Monday, November 30, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ငလျင်ဘေး ကြိုတင်ပြင်ဆင်ထားသင့်

သဘာဝဘေးဟူသည် တားဆီး၍မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းဖြင့် ထိခိုက်ပျက်စီး နိုင်မှုအများဆုံးအနေအထားမှ အနည်းဆုံးသို့ လည်းကောင်း၊ အနည်းဆုံးဖြစ်စဉ်မှ လုံးဝ ထိခိုက်ပျက်စီးမှုမရှိစေရန် သော်လည်းကောင်း လုပ်ဆောင်နိုင်စွမ်းရှိကြောင်း၊ ပညာရှင် များက မကြာခဏ သတိပေးလေ့ရှိပါသည်။ မည်သည့်သဘာဝ ဘေးမဆို အတိအကျဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို မည်သူမျှ တပ်အပ်ပြောဆိုနိုင်ခြင်းမရှိပေ။ ဖြစ်နိုင်ခြေအလားအလာ များပေါ်တွင် အခြေခံ၍သာ ခန့်မှန်းပြောဆိုလေ့ရှိကြပြီး ထိုခန့်မှန်းတွက်ဆမှုများအပေါ်တွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရလေ့ရှိပါသည်။
လွန်ခဲ့သည့်နှစ်ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင်နှစ်ခုလှုပ်သွား သည်ကို သတိပြုမိကြပေလိမ့်မည်။ နိုဝင်ဘာ ၂၇ ရက်က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိသော မြေ ငလျင်သည် မြန်မာနိုင်ငံပြည်တွင်း ကနီမြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ လည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက်က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိသော ငလျင်သည် တောင်ငူမြို့၏ အနောက်တောင်ဘက် ၅၄ မိုင် ခန့်အကွာကိုဗဟိုပြု၍ လည်းကောင်း ငလျင်ငယ်များလှုပ်ခတ်ခဲ့ ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ ဤငလျင်များသည် ကြီးကျယ် စွာ ထိခိုက်ပျက်စီးမှုမရှိသော်လည်း သတိပြုရမည့် အနေအထား ဖြစ်ပါသည်။
ဤငလျင်ငယ်များသည် လူသိများသော စစ်ကိုင်း ပြတ်ရွေ့ကြောတစ်လျှောက်ဖြစ်ပေါ်သည့် အနေအထားကို လည်းတွေ့ရမည်ဖြစ်ပါသည်။ ပညာရှင်တို့၏ တွက်ချက်ပြောဆို မှုများအရ ပျက်စီးထိခိုက်မှုရှိနိုင်သော ငလျင်မတိုင်မီသော် လည်းကောင်း၊ ငလျင်ကြီးလှုပ်ပြီးလျှင်သော်လည်းကောင်း ငလျင်ငယ်များ လှုပ်သည့်သဘောရှိပါသည်။ တစ်နည်းဆိုလျှင် ငလျင်ငယ်များသည် လူတို့အတွက်ပြင်ဆင်မှုများ ပြုလုပ်နိုင် ရန် အသိပေးနေခြင်းလည်းဖြစ်ပါသည်။ မည်သို့ပင်ရှိစေ ကြိုတင်ပြင်ဆင် သတိပြုနိုင်ခြင်းသည် လူတို့အတွက် အကောင်းဆုံးဖြစ်ပါသည်။
လူထုအတွင်း မြေငလျင်နှင့်ပတ်သက်သော အသိပညာ ပေးမှုများ ဆောင်ရွက်သင့်ပါသည်။ ရှောင်ရန်၊ ဆောင်ရန်များ သိရှိထားသင့်ပါသည်။ မြေငလျင်မကြာခဏလှုပ်လေ့ရှိသော နိုင်ငံများတွင် ကြိုတင်ပြင်ဆင်ရေးကို ထိရောက်စွာလုပ်ကိုင် ဆောင်ရွက်လေ့ရှိပါသည်။ ကြိုတင်ဆောင်ရွက်ခြင်းသည် အကောင်းဆုံးသော အောင်နိုင်မှုတစ်ခုဖြစ်ပါသည်။
သို့ဖြစ်၍ သဘာဝဘေးဟူသည် တားဆီး၍မရနိုင် သော်လည်း ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်သည်ဆိုသည့်အလျောက် ငလျင် ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များကို ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါကြောင်း။ ။

No comments:

Post a Comment