Tuesday, March 31, 2015

ယနေ့ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



ဘက်စုံထူးချွန်လူငယ်
 

''ယနေ့လူငယ် နောင်ဝယ်လူကြီး''ဟူသော စကားရှိပါ သည်။ လူငယ်လူရွယ်များသည် နောင်တစ်ခေတ်တွင် နိုင်ငံ့တာဝန် ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများ ဖြစ်ကြသည့် အလျောက် ငယ်စဉ်ကတည်းက လူချွန်လူကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါသည်။ နိုင်ငံတွင် လူချွန် လူကောင်းများ များစွာပေါ်ထွန်းလာပါမှ နိုင်ငံ၊ မြို့ရွာများ တိုးတက်မှု ပိုမိုမြန်ဆန်မည်ဖြစ်ပါသည်။
ထို့ကြောင့်လည်း နိုင်ငံတော်က လူချွန်လူကောင်းများ မွေးထုတ်ရေးအစီအမံများ အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အခြေခံပညာအဆင့် ဘက်စုံပညာထူးချွန်သူများစာရင်းကို သက်ဆိုင်ရာက ထုတ်ပြန် လိုက်ပြီဖြစ်ပါသည်။ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အခြေခံ ပညာအဆင့် အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့အတွက် အမှတ်(၁) ၊(၂)၊ (၃) အခြေခံပညာ ဦးစီးဌာနများအောက်ရှိ အခြေခံပညာကျောင်းများမှ တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်အလိုက် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ အမှတ်(၁) အခြေခံ ပညာဦးစီးဌာနအောက်ရှိ ကျောင်းများမှ အဋ္ဌမတန်း ၅၈ ဦး၊ နဝမတန်း ၅၈ဦးနှင့် ဒသမတန်း ၅၈ ဦးတို့ကို ရွေးချယ်ခဲ့ပါသည်။ ထို့အတူ အမှတ်(၂) အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်း များမှ အဋ္ဌမတန်း၊ နဝမတန်းနှင့်ဒသမတန်းတို့မှ ဦးရေ ၁ဝဝ စီရွေးချယ်ခဲ့ပါသည်။ အမှတ်(၃) အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းများမှ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့မှ ၁၈ဦးစီ ရွေးချယ်ခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ စာရင်းများအရ တစ်နိုင်ငံလုံး ဖြန့်ကြက်ရွေးချယ်ထားသည်ကို တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ ၂ဝ၁၄-၂ဝ၁၅ပညာသင်နှစ်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဘက်စုံထူးချွန်လူငယ် အဋ္ဌမတန်း ၁၇၆ ဦး၊ နဝမတန်း ၁၇၆ ဦး နှင့်ဒသမတန်း ၁၇၆ ဦးပေါ်ထွက်လာ ခဲ့သည်။ ဘက်စုံထူးချွန်လူငယ်များသည် ကျောင်းစာ၌သာ ထူးချွန် ကြသည်မဟုတ်ဘဲ ကာယစွမ်းရည်၊ ဥာဏစွမ်းရည်၊ စာရိတ္တစွမ်း ရည်များပါ ထက်မြက်ကြသူများ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဗလငါးတန်နှင့် ပြည့်စုံသူများဟုဆိုရမည်သာ ဖြစ်ပါသည်။ ဘက်စုံထူးချွန်လူငယ်များသည် အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစား အားထုတ်ကြရန် အရေးကြီးလှပေသည်။
အရည်အချင်း ပြည့်ဝသည့်ဘက်စုံထူးချွန်လူငယ်များဖြစ်အောင် ကြိုးစား အားထုတ်ကြ ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးအတွက် အားထားရသော မျိုးဆက်သစ် လူတော်လူကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment