Monday, November 30, 2015

မော်ရင်ဟိုစိတ်တိုင်းကျ ကွင်းလယ်ဖန်တီးရှင်မဟုတ်သော ဟာဇက်




ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက သူ့စိတ်တိုင်းကျ ကွင်းလယ် ဖန်တီးရှင်နေရာမှာ ကစားနိုင်တဲ့ကစားသမားက ပြီးခဲ့တဲ့နှစ် ပရီမီယာ လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိတဲ့ ဟာဇက်မဟုတ်ဘဲ ပေါ်တိုကွင်းလယ်ကစားသမားဟောင်း ဒေကိုနဲ့ အခုဂါလာတာစာရေးမှာ ကစားနေတဲ့ ရှနိုက်ဒါတို့သာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက နည်းဗျူဟာပိုင်းခင်းကျင်းတဲ့နေရာမှာ ကွင်းလယ်ဖန်တီးရှင် နေရာမှာ ကစားနိုင်တဲ့ ကစားသမားကိုတည်ပြီး ကစားကွက်ဗျူဟာကို ချမှတ်လေ့ရှိတဲ့နည်းပြတစ်ဦးပါ။ သူဟာ ပေါ်တိုကအစပြုလို့ အခု ချယ်လ်ဆီးကို ဒုတိယအကျော့ ပြန်လည်ကိုင်တွယ်တဲ့အထိ တိုင်အောင် ကျောနံပါတ်(၁ဝ)ဝတ်ကစားသမားတွေ ကစားလေ့ရှိတဲ့ ကွင်းလယ် ဗဟိုချက်နေရာမှာ အံဝင်အောင်ကစားနိုင်တဲ့ကစားသမားတွေကို အမှီပြု ပြီး အောင်ပွဲအလီလီရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။


အင်တာဗျူးတစ်ခုမှာ မော်ရင်ဟိုကို '' ဟာဇက်က ခင်ဗျားစိတ်ကြိုက် ကျောနံပါတ် (၁ဝ)ဝတ်ကစားသမားလား''လို့ မေးမြန်းခဲ့ရာမှာ သူက ''မဟုတ်ပါဘူး။ ကျောနံပါတ်(၁ဝ)ဝတ်ကစားသမားဆိုတာ စွယ်စုံဖန်တီး နိုင်တဲ့သူပါ။ဗဟိုကွင်းလယ်နေရာမှာ ကစားသမားနှစ်ယောက်ထားပြီးကစားခိုင်းတဲ့အခါတစ်ယောက်က ကွင်းလယ်ဖန်တီးရှင်နေရာကို သေချာ ပေါက်တာဝန်ယူရပါလိမ့်မယ်။ တဲလ်အဗစ်ကိုရင်ဆိုင်တဲ့ပွဲမှာ အော်စကာ ကစားသွားတုန်းကလိုပေါ့'' လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။


မော်ရင်ဟိုက သူ့စိတ်တိုင်းကျ ကျောနံပါတ်(၁ဝ)ဝတ်ကစားသမား နှစ်ဦးမှာ ဒေကိုနဲ့ ရှနိုက်ဒါတို့သာဖြစ်ကြောင်းဆိုခဲ့သလို သူတို့နှစ်ဦးက နောက်တန်းအဖျက်နေရာကိုဆင်းကူနိုင်သလို ပင်နယ်တီဧရိယာအတွင်း အကောင်းဆုံးလှုပ်ရှားနိုင်သူများလည်းဖြစ်ကြောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အဆုံးသတ်ဂိုးသွင်းယူနိုင်မှုအပိုင်းပါပြည့်စုံမှသာလျှင် အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ်သတ်မှတ်နိုင်မည်ဖြစ်ကြောင်းလည်း သူ့ရဲ့ သဘောထားအမြင်ကို ပြောခဲ့ပါတယ်။



မေလဲ့သင်း

No comments:

Post a Comment