Monday, November 30, 2015

မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ဘဏ်များ ယှဉ်ပြိုင်မှု အားကောင်းလာ



Myanmaalinn's photo.
ရန်ကုန် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်များအနေဖြင့် ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာနေပြီ ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် ပိုမို ယှဉ်ပြိုင်ကြိုးစားကြရန် လိုအပ်လာ ပြီဖြစ်ကြောင်း ပုဂ္ဂလိကထိပ်တန်း ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောကြားလိုက်သည်။
''မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် တွေ အချင်းချင်းရော၊ ပြည်ပက ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာတဲ့ ဘဏ်တွေနဲ့ပါ ပြိုင်ဆိုင်မှုတွေ အားကောင်းလာတာ တွေ့ရပါ တယ်။ အရင်းအနှီးနည်းတဲ့ ဘဏ် ငယ်တွေအနေနဲ့ အပြိုင်အဆိုင်ထဲ မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုး စားနေရပါတယ်။ ဒါတောင် ပြည်ပ က ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင် တဲ့နိုင်ငံခြားဘဏ်တွေအနေနဲ့ ပြည် တွင်းဘဏ်တွေလို အခွင့်အရေးပေး မထားသေးဘူး။ သူတို့ဖောက်သည် တွေလောက်နဲ့ပဲ လုပ်နေကြတာပါ။ ရေရှည်မှာ သူတို့ကအရင်းအနှီး လည်းအားကောင်းတယ်။ ဒီအတွက် ပုဂ္ဂလိကဘဏ်တွေရဲ့ အားပြိုင်မှုဟာ
အတော်လေးအားကောင်းလာတာတွေ့ရပါတယ်'' ဟု အများပိုင်ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ပထမပုဂ္ဂလိက ဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယခုအခါမြန်မာနိုင်ငံ၌ ပုဂ္ဂလိကဘဏ် ၂၇ ခုအထိ ရှိလာပြီဖြစ်သည်။ ထို့အပြင်ယခုနှစ်အတွင်း နိုင်ငံခြား ဘဏ်ကိုးခုကိုလည်း ဝင်ရောက်လုပ်ကိုင်ခွင့်ပြုထားသည်။ လွန်ခဲ့သည့်တစ်နှစ်၊ နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများ အပြိုင်အဆိုင်ဖြစ်လာပြီး လျင်မြန်စွာ ဖွံ့ဖြိုးလာကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်တွင်းသာမက ပြည်ပ နိုင်ငံခြားများနှင့်ပါ ငွေပို့ငွေလွှဲလုပ်ငန်းများကို သမားရိုးကျ ဘဏ်လုပ်ငန်းသာမက ဒစ်ဂျစ်တယ်စနစ်များ အသုံးပြု ကာ ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်လုပ်ကိုင်လာလျက်ရှိ သည်။ ထိုကဲ့သို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးဖြစ်ထွန်းမှုမှာလည်း တိုးတက် လာလျက်ရှိသည်။ ပုဂ္ဂလိကဘဏ်များအနေဖြင့် နှစ်စဉ် အသားတင်အမြတ်အပါ်၌ နိုင်ငံတော်သို့ ၂၅ ရာခိုင်နှုန်း ပေးသွင်းနေခြင်းဖြစ်၍ ငွေကျပ်သန်းပေါင်းများစွာရရှိ နေကြောင်း သိရသည်။
ပထမပုဂ္ဂလိကဘဏ်တစ်ခုတည်းမှာပင် ဘဏ်အသား တင်အမြတ်မှာ ၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၈ဝ၄၈ ဒသမ ၃၄ သန်းရှိခဲ့ရာမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်တွင် ငွေကျပ် ၈၇၆၂ ဒသမ ၄ဝသန်းရရှိခဲ့သဖြင့် အမြတ်မှာ ၈ ဒသမ ၈၇ အထိတိုးတက်ခဲ့ကြောင်း၊ နိုင်ငံ တော်သို့ဝင်ငွေခွန်အဖြစ် ငွေကျပ် ၂၁၈၉ ဒသမ ၃၅ သန်း ပေးဆောင်နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီး ပုဂ္ဂလိကဘဏ်အမျိုးအမည်အားဖြင့် ၂၇ ခုရှိ ပြီဖြစ်၍ပုဂ္ဂလိကဘဏ်လုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေခွန် သန်းပေါင်းများစွာဝင်ငွေရရှိနေကြောင်း သိရသည်။ပုဂ္ဂလိကဘဏ်များအနေဖြင့် နှစ်စဉ်ဘဏ်ထည့်ဝင်ပြီး မတည်ရင်းနှီးငွေများ၊ ဘဏ်အပ်ငွေများ၊ ချေးငွေများ နှင့် အမြတ်ငွေများ နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။

သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment