Tuesday, March 31, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီးဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့ လာအိုနိုင်ငံသို့ရောက်ရှိ

 
 
 
 
ဗီယင်ကျန်း မတ် ၃ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဗီယင်ကျန်းမြို့ ဝပ်ထေးအပြည် ပြည်ဆိုင်ရာလေဆိပ်၌ သမ္မတရုံးဝန်ကြီး မစ္စတာ ဖုန်ဆာ ဗတ်ဘိုဖာနှင့် ဇနီး၊ ဗီယင်ကျန်းမြို့ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး မစ္စတာ လိုင်းရင်း ဆိုင်ညဇန်၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးကြီး တင်ထွန်းအောင်၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သော အဖွဲ့သည် လာအိုနိုင်ငံ သမ္မတနန်းတော်သို့ရောက်ရှိရာ လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်က ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် လာအိုနိုင်ငံသမ္မတ ကျူမာလီဆိုင်ညဆွန်အား ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဦးမော်သာ ထွေး၊ ဒေါ်စန္ဒာခင်၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး လာအိုနိုင်ငံမှ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး၊ လာအိုသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လာ စေရေး၊ နှစ်နိုင်ငံအစီအစဉ်များအပြင် အာဆီယံ၊ ဂျီအမ် အက်စ်၊ အက်ခ်မက်စ်၊ စီအယ်လ်အမ်ဗွီနှင့် အယ်လ်အမ်အိုင်တို့ ကဲ့သို့သော ဒေသတွင်း အစီအစဉ်များတွင်ပါ ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုများ တိုးတက်စေရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက် စေရေးအတွက် အလားအလာရှိမည့် နယ်ပယ်များကို ချဲ့ထွင်ဖော်ထုတ် သွားရေးနှင့် စိုက်ပျိုးရေး၊ ခရီးသွား လာရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် အားကစား ကဏ္ဍများတွင် နှစ်နိုင်ငံအကြား အပြန် အလှန် လေ့လာရေးခရီးသွား ရောက်ခြင်း၊ သတင်းအချက် အလက်နှင့် နည်းပညာဖလှယ်ခြင်း တို့ဖြင့် လက်တွဲပူးပေါင်းဆောင် ရွက်ရေးတို့နှင့် ပတ်သက်ပြီး ချစ် ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
အလားတူ ဒုတိယသမ္မတသည် လာအိုနိုင်ငံ ဒုတိယသမ္မတနှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို ပွင့်လင်း စွာဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ သို့ မြန်မာချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ နိုင်ငံခြားရေး၊ စွမ်းအင်၊ ဆောက် လုပ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွား လာရေးနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်နှင့် လာအိုနိုင်ငံအစိုးရအဖွဲ့ရုံး၌ တွေ့ ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက်တိုးမြှင့်သွားရေး၊ နှစ် နိုင်ငံနယ်စပ်တစ်လျှောက် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၏ ဇနီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် လာအိုသမ္မတနန်းတော် မှ တစ်ဆင့် Ammalin လာအိုပိုး ထည် လက်မှုပြခန်းနှင့် SONG MUE NANG လက်မှုပြခန်းတို့ အား သွားရောက်လေ့လာ ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ယင်းနေ့ ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီးဦးဆောင်သောအဖွဲ့သည်လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စ တာ ဘွန်ညံ ဗိုရာချစ်မှ တည်ခင်းဧည့် ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက် ရောက်ခဲ့ကြသည်။ (သတင်းစဉ်)

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ ချစ်ကြည်ရေးခရီးထွက်ခွာ



 

ရန်ကုန် မတ် ၃ဝ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက် တစ် သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာ ချစ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ် ဒက် ဟွန်ဆင်တို့၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့နံနက် ၇ နာရီ မိနစ်၎ဝတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ် ကြီး မစ္စတာ ဆင်းဗန်ဗု၊ မြန်မာနိုင်ငံဆိုင်ရာ လာအို နိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ မစ္စတာ အင်သာစုန် သီရာကူးလ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့် ဇနီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဦးမော်သာထွေး၊ ဒေါ်စန္ဒာခင်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။
(သတင်းစဉ်)

နယ်သာလန်မိဖုရား မက်ဆီမာ မြန်မာနိုင်ငံသို့ ရောက်ရှိ



 

ရန်ကုန် မတ် ၃ဝ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီး ဖြင့် ရောက်ရှိသည်။
မိဖုရားမက်ဆီမာနှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
(သတင်းစဉ်)

ယနေ့ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



ဘက်စုံထူးချွန်လူငယ်
 

''ယနေ့လူငယ် နောင်ဝယ်လူကြီး''ဟူသော စကားရှိပါ သည်။ လူငယ်လူရွယ်များသည် နောင်တစ်ခေတ်တွင် နိုင်ငံ့တာဝန် ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများ ဖြစ်ကြသည့် အလျောက် ငယ်စဉ်ကတည်းက လူချွန်လူကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါသည်။ နိုင်ငံတွင် လူချွန် လူကောင်းများ များစွာပေါ်ထွန်းလာပါမှ နိုင်ငံ၊ မြို့ရွာများ တိုးတက်မှု ပိုမိုမြန်ဆန်မည်ဖြစ်ပါသည်။
ထို့ကြောင့်လည်း နိုင်ငံတော်က လူချွန်လူကောင်းများ မွေးထုတ်ရေးအစီအမံများ အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အခြေခံပညာအဆင့် ဘက်စုံပညာထူးချွန်သူများစာရင်းကို သက်ဆိုင်ရာက ထုတ်ပြန် လိုက်ပြီဖြစ်ပါသည်။ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အခြေခံ ပညာအဆင့် အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့အတွက် အမှတ်(၁) ၊(၂)၊ (၃) အခြေခံပညာ ဦးစီးဌာနများအောက်ရှိ အခြေခံပညာကျောင်းများမှ တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်အလိုက် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ အမှတ်(၁) အခြေခံ ပညာဦးစီးဌာနအောက်ရှိ ကျောင်းများမှ အဋ္ဌမတန်း ၅၈ ဦး၊ နဝမတန်း ၅၈ဦးနှင့် ဒသမတန်း ၅၈ ဦးတို့ကို ရွေးချယ်ခဲ့ပါသည်။ ထို့အတူ အမှတ်(၂) အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်း များမှ အဋ္ဌမတန်း၊ နဝမတန်းနှင့်ဒသမတန်းတို့မှ ဦးရေ ၁ဝဝ စီရွေးချယ်ခဲ့ပါသည်။ အမှတ်(၃) အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းများမှ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့မှ ၁၈ဦးစီ ရွေးချယ်ခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ စာရင်းများအရ တစ်နိုင်ငံလုံး ဖြန့်ကြက်ရွေးချယ်ထားသည်ကို တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ ၂ဝ၁၄-၂ဝ၁၅ပညာသင်နှစ်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဘက်စုံထူးချွန်လူငယ် အဋ္ဌမတန်း ၁၇၆ ဦး၊ နဝမတန်း ၁၇၆ ဦး နှင့်ဒသမတန်း ၁၇၆ ဦးပေါ်ထွက်လာ ခဲ့သည်။ ဘက်စုံထူးချွန်လူငယ်များသည် ကျောင်းစာ၌သာ ထူးချွန် ကြသည်မဟုတ်ဘဲ ကာယစွမ်းရည်၊ ဥာဏစွမ်းရည်၊ စာရိတ္တစွမ်း ရည်များပါ ထက်မြက်ကြသူများ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဗလငါးတန်နှင့် ပြည့်စုံသူများဟုဆိုရမည်သာ ဖြစ်ပါသည်။ ဘက်စုံထူးချွန်လူငယ်များသည် အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစား အားထုတ်ကြရန် အရေးကြီးလှပေသည်။
အရည်အချင်း ပြည့်ဝသည့်ဘက်စုံထူးချွန်လူငယ်များဖြစ်အောင် ကြိုးစား အားထုတ်ကြ ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးအတွက် အားထားရသော မျိုးဆက်သစ် လူတော်လူကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်းကာတွန်း (31-3-2015 ၊ တနင်္လာ)



အမျိုးသားပညာရေးဥပဒေကြမ်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ



 

နေပြည်တော် မတ် ၃ဝ
အမျိုးသားပညာရေးဥပဒေကြမ်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ ရှးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကား ပြောကြားရာတွင် အမျိုးသားပညာ ရေးဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံ အတွင်းဖြစ်ပေါ်ခဲ့သည့် အခြေအနေ များကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ ယနေ့အထိလည်း ယင်း ဂယက်များ ရှိနေဆဲဖြစ်ပါကြောင်း၊ နေပြည်တော်နှင့်ရန်ကုန်၌ လေးပွင့် ဆိုင်ဆွေးနွေးပွဲဖြင့် ညှိနှိုင်းဆောင် ရွက်ခဲ့ရာမှ အရှိန်မြင့်လာပြီး လက်ပံ တန်းမြို့၌ နောက်ဆုံးအခြေအနေ ဖြစ်ပွားခဲ့ပါကြောင်း၊ အခြေအနေ ငြိမ်သက်သွားပြီဟု ပြော၍မရသေးပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က အမျိုးသားပညာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် ပြည်သူ့ကိုယ်စားလှယ် များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ များအတွက် အကျိုးဖြစ်ထွန်းစေသော ဥပဒေတစ်ရပ်ဖြစ်လာရန် စေတနာပါ ပါဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါကြောင်းဖြင့် ပြော ကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ကော်မရှင်အဖွဲ့ဝင် များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
(သတင်းစဉ်)

သတင်းမီဒီယာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ



 'သတင်းမီဒီယာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
============================

နေပြည်တော်   မတ်   ၃ဝ

သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟို အဖွဲ့အစည်းများမှ ရုံးအဖွဲ့မှူးများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် သတင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သတင်းထုတ်ပြန်ရေးဆိုင်ရာများကို  ရှင်းလင်း ပြောကြားပြီး  ပြည်ထောင်စုဝန်ကြီးက  တက်ရောက်လာကြသူများ၏  သတင်းမီဒီယာဆိုင်ရာ  မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားခဲ့သည်။                                                                  (သတင်းစဉ်)'

နေပြည်တော် မတ် ၃ဝ
သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟို အဖွဲ့အစည်းများမှ ရုံးအဖွဲ့မှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် သတင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သတင်းထုတ်ပြန်ရေးဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသူများ၏ သတင်းမီဒီယာဆိုင်ရာ မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားခဲ့သည်။ (သတင်းစဉ်)

အီရန်နှင့် အင်အားကြီးခြောက်နိုင်ငံတို့ နျူကလီးယားအရေးသဘောထားကွဲလွဲမှု အကြိတ်အနယ်ဆွေးနွေး



 

ဆွစ်ဇာလန် မတ် ၃ဝ
အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် တီဟီ ရန်၏ နျူကလီးယားပြဿနာအဆုံးသတ်ရေး စာချုပ် ချုပ်ဆိုရန် ကန့်သတ်ထားသော အချိန်ကာလမကုန်ဆုံးမီ ကြိုတင် သဘောတူညီမှုပြုလုပ်ရန်အတွက် တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အီရန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား နှင့် တရုတ်တို့သည် ဆွစ်ဇာလန်နိုင်ငံ လောဆိန်းမြို့တွင် နျူကလီးယားပြဿနာ၏ ထွက်ပေါက်မရှိသည့် အခြေ အနေကို ဖြေရှင်းရန် အကြိတ်အနယ် ဆွေးနွေးခဲ့ကြ သည်။
သို့သော် သဘောတူညီချက် မူဘောင်အတွင်းသို့ ရောက်ရှိရန် ကြိုးပမ်းမှုကို ပြိုကွဲခြင်းမရှိစေရေး အာဏာပိုင် များက သတိပေးခဲ့သည်။
အင်အားကြီး ခြောက်နိုင်ငံတို့က အီရန်၏ နျူကလီးယားစမ်းသပ်မှုကို ၁ဝ နှစ်ထက်ပို၍ ရပ်ဆိုင်း ထားစေလိုကြသည်။ တီဟီရန်က ၄င်း၏စီးပွားရေးကို ယိုယွင်းစေသည့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ ကို ဖယ်ရှားပေးလျှင် ၄င်း၏နျူကလီးယားဆောင်ရွက် မှုကို အတိုင်းအတာတစ်ခုအထိ ရပ်တန့်မည်ဟု တောင်းဆို ခဲ့သည်။
အနောက်နိုင်ငံများမှ အီရန်အပေါ် အရေးယူ ကန့်သတ်မှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရန် ညှိနှိုင်း နေကြပြီး အီရန်အနေဖြင့် နျူကလီးယားသုတေသန ဆောင်ရွက်မှုကို မည်မျှဆောင်ရွက်ခွင့်ရရှိရန် ဆွေးနွေး ခြင်းဖြစ်သည်ဟု ဆိုသည်။
(ဘီဘီစီ)

နိုင်ဂျီးရီးယားရွေးကောက်ပွဲ မဲလိမ်သည်ဟုစွပ်စွဲမှုဖြင့် ဆန္ဒပြ



 

လေဂို့စ် မတ် ၃ဝ
နိုင်ဂျီးရီးယားနိုင်ငံတွင် အထွေ ထွေ ရွေးကောက်ပွဲ ကျင်းပစဉ် မဲလိမ်သည်ဟုဆိုကာ ထောင်ပေါင်း များစွာသော အတိုက်အခံပါတီ ထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပြီး ရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးရန်လည်း တိုက်တွန်း ဆော်သြလိုက်သည်။
အောပရိုဂရက်ကွန်ဂရက်ပါတီ ၏ ဦးဆောင်မှုဖြင့် အဆိုပါဆန္ဒပြ ပွဲကို တနင်္ဂနွေနေ့က တောင်ပိုင်း ရစ်ဗားစတိတ်ပြည်နယ် မြို့တော် ပို့ဟာကောက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲ ဆန္ဒပြ မှုအပေါ် စိုးရိမ်မိကြောင်း၊ စိတ်ပျက် ဖွယ်ရာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကြောင့် တောင်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးများကို အစားထိုး ရဖွယ်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အက်တာဟီရု ဂျီဂါက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် စွပ်စွဲမှုများအပေါ် ဆက် လက်စုံစမ်းသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ ပြန်လည်ကျင်းပရေး တောင်းဆိုမှုအပေါ် မေတ္တာရပ်ခံ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။
ဆန္ဒပြသူများက ရွေးကောက်ပွဲ ကာလအတွင်း အတိုက်အခံများ သေဆုံးခဲ့ရမှုအပေါ် သမ္မတ ဂွတ်လပ် ဂျိုနသန်၏ပါတီကို အပြစ်ပြောဆို လျက်ရှိသည်။
(ပရက်စ်တီဗွီ)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဂျပန် KEIO Corporation MD့ အား တွေ့ဆုံ





နေပြည်တော် မတ် ၃ဝ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သည် ဂျပန်နိုင်ငံ KEIO Corporation ၏ Managing Director Mr. Mamoru Yamamoto ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးမြညိမ်း၊ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အဖွဲ့ဝင် ဦးနေဝင်းထွန်း၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အဖွဲ့ဝင် ဦးဝင်းမောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

ပြည်သူ့လွှတ်တော်အစည်းအဝေး



 

အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် နှစ်အလိုက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၃ဝ
ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ချောက်မဲဆန္ဒနယ်မှ ဦးသိန်းလွင်၏ ချောက်မြို့နယ်အပါအဝင် မိုးနည်း ရေရှားဒေသများ၌ သောက်သုံးရေ ရှားပါးမှုအခက်အခဲကို အထူးစီမံချက် တစ်ရပ်ချမှတ်ဖြေရှင်းပေးရန် အစီ အစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်အေးက စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးများ အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ များ၏ အစီအစဉ်များဖြင့်လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးစီမံချက်တစ်ရပ် ရေးဆွဲ၍လည်းကောင်း ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် အပူ ပိုင်း မိုးနည်းရပ်ဝန်းဒေသ၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက် ၂ဝ၁၃-၂ဝ၁၄ မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အထိရေးဆွဲထားရှိ၍ နှစ်အလိုက် ဆောင်ရွက်လျက်ရှိ ပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် ပလက်ဝမဲဆန္ဒနယ်မှ ဦးပိုက်လင်း၏ သိပ္ပံတွဲဖြင့် (၁ဝ)တန်း အောင်သူကျောင်းသား ကျောင်းသူ များသည် သိပ္ပံလက်တွေ့သင်တန်း ကို အပတ်စဉ် စနေ/ တနင်္ဂနွေနေ့များ အစား တစ်ပတ်နှစ်ပတ် ဆက်တိုက် သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က အဝေးသင် သင်ကြားရေးတွင် အနီးကပ်သင်တန်း များသင်ကြားပို့ချခြင်း၊ သိပ္ပံလက်တွေ့ သင်တန်းများသင်ကြားပို့ချပေးခြင်း၊ စာမေးပွဲများ စစ်ဆေးခြင်းလုပ်ငန်းများ ကို ပုံမှန်တက္ကသိုလ်များ၏ စာသင်ခန်း များကိုအသုံးပြု၍ အဆိုပါတက္ကသိုလ် များမှ ဆရာ၊ ဆရာမများကသင်ကြား ပို့ချပေးလျက်ရှိပါကြောင်း၊ ပုံမှန် သင်တန်းများ နားရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေများတွင် သိပ္ပံလက်တွေ့ အခန်းများကိုအသုံးပြု၍ သင်ကြား ပို့ချပေးလျက်ရှိပါကြောင်း။
သိပ္ပံဘာသာရပ်များ၏ သဘော သဘာဝအရ သိပ္ပံလက်တွေ့ (Practical)မပြုလုပ်မီ စာတွေ့(Theory) ကို ကြိုတင်သင်ကြားပေး ရပါကြောင်း၊ ယခုလက်ရှိတွင် စာတွေ့သင်ပြီးမှ လက်တွေ့ကို (၂)ပတ်လျှင် တစ်ကြိမ်ပြုလုပ်စေခြင်းသည် သိပ္ပံ သင်တန်းသားများအတွက် ထိရောက်သောသင်ကြားပို့ချမှုဖြစ်ပါကြောင်း၊ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့အစားတစ်ပတ်၊ နှစ်ပတ်ဆက်တိုက် သင်ကြားပေးမည်ဆိုပါက စာတွေ့ ကြိုတင်လေ့လာရမည့် အချိန်မရှိတော့ သဖြင့် ထိရောက်သော သင်ကြား သင်ယူမှုလည်း မဟုတ်တော့ပါ ကြောင်းနှင့် သိပ္ပံလက်တွေ့သင်တန်း များကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ များအစား တစ်ပတ်၊ နှစ်ပတ်ဆက် တိုက်သင်ကြားပေးရန် အစီအစဉ် မရှိသေးပါကြောင်းဖြင့် ဖြေကြား သည်။
(သတင်းစဉ်)

အမျိုးသားလွှတ်တော်အစည်းအဝေး

 
 
 
၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံ ၂၀၁၆ ခုနှစ် ပြီးစီးပါက တီးတိန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့မည်
 
နေပြည်တော် မတ် ၃ဝ အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၆)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကိုမင်း၏ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ၊SEA Games နှင့် မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများအတွက် ကျင်းပလျက်ရှိသော ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခြင်း လုံး၊ Boxing လက်ဝှေ့၊ မြန်မာ့ရိုးရာလက်ဝှေ့၊ ဘတ်စကက်ဘော၊ ဟော်ကီ၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်းများအား ဆုကြေးစနစ်အဖြစ် အမျိုးသား၊ အမျိုးသမီး (၂)မျိုးစလုံး ပါဝင်နိုင်မည့် Pro Sport System ကျင့်သုံးအကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက် က မြန်မာ့အားကစား အောင်မြင်မှုများရရှိရေးအတွက် ရေတိုရေရှည် စီမံချက် များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်သည့်အတွက်"Myanmar Sport Master Plan "ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် အားကစားလှုပ်ရှားမှုများကို အခြေခံအကျဆုံးမြို့နယ်များမှ စတင်၍ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် "Township Sport Development Program" ကိုလည်း တစ်ပြိုင်နက်တည်း ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မေးခွန်းပါ အားကစားနည်း(၁၂)နည်းအနက်မှ ၂ဝဝ၉ ခုနှစ်တွင် ဘောလုံးအားကစားနည်းကို အပျော်တမ်း အဆင့်မှ ဆုကြေးစားစနစ်သို့ ပြောင်းလဲခဲ့သည့်အပြင် ဖူဆယ်နှင့် ရိုးရာ လက်ဝှေ့အားကစားနည်းများကိုလည်း ဆုကြေးစားပြိုင်ပွဲစနစ် ကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်ရှိသည့်အားကစားနည်းများကို သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များအနေဖြင့် အပျော်တမ်းအဆင့်မှ ဆုကြေးစားစနစ်သို့ပြောင်းလဲကျင့်သုံးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် မရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။
လျှပ်စစ်စွမ်းအားကဏ္ဍနှင့်ပတ်သက်သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြန်လည် ဖြေကြားခဲ့သည်။
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးခမ်ဆွင်းမုန်၏ တီးတိန်မြို့တွင် ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ၆၆ ကေဗွီ ဟားခါး-ဖလမ်း-သိုင်းငင် ဓာတ်အား လိုင်းတည်ဆောက်ခြင်းကို ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါဓာတ်အားလိုင်းမှ တစ်ဆင့် တီးတိန်မြို့အထိ သွယ်တန်းပါက ဓာတ်အားလိုင်းရှည်လျားပြီး ဗို့အား ကျဆင်းမှုများ ကြုံတွေ့ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်မှစတင်၍ ၂၃ဝ ကေဗွီ ဂန့်ဂေါ- ကလေး ဓာတ်အားလိုင်း၊ ဖလမ်းမြို့နှင့် ကလေးမြို့တို့တွင် ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ၂၃ဝ ကေဗွီ ကလေးဓာတ်အားခွဲရုံမှာ ၂ဝ၁၆ ခုနှစ်အတွင်းပြီးစီးပါက တီးတိန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးနု၏ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ပုလဲ(၃) ရပ်ကွက်တွင် လျှပ်စစ်အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေအရပ်ရပ်တို့ကြောင့် လျှပ်စစ် မီးတိုင်၊ မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း (၃)နှစ်ခန့်ကြာကာလတိုင်အောင် ဆောင်ရွက်မပေးခဲ့ခြင်းကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပုလဲ(၃)ရပ်ကွက်အတွင်း ရှုပ်ထွေးဆားဗစ်ကြိုး ၁ ဒသမ ဝ၅ မိုင်၊
၁၁/ (ဝ ဒသမ ၄) ကေဗွီ ၃၁၅ ကေဗွီအေထရန်စဖော်မာ တစ်လုံး၊ ၁၁ ကေဗွီ ကောင်းကင်ဓာတ်အား လိုင်း ဝ ဒသမ ၅ မိုင်၊ ၄ဝဝ ဗို့ ဓာတ်အားလိုင်း ဝ ဒသမ ၂ မိုင် တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် ရန်ပုံငွေလျာထားခဲ့ သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွဲဝေပေးနိုင်မှု အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေကြမ်းနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကြမ်း၊ ၁၉၉၃ ခုနှစ် စည်ပင်သာယာ ရေးအဖွဲ့များ ဥပဒေ(နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၅/၉၃)ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ သည်။
(သတင်းစဉ်)

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး



 

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း လွှတ်တော်က အတည်ပြု

နေပြည်တော် မတ် ၃ဝ
ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၅)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်သမ္မတထံမှပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၈)ဦး ထပ်မံခန့်အပ် တာဝန်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နောက်ဆက်တွဲ-၁(က)ပါ လုပ်ငန်းစဉ်တွင် ထည့်သွင်းရန် ကျန်ရှိသည့် လွှတ်တော်ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က လွှတ်တော်ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူလတင်ပြစဉ်က ကျန်ရှိနေသည့် ကတိကဝတ် များထဲတွင် ပြည်သူများလတ်တလော အကျိုးဖြစ်ထွန်းစေ မည့်လုပ်ငန်းနှင့် နှစ်ချင်းပြီး ဆောင်ရွက်နိုင်မည့်လုပ်ငန်းတို့ အပေါ်အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု လွှတ်တော်ပူးပေါင်းကော်မတီတို့ ညှိနှိုင်းစိစစ်၍ ဆောင်ရွက်ရမည့်ကတိကဝတ် (၃၄၆)ခုကို နောက်ဆက်တွဲ-၁(က)၌ စုစုပေါင်းဝန်ကြီးဌာန(၈)ခုရှိပြီး ဘဏ္ဍာငွေ ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် ဦးစားပေးထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ ကြမ်းတစ်ရပ်လုံးကိုအတည်ပြုရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တင်သွင်းရာ လွှတ်တော်က အတည်ပြုခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး၏ ပထမနေ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ က အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြခဲ့သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်တို့ တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်(၂၉)ဦးက မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ၂ဝ၁၅ ခုနှစ် မတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး မတ်လ ၉ ရက်တွင် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းအလိုက် လွှတ်တော်တွင် ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာဥပဒေကြမ်းပါ သာမန်အသုံးစရိတ် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေနှင့် ဒေါက်တာမြတ်ဥာဏစိုးတို့က အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ သည်။ (သတင်းစဉ်)

စာကြည့်တိုက်ဝန်ဆောင်မှုများ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေး



ဆိပ်ဖြူ မတ် ၃ဝ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ၏ ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ နိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ အသင်းတို့ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကို အထက(ဆိပ်ဖြူ) နဝရတ်ခန်းမ၌ မတ် ၂၇ ရက်က ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဝင်းက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးတင့်၊ အတွင်းရေးမှူး ဦးဥာဏ်အောင်နှင့် ရပ်ကွက်ကျေးရွာစာကြည့်တိုက်မှူးများက မိမိတို့ရပ်ကွက်ကျေးရွာအတွင်းရှိ စာကြည့်တိုက်များတွင် စာဖတ်သူတိုးပွား လာစေပြီး ပြည်သူများအသိပညာတိုးပွားလာစေရန်အတွက် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ များမှ စာကြည့်တိုက်မှူးများတက်ရောက်ခဲ့ကြသည်။ စိုးလင်းနိုင်(iprd)

ရွေ့လားဓာတ်မှန်စက်ဖြင့် တီဘီရောဂါရှာဖွေဖော်ထုတ်မှု အရှိန်မြှင့်ဆောင်ရွက်



မလှိုင် မတ် ၃ဝ

ပြည်သူများအတွင်း တီဘီရောဂါဝေဒနာရှင်များကို အရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ကုသနိုင်ရေးအတွက် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ နယ် လှည့်စစ်ဆေးခြင်း အစီအစဉ်အဖြစ် ရွေ့လျားဓာတ်မှန်စက်ဖြင့် နယ်လှည့် ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းလုပ်ငန်းကို အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း(အထက်မြန်မာပြည်) တီဘီတိုက်ဖျက်ရေးဌာနက မန္တလေးတိုင်းဒေသကြီးအတွင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာမှ ပြည်သူများအတွင်း တီဘီရောဂါဝေဒနာရှင်များ ရှာဖွေဖော်ထုတ်ခြင်းကို ကျေးရွာအထကကျောင်း၌ မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည်။ နယ်လှည့်ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းလုပ်ငန်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာချမ်းမြေ့ကျော်၊ ဒေါက်တာ မြတ်ကျော်သူ(အထမ တီဘီ)နှင့် ဒေါက်တာဖုန်းဆုခိုင် (အထမ တီဘီ)တို့ ဦးဆောင်သော ဆရာဝန် ခုနစ်ဦးပါအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပန်းအိုင် ကျေးရွာအုပ်စုရှိ ကူကြီး၊ ကံဦး၊ မြစ်ကျင်း၊ ထနောင်းကျင်းကျေးရွာများမှ ပြည်သူများအား ရောဂါရှာဖွေစစ်ဆေးခဲ့သည်။
တီဘီသံသယလူနာ ၁၄၄ ဦးကို ဓာတ်မှန်ရိုက်စစ်ဆေးပေးခဲ့ပြီးလူကြီးတစ်ဦးနှင့် ကလေးတစ်ဦးကို ဆေး ကုသပေးခဲ့ကာ စောင့်ကြည့်လူနာ ၁၂ ဦးကိုလည်း သလိပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တီဘီရောဂါရှာဖွေစစ်ဆေးမှုအပြင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူ ၂၄ဝ ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ရွေ့လျားဓာတ်မှန်စက်ဖြင့် နယ်လှည့် ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းကို မလှိုင်မြို့နယ်အတွင်း ကျေးရွာ ငါးရွာ၌ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အောင်ဌေး(မလှိုင်)

သင်္ကြန်ကာလအတွင်း ဖြစ်ပွားနိုင်သော မှုခင်းများကာကွယ်ရေးနှင့် အသိပညာပေးဟောပြော



မန္တလေး မတ် ၃ဝ

သင်္ကြန်ပွဲတော်ကာလအတွင်း ဖြစ်ပွား နိုင်သော မှုခင်းများကာကွယ်ရေးနှင့် အသိ ပညာပေးခြင်းကို မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်၊ မဟာအနောက်ရပ်ကွက်၊ ငြိမ်းအေး ချမ်းသာဓမ္မာရုံတွင် မတ် ၂၈ ရက် နံနက် ၁ဝ နာရီက မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှ ကျင်းပရာ တက်ရောက်လာကြသည့် ရပ်ကွက် ပြည်သူများအား တာဝန်ရှိသူများက အသိ ပညာပေး ဟောပြောသည်။

ရှေးဦးစွာ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးသန်းထွဋ်က စိတ်ကြွ ရူးသွပ်မူးယစ်ဆေးများအကြောင်း ဟောပြောသည်။ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၅၆)တပ်ဖွဲ့စုမှူး ဒုရဲမှူး သိုက်နိုင်ထွန်းက ယာဉ်စည်းကမ်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ်သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ပေါင်း ၃၆ဝ တွင် ဒဏ်ရာသူ ၉၁၇ ဦးနှင့် သေဆုံးသူ ၉၄ ဦးရှိခဲ့ကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)

မည်းသင်းမြို့နယ်အတွင်း ဒေသအချို့တွင် နွားစာရှားပါးနေ



ရမည်းသင်း မတ် ၃ဝ

မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ်အတွင်းရှိ ဒေသအချို့ တွင် နွားစာကောက်ရိုးများ ရှားပါး နေ၍ အခြားကျေးရွာများမှ ကောက် ရိုးများဝယ်ယူကျွေးမွေးနေရကြောင်း သိရသည်။
ယခင်နှစ်က မိုးနှောင်းကာလတွင် မိုးရွာသွန်းမှု နည်းသောကြောင့် ရမည်းသင်းမြို့နယ်အတွင်းရှိ မိုးရေ ကို အားကိုး၍ စပါးစိုက်ပျိုးသော ဒေသအချို့တွင် စပါးအောင်မြင် ဖြစ်ထွန်းမှုနည်းပါးခဲ့ရာ စပါးနှင့် ကောက်ရိုးထွက်ရှိမှုလည်း နည်းပါး ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စပါး အောင်မြင်ဖြစ်ထွန်းသော ဆည်ရေ သောက်စပါးစိုက်သည့် ဒေသများမှ ကောက်ရိုးများကို ဝယ်ယူနေရခြင်း ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ကောက်ရိုးဝယ်သူ နည်းသော်လည်း ယခုနှစ်တွင် နွား စာရှားပါးမှုကြောင့် အနယ်နယ် အရပ်ရပ်မှ လာရောက်၍ ကောက်ရိုး ဝယ်ယူသူများရှိနေကြောင်း၊ မိုးမကျ မီ အချိန်အထိ နွားစာရှားပါးနေမည် ဖြစ်ရာ ကောက်ရိုးဝယ်ယူမှုရှိနေနိုင် ကြောင်း အင်ကြင်းကန်အုပ်စုမှ ကောက်ရိုးရောင်းချနေသူ တောင်သူ တစ်ဦးက ပြောသည်။

စပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် အင်ကြင်းကန်အုပ်စု၊ ကတင် အုပ်စု၊ သက်ကယ်ခြံကျေးရွာစသည့် ဒေသများမှ ကောက်ရိုးများကို ဝယ်ယူနေကြရခြင်းဖြစ်ပြီး လှည်း တစ်စီးအပြည့်ကို ငွေကျပ် ၁ဝဝဝဝ၊ ကားဖြင့်တင်ပါက ကားအကြီး အသေးအပေါ်မူတည်၍ ငွေကျပ် ၂ဝဝဝဝ မှ ၆ဝဝဝဝ ဝန်းကျင်အထိ ဈေးပေးဝယ်ယူရကြောင်း သိရသည်။
အတ်ကလေး(ရမည်းသင်း)

မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ အပြိုင်ခေါ်ယူဖို့ ကြိုးစားနေတဲ့ အဲဗာတန်ကြယ်တစ်ပွင့်



အဲဗာတန်အသင်းရဲ့ နာမည်ကြီးကစားသမား ရော့စ် ဘာကလေကို ပရီမီယာလိဂ်ထိပ်သီး ချယ်လ်ဆီးနဲ့ မန်စီး တီးတို့က အပြိုင်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါ တယ်။ ရော့စ်ဘာကလေကို ပေါင်သန်း ၅ဝ အထိ ဈေး ပေးပြီး ခေါ်ယူဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။ မန်စီးတီး က မူလပထမတွင် ပေါင်သန်း ၃ဝ ပေးပြီး ကမ်းလှမ်းခဲ့ပြီး နောက်ထပ်ပေါင်သန်း ၂ဝ ထပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အဲဗာတန်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က တော့ ရော့စ်ဘာကလေကို ရောင်းထုတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း ဆိုပါတယ်။ နောက်တန်းကစားသမား ရော့စ်ဘာကလေကတော့ အသင်းကြီးတွေ ခေါ်ယူဖို့ ကြိုးစားနေပေမယ့် သူ့အနေနဲ့ အဲဗာတန်မှာပဲ ကစားသွား ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ကောင်းမြတ်သူ-စုစည်းသည်

UPWC နှင့်NCCT တို့၏ (၇)ကြိမ်မြောက် ဆွေးနွေးပွဲ သတ္တမမြောက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်တွင် ပါဝင်သောအချက်များအားလုံး သဘောတူညီမှုရရှိ





ရန်ကုန် မတ် ၃ဝ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုနိုင်ရေးအတွက် (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ သတ္တမရက်မြောက်နေ့ တွင်NCA စာချုပ်၏ နောက်ဆုံးမူကြမ်းတွင်ပါဝင်သည့် အချက်များအားလုံးကို နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီဖြစ် ကြောင်း အစည်းအဝေးအပြီး နှစ်ဖက်ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement-NCA) ချုပ်ဆို နိုင်ရေးအတွက် UPWC နှင့် NCCT တို့၏ မတ် ၁၇ ရက်တွင်ပြုလုပ်သည့် (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေး မှုကို မတ် ၂၂ ရက် ဆွေးနွေးပွဲ ဆဋ္ဌမမြောက်နေ့အပြီးတွင် ခေတ္တရပ်နားခဲ့သည်။

သတ္တမမြောက်နေ့ဆွေးနွေးပွဲအဖြစ် မတ် ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင် ရေးလုပ်ငန်း ဗဟိုဌာန(MPC)၌ ကျင်းပခဲ့သည်။
ယနေ့ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်NCA စာချုပ်အတွက် ဆဋ္ဌမနေ့ဆွေးနွေးပွဲအပြီးတွင် ညှိနှိုင်း ဆွေးနွေးရန်ကျန်ရှိခဲ့သည့် အခန်းတစ်ခုနှင့် အချက်သုံးချက် တို့ကို သဘောတူဆွေးနွေးနိုင်ခဲ့သည်။ NCA စာချုပ် နောက်ဆုံးမူကြမ်းတွင် ပါဝင်သည့် အခန်းပေါင်း(၇)ခန်း၊ အပိုဒ်ပေါင်း(၃၃)ပိုဒ်နှင့် အပိုဒ်ငယ်ပေါင်း(၈၆)ခု အားလုံးကို နှစ်ဖက်သဘောတူ
ဆွေးနွေးနိုင်ခဲ့သည်ဟု ယနေ့ဆွေးနွေးပွဲအပြီးတွင် NCCT အဖွဲ့မှ ဦးနိုင်ဟံသာ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့်MPC မှ ဦးလှမောင်ရွှေတို့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယနေ့ သဘောတူညီနိုင်ခဲ့သည့်NCAစာချုပ်နောက်ဆုံးမူကြမ်းပါ အချက်များအားလုံးကို မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင်NCCT နှင့် UPWC တို့မှ ပြန်လည်သုံးသပ်မှုပြုလုပ်ပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်များမှ ပဏာမသဘောတူညီမှုအဖြစ် လက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။

MPC ၏ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက (၇) ကြိမ်မြောက် ဆွေးနွေးပွဲ (၇)ရက်မြောက်နေ့မှာ ကျန်ခဲ့တဲ့ အချက်အားလုံးကို သဘောတူတာဖြစ်တဲ့ NCA စာချုပ်ကြီးကို သဘောတူညီခဲ့ပြီးဖြစ်တာကို တင်ပြလိုပါတယ်။ ဒီနေ့ ဆွေးနွေးပြီး သဘောတူတာတွေကို မနက်ဖြန်မနက် ၁ဝ နာရီမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ပြန်တွေ့ပါမယ်။ မနက်ဖြန်မှာ ကျွန်တော် တို့ ခေါင်းဆောင်တွေအဆင့်မှာ ပဏာမသဘောတူညီချက်ကို UPWC နှင့် NCCT အဆင့်မှာ ပဏာမသဘောတူညီထားကြောင်းကို လက်မှတ်ရေးထိုးပါမယ်။ ပြီးရင် တစ်ဖက်ခေါင်းဆောင် သုံးဦးစီပါဝင်တဲ့ ခြောက်ဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါမယ်''ဟု ပြောသည်။

NCA စာချုပ် နောက်ဆုံးမူကြမ်း၏ သဘောတူညီချက်များအား NCCT ဘက်မှ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ၏ ထိပ်သီးညီလာခံတွင် ပြန်လည် တင်ပြရန်ကျန်ရှိနေပြီး UPWC ဘက်တွင်မူ အစိုးရဘက်မှ အတည်ပြုထားပြီဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ(UPCC )သို့ သတင်း ပို့ရန်သာ ကျန်ရှိတော့ကြောင်း UPWC မှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးနှင့် စပ်လျဉ်းပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက “NCCT အဆင့်နဲ့ အဆုံးအဖြတ် ပေးလို့ မရသေးဘူး။ ကျွန်တော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးလုပ်ရမယ်။ အဲဒီမှာ တင်ပြရမယ်။ သူတို့ကနေပြီးမှ အဆုံးအဖြတ်ပေးရမယ်။ သူတို့ပြင်ချင်တာ၊ ဖြည့်စွက်ချင်တာ ရှိကောင်းရှိနိုင် မယ်။ သူတို့ရဲ့ အတည်ပြုမှုကိုရပြီးတော့မှ တရားဝင်သူတို့ကိုယ်တိုင် လက်မှတ် ထိုးဖို့ ဖြစ်ပါတယ်''ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယနေ့ပြုလုပ်ခဲ့သော အစည်းအဝေးသို့ နိုင်ငံတကာမှလေ့လာသူကိုယ်စား လှယ်များအဖြစ် ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
(သတင်းစဉ်)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) နောက်ဆုံးမူကြမ်းပါအချက်များအားလုံး နှစ်ဖက်သဘောတူညီမှုရရှိ UPWC နှင့် NCCT အကြား ပဏာမသဘောတူညီကြောင်း မတ် ၃၁ ရက်တွင် လက်မှတ်ရေးထိုးမည်





တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုနိုင်ရေးအတွက် UPWC နှင့်NCCT တို့၏ (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအား မတ် ၃ဝ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)၌ သတ္တမရက်မြောက်နေ့ အစည်းအဝေးအဖြစ် ပြန်လည်ကျင်းပခဲ့သည်။ ယနေ့ကျင်းပသော အစည်းအဝေးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA)နောက်ဆုံးမူကြမ်းတွင် ပါဝင်သည့်အချက်များအားလုံးကို သဘောတူညီနိုင်ခဲ့သည့်အပေါ် နှစ်ဖက်ကိုယ်စားလှယ်များ၏ သဘောထားအမြင်များကို ကောက်နုတ်ဖော်ပြပါသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း NCCT အဖွဲ့ဝင်
(ချင်းအမျိုးသားတပ်ဦး-CNF)

ဒီနေ့အစည်းအဝေးမှာတော့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ် NCA မှာပါတဲ့ အချက်အလက် တွေအားလုံးကို ကျွန်တော်တို့ သဘောတူပြီးပါပြီ။ အဲဒါ ကြောင့် UPWC နဲ့ NCCTတို့ ရှေ့မှာဆောင်ရွက်ရမယ့် ကိစ္စအားလုံးကို အပြီးအစီးဆောင်ရွက်ပြီးခဲ့ပါပြီလို့ သတင်း ကောင်းပါးလိုပါတယ်။ နံပါတ် (၂) အနေနဲ့ကတော့ ကျွန်တော်တို့ဆောင်ရွက်ပြီးစီးခဲ့တဲ့ စာချုပ်ပါအချက် အလက်တွေကိုUPWC နဲ့ NCCT တို့က သဘောတူ ပြီးသားဖြစ်ပေမယ့် လက်မှတ်ထိုးတဲ့အဆင့်ကိုတော့ အထူး သဖြင့် ကျွန်တော်တို့ တိုင်းရင်းသားဘက်ကNCCT အနေနဲ့ လက်မှတ်ထိုးပိုင်ခွင့် အခွင့်အာဏာမရှိဘူး။ အဲဒီအတွက်ကြောင့် လက်မှတ်ထိုးနိုင်ဖို့အတွက် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ညီလာခံကြီး ကို ကျွန်တော်တို့အမြန်ဆုံးလုပ်ဆောင်မှာဖြစ်တယ်။ အဲဒီ ညီလာခံကြီးမှာ အခုသဘောတူထားတာတွေ အားလုံးကို တင်ပြမယ်။ လက်မှတ်ထိုးမယ့် အစီအစဉ်ကိုတော့ ကျွန်တော်တို့ရဲ့ ထိပ်သီးခေါင်းဆောင်တွေက ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ NCCT နဲ့ UPWC နှစ်ဖက်အလုပ်အဖွဲ့တို့ရဲ့ တစ်နှစ်ကျော်ကျော် ကြိုးစားခဲ့ပြီး မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင် ဖို့အတွက် အဆင်သင့်လုပ်နိုင်တာဖြစ်ပါတယ်။ ကျွန်တော် တစ်ခုပြောချင်တာက အနှစ် ၆ဝ ကျော် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေဖို့ ကျွန်တော်တို့ ကြိုးစားနေတာဖြစ်တယ်။ အနှစ် ၆ဝ ကျော် ပြည်တွင်းစစ်ကို ရပ်စဲဖို့ဆိုရင် ကဏ္ဍတစ်ခုတည်း ဆောင်ရွက်လို့မရဘူး။
ကဏ္ဍပေါင်းစုံက ဆောင်ရွက်ရမယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီး သွားရင် နှစ်ဖက်သော စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ နှစ်ဖက်ကနေ ပူးတွဲစောင့်ကြည့်ရေး ဘယ်လိုလုပ်ရမလဲ၊ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုကျင်းပ ရမလဲ၊ နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ခင်ကြားကာလမှာ ကျွန်တော်တို့အချင်းချင်း ဘယ်လိုဆောင်ရွက်ရမလဲ၊ ဘယ်လိုအသိအမှတ်ပြုရမလဲဆိုတာတွေပါ ထည့်သွင်း ဆွေးနွေးရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ စာချုပ်က အင်မတန်မှ ပြည့်စုံတယ်။ အင်မတန်မှ ကျယ်ပြန့်တယ်။ အဲဒါကြောင့် အချိန်နည်းနည်းလေး ကြန့်ကြာနေတာကို ပြည်သူလူထုအနေနဲ့ နားလည်ပေးပါ။ အခုတော့ ပြီးသွားပါပြီ။ အနှစ် ၆ဝ ပြည်တွင်းစစ်ကို အမှန်တကယ်ချုပ်ငြိမ်းပြီး တိုင်းပြည်ငြိမ်းချမ်း သာယာအောင် ဆောင်ရွက်နိုင်ဖို့ ပထမခြေလှမ်း လှမ်းနေ ပြီဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။

ဦးလှမောင်ရွှေ
MPC ၏ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့

ဒီနေ့ (၇)ကြိမ်မြောက်ဆွေးနွေးပွဲရဲ့ သတ္တမနေ့မှာ အရင်အပတ်က ဆွေးနွေးဖို့ကျန်ရှိတဲ့ အခန်းတစ်ခုနဲ့ အချက်သုံးချက်ကို တစ်နေ့လုံးအကျေအလည် ဆွေးနွေးခဲ့ရ ပါတယ်။ လွန်ခဲ့တဲ့ ငါးမိနစ်မှာ အားလုံးကို သဘောတူ နိုင်ခဲ့ပါပြီ။ နောက်ဆုံး NCA စာချုပ်မှတ်တမ်းကို ကျွန်တော်တို့ဘက်က ပြန်ကြည့်တဲ့အခါမှာ နှစ်ဖက် ခေါင်းဆောင်ကိုယ်စားလှယ်အဖွဲ့တွေ သဘောတူညီနိုင် ခဲ့တဲ့ NCA မှာ အခန်းပေါင်း (၇)ခန်း၊ အပိုဒ်ပေါင်း (၃၃) ပိုဒ်နဲ့ အပိုဒ်ငယ်ပေါင်း (၈၆) ခုပါပါတယ်။ ဒါဟာအချက် အားလုံးကို ကျွန်တော်တို့သဘောတူနိုင်ခဲ့တာလို့ အသိပေး လိုပါတယ်။ အခု သဘောတူထားတဲ့အချက်တွေကို တိုင်းရင်းသားတွေဘက်က သူတို့ရဲ့ တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်ညီလာခံမှာ ပြန်လည်တင်ပြဖို့ လိုမယ်။ အစိုးရဘက်အတွက် UPWC ကတော့ အားလုံးအတည်ပြု လိုက်ပြီ။ အတည်ပြုပြီးဖြစ်တဲ့အတွက် UPCC (ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ) ကို သတင်းပို့ဖို့ပဲ လိုမယ်။ ကျွန်တော်တို့ဘက်က ထပ်ပြီး အတည်ပြုစရာ မလိုတော့ပါဘူး။ နှစ်ဖက်ခေါင်းဆောင် တွေရဲ့ဆုံးဖြတ်ချက်အရ ဒီနေ့ဆွေးနွေးပြီး သဘောတူတာ တွေကို မနက်ဖြန် မနက် ၁ဝ နာရီမှာ နှစ်ဖက်ကိုယ်စား လှယ်အဖွဲ့ ပြန်တွေ့ပါမယ်။ သဘောတူထားတဲ့ အချက် တွေအားလုံးနဲ့ အစည်းဝေးမှတ်တမ်းကို ပြန်ကြည့်ပြီးရင် မနက်ဖြန်မှာ ကျွန်တော်တို့ UPWC နဲ့ NCCT ခေါင်းဆောင်တွေအဆင့်မှာ NCAသဘောတူညီချက်ကို နှစ်ဖက်ခေါင်းဆောင်တွေ ပဏာမသဘောတူညီထား ကြောင်းကို လက်မှတ်ရေးထိုးပါမယ်။ ပြီးရင် တစ်ဖက် ခေါင်းဆောင်သုံးဦးစီနဲ့ နှစ်ဖက်ခြောက်ဦးပါ ခေါင်းဆောင် တွေက NCA သဘောတူညီချက်စာချုပ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ပါမယ်။

ဦးနိုင်ဟံသာNCCT အဖွဲ့ခေါင်းဆောင်
မွန်ပြည်သစ်ပါတီ(NMSP)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်ကဆိုရင် ၂ဝ၁၃ နိုဝင်ဘာလဆန်းမှာNCCT အဖွဲ့ကို ဖွဲ့ခဲ့တယ်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ UPWC နဲ့ စတင်ပြီး တော့ဆွေးနွေးတယ်။ အဲဒီလိုဆွေးနွေးလာခဲ့တာ တရားဝင် က (၇)ကြိမ်ပေါ့။ အလွတ်သဘောတွေက အကြိမ်ပေါင်း မနည်းဘူး။ အစပိုင်းမှာတော့ တစ်ဆို့မှုတွေ တော်တော် များများ ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက် နားလည်အောင် ဆွေးနွေးရင်း ဆွေးနွေးရင်းနဲNCCT နဲ့ UPWC အဆင့်မှာတော့ အားလုံးသဘောတူညီမှု ရသွားပြီ။ နောက် ခုနက နိုင်ငံရေးဆွေးနွေးတဲ့အခါကျရင် အစိုးရဘက်က တင်ပြထားတာကတော့ တိုင်းရင်းသား ကိုယ်စားလှယ်ဆိုပြီးတော့ သီးသန့်ပါဝင်ဖို့ပေါ့။ အဲဒီ သူတို့ ရည်ရွယ်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်ဆိုတာက လွှတ်တော်ထဲမှာလည်း မပါဘူး။
 တပ်မတော်ထဲမှာလည်း မပါဘူး။ အန်ကယ်တို့ရဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုထဲမှာလည်း မပါဘူး။ တိုင်းရင်း သား နိုင်ငံရေးပါတီထဲမှာလည်း မပါတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေရဲ့ အစုအဖွဲ့ ကိုယ်စားလှယ်တွေပေါ့။ အဲဒီကိစ္စကို ဆွေးနွေးကြတာပါ။ အခုကတော့ နားလည်မှုရပြီပေါ့နော်။ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အဆင့်ဆိုတာကိုတော့ ကျွန်တော်တို့ NCCT အဆင့်နဲ့ အဆုံးအဖြတ်ပေးလို့ မရသေးဘူး။ ကျွန်တော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီး ခေါင်းဆောင်တွေကနေပြီးတော့ အဆုံးအဖြတ်ပေးရမယ်။ သူတို့ပြင်ချင်တာ၊ ဖြည့်စွက်ချင်တာ ရှိကောင်းရှိနိုင်မယ်။ ဒီတော့ ကျွန်တော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီးခေါင်း ဆောင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးလုပ်ရမယ်။ ခန့်မှန်းကြည့်ရတာတော့ ဧပြီလထဲမှာ ဖြစ်နိုင်မှာပါ။ ဟိုအဖွဲ့ ဒီအဖွဲ့ရဲ့ အခြေအနေရဲ့ အေးချမ်းမှုအပေါ်မှာလည်း မူတည်တာပေါ့။ အခုကတော့ နှစ်ဖက်တာဝန်ယူပြီးတော့ ပြောမယ်ဆိုရင် အစိုးရဘက်ကိုလည်း UPWC က တာဝန် ယူထားတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစု ဘက်ကိုလည်း ကျွန်တော်တို့NCCT က တာဝန်ယူထား တာပေါ့ဗျာ။

(ကျေးဇူးတင်ပါတယ်။)
ယနေ့ သဘောတူညီနိုင်ခဲ့သည့် NCA စာချုပ် နောက်ဆုံးမူကြမ်းပါအချက်များအားလုံးကို မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင် NCCT နှင့် UPWCတို့မှ ပဏာမ သဘောတူညီမှုအဖြစ် လက်မှတ်ရေးထိုးနိုင်တော့မည် ဖြစ်သည်။
တွေ့ဆုံမေးမြန်း - ရဲခေါင်ညွန့်၊
မြတ်သန္တာမောင်
ဓာတ်ပုံ - ဖိုးထောင်