Monday, November 30, 2015

ပထမပုဂ္ဂလိကဘဏ်လီမိတက်မှ နိုင်ငံတော်သို့ ဝင်ငွေခွန်ကျပ် ၂၁၈၉ ဒသမ ၃၅ သန်းပေးဆောင်ခဲ့



The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၂၉

ပထမ ပုဂ္ဂလိကဘဏ်လီမိတက်သည် အများပြည်သူ၏ ယုံကြည်မှု ခိုင်မာလာခြင်းနှင့် ဘဏ်လုပ်ငန်းများ တိုးတက်အောင်မြင်ခြင်းတို့ကြောင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်သို့ ဝင်ငွေခွန်ကျပ် ၂၁၈၉ ဒသမ ၃၅ သန်းပေးဆောင်ခဲ့ပြီး အစုရှင်များကို အမြတ်ငွေဝေစု ကျပ်သန်း ၄၄၁ဝ ခွဲဝေပေးနိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ရန်ကင်း မြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်း၌ပြုလုပ်သည့် ပထမ ပုဂ္ဂလိကဘဏ်လီမိတက်၏ (၂၄)ကြိမ် မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးမှ သိရသည်။

ယခုနှစ် မေ ၇ ရက်မှ စတင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြု ချက်ဖြင့် ပထမပုဂ္ဂလိကဘဏ် လီမိတက်နှင့် FTP တို့ ပေါင်းစပ်၍ မိုဘိုင်းကျပ်(My kyat) အမည်ဖြင့် မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ကို ဆောင်ရွက်ပေးလျက်ရှိရာ မည်သည့်ဖုန်းအမျိုးအစားများတွင် မဆို မိုဘိုင်းစာရင်း ဖွင့်လှစ်နိုင်ပြီး ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲ ခြင်း၊ ငွေတောင်းခံခြင်း၊ ဘီလ်ပေးဆောင်ခြင်း၊ တယ်လီဖုန်းငွေဖြည့်ခြင်း၊ စာရင်းရှိငွေစစ်ဆေးခြင်း၊ လျှို့ဝှက်နံပါတ်ပြား ပြောင်းလဲခြင်းတို့ အပြင် မိုဘိုင်းကျပ်(My kyat)နှင့် ချိတ်ဆက်ထားသည့် ဆိုင်များတွင် ဈေးဝယ်ယူခြင်း၊ စားသောက်ခြင်းနှင့် Internet Game များဝယ်ယူခြင်းကို Mobile Payment ဖြင့် ငွေပေးချေ နိုင်ကြောင်း သိရသည်။

ထို့ပြင် ပထမပုဂ္ဂလိကဘဏ်သည် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းအတွက် ငွေကြေးအထောက်အပံ့ပေးနိုင်ရန် ပြည်ပဘဏ်များနှင့်ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း၌လည်း ဘဏ်ခွဲများဖွင့်လှစ်ထားရှိကာ လာမည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင်လည်း ချင်းပြည်နယ် တီးတိန်၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုနှင့် ကချင်ပြည်နယ် မြစ်ကြီးနားတို့တွင် ဘဏ်ခွဲများတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် ပထမ ပုဂ္ဂလိက ဘဏ်လီမိတက်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဒါရိုက်တာများရွေးချယ်ခြင်း၊ ပြင်ပစာရင်း စစ်ခန့်ထားခြင်း၊ အစုရှင်များနှင့် စာရင်းစစ်ကော်မတီဝင်များရွေးချယ် ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
(သီသီမင်း)

No comments:

Post a Comment