Saturday, October 31, 2015

ညလုံးပေါက်မဲရေတွက်ရာတွင် အသုံးပြုရန် ဂျပန်နိုင်ငံအစိုးရက နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များလှူဒါန်း




နေပြည်တော် အောက်တိုဘာ ၃ဝ 

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံအစိုးရက နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များ လွှဲပြောင်းလှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးH.E. Mr. Tateshi HIGUCHI၊ UNDP ဌာနေညွှန်ကြားရေးမှူး Mr. Toily
Kurbanov နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်နှင့် UNDP တို့ ဆွေးနွေးညှိနှိုင်းမှုအရ UNDP အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဆိုလာမီးအိမ်များ ဖျက်၍ မရသောမင်များ ဝယ်ယူပေးရန်နှင့် ကိုယ်စားလှယ်လောင်းများအတွက်Information Session များ ပြုလုပ်ပေးရန် သဘောတူဆုံးဖြတ်ခဲ့ ကြောင်း။
ဆိုလာမီးအိမ်ဝယ်ယူထောက်ပံ့ရေးအတွက်UNDP နှင့် ဂျပန်နိုင်ငံတို့ မိတ်ဖက်ပြုပြီး နိုင်ငံတစ်ဝန်းလုံးရှိ လျှပ်စစ်မီးအချိန်ပြည့်မရသော မဲရုံများ အတွက် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ပေါင်း ၅၁၂၉၈ လုံးကို ဝယ်ယူ၍ ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးပို့ပြီးဖြစ်ကြောင်း၊ ဆိုလာမီးအိမ်များ ပံ့ပိုးလှူဒါန်း ပေးသည့်အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့ ညလုံးပေါက်မဲရေတွက်ရသော မဲရုံများ၌ မဲလက်မှတ်များရေတွက်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း။
ထို့နောက် ဂျပန်သံအမတ်ကြီးက ဆိုလာမီးအိမ်များအား ဂျပန်အစိုးရ အနေဖြင့် UNDP မှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း၊ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အားထုတ် ကြိုးပမ်းမှုသည် မြန်မာနိုင်ငံသားများအတွက်သာမက နိုင်ငံတကာအသိုက်အဝန်း အတွက်လည်း အရေးကြီးပါကြောင်း၊ ဆိုလာမီးအိမ်သည် ၁၂ နာရီကြာ အသုံးပြုနိုင်ပြီး နေရောင်ခြည်စွမ်းအင်သာမက ဓာတ်ခဲ၊ ဘက်ထရီဖြင့်လည်း ဆက်သွယ်ကာ မဲလက်မှတ်ရေတွက်စာရင်းပြုစုရာတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်သံအမတ်ကြီးက ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆိုလာ မီးအိမ်များကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက လက်ခံယူသည်။
ထို့နောက် UNDP ဌာနေညွှန်ကြားရေးမှူးက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရန်အတွက် အကြောင်းအရာများစွာကို အသေးစိတ် စဉ်းစားပြီး ဆိုလာမီးအိမ်များ လှူဒါန်းရရှိရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လျှပ်စစ် မီးမရရှိသော ဒေသများတွင် မဲရေတွက်ရန်အတွက် ဆိုလာမီးအိမ်များ ဖြန့်ဝေ ထုတ်ပေးနိုင်မှုသည် ယင်းဒေသများရှိ ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူ များ၏ယုံကြည်မှုကို မြင့်မားစေမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment