Saturday, October 31, 2015

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဒုတိယနေ့အစည်းအဝေး ဆက်လက်ကျင်းပ




The Mirror Daily's photo.


သတင်းနှင့်တွေ့ဆုံမေးမြန်း - မြတ်သန္တာမောင်
ဓာတ်ပုံ - အငယ်လေး
ရန်ကုန် အောက်တိုဘာ ၃ဝ

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) ၏ ဒုတိယနေ့ဆွေးနွေးပွဲတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားများအကြား နှစ်ဖက် လိုက်နာရမည့်အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို နှစ်ဖက်သဘောတူညီမှုရရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၃ဝ ရက် နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)၌ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC)၏ ပြည်ထောင်စု အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဖွဲ့စည်းပုံ၊ လိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များအား အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု MPC ၏ ဥပဒေအကြံပေးဖြစ်သူ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောတာဒိုမူးက '' မနေ့ က ဆွေးနွေးတုန်းက အကြမ်းဖျင်း အတည်ပြုတာတွေကို ဒီမနက်ပိုင်းမှာ စာလုံးပေါင်းသတ်ပုံကအစ အသေးစိတ် ဆွေးနွေးတယ်။ ပြီးရင် JMC ရဲ့ ပြည်နယ်အဆင့်မှာရှိတဲ့ Structure (ဖွဲ့စည်းပုံ)ကို ဆက်လက်ညှိနှိုင်းကြမယ်။ ပြီးရင် ပြည်ထောင်စုအဆင့်ရဲ့TOR (Terms of reference) ကို အသေးစိတ်ဆွေးနွေးမယ်။ ကျွန်တော် တို့ကတော့ ဒီတစ်ခေါက်ဆွေးနွေးမှုမှာ ပြည်ထောင်စုအဆင့်ကို ရအောင်ဆွေးနွေးကြည့်ချင်တယ်။ လောလောဆယ် ပဏာမအဆင့်မှာ function ဖြစ်နိုင်တဲ့ mechanism တစ်ခုခုကို ရချင်တယ်။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေကြားမှာ တစ်ခုခု ဖြစ်ခဲ့သော် ချက်ချင်းဖြေရှင်းနိုင်ဖို့ပါ'' ဟု ဒုတိယမြောက်နေ့ ဆွေးနွေးပွဲ အပေါ် သုံးသပ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)၏ တတိယနေ့ အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော်တွင် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ပိုင်းမှ အောက်တိုဘာ ၁၇ ရက်အထိ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တို့ကို ဖွဲ့စည်းခဲ့သည်။

NCA စာချုပ်အရ လက်မှတ်ရေး ထိုးပြီးနောက် ရက်ပေါင်း ၃ဝ အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)၏ မူဘောင်ကို ရေးဆွဲရမည်ဖြစ်ပြီး ရက်ပေါင်း ၆ဝ အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC)၏ မူဘောင်ကို ရေးဆွဲကြရမည်ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ပထမနေ့ အစည်းအဝေး ခေတ္တရပ်နား ချိန်တွင် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ၁၅ ရက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းပြီး MPC ၏ ဥပဒေအကြံပေးဖြစ်သူ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် JMC ကော်မတီတွေ ဖွဲ့စည်းပုံနဲ့ ပြည်ထောင်စုအဆင့်ဟာ ဘယ်လိုကွာခြားမှုတွေရှိလဲ။

ဖြေ။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ကော်မတီဖွဲ့စည်းရာမှာ အနည်းငယ် ရှုပ်ထွေးမှုရှိတယ်လို့ ပြောလို့ရတယ်။ ပထဝီအနေအထားနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နေထိုင်ရာဒေသ ကြောင့်ပါ။ ဥပမာ.. ချင်းပြည်နယ် ဆိုရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ကရင်ဆိုရင် သူတို့က တိုင်းဒေသကြီး နှစ်ခုနဲ့ ပြည်နယ်တစ်ခုမှာ နေထိုင်တယ်။ ဒါ့အပြင် ဒီဒေသမှာ လက်မှတ်ထိုးထားတာက KNU တင် မဟုတ်ဘဲ DKBA လည်းရှိတယ်။ KNLA-PC လည်းရှိနေတယ်။ ဒီ အဖွဲ့တွေကျတော့ ဘယ်လိုပုံစံဖွဲ့ကြ မလဲဆိုတာကို အသေးစိတ်ဆွေးနွေးရ တယ်။ ကျင့်ဝတ်ကတော့ တစ်ခုတည်းပဲ။ ဒါပေမယ့် ဖွဲ့စည်းပုံကတော့ အနည်းငယ်ကွာခြားမယ်။ ဥပမာ.. ချင်းပြည်နယ်ဆိုရင် အစိုးရဘက်က လက်ခံတဲ့ ကိုယ်စားလှယ် ငါးဦးနဲ့ CNF ဘက်က ကိုယ်စားလှယ် ငါးဦး စီပေါ့။ ကရင်ပြည်နယ်မှာကျတော့ အဖွဲ့အစည်းက သုံးဖွဲ့ဖြစ်ပြီး နယ်မြေ က သုံးခုဖြစ်တယ်။ ဒါကြောင့် အထူး အနေနဲ့ ပြန်စဉ်းစားရပါတယ်။

ဒီတော့ ပြည်ထောင်စုအဆင့်မှာက Structure (ဖွဲ့စည်းပုံ)က အားလုံး အတွက် တစ်ခုတည်းပဲ။ ဒါပေမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ကော်မတီ ဖွဲ့စည်းရာမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြားမှာ ဖွဲ့စည်းပုံက အနည်းငယ် ကွဲပြားသွားတယ်။ ပထဝီအနေ အထားနဲ့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ နယ်မြေဒေသအရ အထူးအလေးထားပြီး လုပ်ဆောင်ရတဲ့ အပိုင်းတွေရှိ နေတယ်။ ချင်းပြည်နယ်အတွက် ဖွဲ့စည်းပုံကို ကရင်ပြည်နယ်မှာ သုံးဖို့ မဖြစ်နိုင်တဲ့အခက်အခဲမျိုးတွေ ရှိနေတယ်။ ဒါပေမယ့် နှစ်ဖက်က သဘော တူတာက Structure(ဖွဲ့စည်းပုံ)တစ်ခု ကိုတော့ ကိုင်ထားမယ်။ အဲဒီဖွဲ့စည်းပုံ ကို ပံ့ပိုးပေးမယ့်အရာကိုတော့ နှစ်ဖက် ညှိနှိုင်းကြမယ်လို့ သဘောတူကြတယ်။

မေး။ ဒီနေ့ဆွေးနွေးပွဲရဲ့ လက်ရှိအခြေ အနေကို ဆရာ့အနေနဲ့ ဘယ်လို သုံးသပ်ချင်ပါသလဲ။ တိုင်းရင်းသား တွေဘက်ကလည်း ဒီဆွေးနွေးပွဲ အပေါ်မှာ ဘယ်လိုသဘောထားရှိ တယ်လို့ ထင်ပါသလဲ။

ဖြေ။ ကျွန်တော်ထင်တာကတော့ ဒီနေ့ဆွေးနွေးတာ မနေ့ကထက် ပိုကောင်းတယ်။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုပိုရှိလာတယ်။ သူ့ဘက် ကိုယ့်ဘက်ဆိုတဲ့ ဘက်တစ်ခုခု မရှိ တော့ဘဲ JMC ဟာ အားလုံးဆိုတဲ့ အခြေခံပေါ်မှာ တစ်စုတစ်ဖွဲ့တည်းနဲ့ စဉ်းစားတဲ့ ပုံစံမျိုးပေါ်ပေါက်လာ တယ်။ ဒီမှာ ဆွေးနွေးနေကြတဲ့သူတွေ ဟာလည်း မကြာခဏတွေ့ဆုံဆွေးနွေး မှုကြောင့် JMC ပဲဖြစ်ဖြစ်၊ UPDJC ပဲဖြစ်ဖြစ် လုပ်ရတာ အရင်ကထက် လွယ်ကူလာတယ်လို့ ကျွန်တော် ထင်တယ်။

မေး။ JMC ဟာ နိုင်ငံရေးဆွေးနွေးပွဲ တွေ စတင်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဆီ အရောက်သွားနိုင်ဖို့အတွက် ဘယ်လို များ ပံ့ပိုးပေးနိုင်မလဲ။

ဖြေ။ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက် JMC ကို ဖွဲ့ထားတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက် UPDJC ကို ဖွဲ့ထားတယ်။ ဒီနှစ်ခုဟာ NCA နဲ့ ပတ်သက်ရင် ခွဲခြားလို့မရတဲ့ ကဏ္ဍတွေပါ။ တပ်ပိုင်း ဆိုင်ရာမှာ ပြဿနာတစ်ခုခုဖြစ်ရင် နိုင်ငံရေးဆွေးနွေးပွဲကို လာထိခိုက် မယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပြဿနာဖြစ်ရင်လည်း တပ်ပိုင်း ဆိုင်ရာကို လာထိမယ်ပေါ့။ ဒီနှစ်ခု ဟာ NCA အတွက် မရှိမဖြစ်တဲ့ ဒေါက်တိုင်ကြီးနှစ်ခုပဲ။

မေး။ အခုဆိုရင် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတာက (၁၅) ရက်ကြာမြင့်ခဲ့ပြီ။ ဒီတော့ ငြိမ်းချမ်း ရေးအတွက် NCA ဟာ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲ။ ဘယ်လိုတိုးတက်မှုတွေ ရှိပါသလဲ။

ဖြေ။ NCA လက်မှတ်ထိုးထားတဲ့ဒေသတွေမှာ လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်း ဒီနေ့အထိ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ နောက်တစ်ချက်က NCA ထဲမှာပါတာက အချိန်ဇယား(Time line) ပါတယ်။ ကျွန်တော်တို့က ဒီအချိန်ဇယားအတိုင်း မလုပ်နိုင်လို့ NCA ကို ချိုးဖောက်သလိုမျိုးဖြစ်မှာကို စိုးရိမ်တယ်။ ဒီနေ့အထိ ကြည့်ရင် တော့ လက်မှတ်ထိုးပြီးနောက် ၂၄ နာရီအတွင်း လုပ်ရမယ့်ကိစ္စတွေ၊ ငါးရက်အတွင်းနဲ့ ခုနစ်ရက်အတွင်း လုပ်ရမယ့်ကိစ္စတွေကို လုပ်နိုင်ခဲ့ကြတယ်။

Time line အတိုင်းမလုပ်နိုင်ရင် ဘာအရေးကြီးလဲဆိုတော့ NCA အတွက် အန္တရာယ်ရှိတာပေါ့။ ကျွန်တော်ထင်တာက ရက် ၃ဝ၊ ရက် ပေါင်း ၆ဝ နဲ့ ရက်ပေါင်း ၉ဝ အတွင်း မှာ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရင် တော့ ကျန်တဲ့အဖွဲ့တွေလည်း NCA အပေါ်မှာ ယုံကြည်မှုပိုများလာမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုအားရှိ လာမယ်။

လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေမှာကျတော့ JMC ဖွဲ့လို့ မရဘူး။ မကြာခင်မှာ လုပ်မယ့် UPDJC အစည်းအဝေးမှာလည်း သူတို့မပါနိုင်တော့ နိုင်ငံရေးမူဘောင် ရေးဆွဲရာမှာ သူတို့မပါဝင်နိုင်တာဟာ အတော်လေးကိုနစ်နာတယ်။ သူတို့ကို လည်း ဒါကြောင့် လမ်းဖွင့်ပေးထားပါ တယ်။

မေး။ ဒါဆိုရင် အခု တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေအနေ နဲ့ NCA ကို လက်မှတ်ထိုးခဲ့ရင် သူတို့ဟာ Time line ရဲ့ ဘယ်နေရာကနေ ပါဝင်ခွင့်ရမလဲ။ အခုရောက်ရှိနေတဲ့ နေရာကနေလား ဒါမှမဟုတ် အစကနေ သူတို့အတွက် ပြန်စရမှာပါလား။

ဖြေ။ အခု လက်မှတ်ရေးထိုးထားပြီး နောက် ရက်ပေါင်း ၃ဝ အတွင်းမှာ JMC ရဲ့ မူဘောင်ကို အပြီးသတ် ရေးဆွဲကြရမယ်။ လက်မှတ်ရေးထိုးပြီး နောက် ရက်ပေါင်း ၆ဝ အတွင်းမှာ UPDJC ရဲ့ မူဘောင်ကို အပြီးသတ် ရေးဆွဲနိုင်ရမယ်။ ဒီမူဘောင်တွေနဲ့ အညီ ရက် ၉ဝ မပြည့်ခင်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဖြစ်ပါ တယ်။

ကြိုက်တဲ့အချိန်မှာ သူတို့ပါဝင် လက်မှတ်ထိုးလို့ရပါတယ်။ တခြား အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုး လာရင် သူတို့ဟာ အခုရောက်နေတဲ့ နေရာကနေစပြီး ပါဝင်ရမှာပါ။ သူတို့အတွက် အဲဒါ အခွင့်အရေး ရှိတယ်။ နိုင်ငံရေးမူဘောင်ဆွေးနွေး ရာမှာ သူတို့ပါဝင်လာနိုင်မယ်။ ဒါမှ မဟုတ် ဒါတွေဆွေးနွေးပြီးမှ လာရင်လည်း နိုင်ငံရေးဆွေးနွေးပွဲမှာ သူတို့ ဆွေးနွေးခွင့်ရမှာပါ။

No comments:

Post a Comment