Saturday, October 31, 2015

နောင်ဖွံ့ဖြိုးလာမည့် မြို့ပြနှင့်လူဦးရေကို မျှော်မှန်း၍ ကြိုတင်တွက်ဆဆောင်ရွက် မဇင်းရေလှောင်တမံသည် ပတ်ဝန်းကျင်ဒေသများ စိမ်းလန်းစိုပြည်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်တည်ဆောက်




နေပြည်တော် အောက်တိုဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာ သန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် အောင်ကျော်ဇော၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတ သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ် ယာဉ်များဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ မဇင်းရေလှောင် တမံသို့ရောက်ရှိရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ သည် မဇင်းရေလှောင်တမံစီမံကိန်းရှင်းလင်းဆောင်သို့ မော်တော်ယာဉ် ဖြင့် ဆက်လက်ထွက်ခွာရာ တမံ တစ်လျှောက်တွင်လည်း ဒေသခံ ပြည်သူများက နိုင်ငံတော်အလံငယ်များကိုဝှေ့ယမ်း၍ သောင်းသောင်း ဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင် များနှင့်အတူ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးခင်ဇော် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က မဇင်းရေလှောင် တမံဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းရည်ရွယ်ချက်၊ နှစ်အလိုက် မိုးရေချိန်၊ ရေဝင်ရောက်မှု၊ ရေထုတ် လွှတ်ပေးနိုင်မှုနှင့် ပဲခူးမြို့ ရေကြီး ရေလျှံမှုမှကာကွယ်ရန် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က မဇင်းရေလှောင်တမံမှ ပဲခူးမြို့သို့ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေ နေမှုနှင့်ပတ်သက်ပြီး မှာကြားရာ တွင် မဇင်းရေလှောင်တမံနှင့် ဇလတ် ထော်ရေလှောင်တမံတို့သည် အသစ် တည်ဆောက်မည့် ဟံသာဝတီ လေဆိပ်အနီး၌ တည်ရှိနေသည့် အတွက် နောင်ဖွံ့ဖြိုးတိုးတက်လာ မည့် မြို့ပြနှင့် လူဦးရေကိုမျှော်မှန်း၍ ကြိုတင်တွက်ဆဆောင်ရွက်သွားရန်နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်းဆောင်ရွက်နေ သည့်လုပ်ငန်းများကိုလည်း ဆောလျင် စွာ အကောင်အထည်ဖော်ဆောင်ရွက် ကြရန် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည် မဇင်းရေလှောင်တမံကြံ့ခိုင်မှုအခြေအနေနှင့် ရေသိုလှောင်ထား ရှိမှုအခြေအနေများကို တမံရှုရပ်မှ ကြည့်ရှုစစ်ဆေးသည်။
မဇင်းရေလှောင်တမံသည် ပဲခူး မြို့၏ အနောက်ဘက်ရှိ မဇင်းချောင်း နှင့်ကြက်သောင်းချောင်းဆုံ အထက် ပေ ၅ဝဝ ခန့်အကွာ၌ တည်ရှိပြီး ပဲခူးမြို့အတွက် သောက်သုံးရေနှင့် စက်ရုံ၊ အလုပ်ရုံသုံးရေ နေ့စဉ် ဂါလန် ၁၁ သန်းပေးဝေရန်၊ ပဲခူးမြို့အတွင်း ရှိ မဲခုန်ကျေးရွာအုပ်စုနှင့် ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုရှိ လယ်မြေဧက ၆၅ဝ ခန့်ကို စိုက်ပျိုးရေပေးဝေရန်၊ ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများ မိုးရာသီမြစ်ရေကြီးမှုမှ တစ်စိတ် တစ်ဒေသ ကာကွယ်ပေးနိုင်ရန်၊ ပတ်ဝန်းကျင်ဒေသများ စိမ်းလန်း စိုပြည်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက် ထားသည့် မြေသားရေလှောင်တမံအမျိုးအစားဖြစ်သည်။
ပဲခူးမြို့သည် ပဲခူးမြစ်ကမ်းဘေး ၌ တည်ရှိပြီး မြေနိမ့်လွင်ပြင်ဖြစ်၍ ပဲခူးမြစ် ရေကြီးရေလျှံမှုကို နှစ်စဉ် ကြုံတွေ့နေရသည့်အတွက် မဇင်းတမံ မှ ပဲခူးမြစ်အထိ မဇင်းချောင်းတူးဖော် ခြင်းလုပ်ငန်းနှင့် ခေါင်းဆေးကျွန်း တံတားမှ ပဲခူးမြစ်အထိ ခေါင်းဆေး ကျွန်းချောင်း တူးဖော်ခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်ခြင်းကြောင့် ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် ရေကြီး ရေလျှံမှုနှင့် ခေါင်းဆေးကျွန်းတံတား အနီးရှိ ရန်ကုန်-မန္တလေး ကားလမ်း ရေကျော်ခြင်းတို့မှ လျော့ပါးသက်သာ စေပြီး ဒေသခံပြည်သူများ၏ စီးပွား ရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများမှ ကာကွယ်ပေးလျက် ရှိသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မဇင်းရေလှောင် တမံမှ နှစ်မိုင်အကွာ၌ တည်ရှိ သည့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲသို့ မော်တော် ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ လမ်းတစ်လျှောက်ဝဲယာမှ ဒေသခံ ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင် များသည် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ(မဇင်း) ဘက်စုံသင်တန်းခန်းမသို့ ရောက်ရှိရာ
ဆည်မြောင်းဦးစီးဌာန လေ့ကျင့်ရေးဌာနခွဲ(မဇင်း)၏ နောက်ခံသမိုင်း၊ ဆည်မြောင်းနည်းပညာရပ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ လေ့ကျင့်ပေးနေမှု၊ နည်းပညာပူးပေါင်းလုပ်ဆောင် မှုများနှင့် သင်တန်းများဖွင့်လှစ်ပို့ချနေမှု အခြေအနေများ ကို ဗီဒီယိုမှတ်တမ်းဖြင့် တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် လေ့ကျင့်ရေး ဌာနခွဲအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်များနှင့် ဆည်မြောင်းတည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး စမ်းသပ်ခန်း၊ ဓာတ်ခွဲခန်းများနှင့် ဆည် မြောင်းဒီဇိုင်းပုံစံငယ်အခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြ သည်။
ဆည်မြောင်းဦးစီးဌာန၌ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ(မဇင်း)နှင့် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ (ပုသိမ်ကြီး)တို့ ပါဝင်ဖွဲ့စည်း ထားရှိပြီး မဇင်းဌာနခွဲကို ဂျပန်နိုင်ငံအစိုးရ၏ အကူအညီ ဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်ပညာပေး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဲခူးမြို့၌ ၁၉၈၈ ခုနှစ် မတ်လက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်း၍ စီမံကိန်းအဆင့်(၁) ကာလတွင် ကွန်ပျူတာအသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ မိုးလေဝသ၊ သဘာဝတို့နှင့် လိုက်လျောညီထွေဖြစ်မည့် ဆည်မြောင်း လုပ်ငန်းများအတွက် ဒီဇိုင်းစံညွှန်းများ ပြုစုရေးဆွဲခြင်း၊ တည်ဆောက်ရေးပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ဗဟုသုတများ မြှင့်တင်ပေးရန်အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ စီမံကိန်းအဆင့်(၂)ကာလတွင် နိုင်ငံတော် က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး မြောက်မြားစွာဖြင့် တည်ဆောက်ခဲ့သော ဆည်မြောင်း စီမံကိန်း များ၏ အကျိုးသက်ရောက်မှုများ စနစ်တကျ တိုးတက်ကောင်းမွန်လာစေရန် အဓိကလေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ သည် ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာ လာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြ သည်။
(သတင်းစဉ်)

No comments:

Post a Comment