Saturday, October 31, 2015

ကျန်းမာရေးကောင်းမွန်စေသော လားရှိုးမြို့မှ သဘာဝရေပူစမ်း




The Mirror Daily's photo.


ဇာဏီအောင်(လားရှိုး)

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အရှေ့မြောက်အကြား ပြည်ထောင်စုလမ်းမကြီးမှ သိန်းနီမြို့သွားသောလမ်း အေတီတံတားမရောက်ခင် လားရှိုးမြို့ အဝေးပြေးယာဉ် ကုန်တင်ကုန်ချ ယာဉ်ရပ်နားကွင်းဘေးလမ်းမှ ခြောက်ဖာလုံခန့် ကတ္တရာလမ်းအတိုင်းသွားလျှင် ၁၇ ဒသမ ၇၈ ဧကရှိ သဘာဝရေထွက် ရေပူစမ်းကိုရောက်ပါသည်။

ထိုရေပူစမ်းသည် ၁၉၆၃ ခုနှစ်တွင် ရှမ်းအဘိုးအို တစ်ဦးက မထင်မှတ်ဘဲတွေ့ရှိပြီး ပုဂ္ဂလိက၊ စည်ပင်၊ ရဲဘော်ဟောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် မူလအခန်းငယ်လေးများနှင့် စတင်ထိန်းသိမ်းခဲ့ရာမှ ၁၉၉ဝ-၁၉၉၁ ခုနှစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အစီ အစဉ်အရ နဒီဧရာဆောက်လုပ်ရေးအင်ဂျင်နီယာများ၏ လေ့လာမှုများဖြင့် ထပ်မံတိုးချဲ့ခဲ့ပါသည်။

နဒီဧရာဆောက်လုပ်ရေးအဖွဲ့၏ လုပ်ဆောင်မှုများဖြင့် (၁)အမျိုးသားရေချိုးဆောင်၊ (၂)အမျိုးသမီးရေချိုးဆောင်၊ (၃)မိသားစုရေချိုးဆောင်၊ (၄)ရေပူသိုလှောင်ရေစင်၊ (၅) အထူးသီးသန့်ဧည့်ဆောင်၊ (၆) ရေအေးလှောင်ကန်၊ (၇)အဝီစိစက်ရေတွင်းနှင့် (၈)အလှရေပန်းများ တည်ဆောက် ပေးခဲ့ပါသည်။

အမှတ်(၉၅၉)တပ်မတော်အင်ဂျင်နီယာတပ်ကလည်း အပန်းဖြေနားနေရန်နှင့် သီချင်းဆိုရန် ဧည့်ဆောင်တည် ဆောက်ပေးခဲ့ပါသည်။ ယင်းရေပူစမ်းကို ၂ဝ၁၃ ခုနှစ်မှ စတင်၍ ယနေ့တိုင် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးအောင် ကျော်ဌေးက တာဝန်ယူဆောင်ရွက်ဖွင့်လှစ်ထားကြောင်း သိရသည်။

သဘာဝရေထွက်သည့်နေရာမှ ကွန်ကရစ် ရေကန်များပြုလုပ်၍ ရေထွက်ကန်၊ ရေစစ်ကန်များ ထားရှိပြီး ရေချိုးရန် ရေပူ/ရေအေး ရေချိုးခန်းရိုးရိုး ၁၆ ခန်း၊ အထူးခန်း ရှစ်ခန်း၊ VIP အခန်း လေးခန်း၊ ဧည့်ရိပ်သာ တစ်ခု(၂ဝ ဦးဆံ့)နှင့် စားသောက်ဆိုင်ခန်းများ တည်ဆောက်ထားပြီး အောက်တိုဘာလ နောက်ဆုံး အပတ်မှစပြီး မတ်လ ပထမပတ်အထိဖွင့်လှစ်ရာ ရာသီဥတုအေးလျှင် အေးသလို ရေပူလာရောက်ချိုးသူများ စည်ကားလှသည်။

အခြားမြို့ကြီးများ၌ ရေပူကန်များရှိသည့်အနက် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရေပူ(သဘာဝ) ရေထွက်သည့် ရေအပူချိန် ၅၂ ဒီဂရီစင်တီဂရိတ်ရှိကာ နယ်ဝေးမှလာရောက်၍ တကူးတက လာရောက်ရေပူ ချိုးသူများ များပြားလှသည်။ သဘာဝရေပူစမ်းသည် အကြော၊ အဆစ် ကိုက်ခဲ/ရောင်ရမ်းသူများ၊ လေးဖက် နာရောဂါသည်များ၊ နှစ်ရှည်လများ ခါးနာသူများ၊ လေဖြတ်၊ လေဖြန်းသူများ၊ အသားအရေပေါ်၌ ဖြစ်တတ် သော ပွေး၊ ဝဲ၊ ညှင်း၊ ဒက်၊ အနာစက်၊ ယားနာများ ပျောက်ကင်းကြောင်းနှင့် ခန္ဓာကိုယ် ဆီး၊ ဝမ်း၊ လေတို့ မှန်ကန်မျှတစေပြီး သလိပ်ကြေကာ ရေမချိုးခင်အအေး ခံပြီး ရေပူချိုးပြီးလျှင် အလွန်နေထိုင်ကောင်း၍ အနွေးထည်ပင် ဝတ်စရာမလိုအောင် အပူအအေးမျှတစေပါသည်။

သုတေသနပြုသူများထံမှ သိရသည်မှာ ရေပူစမ်း သဘာဝရေထွက် ရေပူထဲတွင် ရောနှောပါဝင်မှုများမှာ Sulphate ၊ Chloride ၊ Fluoride ၊ Silica ၊ Phosphorous ၊ Calcium ၊ Maganesium ၊ Sodium ၊ Potasium ဓာတ်များ ပါဝင်နေကြောင်း မှတ်သားသိရှိခဲ့ရပါသည်။ ထို့အတွက်ကြောင့် အညောင်းအညာပြေခြင်း၊ ပင်ပန်း နွမ်းနယ်မှုများ ပြေပျောက်စေသော ဆေးဖက်ဝင်သဘာဝ ရေပူစမ်းပင်ဖြစ်သည်။

နှစ်စဉ်မိုးတွင်းကာလ အောက်တိုဘာလတွင် တစ်ကြိမ်၊ ဧပြီလ သင်္ကြန်အပြီးတွင် တစ်ကြိမ်၊ နှစ်ကြိမ်ရေလှောင် ကန်၊ ရေစစ်ကန်များအား ရေလှယ်၍ သန့်ရှင်းရေးပြုလုပ် ပေးရပါသည်။

ထူးခြားသည်မှာ လူရေချိုး၍ရသော အပူချိန်ရှိ ရေကန်၊ အဝတ်အစားလျှော်ရန်နေရာနှင့် ကြက်အမွေး နုတ်၍ရသည်အထိ အပူချိန်ရှိသော ရေပူသဘာဝရေထွက် နေရာများရှိပါသည်။

ပို၍ ထူးထူးခြားခြားရှိသည်မှာ နှစ်စဉ် အောက်တိုဘာလ၊ ဧပြီလများ၌ ရေလှောင်၊ ရေစစ်ကန်များသန့်ရှင်းရေး ပြုလုပ်ရန် ရေဖောက်ထုတ်သည့်အခါတွင် ရေကန်၌ တင်ကျန်ခဲ့သော ငါးများ၊ တစ်ခါတစ်ရံ ရေမြွေလေးများ အသက်ရှင်လျက်ရှိသည်ကို တွေ့ရှိရပြီး ရေအေးထည့်ထားသော ရေပုံးများအတွင်း ထည့်လိုက်လျှင် သေဆုံးသွားကြောင်း ထူးခြားစွာ တွေ့ခဲ့ရသည်။ အမှန်တကယ်ဆိုလျှင် ''ပုစွန်အကွေး၊ ငါးအနွေး''ဟု ဆိုစကားရှိသည့်အတိုင်း ရေပူနွေးလျှင် ငါး၊ ပုစွန်သေရမည့်အစား မသေဘဲနှင့် ရေအေးထိတွေ့မှသာလျှင် သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိခဲ့ရသည်။

အထူးသတိပြုရမည်မှာ ရေပူချိုးတော့မည်ဆိုလျှင် အစာစားပြီးမှ ချိုးရန်၊ အစာမစားဘဲ ရေပူချိုးမိလျှင် မူးဝေ၊ အော့အန်ဖြစ်တတ်ပါသည်။ သွေးတိုး၊ နှလုံးရောဂါရှိသူများ ရေပူကန်ထဲတွင် ဆင်းမချိုးရဘဲ အပေါ်ယံမှ ရေခွက်နှင့် ခပ်ချိုးရပါသည်။
အရောင်းဈေးဆိုင်ခန်း ၁ဝ ခန်းရှိပြီး ရေပူစမ်း၌ နာမည်ကြီးသည့် ဆိတ်သားခြောက်၊ ငါးသလဲထိုးကြော်နှင့် ကောက်ညှင်းငချိတ်၊ ကောက်ညှင်းဖြူတို့ကို ဒေသထွက် မုန်ညင်းချဉ်နှင့် စားသောက်ကြရသည်မှာ အလုအယက်ပင် ဖြစ်သည်။

အကျယ်အဝန်းမှာ ၁၇ ဒသမ ၇၈ ဧရိယာအတွင်း၌ ဆိုင်ခန်းရှစ်ခန်းမှ ၁ဝ ခန်းအထိ တိုးမြှင့်ထားရှိပြီး ရေချိုး ဆောင်အောက်ဘက် ၁၆ ခန်း (ပုဂ္ဂလိကကန်ထရိုက် ပေးထား)ရေချိုးခန်းသီးသန့်၊ ရေချိုးခန်းအတွင်း ဆပ်ပြာ (တစ်ခါသုံး)နှင့် ခေါင်းလျှော်ရည်များ အခန်းတွင် ထည့်ပေးထားသည်။

ဂိတ်ဝင်ကြေးအနေဖြင့် လူတစ်ဦး ကျပ် ၂ဝဝ၊ ဆိုင်ကယ် ကျပ် ၃ဝဝ၊ သုံးဘီး ကျပ် ၄ဝဝ နှင့် ကား ကျပ် ၅ဝဝ ကောက်ခံ၍ အများသူငါရေချိုး၍ အဆင်ပြေစေရန် ရေပူကန်အတွင်း ရေနောက်၊ ရေမှော် မဝင်ရအောင် ရေစစ်ပြုလုပ်ထားကာ ရေချိုးခန်းအတွင်း ရေပူရေအေးချိုးရန် ပြုလုပ်ပေးထားပြီး ရေအေးအတွက် အဝီစိတွင်းမှ ရေတင်ကာ ရေပူရေအေးစပ်ချိုးနိုင်ရန် စီစဉ်ထားရှိသည်။

မိုးကုန်၍ ဆောင်းဦးပေါက်ဝင်လျှင် အခြားဒေသများထက် အအေးဓာတ်လွန်ကဲသော ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာ ညအချိန်နှင့် နံနက်ခင်းစောစော ရေပူရေအေးချိုးရင်း ကောက်ညှင်းငချိတ်နှင့် ဆိတ်သားမျှင်ကြော်၊ ငါးသလဲထိုးကြော် လတ်လတ်ဆတ်ဆတ် စားသောက်ရင်း တစ်ခေါက်တစ်ခါအခွင့်ကြုံလျှင် လာရောက်၍ ရေပူချိုးလှည့်ပါဟု ဖိတ်ခေါ်ရေးသားတင်ပြအပ်ပါသည်။

No comments:

Post a Comment