော့ဘဲJMC ဟာ အားလုံးဆိုတဲ့ အခြေခံပေါ်မှာ တစ်စု တစ်ဖွဲ့တည်းနဲ့ စဉ်းစားတဲ့ ပုံစံမျိုး ပေါ်ပေါက်လာတယ်။ ဒီမှာ ဆွေးနွေး နေကြတဲ့ သူတွေဟာလည်း မကြာ ခဏ တွေ့ဆုံဆွေးနွေးမှုကြောင့်JMC ပဲဖြစ်ဖြစ်၊ UPDJC ပဲဖြစ်ဖြစ် လုပ်ရတာ အရင်ကထက် လွယ်ကူလာ တယ်လို့ ကျွန်တော်ထင်တယ်။
မေး ။JMCဟာ နိုင်ငံရေးဆွေး
နွေးပွဲတွေ စတင်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဆီ အရောက်သွားနိုင် ဖို့အတွက် ဘယ်လိုများ ပံ့ပိုးပေးနိုင် မလဲ။
ဖြေ ။ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်
တဲ့ ကိစ္စတွေအတွက်JMC ကိုဖွဲ့ထားတယ်။ နိုင်ငံရေးဆွေးနွေး ပွဲတွေအတွက် UPDJC ကို ဖွဲ့ ထားတယ်။ ဒီနှစ်ခုဟာNCA နဲ့ ပတ်သက်ရင် ခွဲခြားလို့မရတဲ့ ကဏ္ဍတွေပါ။ တပ်ပိုင်းဆိုင်ရာမှာ ပြဿနာ တစ်ခုခုဖြစ်ရင် နိုင်ငံရေးဆွေးနွေး ပွဲကို လာထိခိုက်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပြဿနာဖြစ်ရင် လည်း တပ်ပိုင်းဆိုင်ရာကို လာထိ မယ်။ ဒီနှစ်ခုဟာNCA အတွက် မရှိမဖြစ်တဲ့ ဒေါက်တိုင်ကြီးနှစ်ခုပဲ။
မေး ။ အခုဆိုရင် NCA စာချုပ်
ကို လက်မှတ်ရေးထိုးထား တာက ၁၅ ရက်ကြာမြင့်ခဲ့ပြီ။ ဒီတော့ ငြိမ်းချမ်းရေးအတွက် NCA ဟာ ဘယ်လို အကျိုးသက်ရောက်မှု တွေရှိလဲ။ ဘယ်လိုတိုးတက်မှုတွေ ရှိပါသလဲ။
ဖြေ ။ NCA လက်မှတ်ထိုးထား
တဲ့ ဒေသတွေမှာ လက်မှတ် ရေးထိုးပြီးတဲ့နောက်ပိုင်း ဒီနေ့အထိ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ နောက် တစ်ချက်ကNCA ထဲမှာ ပါတာက အချိန်ဇယား (Time Line) ပါတယ်။ ကျွန်တော်တို့က ဒီအချိန်ဇယား အတိုင်း မလုပ်နိုင်လို့ NCA ကို ချိုးဖောက်သလိုမျိုးဖြစ်မှာကို စိုး ရိမ်တယ်။ ဒီနေ့အထိ ကြည့်ရင်တော့ လက်မှတ်ထိုးပြီးနောက် ၂၄ နာရီ အတွင်း လုပ်ရမယ့်ကိစ္စတွေ၊ ငါး ရက်အတွင်းနဲ့ ခုနစ်ရက်အတွင်း လုပ်ရမယ့် ကိစ္စတွေကို လုပ်နိုင်ခဲ့ ကြတယ်။
Time Line အတိုင်းမလုပ် နိုင်ရင် ဘာအရေးကြီးလဲဆိုတော့NCA အတွက် အန္တရာယ်ရှိတာ ပါ။ ကျွန်တော်ထင်တာက ရက် ၃ဝ၊ ရက်ပေါင်း ၆ဝ နဲ့ ရက်ပေါင်း ၉ဝ အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရင်တော့ ကျန်တဲ့အဖွဲ့တွေ လည်း NCA အပေါ်မှာ ယုံကြည်မှု ပိုများလာမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် က ပိုအားရှိလာမယ်။
လက်မှတ်မထိုးထားတဲ့ အဖွဲ့ တွေရဲ့ နယ်မြေတွေမှာကျတော့JMC ဖွဲ့လို့မရဘူး။ မကြာခင်မှာ လုပ်မယ့် UPDJC အစည်းအဝေး မှာလည်း သူတို့မပါနိုင်တော့ နိုင်ငံ ရေးမူဘောင်ရေးဆွဲရာမှာ သူတို့ မပါဝင်နိုင်တာဟာ အတော်လေးကို နစ်နာတယ်။ သူတို့ကိုလည်း ဒါ ကြောင့် လမ်းဖွင့်ပေးထားပါတယ်။မေး ။ ဒါဆိုရင် အခု တခြားသော
လက်နက်ကိုင်အဖွဲ့အစည်း တွေအနေနဲ့ NCA ကို လက်မှတ် ထိုးခဲ့ရင် သူတို့ဟာTime Line ရဲ့ ဘယ်နေရာကနေ ပါဝင်ခွင့်ရမလဲ။ အခုရောက်ရှိနေတဲ့ နေရာကနေ လား ဒါမှမဟုတ် အစကနေ သူတို့ အတွက် ပြန်စရမှာပါလား။
ဖြေ ။ အခု လက်မှတ်ရေးထိုးထား
ပြီးနောက် ရက်ပေါင်း ၃ဝ အတွင်းမှာJMC ရဲ့ မူဘောင်ကို အပြီးသတ်ရေးဆွဲကြရမယ်။ လက် မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၆ဝ အတွင်းမှာ UPDJC ရဲ့ မူဘောင်ကို အပြီးသတ်ရေးဆွဲနိုင် ရမယ်။ ဒီမူဘောင်တွေနဲ့အညီ ရက် ၉ဝ မပြည့်ခင်မှာ နိုင်ငံရေးဆွေး နွေးပွဲတွေ စတင်နိုင်ဖို့ ဖြစ်ပါတယ်။
ကြိုက်တဲ့အချိန်မှာ သူတို့ပါဝင်လက်မှတ်ထိုးလို့ရပါတယ်။ တခြား အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုး လာရင် သူတို့ဟာ အခုရောက်နေတဲ့ နေရာကနေစပြီး ပါဝင်ရမှာပါ။ သူတို့အတွက် အဲ့ဒါအခွင့်အရေး ရှိတယ်။ နိုင်ငံရေးမူဘောင်ဆွေး နွေးရာမှာ သူတို့ပါဝင်လာနိုင်မယ်။ ဒါမှမဟုတ် ဒါတွေဆွေးနွေးပြီးမှ လာရင်လည်း နိုင်ငံရေးဆွေးနွေးပွဲ မှာ သူတို့ဆွေးနွေးခွင့်ရမှာပါ။

ညလုံးပေါက်မဲရေတွက်ရာတွင် အသုံးပြုရန် ဂျပန်နိုင်ငံအစိုးရက နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များလှူဒါန်း




နေပြည်တော် အောက်တိုဘာ ၃ဝ 

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံအစိုးရက နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များ လွှဲပြောင်းလှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးH.E. Mr. Tateshi HIGUCHI၊ UNDP ဌာနေညွှန်ကြားရေးမှူး Mr. Toily
Kurbanov နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်နှင့် UNDP တို့ ဆွေးနွေးညှိနှိုင်းမှုအရ UNDP အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဆိုလာမီးအိမ်များ ဖျက်၍ မရသောမင်များ ဝယ်ယူပေးရန်နှင့် ကိုယ်စားလှယ်လောင်းများအတွက်Information Session များ ပြုလုပ်ပေးရန် သဘောတူဆုံးဖြတ်ခဲ့ ကြောင်း။
ဆိုလာမီးအိမ်ဝယ်ယူထောက်ပံ့ရေးအတွက်UNDP နှင့် ဂျပန်နိုင်ငံတို့ မိတ်ဖက်ပြုပြီး နိုင်ငံတစ်ဝန်းလုံးရှိ လျှပ်စစ်မီးအချိန်ပြည့်မရသော မဲရုံများ အတွက် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ပေါင်း ၅၁၂၉၈ လုံးကို ဝယ်ယူ၍ ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးပို့ပြီးဖြစ်ကြောင်း၊ ဆိုလာမီးအိမ်များ ပံ့ပိုးလှူဒါန်း ပေးသည့်အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့ ညလုံးပေါက်မဲရေတွက်ရသော မဲရုံများ၌ မဲလက်မှတ်များရေတွက်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း။
ထို့နောက် ဂျပန်သံအမတ်ကြီးက ဆိုလာမီးအိမ်များအား ဂျပန်အစိုးရ အနေဖြင့် UNDP မှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း၊ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အားထုတ် ကြိုးပမ်းမှုသည် မြန်မာနိုင်ငံသားများအတွက်သာမက နိုင်ငံတကာအသိုက်အဝန်း အတွက်လည်း အရေးကြီးပါကြောင်း၊ ဆိုလာမီးအိမ်သည် ၁၂ နာရီကြာ အသုံးပြုနိုင်ပြီး နေရောင်ခြည်စွမ်းအင်သာမက ဓာတ်ခဲ၊ ဘက်ထရီဖြင့်လည်း ဆက်သွယ်ကာ မဲလက်မှတ်ရေတွက်စာရင်းပြုစုရာတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်သံအမတ်ကြီးက ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆိုလာ မီးအိမ်များကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက လက်ခံယူသည်။
ထို့နောက် UNDP ဌာနေညွှန်ကြားရေးမှူးက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရန်အတွက် အကြောင်းအရာများစွာကို အသေးစိတ် စဉ်းစားပြီး ဆိုလာမီးအိမ်များ လှူဒါန်းရရှိရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လျှပ်စစ် မီးမရရှိသော ဒေသများတွင် မဲရေတွက်ရန်အတွက် ဆိုလာမီးအိမ်များ ဖြန့်ဝေ ထုတ်ပေးနိုင်မှုသည် ယင်းဒေသများရှိ ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူ များ၏ယုံကြည်မှုကို မြင့်မားစေမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)

ပခုက္ကူခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီ များတွေ့ဆုံ




ပခုက္ကူ အောက်တိုဘာ ၃ဝ

ပခုက္ကူခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲကို အောက်တိုဘာ ၃ဝ ရက် နံနက် ၁ဝ နာရီက ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရွှေကျော့ က နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး ရာတွင် လိုက်နာရမည့်အချက်များ၊ ကျင့်ဝတ်များ၊ ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များနှင့် ပတ်သက် ၍ ဝတ်စားဆင်ယင်မှု ဆိုင်ရာများ ကို ဆွေးနွေးသည်။

ထို့နောက် နိုင်ငံရေးပါတီများက မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စား လှယ်ထားရှိရေးနှင့် အခြားသိလိုသည် များမေးမြန်းရာ ခရိုင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင် များနှင့် ရွေးကောက်ပွဲအရာရှိတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ ပခုက္ကူခရိုင်အောက်ရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူ မြို့နယ်တို့တွင် စုစုပေါင်းမဲရုံ ၁၁၁၂ ရုံရှိပြီး လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၇ ဦးဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံ မည်ဖြစ်ကြောင်း သိရသည်။
(၁၁၇)

အမေရိကန်၏လုပ်ရပ် တောင်တရုတ်ပင်လယ်အတွင်း စစ်မီးတောက်လောင်နိုင်ဟုဆို





ပေကျင်း အောက်တိုဘာ ၃ဝ

အမေရိကန်တို့အနေဖြင့် တောင် တရုတ် အငြင်းပွားနယ်မြေအတွင်း ရန်လိုသော လုပ်ဆောင်မှုများ ရပ်တန့်နိုင်ခြင်းမရှိလျှင် အသေးအဖွဲ ဖြစ်စဉ်မှသည် စစ်မီးတောက် လောင်သွားနိုင်ကြောင်း တရုတ် ရေတပ် ဗိုလ်ချုပ်ကြီးက အမေရိကန် ဗိုလ်ချုပ်ကြီးအား ပြောကြားလိုက် သည်ဟု တရုတ်ရေတပ်၏ ကြေညာ ချက်တွင် ဖော်ပြသည်။
တရုတ်ရေတပ် ဗိုလ်ချုပ်ကြီး ဝူရှန်ဂလီက အမေရိကန်ရေတပ် အကြီးအကဲ ဂျွန်ရစ်ချတ်ဆင်အား ကြာသပတေးနေ့က အထက်ပါ အတိုင်း ပြောဆိုလိုက်ကြောင်း တရုတ်ရေတပ်၏ ကြေညာချက်တွင် ဖော်ပြသည်။

နှစ်နိုင်ငံ စစ်ဘက်အရာရှိ နှစ်ဦးသည် အမေရိကန်စစ်သင်္ဘော တစ်စင်း တရုတ်လူလုပ်ကျွန်းအနီး ရေပိုင်နက် ၁၂ မိုင်အတွင်း ဝင်ရောက် ခဲ့ပြီးနောက် ထိုသို့ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံက အမေရိကန်၏ကင်းလှည့် ဝင်ရောက်မှုအပေါ် ပြင်းပြင်း ထန်ထန်ဝေဖန်ရှုတ်ချလိုက် သည်။ အမေရိကန်က တရုတ်တို့၏ လူလုပ်ကျွန်းအနီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့မှုသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။ တရုတ်တို့ က တောင်တရုတ်ပင်လယ်အတွင်း လူလုပ်ကျွန်း ခုနစ်ခု တည်ဆောက် ထားရာ ၄င်းဒေသမှာ ကမ္ဘာ့ပင်လယ် ကူးသင်္ဘောကြီးများ အဓိကဖြတ်သန်း သွားလာရာဒေသဖြစ်သည်ဟု ဆို သည်။ အမေရိကန်အနေဖြင့် ယင်းကဲ့သို့အပြုအမူ ထပ်မံပြုလုပ် လာလျှင် စစ်မီးတောက်လောင်မှု အထိ ဖြစ်နိုင်ကြောင်း တရုတ် ရေတပ်ဗိုလ်ချုပ်ကြီးဝူက ပြော သည်။
(ရိုက်တာ)

နျူကလီးယားစမ်းသပ်ရန် မြောက်ကိုရီးယား ဥမင်လိုင်ခေါင်းသစ်ဖောက်လုပ်နေဟုဆို




ပြုံယမ်း အောက်တိုဘာ ၃ဝ

မြောက်ကိုရီးယားအနေဖြင့် အနာဂတ် နျူကလီးယားစမ်းသပ်မှုများ ပိုမိုပြုလုပ်နိုင်ရန် ရည်ရွယ်လျက် ဥမင်လိုဏ် ခေါင်းသစ်တစ်ခုတူးနေကြောင်း သောကြာနေ့က တောင်ကိုရီးယားသတင်းတစ်ရပ်တွင် ဖော်ပြသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာသည် မြောက်ကိုရီးယားဒုံးပျံနှင့် နျူကလီးယားခြိမ်းခြောက်မှု တုံ့ပြန်မည့်အရေးဆွေးနွေးရန် တနင်္ဂနွေနေ့က တောင်ကိုရီးယားသို့ သီးခြားသွားရောက်လိမ့်မည်ဟု ဆိုသည်။

အဆိုပါ ဥမင်လိုဏ်ခေါင်းတူးဖော်နေသည့်နေရာမှာ ယခင်နျူကလီးယားစမ်းသပ်မှု သုံးကြိမ်ပြုလုပ်ခဲ့သော မြောက်ကိုရီးယား အရှေ့ဘက် ကမ်းခြေတွင် တည်ရှိကြောင်း၊ လိုဏ်ခေါင်းသစ်အတွင်း အလုပ် သမားများနှင့် မော်တော်ယာဉ်များ သွားလာ လှုပ်ရှားနေသည်ကိုတွေ့ရ ကြောင်း အမည်မဖော်လိုသူ အစိုးရ သတင်းရပ်ကွက်မှ ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။
အဆိုပါ ဥမင်သစ်ကို ဆက်လက် ဖောက်လုပ်နေဆဲ ဖြစ်ကြောင်း၊ သို့သော် နျူကလီးယားစမ်းသပ်ရန် ပြင်ဆင်မှုကို မတွေ့သေးကြောင်း အဆိုပါ သတင်းရပ်ကွက်က ပြော သည်။ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားစမ်းသပ်မှု သုံးကြိမ် ပြုလုပ်ခဲ့ရာ ၂ဝ၁၃ ခုနှစ်က နောက်ဆုံး စမ်းသပ်ခဲ့သည်ဟု ဆို သည်။ (ရိုက်တာ)

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၄) ရပ့်ဖြင့် ကျင်းပမည်







နေပြည်တော် အောက်တိုဘာ ၃ဝ

၂ဝ၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟို ကော်မတီ (ပထမအကြိမ်)ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက် ရောက်၍ အမှာစကားပြောကြား သည်။ 

အစည်းအဝေးသို့ (၆၈)နှစ် မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဆပ် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လွတ် လပ်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို နှစ်စဉ်နှစ်တိုင်း အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပခဲ့ပါကြောင်း၊ နံနက်ပိုင်းအစီအစဉ်တွင် လွတ်လပ် ရေးနေ့ နိုင်ငံတော်အလံတင်အခမ်း အနား၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားနှင့် နိုင်ငံတော်သမ္မတ ထံမှပေးပို့သည့် သဝဏ်လွှာဖတ်ကြား ခြင်းအခမ်းအနားတို့ကို ပြုလုပ်ပါ ကြောင်း၊ ညနေပိုင်းအစီအစဉ်တွင် နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံ သည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာ စားပွဲကျင်းပခြင်း အခမ်းအနားကို ကျင်းပပါကြောင်း၊ ယခုနှစ်ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်း ပေးထားပြီးဖြစ်ပါကြောင်း၊ ယင်းဆပ် ကော်မတီများအနေဖြင့် ယခင်နှစ်၏ အားနည်းချက်၊ အားသာချက်များ အပေါ် ပြန်လည်သုံးသပ်၍ လိုအပ် ချက်များကို ညှိနှိုင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ များအနေဖြင့် ညှိနှိုင်းပူးပေါင်းဆောင် ရွက်သွားရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်း ရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က (၆၈)နှစ် မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ အောင် မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ဗဟိုကော်မတီအောက်၌ ဆပ်ကော်မတီခုနစ်ခု ဖွဲ့စည်းတာဝန် ပေးအပ်ထားမှုကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌ များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများက ဆပ်ကော်မတီ အလိုက် ဆောင်ရွက်နေသည့် အခြေ အနေ၊ ဧည့်ခံရေး၊ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ပြန်ကြားရေး၊ သဝဏ်လွှာ ပြုစုရေး၊ ကျန်းမာရေးနှင့် အားကစား ပြိုင်ပွဲများ ကျင်းပရေးအတွက် ကြိုတင် ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို တင်ပြ ကြပြီး ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားသည်။
၂ဝ၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်ထောင်စု တိုင်းရင်းသားအားလုံး ပြည်ထောင်စုကြီးအတွင်း၌ ဥမကွဲ သိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်းနေထိုင်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်း ကာကွယ်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်နှင့်အတူ ထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်သူ့စွမ်းအားဖြင့် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် ရေး စသည့် အမျိုးသားရေးဦးတည် ချက်(၄)ရပ်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။ (သတင်းစဉ်)

ဒီမိုကရေစီနှင့် ဦးဆောင်သူတို့ဆန္ဒ



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ဒီမိုကရေစီအစိုးရသည် ပြည်သူတစ်ဦးချင်းစီတို့၏ဆန္ဒအရ ရွေးကောက်တင်မြှောက်ထားသည့်အစိုးရဖြစ်ခြင်းကြောင့် ပြည်သူ လူထုအတွက်အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရပေသည်။

ဒီမိုကရေစီ ခေတ်တွင် ပြည်သူသာလျှင် အဓိက၊ ပြည်သူသာလျှင်ပဓာနဖြစ် သည်။ ပြည်သူကိုဗဟိုပြု၊ ပြည်သူကိုရှေးရှုပြီး အစွမ်းကုန်ကြိုးပမ်း အားထုတ်ကြရပေသည်။

ဤသို့ပြည်သူ့အကျိုးစီးပွားကို အဓိကဦးဆောင်ဦးရွက် ပြုမည့်အစိုးရတစ်ရပ်ပေါ်ပေါက်လာစေရေး မကြာမီရက်များ အတွင်း မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကြီးကျင်းပပေတော့မည်။ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် လောင်းများက နိုင်ငံတစ်ဝန်းမဲဆွယ်စည်းရုံးဟောပြောနေကြပြီ ဖြစ်ပါသည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ မဲဆွယ်စည်းရုံး မှုများ အရှိန်အဟုန်အားကောင်းလာလျက်ရှိသည်။

သို့သော် ရွေးကောက်ပွဲဝင်ပါတီအချင်းချင်း ထိပ်တိုက်ဆုံတွေ့မှုကြောင့် မလိုလားအပ်ဘဲ ပဋိပက္ခများဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန် အထူးအလေးထား  ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရမည့် အချိန်ဖြစ်ပါသည်။
ဒီမိုကရေစီအစိုးရတစ်ရပ်တွင် ပြည်သူလူထု၏အကျိုးစီးပွား ကိုအလေးထားဆောင်ရွက်ပေးလိုသောဆန္ဒသည်   ဦးဆောင် ဦးရွက်ပြုခွင့်ရသောအစိုးရတို့၏ ဆန္ဒပင်ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရတိုင်းသည် ပြည်သူလူထု၏ဆန္ဒကို အလေးထားတုံ့ပြန် ဆောင်ရွက်ပေးရသည့်သဘောရှိသည်။

ထို့ကြောင့်လည်း ဒီမိုကရေစီစနစ်ကိုစတင်အကောင်အထည် ဖော်ဆောင်ရွက်သည့် လက်ရှိအစိုးရလက်ထက်   လွန်ခဲ့သည့် လေးနှစ်ကျော်ငါးနှစ်နီးပါးကာလအတွင်း   ပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများစွာပြုပြင်ပြောင်းလဲ မှုများနှင့်အတူ ဖော်ဆောင်ပေးနိုင်ခဲ့သည်ကို  တွေ့ရမည်ဖြစ်ပါ သည်။ အထူးသဖြင့် အခြေခံဆောက်အအုံများစွာတို့ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။
အများသိသာမြင်သာရှိသော  ကဏ္ဍတစ်ခုကို ပြောပါဆို လျှင် ဆက်သွယ်ရေးကဏ္ဍဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် လူတိုင်းအင်တာနက်ပါ မိုဘိုင်းဖုန်းများကို မြို့ပြများ သာမက ကျေးလက်တောရွာများအထိ လွယ်လင့်တကူသုံးစွဲလာ နိုင်ခြင်းကြောင့်ဖြစ်ပါသည်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် လည်း နိုင်ငံတစ်နံတစ်လျား လမ်းတံတားများ ကွန်ရက်အလား တိုးတက်လာခဲ့ပြီး  ပြည်သူတို့သွားလာမှုအဆင်ပြေခဲ့ပါသည်။ ယခင်က  စက်ဘီးသာသုံးနိုင်သော  ပြည်သူများ ဆိုင်ကယ်များ အသုံးပြုလာနိုင်ကြပြီဖြစ်ပါသည်။ 

ကျေးလက်ဒေသများအထိဖြန့်ကြက်လျက် လျှပ်စစ်မီးလင်း ရေးကို အလေးထားဆောင်ရွက်နေသည်။ ကျန်းမာရေးစောင့်ရှောက် မှုဆေးရုံဆေးခန်းများတိုးတက်လာသည့်အပြင် ကုသစောင့်ရှောက် မှုများလည်း တိုးတက်လာခဲ့သည်။ ပညာရေးကဏ္ဍတွင်  ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့သည့်အပြင်  သင်ကြားရေး ဆရာ ဆရာမများ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျောင်းများအဆင့် မြှင့်တိုးချဲ့မှုများပြုလုပ်နိုင်ခဲ့၍  တိုးတက်သောအပြောင်းအလဲ များအဖြစ် တွေ့ရမည်ဖြစ်ပါသည်။

ဤသည်မှာ ဒီမိုကရေစီအစိုးရတစ်ရပ်အနေဖြင့် ပြည်သူ ကိုအလေးထားဆောင်ရွက်ပေးလျက်ရှိသည်မှာ အထင်အရှား တွေ့ရမည်ဖြစ်ပါသည်။ ဒီမိုကရေစီ သက်တမ်းရင့်ကျက်လာကာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ  ယခုထက် ပိုမိုကောင်းမွန်သော ပြည်သူ့ အကျိုးစီးပွားကို   ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု  မျှော်လင့် ရပါကြောင်း။     ။

ကျန်းမာရေးကောင်းမွန်စေသော လားရှိုးမြို့မှ သဘာဝရေပူစမ်း




The Mirror Daily's photo.


ဇာဏီအောင်(လားရှိုး)

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အရှေ့မြောက်အကြား ပြည်ထောင်စုလမ်းမကြီးမှ သိန်းနီမြို့သွားသောလမ်း အေတီတံတားမရောက်ခင် လားရှိုးမြို့ အဝေးပြေးယာဉ် ကုန်တင်ကုန်ချ ယာဉ်ရပ်နားကွင်းဘေးလမ်းမှ ခြောက်ဖာလုံခန့် ကတ္တရာလမ်းအတိုင်းသွားလျှင် ၁၇ ဒသမ ၇၈ ဧကရှိ သဘာဝရေထွက် ရေပူစမ်းကိုရောက်ပါသည်။

ထိုရေပူစမ်းသည် ၁၉၆၃ ခုနှစ်တွင် ရှမ်းအဘိုးအို တစ်ဦးက မထင်မှတ်ဘဲတွေ့ရှိပြီး ပုဂ္ဂလိက၊ စည်ပင်၊ ရဲဘော်ဟောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် မူလအခန်းငယ်လေးများနှင့် စတင်ထိန်းသိမ်းခဲ့ရာမှ ၁၉၉ဝ-၁၉၉၁ ခုနှစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အစီ အစဉ်အရ နဒီဧရာဆောက်လုပ်ရေးအင်ဂျင်နီယာများ၏ လေ့လာမှုများဖြင့် ထပ်မံတိုးချဲ့ခဲ့ပါသည်။

နဒီဧရာဆောက်လုပ်ရေးအဖွဲ့၏ လုပ်ဆောင်မှုများဖြင့် (၁)အမျိုးသားရေချိုးဆောင်၊ (၂)အမျိုးသမီးရေချိုးဆောင်၊ (၃)မိသားစုရေချိုးဆောင်၊ (၄)ရေပူသိုလှောင်ရေစင်၊ (၅) အထူးသီးသန့်ဧည့်ဆောင်၊ (၆) ရေအေးလှောင်ကန်၊ (၇)အဝီစိစက်ရေတွင်းနှင့် (၈)အလှရေပန်းများ တည်ဆောက် ပေးခဲ့ပါသည်။

အမှတ်(၉၅၉)တပ်မတော်အင်ဂျင်နီယာတပ်ကလည်း အပန်းဖြေနားနေရန်နှင့် သီချင်းဆိုရန် ဧည့်ဆောင်တည် ဆောက်ပေးခဲ့ပါသည်။ ယင်းရေပူစမ်းကို ၂ဝ၁၃ ခုနှစ်မှ စတင်၍ ယနေ့တိုင် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးအောင် ကျော်ဌေးက တာဝန်ယူဆောင်ရွက်ဖွင့်လှစ်ထားကြောင်း သိရသည်။

သဘာဝရေထွက်သည့်နေရာမှ ကွန်ကရစ် ရေကန်များပြုလုပ်၍ ရေထွက်ကန်၊ ရေစစ်ကန်များ ထားရှိပြီး ရေချိုးရန် ရေပူ/ရေအေး ရေချိုးခန်းရိုးရိုး ၁၆ ခန်း၊ အထူးခန်း ရှစ်ခန်း၊ VIP အခန်း လေးခန်း၊ ဧည့်ရိပ်သာ တစ်ခု(၂ဝ ဦးဆံ့)နှင့် စားသောက်ဆိုင်ခန်းများ တည်ဆောက်ထားပြီး အောက်တိုဘာလ နောက်ဆုံး အပတ်မှစပြီး မတ်လ ပထမပတ်အထိဖွင့်လှစ်ရာ ရာသီဥတုအေးလျှင် အေးသလို ရေပူလာရောက်ချိုးသူများ စည်ကားလှသည်။

အခြားမြို့ကြီးများ၌ ရေပူကန်များရှိသည့်အနက် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရေပူ(သဘာဝ) ရေထွက်သည့် ရေအပူချိန် ၅၂ ဒီဂရီစင်တီဂရိတ်ရှိကာ နယ်ဝေးမှလာရောက်၍ တကူးတက လာရောက်ရေပူ ချိုးသူများ များပြားလှသည်။ သဘာဝရေပူစမ်းသည် အကြော၊ အဆစ် ကိုက်ခဲ/ရောင်ရမ်းသူများ၊ လေးဖက် နာရောဂါသည်များ၊ နှစ်ရှည်လများ ခါးနာသူများ၊ လေဖြတ်၊ လေဖြန်းသူများ၊ အသားအရေပေါ်၌ ဖြစ်တတ် သော ပွေး၊ ဝဲ၊ ညှင်း၊ ဒက်၊ အနာစက်၊ ယားနာများ ပျောက်ကင်းကြောင်းနှင့် ခန္ဓာကိုယ် ဆီး၊ ဝမ်း၊ လေတို့ မှန်ကန်မျှတစေပြီး သလိပ်ကြေကာ ရေမချိုးခင်အအေး ခံပြီး ရေပူချိုးပြီးလျှင် အလွန်နေထိုင်ကောင်း၍ အနွေးထည်ပင် ဝတ်စရာမလိုအောင် အပူအအေးမျှတစေပါသည်။

သုတေသနပြုသူများထံမှ သိရသည်မှာ ရေပူစမ်း သဘာဝရေထွက် ရေပူထဲတွင် ရောနှောပါဝင်မှုများမှာ Sulphate ၊ Chloride ၊ Fluoride ၊ Silica ၊ Phosphorous ၊ Calcium ၊ Maganesium ၊ Sodium ၊ Potasium ဓာတ်များ ပါဝင်နေကြောင်း မှတ်သားသိရှိခဲ့ရပါသည်။ ထို့အတွက်ကြောင့် အညောင်းအညာပြေခြင်း၊ ပင်ပန်း နွမ်းနယ်မှုများ ပြေပျောက်စေသော ဆေးဖက်ဝင်သဘာဝ ရေပူစမ်းပင်ဖြစ်သည်။

နှစ်စဉ်မိုးတွင်းကာလ အောက်တိုဘာလတွင် တစ်ကြိမ်၊ ဧပြီလ သင်္ကြန်အပြီးတွင် တစ်ကြိမ်၊ နှစ်ကြိမ်ရေလှောင် ကန်၊ ရေစစ်ကန်များအား ရေလှယ်၍ သန့်ရှင်းရေးပြုလုပ် ပေးရပါသည်။

ထူးခြားသည်မှာ လူရေချိုး၍ရသော အပူချိန်ရှိ ရေကန်၊ အဝတ်အစားလျှော်ရန်နေရာနှင့် ကြက်အမွေး နုတ်၍ရသည်အထိ အပူချိန်ရှိသော ရေပူသဘာဝရေထွက် နေရာများရှိပါသည်။

ပို၍ ထူးထူးခြားခြားရှိသည်မှာ နှစ်စဉ် အောက်တိုဘာလ၊ ဧပြီလများ၌ ရေလှောင်၊ ရေစစ်ကန်များသန့်ရှင်းရေး ပြုလုပ်ရန် ရေဖောက်ထုတ်သည့်အခါတွင် ရေကန်၌ တင်ကျန်ခဲ့သော ငါးများ၊ တစ်ခါတစ်ရံ ရေမြွေလေးများ အသက်ရှင်လျက်ရှိသည်ကို တွေ့ရှိရပြီး ရေအေးထည့်ထားသော ရေပုံးများအတွင်း ထည့်လိုက်လျှင် သေဆုံးသွားကြောင်း ထူးခြားစွာ တွေ့ခဲ့ရသည်။ အမှန်တကယ်ဆိုလျှင် ''ပုစွန်အကွေး၊ ငါးအနွေး''ဟု ဆိုစကားရှိသည့်အတိုင်း ရေပူနွေးလျှင် ငါး၊ ပုစွန်သေရမည့်အစား မသေဘဲနှင့် ရေအေးထိတွေ့မှသာလျှင် သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိခဲ့ရသည်။

အထူးသတိပြုရမည်မှာ ရေပူချိုးတော့မည်ဆိုလျှင် အစာစားပြီးမှ ချိုးရန်၊ အစာမစားဘဲ ရေပူချိုးမိလျှင် မူးဝေ၊ အော့အန်ဖြစ်တတ်ပါသည်။ သွေးတိုး၊ နှလုံးရောဂါရှိသူများ ရေပူကန်ထဲတွင် ဆင်းမချိုးရဘဲ အပေါ်ယံမှ ရေခွက်နှင့် ခပ်ချိုးရပါသည်။
အရောင်းဈေးဆိုင်ခန်း ၁ဝ ခန်းရှိပြီး ရေပူစမ်း၌ နာမည်ကြီးသည့် ဆိတ်သားခြောက်၊ ငါးသလဲထိုးကြော်နှင့် ကောက်ညှင်းငချိတ်၊ ကောက်ညှင်းဖြူတို့ကို ဒေသထွက် မုန်ညင်းချဉ်နှင့် စားသောက်ကြရသည်မှာ အလုအယက်ပင် ဖြစ်သည်။

အကျယ်အဝန်းမှာ ၁၇ ဒသမ ၇၈ ဧရိယာအတွင်း၌ ဆိုင်ခန်းရှစ်ခန်းမှ ၁ဝ ခန်းအထိ တိုးမြှင့်ထားရှိပြီး ရေချိုး ဆောင်အောက်ဘက် ၁၆ ခန်း (ပုဂ္ဂလိကကန်ထရိုက် ပေးထား)ရေချိုးခန်းသီးသန့်၊ ရေချိုးခန်းအတွင်း ဆပ်ပြာ (တစ်ခါသုံး)နှင့် ခေါင်းလျှော်ရည်များ အခန်းတွင် ထည့်ပေးထားသည်။

ဂိတ်ဝင်ကြေးအနေဖြင့် လူတစ်ဦး ကျပ် ၂ဝဝ၊ ဆိုင်ကယ် ကျပ် ၃ဝဝ၊ သုံးဘီး ကျပ် ၄ဝဝ နှင့် ကား ကျပ် ၅ဝဝ ကောက်ခံ၍ အများသူငါရေချိုး၍ အဆင်ပြေစေရန် ရေပူကန်အတွင်း ရေနောက်၊ ရေမှော် မဝင်ရအောင် ရေစစ်ပြုလုပ်ထားကာ ရေချိုးခန်းအတွင်း ရေပူရေအေးချိုးရန် ပြုလုပ်ပေးထားပြီး ရေအေးအတွက် အဝီစိတွင်းမှ ရေတင်ကာ ရေပူရေအေးစပ်ချိုးနိုင်ရန် စီစဉ်ထားရှိသည်။

မိုးကုန်၍ ဆောင်းဦးပေါက်ဝင်လျှင် အခြားဒေသများထက် အအေးဓာတ်လွန်ကဲသော ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာ ညအချိန်နှင့် နံနက်ခင်းစောစော ရေပူရေအေးချိုးရင်း ကောက်ညှင်းငချိတ်နှင့် ဆိတ်သားမျှင်ကြော်၊ ငါးသလဲထိုးကြော် လတ်လတ်ဆတ်ဆတ် စားသောက်ရင်း တစ်ခေါက်တစ်ခါအခွင့်ကြုံလျှင် လာရောက်၍ ရေပူချိုးလှည့်ပါဟု ဖိတ်ခေါ်ရေးသားတင်ပြအပ်ပါသည်။

MNL ချန်ပီယံ ရန်ကုန်အသင်း နောက်ဆုံးပွဲ၌ ဂိုးပြတ်နိုင်ပွဲရယူ





သတင်းနှင့် ဓာတ်ပုံ - ရှိုင်းထက်ဇော်
ရန်ကုန် အောက်တိုဘာ ၃ဝ
၂ဝ၁၅ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ်(၂၂) ပထမနေ့ပွဲစဉ်ကို ယနေ့ ညနေပိုင်းက ကျင်းပရာ ရန်ကုန်အသင်းက ချင်းယူနိုက်တက် အသင်းကို ခြောက်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက် - ခြောက်ဂိုး။
ချင်းယူနိုက်တက် - နှစ်ဂိုး။

ယခုရာသီ၌ MNL အမှတ်ပေး ချန်ပီယံဆုကို လေးကြိမ်မြောက်ရယူပြီး အအောင်မြင်ဆုံး အသင်းဖြစ်လာသည့် ရန်ကုန်အသင်းမှာ ရာသီပိတ် နောက်ဆုံးပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူခဲ့ သည်။ နှစ်သင်းစလုံးတွင် ယခုပွဲ ရလဒ်မှာ အရေးမပါတော့သော်လည်း အပြန်အလှန်သွင်းဂိုးများဖြင့် ဂိုး အပြိုင်အဆိုင်သွင်းခဲ့ရာ နှစ်သင်းပေါင်း သွင်းဂိုး ရှစ်ဂိုးရှိခဲ့သည့် ရန်ကုန် အသင်းမှာ တိုက်စစ်မှူး ဆီဇာနှင့် သန်းပိုင်တို့၏ သွင်းဂိုးများဖြင့် နိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်းမှာ ချန်ပီယံဖြစ်ပြီး သော်လည်း အမာခံကစားသမားအစုံ အလင်ပွဲထွက်ခဲ့သလို ချင်းအသင်းကလည်း လူစုံအသုံးပြုခဲ့သည်။ ချင်း အသင်း အားထည့်ကစားမှုကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ၂၆ မိနစ် တွင် ရန်ကုန်အသင်း ဂိုးစရခဲ့သည်။ သန်းပိုင်၏ ဖန်တီးပေးမှုကို ကျော်ကိုကို ကန်သွင်းရာ ပြန်လျှံထွက်လာသည်ကို ဆီဇာက ပိတ်သွင်းယူခဲ့ခြင်းဖြစ် သည်။ ဒုတိယပိုင်းအစတွင်လည်း ရန်ကုန်အသင်းက ဖိကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး ဆီဇာက ၅ဝ၊ ၅၄၊ ၅၈ မိနစ်တို့တွင် သုံးဂိုးဆက်သွင်းယူ ပေးခဲ့သည်။ လေးဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် ချင်းအသင်းချေပဂိုး ရရှိရန် ကြိုးပမ်းလာပြီး မက်သယူးက ၆၈၊ ၈၂ မိနစ်တို့တွင် ချေပဂိုး နှစ်ဂိုး ပြန်သွင်းခဲ့သည်။ ရန်ကုန်အသင်းမှာ အနိုင်ရနေသော်လည်း ဂိုးထပ်ရရန် ကြိုးပမ်းခဲ့ပြီး ၈၃ မိနစ်တွင် သန်းပိုင်၊ ၈၇မိနစ်တွင် ဆီဇာတို့က ဂိုးများထပ်မံ သွင်းယူခဲ့သည်။

ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပထမဆု ရန်ကုန်အသင်းအား ဆုဖလား၊ ဆုကြေး ကျပ်သိန်း ၁ဝဝဝနှင့် တစ်ဦးချင်း ဆုတံဆိပ်၊ ဒုတိယဆုရ ရတနာပုံ အသင်းအား တစ်ဦးချင်းဆုတံဆိပ် နှင့် ဆုကြေးကျပ်သိန်း ၇၅ဝ၊ တတိယ ဆုရ မကွေးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ကျပ်သိန်း ၅ဝဝ တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန် ရှိသူများက ပေးအပ်ချီးမြှင့်သည်။

ယနေ့ပွဲ
သုဝဏ္ဏကွင်း - ညနေ ၄ နာရီ
နေပြည်တော် - ဟံသာဝတီ

သုဝဏ္ဏကွင်း - ညနေ ၆ နာရီခွဲ
မကွေး - ဇွဲကပင်

အောင်ဆန်းကွင်း - ညနေ ၄နာရီ
ရခိုင် - ကမ္ဘောဇ

ဗထူးကွင်း - ညနေ ၄နာရီ
ရတနာပုံ - မနောမြေ

ကျောက်တိုင်ကွင်း-ညနေ ၃နာရီခွဲ
ဧရာဝတီ - ဇေယျာရွှေမြေ

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဒုတိယနေ့အစည်းအဝေး ဆက်လက်ကျင်းပ




The Mirror Daily's photo.


သတင်းနှင့်တွေ့ဆုံမေးမြန်း - မြတ်သန္တာမောင်
ဓာတ်ပုံ - အငယ်လေး
ရန်ကုန် အောက်တိုဘာ ၃ဝ

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) ၏ ဒုတိယနေ့ဆွေးနွေးပွဲတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားများအကြား နှစ်ဖက် လိုက်နာရမည့်အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို နှစ်ဖက်သဘောတူညီမှုရရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၃ဝ ရက် နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)၌ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC)၏ ပြည်ထောင်စု အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဖွဲ့စည်းပုံ၊ လိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များအား အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု MPC ၏ ဥပဒေအကြံပေးဖြစ်သူ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောတာဒိုမူးက '' မနေ့ က ဆွေးနွေးတုန်းက အကြမ်းဖျင်း အတည်ပြုတာတွေကို ဒီမနက်ပိုင်းမှာ စာလုံးပေါင်းသတ်ပုံကအစ အသေးစိတ် ဆွေးနွေးတယ်။ ပြီးရင် JMC ရဲ့ ပြည်နယ်အဆင့်မှာရှိတဲ့ Structure (ဖွဲ့စည်းပုံ)ကို ဆက်လက်ညှိနှိုင်းကြမယ်။ ပြီးရင် ပြည်ထောင်စုအဆင့်ရဲ့TOR (Terms of reference) ကို အသေးစိတ်ဆွေးနွေးမယ်။ ကျွန်တော် တို့ကတော့ ဒီတစ်ခေါက်ဆွေးနွေးမှုမှာ ပြည်ထောင်စုအဆင့်ကို ရအောင်ဆွေးနွေးကြည့်ချင်တယ်။ လောလောဆယ် ပဏာမအဆင့်မှာ function ဖြစ်နိုင်တဲ့ mechanism တစ်ခုခုကို ရချင်တယ်။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေကြားမှာ တစ်ခုခု ဖြစ်ခဲ့သော် ချက်ချင်းဖြေရှင်းနိုင်ဖို့ပါ'' ဟု ဒုတိယမြောက်နေ့ ဆွေးနွေးပွဲ အပေါ် သုံးသပ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)၏ တတိယနေ့ အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော်တွင် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ပိုင်းမှ အောက်တိုဘာ ၁၇ ရက်အထိ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တို့ကို ဖွဲ့စည်းခဲ့သည်။

NCA စာချုပ်အရ လက်မှတ်ရေး ထိုးပြီးနောက် ရက်ပေါင်း ၃ဝ အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)၏ မူဘောင်ကို ရေးဆွဲရမည်ဖြစ်ပြီး ရက်ပေါင်း ၆ဝ အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC)၏ မူဘောင်ကို ရေးဆွဲကြရမည်ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ပထမနေ့ အစည်းအဝေး ခေတ္တရပ်နား ချိန်တွင် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ၁၅ ရက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းပြီး MPC ၏ ဥပဒေအကြံပေးဖြစ်သူ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် JMC ကော်မတီတွေ ဖွဲ့စည်းပုံနဲ့ ပြည်ထောင်စုအဆင့်ဟာ ဘယ်လိုကွာခြားမှုတွေရှိလဲ။

ဖြေ။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ကော်မတီဖွဲ့စည်းရာမှာ အနည်းငယ် ရှုပ်ထွေးမှုရှိတယ်လို့ ပြောလို့ရတယ်။ ပထဝီအနေအထားနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နေထိုင်ရာဒေသ ကြောင့်ပါ။ ဥပမာ.. ချင်းပြည်နယ် ဆိုရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ကရင်ဆိုရင် သူတို့က တိုင်းဒေသကြီး နှစ်ခုနဲ့ ပြည်နယ်တစ်ခုမှာ နေထိုင်တယ်။ ဒါ့အပြင် ဒီဒေသမှာ လက်မှတ်ထိုးထားတာက KNU တင် မဟုတ်ဘဲ DKBA လည်းရှိတယ်။ KNLA-PC လည်းရှိနေတယ်။ ဒီ အဖွဲ့တွေကျတော့ ဘယ်လိုပုံစံဖွဲ့ကြ မလဲဆိုတာကို အသေးစိတ်ဆွေးနွေးရ တယ်။ ကျင့်ဝတ်ကတော့ တစ်ခုတည်းပဲ။ ဒါပေမယ့် ဖွဲ့စည်းပုံကတော့ အနည်းငယ်ကွာခြားမယ်။ ဥပမာ.. ချင်းပြည်နယ်ဆိုရင် အစိုးရဘက်က လက်ခံတဲ့ ကိုယ်စားလှယ် ငါးဦးနဲ့ CNF ဘက်က ကိုယ်စားလှယ် ငါးဦး စီပေါ့။ ကရင်ပြည်နယ်မှာကျတော့ အဖွဲ့အစည်းက သုံးဖွဲ့ဖြစ်ပြီး နယ်မြေ က သုံးခုဖြစ်တယ်။ ဒါကြောင့် အထူး အနေနဲ့ ပြန်စဉ်းစားရပါတယ်။

ဒီတော့ ပြည်ထောင်စုအဆင့်မှာက Structure (ဖွဲ့စည်းပုံ)က အားလုံး အတွက် တစ်ခုတည်းပဲ။ ဒါပေမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ကော်မတီ ဖွဲ့စည်းရာမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြားမှာ ဖွဲ့စည်းပုံက အနည်းငယ် ကွဲပြားသွားတယ်။ ပထဝီအနေ အထားနဲ့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ နယ်မြေဒေသအရ အထူးအလေးထားပြီး လုပ်ဆောင်ရတဲ့ အပိုင်းတွေရှိ နေတယ်။ ချင်းပြည်နယ်အတွက် ဖွဲ့စည်းပုံကို ကရင်ပြည်နယ်မှာ သုံးဖို့ မဖြစ်နိုင်တဲ့အခက်အခဲမျိုးတွေ ရှိနေတယ်။ ဒါပေမယ့် နှစ်ဖက်က သဘော တူတာက Structure(ဖွဲ့စည်းပုံ)တစ်ခု ကိုတော့ ကိုင်ထားမယ်။ အဲဒီဖွဲ့စည်းပုံ ကို ပံ့ပိုးပေးမယ့်အရာကိုတော့ နှစ်ဖက် ညှိနှိုင်းကြမယ်လို့ သဘောတူကြတယ်။

မေး။ ဒီနေ့ဆွေးနွေးပွဲရဲ့ လက်ရှိအခြေ အနေကို ဆရာ့အနေနဲ့ ဘယ်လို သုံးသပ်ချင်ပါသလဲ။ တိုင်းရင်းသား တွေဘက်ကလည်း ဒီဆွေးနွေးပွဲ အပေါ်မှာ ဘယ်လိုသဘောထားရှိ တယ်လို့ ထင်ပါသလဲ။

ဖြေ။ ကျွန်တော်ထင်တာကတော့ ဒီနေ့ဆွေးနွေးတာ မနေ့ကထက် ပိုကောင်းတယ်။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုပိုရှိလာတယ်။ သူ့ဘက် ကိုယ့်ဘက်ဆိုတဲ့ ဘက်တစ်ခုခု မရှိ တော့ဘဲ JMC ဟာ အားလုံးဆိုတဲ့ အခြေခံပေါ်မှာ တစ်စုတစ်ဖွဲ့တည်းနဲ့ စဉ်းစားတဲ့ ပုံစံမျိုးပေါ်ပေါက်လာ တယ်။ ဒီမှာ ဆွေးနွေးနေကြတဲ့သူတွေ ဟာလည်း မကြာခဏတွေ့ဆုံဆွေးနွေး မှုကြောင့် JMC ပဲဖြစ်ဖြစ်၊ UPDJC ပဲဖြစ်ဖြစ် လုပ်ရတာ အရင်ကထက် လွယ်ကူလာတယ်လို့ ကျွန်တော် ထင်တယ်။

မေး။ JMC ဟာ နိုင်ငံရေးဆွေးနွေးပွဲ တွေ စတင်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဆီ အရောက်သွားနိုင်ဖို့အတွက် ဘယ်လို များ ပံ့ပိုးပေးနိုင်မလဲ။

ဖြေ။ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက် JMC ကို ဖွဲ့ထားတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက် UPDJC ကို ဖွဲ့ထားတယ်။ ဒီနှစ်ခုဟာ NCA နဲ့ ပတ်သက်ရင် ခွဲခြားလို့မရတဲ့ ကဏ္ဍတွေပါ။ တပ်ပိုင်း ဆိုင်ရာမှာ ပြဿနာတစ်ခုခုဖြစ်ရင် နိုင်ငံရေးဆွေးနွေးပွဲကို လာထိခိုက် မယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပြဿနာဖြစ်ရင်လည်း တပ်ပိုင်း ဆိုင်ရာကို လာထိမယ်ပေါ့။ ဒီနှစ်ခု ဟာ NCA အတွက် မရှိမဖြစ်တဲ့ ဒေါက်တိုင်ကြီးနှစ်ခုပဲ။

မေး။ အခုဆိုရင် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတာက (၁၅) ရက်ကြာမြင့်ခဲ့ပြီ။ ဒီတော့ ငြိမ်းချမ်း ရေးအတွက် NCA ဟာ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲ။ ဘယ်လိုတိုးတက်မှုတွေ ရှိပါသလဲ။

ဖြေ။ NCA လက်မှတ်ထိုးထားတဲ့ဒေသတွေမှာ လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်း ဒီနေ့အထိ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ နောက်တစ်ချက်က NCA ထဲမှာပါတာက အချိန်ဇယား(Time line) ပါတယ်။ ကျွန်တော်တို့က ဒီအချိန်ဇယားအတိုင်း မလုပ်နိုင်လို့ NCA ကို ချိုးဖောက်သလိုမျိုးဖြစ်မှာကို စိုးရိမ်တယ်။ ဒီနေ့အထိ ကြည့်ရင် တော့ လက်မှတ်ထိုးပြီးနောက် ၂၄ နာရီအတွင်း လုပ်ရမယ့်ကိစ္စတွေ၊ ငါးရက်အတွင်းနဲ့ ခုနစ်ရက်အတွင်း လုပ်ရမယ့်ကိစ္စတွေကို လုပ်နိုင်ခဲ့ကြတယ်။

Time line အတိုင်းမလုပ်နိုင်ရင် ဘာအရေးကြီးလဲဆိုတော့ NCA အတွက် အန္တရာယ်ရှိတာပေါ့။ ကျွန်တော်ထင်တာက ရက် ၃ဝ၊ ရက် ပေါင်း ၆ဝ နဲ့ ရက်ပေါင်း ၉ဝ အတွင်း မှာ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရင် တော့ ကျန်တဲ့အဖွဲ့တွေလည်း NCA အပေါ်မှာ ယုံကြည်မှုပိုများလာမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုအားရှိ လာမယ်။

လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေမှာကျတော့ JMC ဖွဲ့လို့ မရဘူး။ မကြာခင်မှာ လုပ်မယ့် UPDJC အစည်းအဝေးမှာလည်း သူတို့မပါနိုင်တော့ နိုင်ငံရေးမူဘောင် ရေးဆွဲရာမှာ သူတို့မပါဝင်နိုင်တာဟာ အတော်လေးကိုနစ်နာတယ်။ သူတို့ကို လည်း ဒါကြောင့် လမ်းဖွင့်ပေးထားပါ တယ်။

မေး။ ဒါဆိုရင် အခု တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေအနေ နဲ့ NCA ကို လက်မှတ်ထိုးခဲ့ရင် သူတို့ဟာ Time line ရဲ့ ဘယ်နေရာကနေ ပါဝင်ခွင့်ရမလဲ။ အခုရောက်ရှိနေတဲ့ နေရာကနေလား ဒါမှမဟုတ် အစကနေ သူတို့အတွက် ပြန်စရမှာပါလား။

ဖြေ။ အခု လက်မှတ်ရေးထိုးထားပြီး နောက် ရက်ပေါင်း ၃ဝ အတွင်းမှာ JMC ရဲ့ မူဘောင်ကို အပြီးသတ် ရေးဆွဲကြရမယ်။ လက်မှတ်ရေးထိုးပြီး နောက် ရက်ပေါင်း ၆ဝ အတွင်းမှာ UPDJC ရဲ့ မူဘောင်ကို အပြီးသတ် ရေးဆွဲနိုင်ရမယ်။ ဒီမူဘောင်တွေနဲ့ အညီ ရက် ၉ဝ မပြည့်ခင်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဖြစ်ပါ တယ်။

ကြိုက်တဲ့အချိန်မှာ သူတို့ပါဝင် လက်မှတ်ထိုးလို့ရပါတယ်။ တခြား အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုး လာရင် သူတို့ဟာ အခုရောက်နေတဲ့ နေရာကနေစပြီး ပါဝင်ရမှာပါ။ သူတို့အတွက် အဲဒါ အခွင့်အရေး ရှိတယ်။ နိုင်ငံရေးမူဘောင်ဆွေးနွေး ရာမှာ သူတို့ပါဝင်လာနိုင်မယ်။ ဒါမှ မဟုတ် ဒါတွေဆွေးနွေးပြီးမှ လာရင်လည်း နိုင်ငံရေးဆွေးနွေးပွဲမှာ သူတို့ ဆွေးနွေးခွင့်ရမှာပါ။

၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ အရပ်ဘက်ဂြိုဟ်တုစနစ်များ တည်ဆောက်ရန် တရုတ်နိုင်ငံ စီမံကိန်းချမှတ်




The Mirror Daily's photo.


ပေကျင်း အောက်တိုဘာ ၃ဝ

ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး၊ ဆက်သွယ်ရေး၊ ရေကြောင်းနှင့် လေကြောင်း သွားလာရေးတို့နှင့် သက်ဆိုင်သည့် အရပ်ဘက်သုံး ဂြိုဟ်တုစနစ်များ တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၂ဝ ပြည့်နှစ် မတိုင်မီ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

မြေကမ္ဘာလေ့လာရေးဂြိုဟ်တုစနစ်၊ ဆက်သွယ်ရေး ဂြိုဟ်တုစနစ်နှင့် လမ်းပြမြေပုံဂြိုဟ်တု စနစ်တည်ဆောက်ရေး စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး ရေးနှင့် တည်ငြိမ်ရေး ရည်မှန်းချက်များကို အထောက်အကူပြုမည်ဖြစ်ကြောင်း တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

လာမည့်ဆယ်စုနှစ်အတွင်း တရုတ် နိုင်ငံအနေဖြင့် အရပ်ဘက်ဆိုင်ရာ အာကာသ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကော်မရှင်၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ဆင်ဟွာ။

၂ဝ၃ဝ ပြည့်နှစ်မတိုင်မီ တရုတ်နိုင်ငံ၏လူဦးရေ သန်း ၁၄၅ဝ သို့ရောက်ရှိနိုင်



The Mirror Daily's photo.


ပေကျင်း အောက်တိုဘာ ၃ဝ

တရုတ်နိုင်ငံတွင် ဆယ်စုနှစ်ပေါင်း များစွာပြဋ္ဌာန်းခဲ့သည့် ဇနီးမောင်နှံ စုံတွဲတစ်တွဲလျှင် ကလေးတစ်ဦးသာ မွေးဖွားရမည်ဟူသည့် မူဝါဒဖျက်သိမ်း ပြီးသည့်နောက်ပိုင်းတွင် ၂ဝ၃ဝ ပြည့် နှစ်မတိုင်မီ နိုင်ငံ၏လူဦးရေသည် ခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၄၅ ဘီလီယံသို့ ရောက်ရှိနိုင်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။

'ဝမ်းချိုင်းမူဝါဒဖျက်သိမ်းပြီးတဲ့နောက် နောင်လာမယ့်နှစ်တွေမှာ ကလေးမွေးဖွားနှုန်းတွေ သိသိသာသာ တိုးတက်လာလိမ့်မယ်။ တစ်နှစ်ကို ကလေးမွေးဖွားနှုန်း သန်း ၂ဝ ကျော်ရှိနိုင်တယ်'ဟု အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံကိန်း ကော်မရှင် ဒုတိယအကြီးအကဲ ဝမ်ပိုင်အန်း က ဆိုသည်။

နိုင်ငံအတွင်း ဆယ်စုနှစ်များစွာကြာ ပြဋ္ဌာန်းခဲ့သည့် ဇနီးမောင်နှံစုံတွဲ တစ်တွဲလျှင် ကလေးတစ်ဦးသာ မွေးဖွားရမည်ဟူသည့်မူဝါဒကို အောက်တိုဘာ ၂၉ ရက်က တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ထုတ်ပြန်ကြေညာခဲ့သည်။

မူဝါဒဖျက်သိမ်းပြီးသည့်နောက် ဒုတိယမြောက်ကလေးမွေးဖွားကြမည့် အိမ်ထောင်စုအရေအတွက် သန်း ၉ဝ ခန့်ရှိမည်ဖြစ်ကြောင်းနှင့် ယင်းတို့အနက် အမျိုးသမီး ၆ဝ ရာခိုင်နှုန်းသည် အသက် (၃၅) နှင့်အထက် အရွယ်များဖြစ်ကြောင်း ဝမ်ပိုင်အန်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၃၆၈ သန်း ရှိခဲ့ကြောင်း အမျိုးသားစာရင်း အင်းဗျူရို၏ စစ်တမ်းအရ သိရသည်။
ဆင်ဟွာ။

ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အိန္ဒိယနှင့် အာဖရိက ပူးပေါင်းဆောင်ရွက်မည်


The Mirror Daily's photo.
နယူးဒေလီ အောက်တိုဘာ ၃ဝ
ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသည် အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နရိန္ဒြာမိုဒီက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၌ ပြုလုပ်သော အိန္ဒိယ-အာဖရိက ထိပ်သီးညီလာခံသို့ တက်ရောက်လာသော ခေါင်းဆောင်များအား မိုဒီက မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ခေတ်ပြိုင်သမိုင်းတွင် ကမ္ဘာ့နိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ အသွင်ကူး ပြောင်းမှုများကို လျင်မြန်စွာ ပြုလုပ်လျက်ရှိကြောင်း၊ လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂပြုပြင်ပြောင်းလဲ ရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့် အာဖရိကနိုင်ငံများသည် တူညီသောသဘောထားရပ်တည်ချက်ဖြင့် တောင်းဆိုကြရန် လိုအပ်ကြောင်း မိုဒီက ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုများပြားလာပြီး တည်ငြိမ်မှုကို ခြိမ်းခြောက်လာမှုများ တိုးပွားလာချိန်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအတွက် အိန္ဒိယနှင့် အာဖရိကနိုင်ငံများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မိုဒီက ပြောကြားသည်။ ဆင်ဟွာ။

31.10.2015...ကြေးမုံ ကာတွန်း


31.10.2015...ကြေးမုံ စာတည်းရှုထောင့်






အများသုံးဆီနှင့်ရေ



အစားအသောက်လုံခြုံစိတ်ချမှုအပိုင်းတွင် အများဆုံးပါဝင်ပတ်သက် သော အစားအသောက်မှာ ဆီနှင့်ရေဖြစ်ပါသည်။ သန့်ရှင်းသော ရေကို နေအိမ်ဌာနများတွင် ယခင်က ကိုယ်တိုင်ခပ်ယူထားရှိသောက်သုံးသော အလေ့အထမှ ယခုအခါ အသင့်သုံးသောက်ရေသန့်များအား နေရာတိုင်းတွင် အသုံးပြုလာကြသည်ကို တွေ့ရပါသည်။ အလားတူ နိုင်ငံအတွင်းရှိ မိသားစုများ နေ့စဉ်ချက်ပြုတ် စားသောက်ကြရာတွင် ဆီစားသုံးမှုကိုမူ ယခင်ကတည်းက နေ့စဉ်သုံးစွဲလာပါသည်။

မြန်မာတို့၏ အလွယ်နည်းတစ်မျိုးဖြစ်သည့် အသင့်သုံးစနစ်တွင် သောက်ရေသန့်သည် ယဉ်ကျေးမှုတစ်ရပ်အသွင် နေရာယူလာပါသည်။ နေရာတိုင်းတွင် ရေသန့်ဘူးမရှိလျှင်မဖြစ်သော အနေအထားများရှိလာသောကြောင့် သောက်ရေသန့်လုပ်ငန်းများမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ လုပ်လျှင်လုပ်သလောက် တွင်ကျယ်သော လုပ်ငန်းဖြစ်လာပါသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် လိုင်စင်ရသောက်ရေသန့်လုပ်ငန်းများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈ဝဝ ကျော်ရှိကြောင်းသိရပါသည်။ အသေးစားနှင့် တစ်နိုင်တစ်ပိုင်ထုတ် လုပ်ရောင်းချသော သောက်ရေသန့်လုပ်ငန်းများကို ခွင့်ပြုပေးမထားကြောင်း ဆိုထားပါသည်။ သို့သော် နာမည်ရ၊ နာမည်မရမထင်ရှားသည့် သောက်ရေသန့်မှာ တစ်နိုင်ငံလုံးတွင် အမြောက်အမြားရှိနေပါသည်။

တရားဝင်သောက်ရေသန့်လုပ်ငန်း ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားကြရာ၌ မသန့်ရှင်းသောပိုးမွှားတွေ့ရှိမှုကြောင့် ထုတ်လုပ်ခွင့်မကျသည့် လုပ်ငန်း ပေါင်း ၄ဝ ခန့်ရှိရာ ထိုလုပ်ငန်းများတွင် လုပ်ငန်းကြီးများလည်း ပါဝင်နေကြောင်းသိရှိရပါသည်။ ယင်းမှာ လုပ်ငန်းလိုင်စင်လျှောက်ထားမှုမှ တွေ့ရှိချက် သာဖြစ်ပြီး လိုင်စင်လျှောက်ပြီးနှင့် လိုင်စင်မလျှောက်သူများအားလုံးပါ ခြုံငုံ ကြည့်မည်ဆိုလျှင် ပြည်သူများသောက်သုံးသော သောက်ရေသန့်များ ဘေးကင်းရေးအတွက် ပြန်လည်စဉ်းစားရမည်ဖြစ်သည်။

အခြားအသုံးများသော စားသောက်ကုန်တစ်မျိုးမှာ စားသုံးဆီဖြစ်ပါသည်။ မြန်မာတို့၏ အစားအစာများတွင် ဆီမပါဘာမျှမပြီးဆိုသကဲ့သို့ အစားအစာတိုင်းတွင် ဆီသုံးစွဲသည့်ဓလေ့ရှိလာရာ ဆီမှကျန်းမာရေးကို ထိခိုက်နိုင်သော အချက်များရှိလာပါသည်။ ပြည်သူများစားသုံးဆီကို အမျိုးအစားအမျိုးမျိုးခွဲခြားပြီး ဆီသန့်၊ ဆီညံ့သတ်မှတ်ထားရာ ပြည်သူများစားသုံးချင်သည့် ဆီသန့်တွင် မသန့်ဆီများရောနှောရာမှ ကျန်းမာရေးကို ထိခိုက်နိုင်သော အခြေအနေများ ရှိလာပါသည်။

ဆီကြောင့်ဖြစ်သောရောဂါများမှာ ခေတ်ပေါ်အဆန်းတကြယ်ရောဂါ၊ ငွေကုန်ကြေးကျများသောရောဂါများအသွင်ဆောင်လာသဖြင့် ဆီကိုဂရုတစိုက် ရွေးချယ်စားသုံးနိုင်ရန် လိုအပ်လာသည်။ ဈေးကွက်တွင်ရောင်းချသော စားသုံးဆီအမှတ်တံဆိပ်များမှာ မြေပဲဆီဟုဖော်ပြထားသော်လည်း မြေပဲဆီ အစစ်မဟုတ်ဘဲ အခြားစားအုန်းဆီနှင့် စားသုံးဆီအရောအနှောများ ပေါင်းစပ်ထားကြောင်း သိရှိလာကြပါသည်။

ပြည်တွင်းထုတ်စားသုံးဆီများသာမက ပြည်ပမှတင်သွင်းလာသော စားသုံးဆီများမှာလည်း အရည်အသွေးမပြည့်မီသော စားသုံးဆီများရှိလာရာ စားသုံးသူပြည်သူများ ရောဂါဘယတိုးပွားလာသဖြင့် စားသုံးဆီဈေးကွက် ထောက်လှမ်းကြည့်ရှုကြပ်မတ်စစ်ဆေးခြင်းများကို ပိုမိုလုပ်ဆောင်သွားမည်ဟု သိရှိရပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပြည်သူများကျန်းမာရေးအတွက် အထောက်အပံ့ကောင်းဖြစ်လာနိုင်သည်ဟု မျှော်လင့်ပါသည်။

သက်ဆိုင်ရာက အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ထုတ် ပေးရာတွင် အမှတ်တံဆိပ်သတ်မှတ်ချက်နှင့်ကိုက်ညီခြင်းရှိ၊ မရှိ တင်ပြလာသော ကုန်ပစ္စည်းကို စစ်ဆေးခြင်းဖြစ်ပြီး ကိုက်ညီမှုမရှိပါက ပယ်ဖျက် ခြင်း၊ ကိုက်ညီမှုရှိပါက အတည်ပြုခြင်းတို့ရှိမည်ဖြစ်ပြီး စားသောက်ကုန် ဈေးကွက်အတွင်း ပြည်သူများအား ရောင်းချနေသော စားသုံးဆီများမှာ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများဖြစ်ဖို့ စစ်ဆေးခြင်းလုပ်ငန်းမှာ ပို၍အရေးကြီးလာပါသည်။
သို့ဖြစ်ရာ ပြည်သူများနေ့စဉ် စားသောက်မှုဘဝတွင် သောက်ရေသန့် နှင့် စားသုံးဆီမှာ အစဉ်အမြဲပါဝင်နေသဖြင့် ပြည်သူများကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချယုံကြည်စွာ စားသုံးနိုင်ရေးအတွက် သန့်ရှင်းသော အစားအသောက်များဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ။