Saturday, October 31, 2015

၂ဝ၃ဝ ပြည့်နှစ်မတိုင်မီ တရုတ်နိုင်ငံ၏လူဦးရေ သန်း ၁၄၅ဝ သို့ရောက်ရှိနိုင်



The Mirror Daily's photo.


ပေကျင်း အောက်တိုဘာ ၃ဝ

တရုတ်နိုင်ငံတွင် ဆယ်စုနှစ်ပေါင်း များစွာပြဋ္ဌာန်းခဲ့သည့် ဇနီးမောင်နှံ စုံတွဲတစ်တွဲလျှင် ကလေးတစ်ဦးသာ မွေးဖွားရမည်ဟူသည့် မူဝါဒဖျက်သိမ်း ပြီးသည့်နောက်ပိုင်းတွင် ၂ဝ၃ဝ ပြည့် နှစ်မတိုင်မီ နိုင်ငံ၏လူဦးရေသည် ခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၄၅ ဘီလီယံသို့ ရောက်ရှိနိုင်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။

'ဝမ်းချိုင်းမူဝါဒဖျက်သိမ်းပြီးတဲ့နောက် နောင်လာမယ့်နှစ်တွေမှာ ကလေးမွေးဖွားနှုန်းတွေ သိသိသာသာ တိုးတက်လာလိမ့်မယ်။ တစ်နှစ်ကို ကလေးမွေးဖွားနှုန်း သန်း ၂ဝ ကျော်ရှိနိုင်တယ်'ဟု အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံကိန်း ကော်မရှင် ဒုတိယအကြီးအကဲ ဝမ်ပိုင်အန်း က ဆိုသည်။

နိုင်ငံအတွင်း ဆယ်စုနှစ်များစွာကြာ ပြဋ္ဌာန်းခဲ့သည့် ဇနီးမောင်နှံစုံတွဲ တစ်တွဲလျှင် ကလေးတစ်ဦးသာ မွေးဖွားရမည်ဟူသည့်မူဝါဒကို အောက်တိုဘာ ၂၉ ရက်က တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ထုတ်ပြန်ကြေညာခဲ့သည်။

မူဝါဒဖျက်သိမ်းပြီးသည့်နောက် ဒုတိယမြောက်ကလေးမွေးဖွားကြမည့် အိမ်ထောင်စုအရေအတွက် သန်း ၉ဝ ခန့်ရှိမည်ဖြစ်ကြောင်းနှင့် ယင်းတို့အနက် အမျိုးသမီး ၆ဝ ရာခိုင်နှုန်းသည် အသက် (၃၅) နှင့်အထက် အရွယ်များဖြစ်ကြောင်း ဝမ်ပိုင်အန်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၃၆၈ သန်း ရှိခဲ့ကြောင်း အမျိုးသားစာရင်း အင်းဗျူရို၏ စစ်တမ်းအရ သိရသည်။
ဆင်ဟွာ။

No comments:

Post a Comment