Tuesday, March 31, 2015

ရွေ့လားဓာတ်မှန်စက်ဖြင့် တီဘီရောဂါရှာဖွေဖော်ထုတ်မှု အရှိန်မြှင့်ဆောင်ရွက်



မလှိုင် မတ် ၃ဝ

ပြည်သူများအတွင်း တီဘီရောဂါဝေဒနာရှင်များကို အရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ကုသနိုင်ရေးအတွက် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ နယ် လှည့်စစ်ဆေးခြင်း အစီအစဉ်အဖြစ် ရွေ့လျားဓာတ်မှန်စက်ဖြင့် နယ်လှည့် ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းလုပ်ငန်းကို အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း(အထက်မြန်မာပြည်) တီဘီတိုက်ဖျက်ရေးဌာနက မန္တလေးတိုင်းဒေသကြီးအတွင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာမှ ပြည်သူများအတွင်း တီဘီရောဂါဝေဒနာရှင်များ ရှာဖွေဖော်ထုတ်ခြင်းကို ကျေးရွာအထကကျောင်း၌ မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည်။ နယ်လှည့်ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းလုပ်ငန်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာချမ်းမြေ့ကျော်၊ ဒေါက်တာ မြတ်ကျော်သူ(အထမ တီဘီ)နှင့် ဒေါက်တာဖုန်းဆုခိုင် (အထမ တီဘီ)တို့ ဦးဆောင်သော ဆရာဝန် ခုနစ်ဦးပါအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပန်းအိုင် ကျေးရွာအုပ်စုရှိ ကူကြီး၊ ကံဦး၊ မြစ်ကျင်း၊ ထနောင်းကျင်းကျေးရွာများမှ ပြည်သူများအား ရောဂါရှာဖွေစစ်ဆေးခဲ့သည်။
တီဘီသံသယလူနာ ၁၄၄ ဦးကို ဓာတ်မှန်ရိုက်စစ်ဆေးပေးခဲ့ပြီးလူကြီးတစ်ဦးနှင့် ကလေးတစ်ဦးကို ဆေး ကုသပေးခဲ့ကာ စောင့်ကြည့်လူနာ ၁၂ ဦးကိုလည်း သလိပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တီဘီရောဂါရှာဖွေစစ်ဆေးမှုအပြင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူ ၂၄ဝ ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ရွေ့လျားဓာတ်မှန်စက်ဖြင့် နယ်လှည့် ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းကို မလှိုင်မြို့နယ်အတွင်း ကျေးရွာ ငါးရွာ၌ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အောင်ဌေး(မလှိုင်)

No comments:

Post a Comment