Tuesday, March 31, 2015

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး



 

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း လွှတ်တော်က အတည်ပြု

နေပြည်တော် မတ် ၃ဝ
ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၅)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်သမ္မတထံမှပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၈)ဦး ထပ်မံခန့်အပ် တာဝန်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နောက်ဆက်တွဲ-၁(က)ပါ လုပ်ငန်းစဉ်တွင် ထည့်သွင်းရန် ကျန်ရှိသည့် လွှတ်တော်ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က လွှတ်တော်ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူလတင်ပြစဉ်က ကျန်ရှိနေသည့် ကတိကဝတ် များထဲတွင် ပြည်သူများလတ်တလော အကျိုးဖြစ်ထွန်းစေ မည့်လုပ်ငန်းနှင့် နှစ်ချင်းပြီး ဆောင်ရွက်နိုင်မည့်လုပ်ငန်းတို့ အပေါ်အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု လွှတ်တော်ပူးပေါင်းကော်မတီတို့ ညှိနှိုင်းစိစစ်၍ ဆောင်ရွက်ရမည့်ကတိကဝတ် (၃၄၆)ခုကို နောက်ဆက်တွဲ-၁(က)၌ စုစုပေါင်းဝန်ကြီးဌာန(၈)ခုရှိပြီး ဘဏ္ဍာငွေ ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် ဦးစားပေးထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ ကြမ်းတစ်ရပ်လုံးကိုအတည်ပြုရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တင်သွင်းရာ လွှတ်တော်က အတည်ပြုခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး၏ ပထမနေ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ က အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြခဲ့သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်တို့ တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်(၂၉)ဦးက မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ၂ဝ၁၅ ခုနှစ် မတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး မတ်လ ၉ ရက်တွင် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းအလိုက် လွှတ်တော်တွင် ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာဥပဒေကြမ်းပါ သာမန်အသုံးစရိတ် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေနှင့် ဒေါက်တာမြတ်ဥာဏစိုးတို့က အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ သည်။ (သတင်းစဉ်)

No comments:

Post a Comment