Monday, November 30, 2015

အမေရိကန်၌ နောက်ဆုံးသေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်နက်ထိန်းချုပ်မှုပြုလုပ်ရန် အိုဘားမား တိုက်တွန်း



ဝါရှင်တန် နိုဝင်ဘာ ၂၉

အမေရိကန်နိုင်ငံအနောက်ဘက်ပြည်နယ်တစ်ခု၌ ပစ်ခတ်မှုတစ်ခုဖြစ်ပွားကာ လူသုံးဦးသေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာ နိုဝင်ဘာ ၂၈ ရက် က ပြည်တွင်းလက်နက်ထိန်းချုပ်မှု ပြုလုပ်ရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တိုက်တွန်း လိုက်သည်။
ပစ်ခတ်မှုများ ဖြစ်ပေါ်အောင် လက်နက်များအလွယ်တကူရရှိမှုနှင့် ပတ်သက်ပြီး တစ်ခုခုလုပ်ရမည်ဟု အမေရိကန်သမ္မ္မတက ကြေညာချက် တစ်ခုတွင် ပြောခဲ့သည်။
ပြည်တွင်း ပစ်ခတ်မှုများ ရပ်တန့်ချိန်တန်ပြီ ဖြစ်ကြောင်း မစ္စတာအိုဘားမားက ပြောခဲ့သည်။ အမေရိကန်ပြည်ထောင်စု အနောက် ဘက် ပြည်နယ်တစ်ခုဖြစ်သော ကော်လိုရာဒို၌ နိုဝင်ဘာ ၂၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူသုံးဦး သေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် တောင်ကာရိုလိုင်းနားဇာတိဖြစ်သူ အသက် ၄၉နှစ်ရှိ ရောဘတ်ဒီရာနှင့် အမေရိကန် ရေတပ် စစ်မှုထမ်းဟောင်း၏သားတစ်ဦးတို့သည် ရဲတပ်ဖွဲ့ထံအညံ့ခံလိုက်ကြသည်။
အဆိုပါပစ်ခတ်မှုသည် အားလပ်ရက်ဖြစ်သော ကျေးဇူးတော်နေ့ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ယင်းပစ်ခတ်မှုသည် ပုံမှန်မဟုတ်ကြောင်း၊ ဖြစ်ရိုးဖြစ်စဉ်အတိုင်းထား၍မရကြောင်း မစ္စတာအိုဘားမား ကပြောသည်။ ပြည်တွင်းလက်နက်ထိန်းချုပ်မှုပြုလုပ်ခြင်းသည် အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းကြား ကာလရှည်ကြာ ငြင်းခုံဆွေးနွေးနေသောကိစ္စဖြစ်သည်။ ၂ဝ၁၂ခုနှစ်တွင် နယူးတောင်းနှင့် ကွန်နက်တီကက်တို့၌ ပစ်ခတ်မှုများ ဖြစ်ပွားပြီး ကလေးငယ် ၂ဝ အပါအဝင် လူ၂၈ ဦးသေဆုံးခဲ့ပြီးကတည်းက မစ္စတာအိုဘားမားသည် လက်နက်ထိန်းချုပ်ဥပဒေကိုပြဋ္ဌာန်းရန် ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ရခြင်း ဖြစ်သည်။

(ဆင်ဟွာ)

ကျေးရွာနှင့် လယ်ယာမြေအနီး ကျောက်စိမ်းရိုင်းများတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို ဒေသခံတောင်သူများ စိုးရိမ်မှုဖြစ်ပေါ်




The Mirror Daily's photo.


အင်းတော် နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် သူရောင်းကျေးရွာ လယ်ယာမြေများအနီးတွင် ကျောက်စိမ်းရိုင်းများ တူးဖော်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို ဒေသခံတောင်သူများ စိုးရိမ်မှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
''ကျွန်မတို့ လယ်ယာလုပ်ကိုင်လာတာ မိဘများ လက်ထက်ကတည်းကဆိုတော့ နှစ်ပေါင်း ၁ဝဝ ခန့်ရှိပြီ။ လယ်အနီးမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီက တူးဖော်တဲ့မြေစာတွေကို စွန့်ပစ်နေတာကြောင့် လယ်မြေထဲမြေစာနဲ့ ကျောက်ခဲတွေရောက်လာလို့ လယ်ယာမြေတစ်ဧကနီးပါး စပါးမစိုက်နိုင်ပါဘူး။ ကျောက်တွင်းမှာ မိုင်းက နံနက် ၁၁ နာရီနဲ့ ညနေ ၅ နာရီမှာ တစ်ကြိမ်စီ မိုင်းခွဲတဲ့အတွက် ကြောင့် ကျွန်မတို့လယ်ယာလုပ်ငန်းခွင်ထဲအထိ ကျောက်ခဲတွေ လွင့်စင်လာတဲ့အတွက် လုပ်ငန်းခွင်ဝင်ရာမှာ အများကြီး အသက်အန္တရာယ်စိုးရိမ်ရပါတယ်''ဟု တောင်သူ ဒေါ်တင်မြက ပြောသည်။

''ကျွန်တော့်လယ်က ကျောက်ကျင်းနဲ့နီးတယ်။ ကျောက်ကျင်းက မိုင်းခွဲရင် ကျောက်စတွေ ကျွန်တော့်တဲပေါ်ကို ကျပါတယ်။ မိုင်းခွဲမှုတွေကြောင့် စပါးအထွက်နှုန်းတွေလည်း တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာပါတယ်။ ကျွန်းတော၊ အင်တောတွေမှာ မြေစာပစ်တဲ့အတွက်ကြောင့် သဘာဝသစ်တောတွေ ပျက်စီးလာပြီး အဆိုပါမြေစာများ မိုးရာသီတွင် အရည်ပျော်ကျကာ လယ်ယာမြေထဲသို့ စီးဝင်လျက်ရှိပြီး လယ်ယာမြေများ ပျက်စီးစပြုနေပြီဖြစ်ပါတယ်''ဟု တောင်သူဦးကျန်ရစ်က ပြောပြသည်။ ''ကျွန်တော်တို့ရွာနဲ့ ကျောက်ကျင်းနဲ့ တစ်မိုင်ခွဲပဲ ဝေးတယ်။ ကျောက်ကျင်းက မိုင်းခွဲတာ ရွာကအတိုင်းကြီး ကြားရတယ်။ တောင်ဖီလာစဥ့်ခိုးရွာ တွေနဲ့လည်း တစ်မိုင်ခွဲလောက်စီပဲဝေးပါတယ်။ ကျွန်တော်တို့ရွာက အိမ်ခြေ ၃၁၅ အိမ်ရှိပါတယ်။ ဒေသခံတွေက လယ်ယာနဲ့တစ်ပိုင်တစ်နိုင် ကျောက်တူးဖော်ခြင်းလုပ်ငန်းတွေ လုပ်ကိုင်ကြပါ တယ်။ ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာ ကုမ္ပဏီတွေဝင်လာတော့ တစ်ပိုင်တစ်နိုင် ကျောက်တူးသူ တွေနေရာပျောက်လာကြပြီး ကုမ္ပဏီလုပ်ကွက်အတွင်း ကျရောက်သွားတဲ့ တစ်ပိုင်တစ်နိုင် ကျောက်တူးဖော်နေသူတွေမှာလည်း နစ်နာကြေးတွေ မရရှိပါဘူး''ဟု သူရောင်းကျေးရွာနေ ကိုချစ်ဝင်းက ပြောသည်။

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတစ်ခုက သူရောင်းမှော်မှာ လုပ်ကွက်အမှတ် (၃၆၊ ၃၇)ဆိုပြီး နှစ်ဧကရရှိထားကြောင်း၊ လုပ်ကွက်သက်တမ်းက ၂ဝ၁၅မှ ၂ဝ၁၈ အထိ ကျောက်စိမ်းရိုင်းများ တူးဖော်သွားမှာဖြစ်ကြောင်း၊ လက်ရှိအနက်ပေ ၁ဝဝ အထိ တူးဖော်ထားပြီးဖြစ်ပြီးဘက်ဟိုး ငါးစီး၊ မြေသယ်ယာဉ် ခြောက်စီး၊ လုပ်သား ၈ဝ ခန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်ပစ်မြေစာများကိုလည်း ပလပ်မြေများတွင် စွန့်ပစ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအကျိုးပြုလုပ်ငန်းများအနေဖြင့် သူရောင်း-နန့်ရုံ-ခိုးခေါင် ကျေးရွာချင်းဆက်လမ်းများအား မြေသားလမ်းများအဖြစ် ပြုပြင်ဆောင်ရွက်ပေးထားကြောင်း ကုမ္ပဏီယာယီတာဝန်ခံ ဦးအောင်ဆန်းဦးက ပြောသည်။

အဆိုပါ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီက စွန့်ပစ်မြေစာများမှာ လယ်ယာမြေများနှင့် နီးကပ်ပြီး မိုးတွင်းကာလတွင် မြေစာများ အရည်ပျော်ကျကာ လယ်မြေများအတွင်းစီးဝင် အနည်ထိုင်ခြင်း၊ သစ်တောများအတွင်း စွန့်ပစ်ခြင်းကြောင့် သစ်တောပြုန်းတီးကာ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။ (မောင်ချစ်လင်း)

MIC အမျိုးသားအသင်း တတိယနေရာရရှိ




The Mirror Daily's photo.


ဖိုးသော်ဇင်

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့ကျင်းပရာ မြန်မာကလပ် MIC အမျိုးသားအသင်းက တတိယ နေရာရရှိခဲ့သည်။

MIC အမျိုးသားအသင်းမှာ သြစတြေးလျကလပ် East Coast East အသင်းနှင့် ကစားခဲ့ရပြီး လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ တတိယနေရာ ရရှိခဲ့သည်။ MIC အသင်းမှာ အုပ်စုတွင်း ပွဲစဉ်များတွင် သုံးပွဲသရေ၊ တစ်ပွဲရှုံး သုံးမှတ်ဖြင့် အဆင့်(၄)နေရာရရှိကာ တတိယနေရာလုပွဲကစားရခြင်းဖြစ်ပြီး ပထမဆုံးနိုင်ပွဲနှင့်အတူ တတိယနေရာရခဲ့ ခြင်းဖြစ်သည်။ မြန်မာကလပ် ACE အမျိုးသမီးအသင်းမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

တူရကီအား စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတပူတင် အမိန့်ဒီကရီလက်မှတ်ရေးထိုး



Myanmaalinn's photo.
 မော်စကို နိုဝင်ဘာ ၂၉

တူရကီက ရုရှားစစ်လေယာဉ်တစ်စင်းကို ပစ်ချလိုက်ပြီး လေးရက်အကြာ ကရင်မလင်က အန်ကာရာကို အမျက်ဒေါသထွက်မှုပြင်းထန်လာချိန် နိုဝင်ဘာ ၂၈ ရက်က တူရကီကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့သည့် အမိန့် ဒီကရီတစ်ရပ်ကို သမ္မတဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်သည်။ ချက်ချင်းအကျိုးသက်ရောက်မည့် အဆိုပါအမိန့် ဒီကရီအရ တူရကီသို့ ရုရှားမှစင်းလုံးငှားခရီးသည်တင် လေယာဉ်များပျံသန်းမှုကို ပိတ်ပင်လိုက်သည့်အပြင် တူရကီသွင်းကုန်များအပေါ် ကန့်သတ်လိုက်သည်။ တူရကီစီးပွားရေးလုပ်ငန်းများနှင့် တူရကီနိုင်ငံသားများအား စီးပွားရေးနယ်ပယ်များတွင် တင်းကျပ်ပိတ်ဆို့မှုများပါ ပြုလုပ်သွားမည်ဟုဆိုသည်။
''ဒီလိုအခြေအနေဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။ ရုရှားနိုင်ငံက စီးပွားရေးအရ ပြန်လည်တုံ့ပြန်လိုက်တာပါ''ဟု ပူတင်၏ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပတ်စကောဗ်က အဆိုပါအမိန့်ဒီကရီမထုတ်ပြန်မီ နာရီပိုင်းအလိုတွင် ပြော သည်။အဆိုပါအရေးယူပိတ်ဆို့မှုသည် မော်စကိုနှင့်အန်ကာရာတို့အကြား ရှေ့မတိုးနောက်မဆုတ်သာ ဆက်ဆံရေးကို ပို၍ဆိုးရွားစေမည်သာ ဖြစ်ကြောင်း တူရကီထိပ်တန်းတာဝန်ရှိသူတစ်ဦးကရိုက်တာသို့ပြောသည်။ တူရကီသမ္မတ တေရစ်အာဒိုဂန်အနေဖြင့် နိုဝင်ဘာ ၂၄ ရက်က ဆီးရီးယားနယ်စပ်အနီး ရုရှားစစ်လေယာဉ်ကို ပစ်ချခဲ့ခြင်းအပေါ် တောင်းပန်ခြင်းမရှိခဲ့သည့်အတွက် ယင်းကဲ့သို့ အရေးယူပိတ်ဆို့ရန်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သမ္မတပူတင်၏ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောသည်။ တူရကီကလည်း ၄င်း၏ဝေဟင်ပိုင်နက်ကို ကာကွယ်ခြင်းဖြစ်၍ တောင်းပန်ခြင်း မပြုလုပ်နိုင်ဟုဆိုသည်။

(ရိုက်တာ)

အရှိန်မထိန်းနိုင်သည့်ယာဉ် လမ်းဘေးထိုးကျကာကလေးငယ်တစ်ဦးကို ဝင်တိုက်မိ



ဖျာပုံ နိုဝင်ဘာ ၂၉


ဖျာပုံမြို့နယ် ဖျာပုံ-ဘိုကလေးသွားကားလမ်းတွင် အရှိန်မထိန်းနိုင်သည့် ယာဉ် ဝင်တိုက်မိ၍ ကလေးငယ်တစ်ဦးသေဆုံးသွားသည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မေတ္တာ(၂)လမ်းနေ နေလင်းအောင်(၂ဝ)နှစ် မောင်းနှင်လာသော 2I/-----Hilux Double Cub ယာဉ်သည် ဖျာပုံ-ဘိုကလေးသွားကားလမ်း မိုင်တိုင်အမှတ်(၁/၁)နှင့် (၁/၂)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျသွားစဉ် ကားလမ်း ဘေးတွင် လမ်းလျှောက်နေသူ မောင်သီဟ(ခ)မောင်သန်းထွဋ်အောင် (၆)နှစ် အား ဝင်တိုက်မိခဲ့ပြီး လမ်းဘေးတွင် စိုက်ထူထားသော မိုင်တိုင်အမှတ်အသား ကျောက်တိုင်အား ဆက်လက်တိုက်မိကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရ သည်။


ထိုသို့တိုက်မိမှုကြောင့် မောင်သီဟ(ခ)မောင်သန်းထွဋ်အောင်မှာ ဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မောင်းနေလင်းအောင် အား ဖျာပုံမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်ထားကြောင်း သိရသည်။


ကျော်စိုးမိုး(ဖျာပုံ)

ကမ္ဘာလှည့်ခရီးသွားများ သီပေါမြို့သို့ လာရောက်လေ့လာမှုအထူးများပြား




The Mirror Daily's photo.


သီပေါ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့သည် မန္တလေး၊ လားရှိုး၊ မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ တည်ရှိပြီး လှပထင်ရှားသော ရှေးဟောင်းမြို့တစ်မြို့ဖြစ် သည်နှင့်အညီ ရာသီဥတုမှာလည်း အေးချမ်းသာယာသည်နှင့်အမျှ နေ့စဉ်နိုင်ငံခြားသားခရီးသွားများ အဝင်၊ အထွက်များသောဒေသဖြစ်သည်။

နိုင်ငံခြားခရီးသွားဧည့်သည်များသည် သီပေါမြို့နယ် အတွင်းရှိ ကျေးလက်ဒေသအသီးသီးသို့ အုပ်စုလိုက်သွားရောက်လေ့လာကြပြီး သဘာဝအရင်းအမြစ်များနှင့် ဆောက်လုပ်နေထိုင်ကြသည့် တိုင်းရင်းသားရိုးရာ နေအိမ်များ၊ ရေတံခွန်များ၊ ရေထွက်စမ်းများသို့ စိတ်ဝင်တစား လာရောက်လေ့လာကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့သည် မြို့ကို အကွင်းအကွက်ကျစွာ တည်ဆောက်ထားသည့်အပြင် လှပသော တောင်တန်းများ ဝန်းရံထားခြင်း၊ ဒုဋ္ဌဝတီမြစ်ကြီး ရစ်ခွေစီးဆင်းနေခြင်းတို့ကြောင့် သဘာဝပန်းချီကားချပ် ကြီးတစ်ခုပမာ လှပနေသည်။ ဒုဋ္ဌဝတီမြစ်ရိုးအတိုင်း မြစ်ဆုံဒေသအထိ ရေယာဉ်များ စီးနင်းကာ စိမ်းစိုလှပသည့် သဘာဝတောတောင်အလှအပများကို ကြည့်ရှုခံစားရင်း ရှမ်းယဉ်ကျေးမှုအက အလှသဘာဝများနှင့် ရိုးရာ အစားအစာများကို နှစ်ခြိုက်စွာ စားသုံးကြကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသားများမှာလည်း ရိုးသားဖြူစင် ကူညီရိုင်းပင်းစောင့်ရှောက်တတ်သော စေတနာ၊ မေတ္တာ အလှတရားများကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်များ ယခင်ကထက် ပိုမိုလာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုင်း(သီပေါ)

အင်းဝဒေသ ရှေးဟောင်းဘုရားဝိုင်းများအတွင်း နွားကျောင်းမှုမပြုခြင်းဖြင့်ရှေးဟောင်းယဉ်ကျေးမှုဇုန်ဂုဏ်ကို ဝိုင်းဝန်းမြှင့်တင်သင့်



The Mirror Daily's photo.


အင်းဝ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝအလှတရားများ၊ ရှုခင်းရှုကွက်များနှင့် စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းမင်းနေပြည်များ၊ ရှေးဟောင်းဇုန်များသည် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို အထူးဆွဲဆောင်နိုင်သည်။လက်ရှိကာလတွင် မီးခိုးမထွက်သည့် လုပ်ငန်းဟုတင်စားနိုင်သည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေများကို ဖော်ဆောင်ပေးလျက်ရှိသည်။

မန္တလေးမြို့သို့ လာရောက်လည်ပတ်သော နိုင်ငံတကာ ခရီးသွားဧည့်သည်များသည် မန္တလေး၊ အမရပူရ၊ အင်းဝနှင့် စစ်ကိုင်းသို့ နေ့ချင်းသွားရောက်လေ့လာလေ့ရှိသည်။ အင်းဝဒေသသည် နိုင်ငံတကာခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စားသောနေရာအဖြစ် ယနေ့တိုင်တည်ရှိပြီး လေ့လာစရာများစွာရှိသော ရှေးဟောင်းဇုန်တစ်ခုပင်ဖြစ်သည်။

အင်းဝမြို့သည် သက်တမ်း ၄ဝဝ ကြာမြင့်သည့်အလျောက် မတူကွဲပြားထူးခြားသော ဗိသုကာလက်ရာမျိုးစုံ၊ အမွမ်းပန်းလက်ရာများ စွာကိုလေ့လာနိုင်သည်။ အင်းဝမြို့ဟောင်းတွင် နံရံဆေးရေးပန်းချီများရှိသော ဘုရားငါးဆူ၊ ရှေးဟောင်းကျောက်စာရှိသော ဘုရားခုနစ်ဆူ၊ ကြေးခေါင်းလောင်းစာရှိသော ဘုရားသုံးဆူ အပါအဝင် ရှေးဟောင်းအဆောက်အအုံ ပေါင်း ၆၂၄ ခုရှိပြီး အများအားဖြင့် ယိုယွင်း ပျက်စီးနေသည်ကို တွေ့ရသည်။

လေ့လာစရာများစွာရှိနေသော အင်းဝမြို့တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့ စဉ်လာရောက်လေ့လာကြသည်။ ဘုရားဝိုင်းများအတွင်း သတိပေးဆိုင်းဘုတ်များရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေးစားစွာဖြင့် ဖိနပ် ချွတ်ဝင်ကာ မှတ်တမ်းယူလေ့ရှိသည်။ စည်းကမ်းပြည့်ဝသော နိုင်ငံတကာခရီးသွား ဧည့်သည်များအကြား စည်းကမ်းမဲ့သော ဒေသခံများက ရှေးဟောင်းဘုရားဝိုင်းများအတွင်း နွားချည် (ဒေသအခေါ်နွားလှန်ကာကျောင်းထားခြင်း) ထားသည့် မြင်ကွင်းများမှာ အကျည်းတန်နေလျက်ရှိသည်။

သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်ဘုရားများအတွင်း နွားလှန်ထားခြင်းဖြင့် နွားချေးများရှိသလို စည်းကမ်းမဲ့မှုကို ပြသသလိုဖြစ်နေ ပေသည်။ နိုင်ငံတကာခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားစွာလာရောက်သည့် အင်းဝဒေသ၏ ဂုဏ်ကိုဆောင်နိုင်ရေး ဒေသခံများ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးရင်း ရှေးဟောင်း ဘုရားဝိုင်းများအတွင်း နွားမကျောင်းသင့်ကြောင်း ဧည့်လမ်းညွှန်တစ်ဦးက သုံးသပ်ပြောပြသည်။
(တိမ်တမန်)

မြောက်ဥက္ကလာတွင် နေအိမ်ခုနစ်လုံး မီးလောင်မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံး




The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၂၉

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် တွင် ယနေ့နံနက် ဝဝ နာရီ မိနစ် ၄ဝ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းပြီး မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက် သပြေခြံ(ကျူးကျော်)ရှိ အိမ်ရှင် ဒေါ်သန်းသန်းဝင်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်အတွင်းရှိ ရေစုပ်စက်မော်တာ ဆားဗစ်ကြိုး အပူလွန်ကဲရာမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်၍ အနီးရှိ ထရံကို မီးစွဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

''မီးတောက်တွေ ထွက်လာတော့မှ ပတ်ဝန်းကျင်က သိတာ၊ မီးလောင်တာ အရမ်းမြန်တော့ အနီးဝန်းကျင် အိမ်တွေက ကလေးနဲ့အမျိုးသမီးတွေ ထွက်ပြေးကြတယ်။ အမျိုးသားတွေကတော့ မီးသတ်သမားတွေနဲ့ အတူ မီးငြှိမ်းသတ်နေတာတွေ့ရတယ်''ဟု အဆိုပါမီးလောင်မှု အနီးရှိ ကိုမောင်ဝင်းက ပြောသည်။

မီးလောင်ရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅ဝ တို့က မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ် နှစ်စီးတို့ဖြင့် ငြှိမ်းသတ်ရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်ခုနစ်လုံးနှင့် တစ်ခြမ်းမီးလောင်ခဲ့သဖြင့် တန်ဖိုးငွေကျပ် ၁ဝ၂ဝဝဝဝ ခန့် ဆုံးရှုံးခဲ့သည့်အပြင် စတင်လောင်ကျွမ်းသည့် နေအိမ်တစ်အိမ်ကျော်တွင် နေထိုင်သော ဦးဝင်းမြိုင်၏ သမီး မကေသီချို (၉) နှစ်သည် ၎င်း၏အိမ်အတွင်း၌ မီးလောင်သေဆုံးခဲ့သည်။

''မီးလောင်တဲ့ သတင်းရတာနဲ့ မီးသတ်ကားစေလွှတ်မှုကို Level – 1 အဆင့် လွှတ်ခဲ့တယ်။ လမ်းတွေက မီးသတ်ကားဝင်ဖို့ အခက်အခဲရှိလို့ တစ်စီးလောက်ပဲ ဝင်လို့ရခဲ့တယ်။ ကားဝင်လို့ရတဲ့ တစ်လမ်းကျော်ကနေ ပိုက်တွေဆက်ပြီး ငြှိမ်းသတ်ခဲ့ရတယ်။ တစ်အိမ်နဲ့တစ်အိမ် ကပ်နေတဲ့အပြင် ချောင်းနဲ့နီးတော့ လေတိုက်အား ကောင်းပြီး မီးလောင်တာမြန်လို့တစ်အိမ်ကျော်က ကလေးတစ်ဦး မီးလောင်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်''ဟု ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါကပြောသည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု ရှစ်စုမှ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး သက်ဆိုင်ရာမှ အဆိုပါရပ်ကွက်အတွင်းရှိ ဗြဟ္မစိုရ်ဓမ္မာရုံ တွင် ခေတ္တမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီ စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
ယင်းမီးလောင်မှုကြောင့် ဒေါ်သန်းသန်းဝင်းအား မြောက်ဥက္ကလာပမြို့မရဲစခန်းက ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဇော်ကြီး(ပဏီတ)

30.11.2015 မြန်မာ့အလင်း ကာတွန်း

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ငလျင်ဘေး ကြိုတင်ပြင်ဆင်ထားသင့်

သဘာဝဘေးဟူသည် တားဆီး၍မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းဖြင့် ထိခိုက်ပျက်စီး နိုင်မှုအများဆုံးအနေအထားမှ အနည်းဆုံးသို့ လည်းကောင်း၊ အနည်းဆုံးဖြစ်စဉ်မှ လုံးဝ ထိခိုက်ပျက်စီးမှုမရှိစေရန် သော်လည်းကောင်း လုပ်ဆောင်နိုင်စွမ်းရှိကြောင်း၊ ပညာရှင် များက မကြာခဏ သတိပေးလေ့ရှိပါသည်။ မည်သည့်သဘာဝ ဘေးမဆို အတိအကျဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို မည်သူမျှ တပ်အပ်ပြောဆိုနိုင်ခြင်းမရှိပေ။ ဖြစ်နိုင်ခြေအလားအလာ များပေါ်တွင် အခြေခံ၍သာ ခန့်မှန်းပြောဆိုလေ့ရှိကြပြီး ထိုခန့်မှန်းတွက်ဆမှုများအပေါ်တွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရလေ့ရှိပါသည်။
လွန်ခဲ့သည့်နှစ်ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင်နှစ်ခုလှုပ်သွား သည်ကို သတိပြုမိကြပေလိမ့်မည်။ နိုဝင်ဘာ ၂၇ ရက်က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိသော မြေ ငလျင်သည် မြန်မာနိုင်ငံပြည်တွင်း ကနီမြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ လည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက်က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိသော ငလျင်သည် တောင်ငူမြို့၏ အနောက်တောင်ဘက် ၅၄ မိုင် ခန့်အကွာကိုဗဟိုပြု၍ လည်းကောင်း ငလျင်ငယ်များလှုပ်ခတ်ခဲ့ ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ ဤငလျင်များသည် ကြီးကျယ် စွာ ထိခိုက်ပျက်စီးမှုမရှိသော်လည်း သတိပြုရမည့် အနေအထား ဖြစ်ပါသည်။
ဤငလျင်ငယ်များသည် လူသိများသော စစ်ကိုင်း ပြတ်ရွေ့ကြောတစ်လျှောက်ဖြစ်ပေါ်သည့် အနေအထားကို လည်းတွေ့ရမည်ဖြစ်ပါသည်။ ပညာရှင်တို့၏ တွက်ချက်ပြောဆို မှုများအရ ပျက်စီးထိခိုက်မှုရှိနိုင်သော ငလျင်မတိုင်မီသော် လည်းကောင်း၊ ငလျင်ကြီးလှုပ်ပြီးလျှင်သော်လည်းကောင်း ငလျင်ငယ်များ လှုပ်သည့်သဘောရှိပါသည်။ တစ်နည်းဆိုလျှင် ငလျင်ငယ်များသည် လူတို့အတွက်ပြင်ဆင်မှုများ ပြုလုပ်နိုင် ရန် အသိပေးနေခြင်းလည်းဖြစ်ပါသည်။ မည်သို့ပင်ရှိစေ ကြိုတင်ပြင်ဆင် သတိပြုနိုင်ခြင်းသည် လူတို့အတွက် အကောင်းဆုံးဖြစ်ပါသည်။
လူထုအတွင်း မြေငလျင်နှင့်ပတ်သက်သော အသိပညာ ပေးမှုများ ဆောင်ရွက်သင့်ပါသည်။ ရှောင်ရန်၊ ဆောင်ရန်များ သိရှိထားသင့်ပါသည်။ မြေငလျင်မကြာခဏလှုပ်လေ့ရှိသော နိုင်ငံများတွင် ကြိုတင်ပြင်ဆင်ရေးကို ထိရောက်စွာလုပ်ကိုင် ဆောင်ရွက်လေ့ရှိပါသည်။ ကြိုတင်ဆောင်ရွက်ခြင်းသည် အကောင်းဆုံးသော အောင်နိုင်မှုတစ်ခုဖြစ်ပါသည်။
သို့ဖြစ်၍ သဘာဝဘေးဟူသည် တားဆီး၍မရနိုင် သော်လည်း ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်သည်ဆိုသည့်အလျောက် ငလျင် ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များကို ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါကြောင်း။ ။

ပထမပုဂ္ဂလိကဘဏ်လီမိတက်မှ နိုင်ငံတော်သို့ ဝင်ငွေခွန်ကျပ် ၂၁၈၉ ဒသမ ၃၅ သန်းပေးဆောင်ခဲ့



The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၂၉

ပထမ ပုဂ္ဂလိကဘဏ်လီမိတက်သည် အများပြည်သူ၏ ယုံကြည်မှု ခိုင်မာလာခြင်းနှင့် ဘဏ်လုပ်ငန်းများ တိုးတက်အောင်မြင်ခြင်းတို့ကြောင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်သို့ ဝင်ငွေခွန်ကျပ် ၂၁၈၉ ဒသမ ၃၅ သန်းပေးဆောင်ခဲ့ပြီး အစုရှင်များကို အမြတ်ငွေဝေစု ကျပ်သန်း ၄၄၁ဝ ခွဲဝေပေးနိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ရန်ကင်း မြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်း၌ပြုလုပ်သည့် ပထမ ပုဂ္ဂလိကဘဏ်လီမိတက်၏ (၂၄)ကြိမ် မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးမှ သိရသည်။

ယခုနှစ် မေ ၇ ရက်မှ စတင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြု ချက်ဖြင့် ပထမပုဂ္ဂလိကဘဏ် လီမိတက်နှင့် FTP တို့ ပေါင်းစပ်၍ မိုဘိုင်းကျပ်(My kyat) အမည်ဖြင့် မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ကို ဆောင်ရွက်ပေးလျက်ရှိရာ မည်သည့်ဖုန်းအမျိုးအစားများတွင် မဆို မိုဘိုင်းစာရင်း ဖွင့်လှစ်နိုင်ပြီး ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲ ခြင်း၊ ငွေတောင်းခံခြင်း၊ ဘီလ်ပေးဆောင်ခြင်း၊ တယ်လီဖုန်းငွေဖြည့်ခြင်း၊ စာရင်းရှိငွေစစ်ဆေးခြင်း၊ လျှို့ဝှက်နံပါတ်ပြား ပြောင်းလဲခြင်းတို့ အပြင် မိုဘိုင်းကျပ်(My kyat)နှင့် ချိတ်ဆက်ထားသည့် ဆိုင်များတွင် ဈေးဝယ်ယူခြင်း၊ စားသောက်ခြင်းနှင့် Internet Game များဝယ်ယူခြင်းကို Mobile Payment ဖြင့် ငွေပေးချေ နိုင်ကြောင်း သိရသည်။

ထို့ပြင် ပထမပုဂ္ဂလိကဘဏ်သည် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းအတွက် ငွေကြေးအထောက်အပံ့ပေးနိုင်ရန် ပြည်ပဘဏ်များနှင့်ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း၌လည်း ဘဏ်ခွဲများဖွင့်လှစ်ထားရှိကာ လာမည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင်လည်း ချင်းပြည်နယ် တီးတိန်၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုနှင့် ကချင်ပြည်နယ် မြစ်ကြီးနားတို့တွင် ဘဏ်ခွဲများတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် ပထမ ပုဂ္ဂလိက ဘဏ်လီမိတက်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဒါရိုက်တာများရွေးချယ်ခြင်း၊ ပြင်ပစာရင်း စစ်ခန့်ထားခြင်း၊ အစုရှင်များနှင့် စာရင်းစစ်ကော်မတီဝင်များရွေးချယ် ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
(သီသီမင်း)

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် ကျောင်းသားလူငယ်များ ယဉ်ကျေးမှုဖလှယ်ပွဲ တက်ရောက်ပြီး ပြန်လည်ထွက်ခွာ



The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၂၉

(၄၂)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များခရီးစဉ်(၂ဝ၁၅) ယဉ်ကျေးမှုဖလှယ်ပွဲနှင့် ညစာစားပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက တက်ရောက်လာကြသည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များခရီးစဉ်တွင် ပါဝင်သူများကို ညစာစားပွဲအကြို နှုတ်ခွန်းဆက်မိန့်ခွန်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi Higuchi က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန် သင်္ဘောအုပ်ချုပ်ရေးမှူးတို့ အပြန်အလှန် လက်ဆောင်ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက မလေးရှား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ National Leader တစ်ဦးချင်းစီအား လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာအကများနှင့် အာဆီယံအထိမ်းအမှတ် တေးသီချင်းအကများဖြင့်လည်းကောင်း၊ သင်္ဘောခရီးစဉ်တွင် လိုက်ပါလာကြသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကျောင်းသား ကျောင်းသူများက မိမိတို့နိုင်ငံအလိုက် ရိုးရာတေးသီချင်းအကများဖြင့် ယဉ်ကျေးမှုဖလှယ်ပွဲတွင် သီဆိုဖျော်ဖြေကြကာ ညစာကို အတူတကွသုံးဆောင်ကြသည်။

သင်္ဘောခရီးစဉ်တွင် လိုက်ပါလာကြသည့် လူငယ်များသည် အုပ်စုအလိုက်ခွဲ၍ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်ရှစ်ခုသို့ သွားရောက်လေ့လာခဲ့ကြရာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစကားပြောကြားကြသည်။

မြန်မာနိုင်ငံတွင် သုံးရက်တာ ရောက်ရှိနေသည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ လိုက်ပါလာသော သင်္ဘောခရီးစဉ်သင်္ဘောကြီးသည် ယနေ့ညနေ ၃ နာရီခွဲ တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားရာ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြပြီး ကျောင်းသား ကျောင်းသူများက တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေနှုတ်ဆက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
(ပညာရေး)

တယ်လီဖုန်းအသုံးပြုနိုင်မှုသည် ၂၀၁၀ -၁၁ ခုနှစ်တွင် ငါးရာခိုင်နှုန်းအောက်ရှိခဲ့ရာမှ ယနေ့အချိန်တွင် ၆၀ ရာခိုင်နှုန်းကျော်အထိ သုံးစွဲလာနိုင်




Myanmaalinn's photo.
 နေပြည်တော် နိုဝင်ဘာ ၂၉

စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်သည် (၁၅)ကြိမ်မြောက် အာဆီယံ သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် ၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက် လျက်ရှိကြောင်း၊ တယ်လီဖုန်းအသုံး ပြုနိုင်မှုသည် ၂ဝ၁ဝ-၁၁ ခုနှစ်တွင် ငါးရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ ယနေ့အချိန်တွင် ၆ဝ ရာခိုင်နှုန်းကျော် အထိ တိုးတက်သုံးစွဲလာနိုင်ပြီဖြစ် ကြောင်းနှင့် ဈေးနှုန်းများသည်လည်း အများပြည်သူ အလွယ်တကူသုံးစွဲ နိုင်သည့် ဈေးနှုန်းဖြစ်လာသဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြည်သူအများ အလွယ်တကူ ရယူ သုံးစွဲလာနိုင်ပြီဖြစ်ကြောင်း၊ ဆက် သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆက်တွဲအဖြစ် ပြည်သူလူထု ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေးတိုးတက်မှုများ၏ အကျိုးကျေးဇူးများကို ပြည်သူများ ရရှိခံစားနေရပြီဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ ဒါနန်းမြို့၌ နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ ပြီး အာဆီယံနိုင်ငံများမှ သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံဆက်သွယ် ရေးကဏ္ဍ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ချုပ် (ITU)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများအတွင်း ဆက်သွယ် ရေးနှင့် သတင်းအချက်အလက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲ တိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်များ ဆွေးနွေးဖလှယ်ခြင်း၊ ဆောင်ရွက်ခဲ့ သည့် AIM 2015 (ASEAN ICT Master Plan 2015) နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေး နွေးအတည်ပြုခြင်း၊ ဆက်လက် ဆောင်ရွက်မည့် AIM 2020 (ASEAN ICT Master Plan 2020) စပ်လျဉ်း၍ ဆွေးနွေး အတည်ပြု ထုတ်ပြန်ခြင်း၊ ဆွေးနွေး ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများနှင့် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) နှင့် အာဆီယံနိုင်ငံများအကြား ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ဒါနန်းကြေညာ စာတမ်းထုတ်ပြန်ခြင်းနှင့် ASEAN ICT Award 2015 အတွက် ဆုရရှိ သူများအား ဆုချီးမြှင့်ခြင်းများ ဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီး စဉ်အတွင်း ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်အား အာဆီယံဆက်သွယ် ရေးနှင့် သတင်းအချက်အလက် ဆိုင်ရာဝန်ကြီးများနှင့်အတူ တွေ့ဆုံ ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ဆက်သွယ် ရေးဝန်ကြီး၊ ဂျပန်နိုင်ငံ ဆက်သွယ် ရေးနှင့် ပြည်တွင်းရေးရာ ဒုတိယ ဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (ITU) မှ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ ကာ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း ၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

ညောင်ဦးတွင် ပလတ်စတစ်ကင်းစင်ရေး ပြည်ပခရီးသွားများပါ ပူးပေါင်းပါဝင်ကာ စုပေါင်းလုပ်အားပေးဆောင်ရွက်



The Mirror Daily's photo.


ညောင်ဦး နိုဝင်ဘာ ၂၉

ညောင်ဦးခရိုင်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေဒေသ၌ ပလတ်စတစ် အမှိုက်များကင်းစင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် နိုဝင်ဘာ ၂၉ ရက် နံနက် ၆ နာရီမှစတင်၍ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်နှင့် ပုဂံဒေသ ပလတ်စတစ်အမှိုက်များ ကင်းစင်ရေး လှုပ်ရှားမှုအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်အသင်းများ၊ ပညာရေးဘော်ဒါဆောင်များမှ ကျောင်းသား ကျောင်းသူများ၊ ညောင်ဦးနှင့် ပုဂံမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဒေသခံပြည်သူများ စုပေါင်းကာ မြို့နယ်အနှံ့အဖွဲ့များ ခွဲကာ ပလတ်စတစ်အမှိုက်များ ကောက်သိမ်းခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအဖွဲ့များက ကောက်ယူရရှိသော ပလတ်စတစ်အမှိုက်များအား ကားများဖြင့် လိုက်လံသိမ်းဆည်းကာ ပုဂံမြို့ဟောင်း သရပါတံခါးအနီးကွင်းပြင်ရှိ ပလပ် စတစ်အမှိုက်များအား အစားထိုးအုတ်အဖြစ် ဖန်တီးပြုလုပ် ကုသိုလ်ယူလုပ်အားပေးနေသည့်အဖွဲ့ထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းလုပ်အားပေးအဖွဲ့မှ သုည ဒသမ ၆ လီတာ ရေသန့်ဘူး အတွင်းသို့ ပလတ်စတစ် အမှိုက်များအား ဖိသိပ်ထည့်၍ ပလတ်စတစ်အုတ်များ အဖြစ် ဖန်တီးပြုလုပ်ကာ ညောင်ဦးမြို့နယ် နတ်ကြို့ အိုင်ကျေးရွာတွင် တည်ဆောက်မည့် ကျောင်းစာကြည့်တိုက်တွင် အုတ်အစားထိုး အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်နေသည့်အဖွဲ့များနှင့်အတူ စိတ်ပါဝင်စားသည့် ပြည်ပနိုင်ငံ ခြားခရီးသွားဧည့်သည် အချို့ကလည်း ပူးပေါင်းပါဝင်ကာ ပလတ်စတစ်အမှိုက်များ ကောက်သိမ်းခြင်း၊ ပလတ်စတစ်အုတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲသူရအောင် (ညောင်ဦး)

တူရကီပစ်ချခဲ့သည့် ရုရှားဂျက်လေယာဉ်မှူး၏အလောင်းကို ရုရှားနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန်စီစဉ်




The Mirror Daily's photo.


အန်ကာရာ နိုဝင်ဘာ ၂၉

နိုဝင်ဘာ၂၃ ရက်က ရုရှားဂျက်လေယာဉ်တစ်စင်းအား တူရကီနိုင်ငံက ပစ်ချခဲ့ပြီးနောက် လေယာဉ်မောင်းသမားနှစ်ဦးအနက် တစ်ဦး၏အလောင်းကို ရုရှားနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဝန်ကြီးချုပ်အာမက်ဒါဗူတိုဂလူးက ယနေ့ပြောကြားကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာမှ တူရကီနိုင်ငံ တောင်ဘက်ပိုင်းရှိ ဟာတေမြို့ သို့ အဆိုပါအလောင်းကို မည်သို့ပို့ဆောင်ပေးခဲ့သည်ကိုမူ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။

ယခုအချိန်တွင် အလောင်းကို ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ဒုက္ခသည်များအရေး ဥရောပခေါင်းဆောင်များ နှင့်တွေ့ဆုံဆွေးနွေးရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့မသွားမီ အန်ကာရာ မြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က မီဒီယာသို့ ပြောကြားခဲ့သည်။

သေဆုံးသွားသည့်လေယာဉ်မှူး၏ ရုပ်ကြွင်းများကျန်ရှိနေသလားဆို သည်ကိုမူ စစ်ဆေးရန် ရုရှားစစ်သံမှူးက အခင်းဖြစ်ပွားရာနေရာသို့ ယနေ့သွားရောက်နေကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

တူရကီနိုင်ငံက ရုရှားဂျက်လေယာဉ်ကို နယ်စပ်ချိုးဖောက်ဖြတ်ကျော် ဝင်ရောက်ခဲ့သည်ဟုယူဆကာ ပစ်ချခဲ့သည့် အချိန်ကစပြီး တူရကီနှင့်ရုရှားနိုင်ငံ တို့၏ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ရုရှားနိုင်ငံက တူရကီနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများလုပ်ဆောင်ခဲ့သည့်အပြင် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကိုပါ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ တူရကီနိုင်ငံအနေဖြင့် လက်ရှိတင်းမာနေသော အခြေအနေကို ပြေလျော့ရေးအတွက်ကြိုးပမ်းလျက် ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ပါရီမြို့တွင်ကျင်းပမည့် ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ထိပ်သီးအစည်းဝေးပွဲသည် တူရကီနိုင်ငံအတွက် အခြေအနေ ပြေလျော့ရေးကြိုးပမ်းရာတွင် ထိရောက်နိုင်သည့် အခွင့်အရေးတစ်ရပ်ဖြစ်မည် ဖြစ်ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံအတွင်း ခံယူချက်အမျိုးမျိုးဖြင့် စစ်ဆင်ရေးဆင်နွှဲနေကြသည့် ညွန့်ပေါင်းအဖွဲ့များအနေဖြင့် သတင်းအချက်အလက်များဖြန့်ဝေမှု နှင့် ပေါင်းစပ်ညှိနှိုင်းမှုများမရှိပါက ထိုကဲ့သို့သော အခြေအနေမျိုးထပ်မံ ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း တူရကီဝန်ကြီးချုပ်က ဆိုသည်။

အမေရိကန်နှင့် ၎င်းမိတ်ဖက်နိုင်ငံများအပါအဝင် တူရကီနှင့်ရုရှားနိုင်ငံတို့သည် အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် အခြားသောစစ်သွေးကြွများကို လေကြောင်းစစ်ဆင်ရေး တိုက်ခိုက်ဆင်နွှဲနေကြသည်။

ရုရှားနှင့်တူရကီနိုင်ငံတို့သည် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ထောက်ပံ့ မှုများပေးနေသည်ဟု အပြန်အလှန် စွပ်စွဲနေကြသော်လည်း အီရတ်နှင့်ဆီးရီးယား နိုင်ငံများတွင်ရှိသော အိုင်အက်စ်စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ချေမှုန်း လျက်ရှိကြောင်း နှစ်နိုင်ငံစလုံးကဆိုကြသည်။

ရုရှားအစိုးရသည် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ကို ထောက်ခံသည်။ ရုရှားနိုင်ငံသည် အိုင်အက်စ်စစ်သွေးကြွများကို ချေမှုန်းမည့်အစား ဆီးရီးယားနိုင်ငံအတွင်းရှိ ဆီးရီးယားအစိုးရအား ဆန့်ကျင်သည့် စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းလျက်ရှိသည်ဟု အနောက်နိုင်ငံများက ရုရှားနိုင်ငံအားစွပ်စွဲကြသည်။
တူရကီနိုင်ငံသည် ဆီးရီးယားသမ္မတကို ဖြုတ်ချချင်သည်။ သမ္မတ အာဆတ်အား ဆန့်ကျင်သည့် ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်သွေးကြွများကို ထောက်ပံ့ပေးသည်။
ရိုက်တာ။

မီးဘေးအန္တရာယ်ကင်းဝေးစေရေး သရုပ်ပြလေ့ကျင့်



Myanmaalinn's photo.
မြိတ် နိုဝင်ဘာ ၂၉ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနမှကြီးမှူး၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေး စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းကို နိုဝင်ဘာ ၂၉ ရက် နံနက် ၈နာရီ က မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် စည်ပင်သာယာရေးအဖွဲ့ ပိုင် ဆိပ်ငယ်ဈေး၌် ဆောင်ရွက်ခဲ့ကြသည်။
မီးငြှိမ်းသတ်သရုပ်ပြလေ့ကျင့်ရာတွင် ဆီမီးလောင် မှုကို FORM မီးသတ်ဆေးဘူး၊ Dry Chemical Powder မီးသတ်ဆေးဘူး၊ Water Mist Gun ကိရိယာ တို့ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မြိတ်မြို့ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင် ၃၅ ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၇ ဦး
တို့ဖြင့် ဈေးအတွင်း ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်ခြင်း၊ ရှေးဦးပြုစု ခြင်းနှင့် အပြင်းအထန်ဒဏ်ရာရ လူနာအား လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် ဈေးအရှေ့ဘက် ဗိုလ်ချုပ်လမ်းနှင့် တောင်ဘက် နာရီစင်လမ်းတို့တွင် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးစီးလျက် မီးငြှိမ်းသတ်ယာဉ် ၁၅ စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ လူနာတင် ယာဉ်တစ်စီးတို့ဖြင့် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၁၅ ဦး၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးတို့ဖြင့် မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ကြရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဈေးတာဝန် ခံရုံးခန်းတွင် တာဝန်ရှိသူများက မီးငြှိမ်းသတ် လေ့ကျင့်မှုတွင် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ အကျဉ်းဦးစီးဌာန မြိတ်အကျဉ်းထောင် တွင်လည်း မီးဘေးကြိုတင် ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်မှုကို အကျဉ်းထောင် ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးသတ်ဆေးဘူးများ၊ မီးငြှိမ်းသတ် ရေယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ် သရုပ် ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)

လုံခြုံရေးတင်းကျပ်မှုကြောင့် ပြင်သစ်နိုင်ငံသို့ လူ ၁ဝဝဝ ခန့် ဝင်ခွင့်မရ




The Mirror Daily's photo.


ပါရီ နိုဝင်ဘာ ၂၉

ပြင်သစ်နိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်က ပါရီမြို့အကြမ်းဖက်တိုက်ခိုက်ခံ ရပြီးနောက် ပြင်သစ်နိုင်ငံတွင်းသို့ ဝင်ရောက်မည့် လူ ၁ဝဝဝ ခန့်ကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

လုံခြုံရေးအခြေအနေကြောင့် လူအများအပြားကို ပြည်ဝင်ခွင့်ပြုရန် ငြင်းဆန်ခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနက်ကာဇန်နူက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။ ပြင်သစ် အစိုးရအနေဖြင့် ပါရီမြို့အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသကဲ့သို့ နယ်စပ်ဒေသများတွင်လည်း လုံခြုံရေးတင်းကျပ်ထားသည်။

ပြင်သစ်နိုင်ငံသည် (၂၁)ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်သည့်အတွက် ပြင်သစ် အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ တပ်လှန့်နှိုးဆော်ထားကြောင်း ဘားနက်က ပြောကြားသည်။

ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ၁၅ဝဝဝ ခန့်တို့ နယ်စပ်ဒေသများကို စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပါရီမြို့၌ နိုဝင်ဘာ ၃ဝ ရက်တွင် စတင်ကျင်းပမည့် ကုလသမဂ္ဂရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ ကမ္ဘာတစ်ဝန်းမှ နိုင်ငံတကာခေါင်းဆောင် ၁၅ဝ နီးပါးတက်ရောက်ကြမည်ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းသွားရမည်ဖြစ်ပြီး ညီလာခံကျင်းပနေသည့် ကာလအတွင် နိုင်ငံသားများအနေဖြင့် ကိုယ်ပိုင်ယာဉ်များကို အသုံးမပြုကြရန် တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ထားသည်။
အင်န်အိတ်ခ်ျကေ။

ကမ္ဘာကြီးပူနွေးမှုတိုက်ဖျက်ရေး မြို့တော်ပါရီ၌ ဆန္ဒပြရန်စီစဉ်




The Mirror Daily's photo.


ပါရီ နိုဝင်ဘာ ၂၉

ပြင်သစ်နိုင်ငံ၌ ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံ အကြိုနေ့တွင် ကမ္ဘာကြီး ပူနွေးလာမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများက မြို့တော်ပါရီ၌ ဆန္ဒပြရန် စီစဉ်ထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံကျင်းပချိန်နှင့် အချိန်ကိုက်၍ ကမ္ဘာ့မြို့ကြီးများဖြစ်ကြသော ဆစ်ဒနီ၊ ဂျကာတာ၊ ဘာလင်၊လန်ဒန်၊ စောပေါ်လိုနှင့် နယူးယောက်တို့၌ ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှား သူများက လူထုလှုံ့ဆော်ရေးအစီအစဉ်များကို တစ်ပြိုင်တည်းပြုလုပ်ရန် ရှိနေစဉ် မြို့တော်ပါရီ၌လည်း အလားတူပြုလုပ်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြင်သစ်နိုင်ငံ မြို့တော်ပါရီ၌ လူပေါင်း ၁၃ဝ သေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရအဖွဲ့က အရေးပေါ်အခြေ အနေ ထုတ်ပြန်ထားရာ ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှား သူများက ၎င်းတို့၏ လှုပ်ရှားမှု အစီအစဉ်ကို အကျဉ်းချုံးပြုလုပ်မည်ဖြစ်သည်။

ပြင်သစ်နိုင်ငံ၌ လုံခြုံရေးအခြေအနေအရ ထိပ်သီးညီလာခံ မကျင်းပမီတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ၂၄ ဦးကို နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်စေခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဘားနစ်ကာဇန်နုက ပြောကြားသည်။
ရိုက်တာ။

မော်ရင်ဟိုစိတ်တိုင်းကျ ကွင်းလယ်ဖန်တီးရှင်မဟုတ်သော ဟာဇက်




ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက သူ့စိတ်တိုင်းကျ ကွင်းလယ် ဖန်တီးရှင်နေရာမှာ ကစားနိုင်တဲ့ကစားသမားက ပြီးခဲ့တဲ့နှစ် ပရီမီယာ လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိတဲ့ ဟာဇက်မဟုတ်ဘဲ ပေါ်တိုကွင်းလယ်ကစားသမားဟောင်း ဒေကိုနဲ့ အခုဂါလာတာစာရေးမှာ ကစားနေတဲ့ ရှနိုက်ဒါတို့သာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက နည်းဗျူဟာပိုင်းခင်းကျင်းတဲ့နေရာမှာ ကွင်းလယ်ဖန်တီးရှင် နေရာမှာ ကစားနိုင်တဲ့ ကစားသမားကိုတည်ပြီး ကစားကွက်ဗျူဟာကို ချမှတ်လေ့ရှိတဲ့နည်းပြတစ်ဦးပါ။ သူဟာ ပေါ်တိုကအစပြုလို့ အခု ချယ်လ်ဆီးကို ဒုတိယအကျော့ ပြန်လည်ကိုင်တွယ်တဲ့အထိ တိုင်အောင် ကျောနံပါတ်(၁ဝ)ဝတ်ကစားသမားတွေ ကစားလေ့ရှိတဲ့ ကွင်းလယ် ဗဟိုချက်နေရာမှာ အံဝင်အောင်ကစားနိုင်တဲ့ကစားသမားတွေကို အမှီပြု ပြီး အောင်ပွဲအလီလီရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။


အင်တာဗျူးတစ်ခုမှာ မော်ရင်ဟိုကို '' ဟာဇက်က ခင်ဗျားစိတ်ကြိုက် ကျောနံပါတ် (၁ဝ)ဝတ်ကစားသမားလား''လို့ မေးမြန်းခဲ့ရာမှာ သူက ''မဟုတ်ပါဘူး။ ကျောနံပါတ်(၁ဝ)ဝတ်ကစားသမားဆိုတာ စွယ်စုံဖန်တီး နိုင်တဲ့သူပါ။ဗဟိုကွင်းလယ်နေရာမှာ ကစားသမားနှစ်ယောက်ထားပြီးကစားခိုင်းတဲ့အခါတစ်ယောက်က ကွင်းလယ်ဖန်တီးရှင်နေရာကို သေချာ ပေါက်တာဝန်ယူရပါလိမ့်မယ်။ တဲလ်အဗစ်ကိုရင်ဆိုင်တဲ့ပွဲမှာ အော်စကာ ကစားသွားတုန်းကလိုပေါ့'' လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။


မော်ရင်ဟိုက သူ့စိတ်တိုင်းကျ ကျောနံပါတ်(၁ဝ)ဝတ်ကစားသမား နှစ်ဦးမှာ ဒေကိုနဲ့ ရှနိုက်ဒါတို့သာဖြစ်ကြောင်းဆိုခဲ့သလို သူတို့နှစ်ဦးက နောက်တန်းအဖျက်နေရာကိုဆင်းကူနိုင်သလို ပင်နယ်တီဧရိယာအတွင်း အကောင်းဆုံးလှုပ်ရှားနိုင်သူများလည်းဖြစ်ကြောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အဆုံးသတ်ဂိုးသွင်းယူနိုင်မှုအပိုင်းပါပြည့်စုံမှသာလျှင် အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ်သတ်မှတ်နိုင်မည်ဖြစ်ကြောင်းလည်း သူ့ရဲ့ သဘောထားအမြင်ကို ပြောခဲ့ပါတယ်။



မေလဲ့သင်း

မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ဘဏ်များ ယှဉ်ပြိုင်မှု အားကောင်းလာ



Myanmaalinn's photo.
ရန်ကုန် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်များအနေဖြင့် ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာနေပြီ ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် ပိုမို ယှဉ်ပြိုင်ကြိုးစားကြရန် လိုအပ်လာ ပြီဖြစ်ကြောင်း ပုဂ္ဂလိကထိပ်တန်း ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောကြားလိုက်သည်။
''မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် တွေ အချင်းချင်းရော၊ ပြည်ပက ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာတဲ့ ဘဏ်တွေနဲ့ပါ ပြိုင်ဆိုင်မှုတွေ အားကောင်းလာတာ တွေ့ရပါ တယ်။ အရင်းအနှီးနည်းတဲ့ ဘဏ် ငယ်တွေအနေနဲ့ အပြိုင်အဆိုင်ထဲ မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုး စားနေရပါတယ်။ ဒါတောင် ပြည်ပ က ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင် တဲ့နိုင်ငံခြားဘဏ်တွေအနေနဲ့ ပြည် တွင်းဘဏ်တွေလို အခွင့်အရေးပေး မထားသေးဘူး။ သူတို့ဖောက်သည် တွေလောက်နဲ့ပဲ လုပ်နေကြတာပါ။ ရေရှည်မှာ သူတို့ကအရင်းအနှီး လည်းအားကောင်းတယ်။ ဒီအတွက် ပုဂ္ဂလိကဘဏ်တွေရဲ့ အားပြိုင်မှုဟာ
အတော်လေးအားကောင်းလာတာတွေ့ရပါတယ်'' ဟု အများပိုင်ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ပထမပုဂ္ဂလိက ဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယခုအခါမြန်မာနိုင်ငံ၌ ပုဂ္ဂလိကဘဏ် ၂၇ ခုအထိ ရှိလာပြီဖြစ်သည်။ ထို့အပြင်ယခုနှစ်အတွင်း နိုင်ငံခြား ဘဏ်ကိုးခုကိုလည်း ဝင်ရောက်လုပ်ကိုင်ခွင့်ပြုထားသည်။ လွန်ခဲ့သည့်တစ်နှစ်၊ နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများ အပြိုင်အဆိုင်ဖြစ်လာပြီး လျင်မြန်စွာ ဖွံ့ဖြိုးလာကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်တွင်းသာမက ပြည်ပ နိုင်ငံခြားများနှင့်ပါ ငွေပို့ငွေလွှဲလုပ်ငန်းများကို သမားရိုးကျ ဘဏ်လုပ်ငန်းသာမက ဒစ်ဂျစ်တယ်စနစ်များ အသုံးပြု ကာ ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်လုပ်ကိုင်လာလျက်ရှိ သည်။ ထိုကဲ့သို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးဖြစ်ထွန်းမှုမှာလည်း တိုးတက် လာလျက်ရှိသည်။ ပုဂ္ဂလိကဘဏ်များအနေဖြင့် နှစ်စဉ် အသားတင်အမြတ်အပါ်၌ နိုင်ငံတော်သို့ ၂၅ ရာခိုင်နှုန်း ပေးသွင်းနေခြင်းဖြစ်၍ ငွေကျပ်သန်းပေါင်းများစွာရရှိ နေကြောင်း သိရသည်။
ပထမပုဂ္ဂလိကဘဏ်တစ်ခုတည်းမှာပင် ဘဏ်အသား တင်အမြတ်မှာ ၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၈ဝ၄၈ ဒသမ ၃၄ သန်းရှိခဲ့ရာမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်တွင် ငွေကျပ် ၈၇၆၂ ဒသမ ၄ဝသန်းရရှိခဲ့သဖြင့် အမြတ်မှာ ၈ ဒသမ ၈၇ အထိတိုးတက်ခဲ့ကြောင်း၊ နိုင်ငံ တော်သို့ဝင်ငွေခွန်အဖြစ် ငွေကျပ် ၂၁၈၉ ဒသမ ၃၅ သန်း ပေးဆောင်နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီး ပုဂ္ဂလိကဘဏ်အမျိုးအမည်အားဖြင့် ၂၇ ခုရှိ ပြီဖြစ်၍ပုဂ္ဂလိကဘဏ်လုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေခွန် သန်းပေါင်းများစွာဝင်ငွေရရှိနေကြောင်း သိရသည်။ပုဂ္ဂလိကဘဏ်များအနေဖြင့် နှစ်စဉ်ဘဏ်ထည့်ဝင်ပြီး မတည်ရင်းနှီးငွေများ၊ ဘဏ်အပ်ငွေများ၊ ချေးငွေများ နှင့် အမြတ်ငွေများ နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။

သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

30.11.2015...ကြေးမုံ ကာတွန်း


30.11.2015...ကြေးမုံ စာတည်းရှုထောင့်




အားနည်းချက်၊ အားသာချက်


လူတိုင်း လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ လုပ်ငန်းတိုင်းတွင် အားနည်း ချက်(Weaknesses)၊ အားသာချက် (Strengths) ဟူ၍ရှိတတ်ကြသည်။ အလွန့်အလွန်ကောင်းမွန်ပါသည်ဟုဆိုသော လူ၊ အဖွဲ့အစည်း၊ လုပ်ငန်း တို့တွင်ပင် ပညာရှိသတိဖြစ်ခဲ ဆိုသကဲ့သို့ တစ်ခါတစ်ရံ အားနည်းချက်များ ဖြစ်ပေါ်တတ်သည်။
အချို့အချို့အနေဖြင့်လည်း အားနည်းချက်ရှိမှန်းမသိဘဲ ဖြစ်တတ်သည်။ အချို့လည်း မိမိကိုယ်ကို အထင်ကြီးပြီး အားသာသည်ဟုထင်မှတ်တတ်သည်။ အချို့က အားသာချက်ရှိသည်မှာ မှန်သော်လည်း ထိုအားသာချက် ဖြင့်ကျေနပ်၍ ဆက်လက်ကြိုးပမ်းခြင်းမရှိတတ်ချေ။ အချို့မှာ မိမိအားနည်းချက်ကို ပြင်ရကောင်းမှန်းမသိသူ၊ မပြင်ချင်သူ၊ မှန်သည်ဟုထင်နေသူများလည်း ရှိတတ်သည်။
ဤသည်မှာ လူတို့သဘာဝဖြစ်သည်။ ငါဟူသော အတ္တအစွဲများရှိနေသရွေ့ ငါကိုယ်တိုင် အမှားပြုမိနေမည်ဖြစ်သည်။ အမှားပြုမိသောအခါ အားနည်းချက်ဖြစ်မည်။ မိမိကိုယ်ကို မှားမှန်းမသိခြင်းသည်ပင် အားနည်းချက်ပင်ဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းပညာရှိများက သူတစ်ပါးကို ဝေဖန်ခြင်းထက် မိမိကိုယ်ကိုသာ ဝေဖန်ပါ၊ သုံးသပ်ပါ၊ ဆင်ခြင်ပါဟု တိုက်တွန်းကြသည်။ သူတစ်ပါးအပြစ်ကို မမြင်ပါနှင့်၊ မိမိအပြစ်ကိုမြင်ပါဟု နှိုးဆော်ကြသည်။
လူမှုဘဝနှင့်မိမိတို့လုပ်ငန်း မတိုးတက်ခြင်းသည် ဤအချက်သည် အဓိက ပါဝင်သည်။ လုပ်ငန်းတိုးတက်ရေးတွင်လည်းကောင်း၊ နိုင်ငံတိုးတက်ရေးတွင် လည်းကောင်း ထိုအချက်သည် အရေးကြီးသောအချက်ဖြစ်သည်။ ဥပမာ အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကို ကြည့်လျှင် သိမြင်နိုင်သည်။
အမေရိကန်နိုင်ငံသည် နှစ်ပေါင်းများစွာ စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး ယခုအခါ ငွေကြေးအကျပ်အတည်း၊ စွမ်းအင်ဈေးနှုန်းပူပန်မှု၊ အကြမ်းဖက်ဝါဒစိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရသောကြောင့် အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့နိုင်ငံ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်လာရသည်။ တရုတ်နိုင်ငံသည် တစ်ချိန်က ၎င်းတို့၏အားနည်းသော မူဝါဒများကို ပြုပြင်ပြောင်းလဲပြီး အားသာသည်ထက် အားသာအောင် ဆောင်ရွက်နိုင်သောကြောင့် ယနေ့အဘက်ဘက်တွင် အင်အားကြီးသော နိုင်ငံအဖြစ်ရပ်တည်နိုင်သည်ကို တွေ့ရသည်။
လုပ်ငန်းများတွင်သာမက ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများတွင် နိုင်ငံ၏ပကတိအခြေအနေပေါ်မူတည်၍ အားနည်းချက်များကိုပြုပြင်ပြီး ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် တိုးတက်လာသောနိုင်ငံများမှာ အတုယူစရာဖြစ်သလို အားနည်းချက်များကို မပြုပြင်ဘဲ ဆက်လက်ရှေ့တိုးလုပ်ကိုင်နေသောကြောင့် ဆုတ်ယုတ်ပျက်စီးရသော နိုင်ငံများမှာ သင်ခန်းစာယူစရာဖြစ်သည်။
ဤနေရာတွင် ပျော်ရွှင်ချမ်းမြေ့သော လူနေမှုဘဝ၊ တည်ငြိမ်သောနိုင်ငံရေး၊ ကောင်းမွန်သောစီးပွားရေးစနစ်၊ စုစည်းညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှုတို့သည် အားနည်းချက်များကို ချေဖျက်ရန်နှင့် အားသာချက်များကို ဖော်ထုတ်ရန်အတွက် တွန်းအားများပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အားနည်းချက်များကို အားသာချက်များအဖြစ် ပြောင်းလဲပေးနိုင်သော စွမ်းအားများဖြစ်သည်။
အားနည်းချက်များကို ပိုမိုလျော့နည်းအောင် ဆောင်ရွက်ရင်း အားသာချက်များကို ပိုမိုအားသာလာအောင် ဆောင်ရွက်နိုင်ခြင်းသည် ထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်း၏ တိုးတက်အောင်မြင်ခြင်း လက္ခဏာများပင် ဖြစ်သည်။ လူ့ဘောင်လောက၊ အဖွဲ့အစည်း တိုးတက်ကောင်းမွန်ရေးကို ဦးတည်မျှော်မှန်းကာ မိမိတို့၏အားနည်းချက်များကို မခြွင်းမချန်ဖော်ထုတ်၍ အားသာသည်ထက် အားသာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလသည် မိမိတို့လူ့အဖွဲ့အစည်းအတွက် အားသာသည့် အခြေအနေကောင်းများကို မြင်တွေ့နေရပြီဖြစ်သည်။ အားသာချက်များကို တိုးတက်ရယူကာ အားနည်းချက်များကို ရှာဖွေချေဖျက်ခြင်းဖြင့် အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ။