Monday, November 30, 2015

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် ကျောင်းသားလူငယ်များ ယဉ်ကျေးမှုဖလှယ်ပွဲ တက်ရောက်ပြီး ပြန်လည်ထွက်ခွာ



The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၂၉

(၄၂)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များခရီးစဉ်(၂ဝ၁၅) ယဉ်ကျေးမှုဖလှယ်ပွဲနှင့် ညစာစားပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက တက်ရောက်လာကြသည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များခရီးစဉ်တွင် ပါဝင်သူများကို ညစာစားပွဲအကြို နှုတ်ခွန်းဆက်မိန့်ခွန်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi Higuchi က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန် သင်္ဘောအုပ်ချုပ်ရေးမှူးတို့ အပြန်အလှန် လက်ဆောင်ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက မလေးရှား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ National Leader တစ်ဦးချင်းစီအား လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာအကများနှင့် အာဆီယံအထိမ်းအမှတ် တေးသီချင်းအကများဖြင့်လည်းကောင်း၊ သင်္ဘောခရီးစဉ်တွင် လိုက်ပါလာကြသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကျောင်းသား ကျောင်းသူများက မိမိတို့နိုင်ငံအလိုက် ရိုးရာတေးသီချင်းအကများဖြင့် ယဉ်ကျေးမှုဖလှယ်ပွဲတွင် သီဆိုဖျော်ဖြေကြကာ ညစာကို အတူတကွသုံးဆောင်ကြသည်။

သင်္ဘောခရီးစဉ်တွင် လိုက်ပါလာကြသည့် လူငယ်များသည် အုပ်စုအလိုက်ခွဲ၍ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်ရှစ်ခုသို့ သွားရောက်လေ့လာခဲ့ကြရာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစကားပြောကြားကြသည်။

မြန်မာနိုင်ငံတွင် သုံးရက်တာ ရောက်ရှိနေသည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ လိုက်ပါလာသော သင်္ဘောခရီးစဉ်သင်္ဘောကြီးသည် ယနေ့ညနေ ၃ နာရီခွဲ တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားရာ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြပြီး ကျောင်းသား ကျောင်းသူများက တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေနှုတ်ဆက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
(ပညာရေး)

No comments:

Post a Comment