Tuesday, March 31, 2015

အမျိုးသားလွှတ်တော်အစည်းအဝေး

 
 
 
၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံ ၂၀၁၆ ခုနှစ် ပြီးစီးပါက တီးတိန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့မည်
 
နေပြည်တော် မတ် ၃ဝ အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၆)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကိုမင်း၏ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ၊SEA Games နှင့် မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများအတွက် ကျင်းပလျက်ရှိသော ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခြင်း လုံး၊ Boxing လက်ဝှေ့၊ မြန်မာ့ရိုးရာလက်ဝှေ့၊ ဘတ်စကက်ဘော၊ ဟော်ကီ၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်းများအား ဆုကြေးစနစ်အဖြစ် အမျိုးသား၊ အမျိုးသမီး (၂)မျိုးစလုံး ပါဝင်နိုင်မည့် Pro Sport System ကျင့်သုံးအကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက် က မြန်မာ့အားကစား အောင်မြင်မှုများရရှိရေးအတွက် ရေတိုရေရှည် စီမံချက် များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်သည့်အတွက်"Myanmar Sport Master Plan "ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် အားကစားလှုပ်ရှားမှုများကို အခြေခံအကျဆုံးမြို့နယ်များမှ စတင်၍ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် "Township Sport Development Program" ကိုလည်း တစ်ပြိုင်နက်တည်း ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မေးခွန်းပါ အားကစားနည်း(၁၂)နည်းအနက်မှ ၂ဝဝ၉ ခုနှစ်တွင် ဘောလုံးအားကစားနည်းကို အပျော်တမ်း အဆင့်မှ ဆုကြေးစားစနစ်သို့ ပြောင်းလဲခဲ့သည့်အပြင် ဖူဆယ်နှင့် ရိုးရာ လက်ဝှေ့အားကစားနည်းများကိုလည်း ဆုကြေးစားပြိုင်ပွဲစနစ် ကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်ရှိသည့်အားကစားနည်းများကို သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များအနေဖြင့် အပျော်တမ်းအဆင့်မှ ဆုကြေးစားစနစ်သို့ပြောင်းလဲကျင့်သုံးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် မရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။
လျှပ်စစ်စွမ်းအားကဏ္ဍနှင့်ပတ်သက်သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြန်လည် ဖြေကြားခဲ့သည်။
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးခမ်ဆွင်းမုန်၏ တီးတိန်မြို့တွင် ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ၆၆ ကေဗွီ ဟားခါး-ဖလမ်း-သိုင်းငင် ဓာတ်အား လိုင်းတည်ဆောက်ခြင်းကို ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါဓာတ်အားလိုင်းမှ တစ်ဆင့် တီးတိန်မြို့အထိ သွယ်တန်းပါက ဓာတ်အားလိုင်းရှည်လျားပြီး ဗို့အား ကျဆင်းမှုများ ကြုံတွေ့ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်မှစတင်၍ ၂၃ဝ ကေဗွီ ဂန့်ဂေါ- ကလေး ဓာတ်အားလိုင်း၊ ဖလမ်းမြို့နှင့် ကလေးမြို့တို့တွင် ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ၂၃ဝ ကေဗွီ ကလေးဓာတ်အားခွဲရုံမှာ ၂ဝ၁၆ ခုနှစ်အတွင်းပြီးစီးပါက တီးတိန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးနု၏ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ပုလဲ(၃) ရပ်ကွက်တွင် လျှပ်စစ်အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေအရပ်ရပ်တို့ကြောင့် လျှပ်စစ် မီးတိုင်၊ မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း (၃)နှစ်ခန့်ကြာကာလတိုင်အောင် ဆောင်ရွက်မပေးခဲ့ခြင်းကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပုလဲ(၃)ရပ်ကွက်အတွင်း ရှုပ်ထွေးဆားဗစ်ကြိုး ၁ ဒသမ ဝ၅ မိုင်၊
၁၁/ (ဝ ဒသမ ၄) ကေဗွီ ၃၁၅ ကေဗွီအေထရန်စဖော်မာ တစ်လုံး၊ ၁၁ ကေဗွီ ကောင်းကင်ဓာတ်အား လိုင်း ဝ ဒသမ ၅ မိုင်၊ ၄ဝဝ ဗို့ ဓာတ်အားလိုင်း ဝ ဒသမ ၂ မိုင် တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် ရန်ပုံငွေလျာထားခဲ့ သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွဲဝေပေးနိုင်မှု အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေကြမ်းနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ကြမ်း၊ ၁၉၉၃ ခုနှစ် စည်ပင်သာယာ ရေးအဖွဲ့များ ဥပဒေ(နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၅/၉၃)ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ သည်။
(သတင်းစဉ်)

No comments:

Post a Comment