Saturday, October 31, 2015

MNL ချန်ပီယံ ရန်ကုန်အသင်း နောက်ဆုံးပွဲ၌ ဂိုးပြတ်နိုင်ပွဲရယူ





သတင်းနှင့် ဓာတ်ပုံ - ရှိုင်းထက်ဇော်
ရန်ကုန် အောက်တိုဘာ ၃ဝ
၂ဝ၁၅ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ်(၂၂) ပထမနေ့ပွဲစဉ်ကို ယနေ့ ညနေပိုင်းက ကျင်းပရာ ရန်ကုန်အသင်းက ချင်းယူနိုက်တက် အသင်းကို ခြောက်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက် - ခြောက်ဂိုး။
ချင်းယူနိုက်တက် - နှစ်ဂိုး။

ယခုရာသီ၌ MNL အမှတ်ပေး ချန်ပီယံဆုကို လေးကြိမ်မြောက်ရယူပြီး အအောင်မြင်ဆုံး အသင်းဖြစ်လာသည့် ရန်ကုန်အသင်းမှာ ရာသီပိတ် နောက်ဆုံးပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူခဲ့ သည်။ နှစ်သင်းစလုံးတွင် ယခုပွဲ ရလဒ်မှာ အရေးမပါတော့သော်လည်း အပြန်အလှန်သွင်းဂိုးများဖြင့် ဂိုး အပြိုင်အဆိုင်သွင်းခဲ့ရာ နှစ်သင်းပေါင်း သွင်းဂိုး ရှစ်ဂိုးရှိခဲ့သည့် ရန်ကုန် အသင်းမှာ တိုက်စစ်မှူး ဆီဇာနှင့် သန်းပိုင်တို့၏ သွင်းဂိုးများဖြင့် နိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်းမှာ ချန်ပီယံဖြစ်ပြီး သော်လည်း အမာခံကစားသမားအစုံ အလင်ပွဲထွက်ခဲ့သလို ချင်းအသင်းကလည်း လူစုံအသုံးပြုခဲ့သည်။ ချင်း အသင်း အားထည့်ကစားမှုကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ၂၆ မိနစ် တွင် ရန်ကုန်အသင်း ဂိုးစရခဲ့သည်။ သန်းပိုင်၏ ဖန်တီးပေးမှုကို ကျော်ကိုကို ကန်သွင်းရာ ပြန်လျှံထွက်လာသည်ကို ဆီဇာက ပိတ်သွင်းယူခဲ့ခြင်းဖြစ် သည်။ ဒုတိယပိုင်းအစတွင်လည်း ရန်ကုန်အသင်းက ဖိကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး ဆီဇာက ၅ဝ၊ ၅၄၊ ၅၈ မိနစ်တို့တွင် သုံးဂိုးဆက်သွင်းယူ ပေးခဲ့သည်။ လေးဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် ချင်းအသင်းချေပဂိုး ရရှိရန် ကြိုးပမ်းလာပြီး မက်သယူးက ၆၈၊ ၈၂ မိနစ်တို့တွင် ချေပဂိုး နှစ်ဂိုး ပြန်သွင်းခဲ့သည်။ ရန်ကုန်အသင်းမှာ အနိုင်ရနေသော်လည်း ဂိုးထပ်ရရန် ကြိုးပမ်းခဲ့ပြီး ၈၃ မိနစ်တွင် သန်းပိုင်၊ ၈၇မိနစ်တွင် ဆီဇာတို့က ဂိုးများထပ်မံ သွင်းယူခဲ့သည်။

ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပထမဆု ရန်ကုန်အသင်းအား ဆုဖလား၊ ဆုကြေး ကျပ်သိန်း ၁ဝဝဝနှင့် တစ်ဦးချင်း ဆုတံဆိပ်၊ ဒုတိယဆုရ ရတနာပုံ အသင်းအား တစ်ဦးချင်းဆုတံဆိပ် နှင့် ဆုကြေးကျပ်သိန်း ၇၅ဝ၊ တတိယ ဆုရ မကွေးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ကျပ်သိန်း ၅ဝဝ တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန် ရှိသူများက ပေးအပ်ချီးမြှင့်သည်။

ယနေ့ပွဲ
သုဝဏ္ဏကွင်း - ညနေ ၄ နာရီ
နေပြည်တော် - ဟံသာဝတီ

သုဝဏ္ဏကွင်း - ညနေ ၆ နာရီခွဲ
မကွေး - ဇွဲကပင်

အောင်ဆန်းကွင်း - ညနေ ၄နာရီ
ရခိုင် - ကမ္ဘောဇ

ဗထူးကွင်း - ညနေ ၄နာရီ
ရတနာပုံ - မနောမြေ

ကျောက်တိုင်ကွင်း-ညနေ ၃နာရီခွဲ
ဧရာဝတီ - ဇေယျာရွှေမြေ

No comments:

Post a Comment