Thursday, December 31, 2015

ထင်သာမြင်သာပြုပြင်စရာ


ဖျာပုံတံတား ရေရှည်တည်တံ့ခိုင်မြဲစွာ တည်ရှိစေလို


Myanmaalinn's photo.
ဖျာပုံ ဒီဇင်ဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့၏ လူမှုစီးပွားရေးအတွက် ပြည်သူများ အဓိကအားထားအသုံးပြုနေရသည့် ဖျာပုံတံတားကြီးကို နိုင်ငံ တော်က တည်ဆောက်ပေးထားသည့်အတွက် ခရီးသွားပြည်သူများနှင့် မြို့နေပြည်သူများ စိတ်ချမ်းမြေ့စွာအသုံးပြုနေရသည်မှာ ဆယ်စုနှစ်ကျော် ခန့်ရှိပြီဖြစ်သည်။
ယခုအခါ အဆိုပါတံတားကြီး၏ အရှေ့ဘက်ခြမ်း အုန်းပင်ကျေးရွာအနီး မြစ်ကမ်းနံဘေး၌လုပ်ငန်းရှင်များက ဘိုးပိုင်အမှတ်(၅)ကို အသုံးပြု၍ ကျောက် စရစ်၊ ဂဝံကျောက်၊ သဲများသယ်ဆောင်လာသည့် ရေယာဉ်များ ဆိုက်ကပ် ကြိုးချည်ပြီး ကမ်းပါးပေါ်သယ်ယူစုပုံထားသည်ကို မြင်တွေ့နေရသဖြင့် တံတားကြီးRC ဘိုးပိုင်အမှတ်(၅)နှင့် အခြားဘိုးပိုင်များ ရေရှည်ကြံ့ခိုင်စေရန် အတွက် စိုးရိမ်နေရသည်ဖြစ်သည်။
ဖျာပုံတံတားကြီးတည်ဆောက်ခဲ့စဉ်က ဖျာပုံမြို့ဘက်ခြမ်းမြစ်ကမ်းနံဘေး မှ ရေလယ်တိုင်များအပါအဝင် ဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာမြစ်ကမ်း နံဘေးအထိ RC ဘိုးပိုင် (၁) မှ (၅) ထိတည်ရှိပြီး အဆိုပါ RC ဘိုးပိုင်များ သည် တံတားကြီး၏ အဓိက အရေးကြီးသော နေရာများဖြစ်သဖြင့် စက်တပ် ရေယာဉ်များ၊ လှေ၊ သင်္ဘောများ ကြိုးချည်၍ ဆိုက်ကပ်နားနေခြင်း၊ စီးပွားရေး လုပ်ငန်းများအတွက် အသုံးပြုခြင်း မပြုရန် တားမြစ်ထားခဲ့သော်လည်း ယခု အခါ မိမိတို့အကျိုးစီးပွားအတွက် အမှတ်(၅) RC ဘိုးပိုင်ကျောက်ခုံပေါ်မှတစ်ဆင့် ကျောက်စရစ်၊ ဂဝံကျောက်နှင့်သဲများ မြစ်ကမ်းပါး ပေါ်သယ်ယူစုပုံခြင်း၊RC ဘိုးပိုင်အောက်ခြေတွင် ရေယာဉ်များကြိုးချည်ဆိုက်ကပ်ခြင်းများရှိနေသဖြင့် တံတားရေရှည်တည်တံ့ရေး သက်ဆိုင်ရာမှ တားဆီးပေးစေရန် လိုလားလျက်ရှိ ကြောင်း ပြောဆိုနေကြသည်။

ချမ်းသာ(ဖျာပုံ)

ကံမမြို့ ၂၄ နာရီ လျှပ်စစ်မီးရရှိ၍ ဘက်ပေါင်းစုံ တိုးတက်ဖွံ့ဖြိုးလာ



Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၃ဝ

နိုင်ငံတော်ဓာတ်အားစနစ်မှ ကံမ မြို့သို့ ၂၄ နာရီ လျှပ်စစ်ဓာတ်အား သွယ်တန်းရောက်ရှိ ဖြန့်ဖြူးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ကံမမြို့ အမှတ်(၁) ရပ်ကွက် ထရန် စဖော်မာရှေ့၌ ကျင်းပရာ တိုင်းဒေသ ကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းမြင့်မောင်၊ ဘဏ္ဍာရေးဝန်ကြီး ဦးကြည်မင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဦးပိုက်ထွေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှု ရေး အသင်းအဖွဲ့ဝင်များ တက် ရောက်ကြသည်။
အစီအစဉ်အရ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိပြီဖြစ်၍မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေး စားနှင့် အလတ်စားစက်မှုလုပ်ငန်း များ ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း၊ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် များစွာအထောက် အကူပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး(ငြိမ်း)ဦးပိုက်ထွေး က ကံမမြို့ ၂၄ နာရီ လျှပ်စစ်ဓာတ် အား ရရှိရေးအတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လက်တွဲပြီး အားကြိုးမာန်တက်ဆောင် ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ကံမမြို့ သည် ဘက်ပေါင်းစုံမှ တိုးတက်ဖွံ့ဖြိုး လာနေပြီဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးသာစိုးက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆိုင် ရာများကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် ကံမမြို့နိုင်ငံတော် ဓာတ် အားစနစ်မှ ၂၄ နာရီ လျှပ်စစ် မီးရရှိ ခြင်းအခမ်းအနားကို တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်ကံမမြို့ကို နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ် မီးရရှိခြင်း အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးက စက်ခလုတ်နှိပ်၍ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ် ပေးပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
နိုင်ငံတော်ဓာတ်အားစနစ်မှ ကံမ မြို့သို့ ၂၄ နာရီ လျှပ်စစ်ဓာတ်အား သွယ်တန်းရောက်ရှိ ဖြန့်ဖြူးရေး အတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီးဘဏ္ဍာငွေမှ ငွေကျပ်သန်းပေါင်း ၄၆၆ သန်းအကုန် အကျခံ၍ ဆောင်ရွက်ခဲ့ပြီး၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်တွင်ကံမမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၄၁ ရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

(သတင်းစဉ်)

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
လူကုန်ကူးမှုတားဆီးရေး အရှိန်မြှင့်တင်

မန်မာရွှေ့ပြောင်းလုပ်သားများသည် အလုပ်အကိုင်နှင့် လုပ်အားခများ ပိုမိုရရှိလိုသော ရည်ရွယ်ချက်များဖြင့် ပြည်ပ နိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင် လျက်ရှိပါသည်။  ထိုသို့သွားရောက်လျက်ရှိရာတွင်  မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ အားနည်းချက်များကို အခွင့်ကောင်း ယူကာ လူမှောင်ခိုလူပွဲစားများက လူကုန်ကူးမှုများ ပြုလုပ်လျက် ရှိပါသည်။ လူကုန်ကူးခြင်းဆိုသည်မှာ လူအချင်းချင်း လူမဆန်စွာ အခကြေးငွေယူ၍ ရောင်းစားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လူမှောင်ခိုအကူးခံရသူ အများစုမှာ ငယ်ရွယ်သူအမျိုးသမီးများဖြစ်ကြပါသည်။ အမျိုးသမီး များအား လုပ်အားခေါင်းပုံဖြတ်ခြင်း၊ လိင်ကျေးကျွန်အဖြစ် အသုံးချ ခြင်းတို့ဖြင့် လူမှောင်ခိုမှုများဖြစ်ပေါ်လျက်ရှိပါသည်။ လူမှောင်ခို ကူးခံရသူများတွင် အမျိုးသမီးငယ်များသာမက ကလေးများနှင့် အမျိုးသားများလည်း ပါဝင်လျက်ရှိပါသည်။ မြန်မာရွှေ့ပြောင်း လုပ်သားအချို့သည် စက်ရုံ၊ အလုပ်ရုံနှင့် ငါးဖမ်းစက်လှေများတွင် အတင်းအကျပ်  အလုပ်ခိုင်းစေခြင်း၊  လုပ်အားခေါင်းပုံဖြတ်ခြင်းတို့ ဖြင့် လူမှောင်ခိုကူးခံနေကြရပါသည်။
ထို့ကြောင့်လည်း မြန်မာလူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က စီမံကိန်းများချမှတ်လျက် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်သည် လူကုန် ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ  ဒုတိယငါးနှစ်စီမံကိန်း၏  စတုတ္ထ နှစ်သို့ ရောက်ရှိလာပြီဖြစ်၍ ၂ဝ၁၆ ခုနှစ်တွင် တတိယငါးနှစ် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါသည်။ မြန်မာလူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့် ယခင်နှစ်များက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့ နှင့်သာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင် ရွက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ လူကုန်ကူးခံရသူများ ပြန်လည်ပို့ဆောင်ရေးနှင့် လူကုန် ကူးသူများအား တရားစွဲဆိုရေးဆိုင်ရာကိစ္စရပ်များကို ချိတ်ဆက် လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။ ယခုနှစ်အတွင်းအင်ဒိုနီးရှား နိုင်ငံကျွန်းများပေါ်ရှိ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ရေလုပ် သား ၇၈၉ ဦးကို ကယ်တင်၍ မိဘရပ်ထံ ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ပေးနိုင်ခြင်းသည် ထင်ရှားသည့် သာဓက တစ်ရပ် ဖြစ်ပါသည်။
လူမှောင်ခိုတိုက်ဖျက်ရေး အစီအမံများအဖြစ် လူမှောင်ခိုကူး ခံရနိုင်သည့် အကြောင်းအရင်းများ၊ လူမှောင်ခိုကူးမှု ဖြစ်ပွားနိုင် သည့် နေရာများတွင် ကြိုတင်အသိပေးအစီအစဉ်များ ဆောင်ရွက်နေ သကဲ့သို့ လူမှောင်ခိုကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
ဤသို့ လူမှောင်ခိုကူးမှုတားဆီးကာကွယ်ရေးကို စီမံကိန်းများ ချမှတ်ကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း လူမှောင်ခိုအကူးမခံရဖို့ သတိဝီရိယနှင့် သွားလာ လုပ်ကိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ အယုံအကြည်လွယ်ခြင်း၊ ဆင်ခြင်တုံတရားနည်းပါးခြင်း၊  ငွေကြေးအလွယ်တကူရလိုခြင်း စသော အခြေခံအကြောင်းတရားများကြောင့် လူမှောင်ခိုကူးခံ ရနိုင်ပါသည်။ လူမှောင်ခိုပွဲစားများက ဤအားနည်းချက်များကို အခွင့်ကောင်းယူပြီး လူမှောင်ခိုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါ သည်။
သို့ဖြစ်၍ သက်ဆိုင်ရာလူမှောင်ခိုတိုက်ဖျက်ရေးအဖွဲ့များက လူမှောင်ခိုတားဆီးနှိမ်နင်းရေး အစီအမံများကို တိုးမြှင့်ဆောင် ရွက်ကြရမည်ဖြစ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း လူမှောင်ခို ကူးမခံရအောင် အသိ သတိထားရှိကာ ပူးပေါင်းဆောင်ရွက်သွားသင့် ပါကြောင်း။  ။

မစ်ဆောရီပြည်နယ်အတွင်း မုန်တိုင်းများကြောင့် ရေကြီး ရာပေါင်းများစွာ နေအိမ်စွန့်ခွာထွက်ပြေး၊သေဆုံးသူ ၁၃ ဦးရှိ



Myanmaalinn's photo.
ကန်ဆက်စီးတီး ဒီဇင်ဘာ ၃ဝ 

အမေရိကန်နိုင်ငံ မစ်ဆောရီ ပြည်နယ်၌ လေးရက်ကြာတိုက်ခတ် သော မုန်တိုင်းများကြောင့် စံချိန်တင် မြစ်ရေလျှံမှုဖြစ်ပွားကာ ဒီဇင်ဘာ ၂၉ ရက်က ရာပေါင်းများစွာသော ဒေသ ခံပြည်သူများ နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြရကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါရေကြီးမှုနှင့် မုန်တိုင်း တိုက်ခတ်မှုများကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိပြီး လမ်းများ ပိတ်ထားရကြောင်း၊ မစ်ဆောရီမြစ် တစ်လျှောက် ငါးဖမ်းထွက်ခြင်းကို တားမြစ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
အမေရိကန်နိုင်ငံ အနောက် အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း တို့၌ ဖြစ်ပွားခဲ့သော လေဆင် နှာမောင်းတိုက်ခတ်မှု ဖြစ်စဉ်များ ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း သီတင်းတစ်ပတ်ကြာဆိုးရွားသော ရာသီဥတုဖြစ်စဉ်များ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။
လွန်ခဲ့သော သီတင်းပတ်က ခရစ္စမတ်အားလပ်ရက်များအတွင်း ရာသီဥတုဖြစ်စဉ်များနှင့် ဆက်နွှယ် သော မတော်တဆမှုများကြောင့် လူ ပေါင်း ၄ဝ ကျော် သေဆုံးခဲ့ရသည်။
ဒီဇင်ဘာ ၂၆ ရက်ကတည်းက မစ်ဆောရီပြည်နယ်၌ မိုးသည်းထန်စွာ ရွာပြီး ရေကြီးမှုဖြစ်ပေါ်ခဲ့သည်။ ဗုဒ္ဓဟူး နေ့နှင့် စနေနေ့အကြား မိုးရေချိန် စံချိန်တင်မှုများကြောင့် အဓိကမြစ်ကြီး များ ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင် ကြောင်း မိုးလေဝသပညာရှင်များက သတိပေးချက်များ ထုတ်ပြန်ထား သည်။
မစ်ဆောရီမြစ် အလယ်ပိုင်း၌ ရေကြီးမှုသည် ၁၈ဝဝ ပြည့်လွန် အလယ်ပိုင်း ကာလနောက်ပိုင်း ဆောင်းရာသီကာလများတွင် မမြင် ဖူးကြောင်း ထိပ်တန်းမိုးလေဝသပညာ ရှင် အဲလက်ဆိုစနိကီက ပြောသည်။
စိန့်လူးဝစ်မြောက်ဘက် မိုင် ၂ဝ အကွာ မစ္စစ္စပီနှင့် မစ်ဆောရီ မြစ်များ မြစ်ရေလျှံတက်ခဲ့သဖြင့် ဝက်စ်အယ်လ်တန်နှင့် အာနီးမြို့ခံ များ ဒီဇင်ဘာ ၂၉ ရက်က ဘေးကင်း ရာ ရွှေ့ပြောင်းခဲ့သည်ဟု ဆိုသည်။

(ရိုက်တာ)

ဗြိတိန်နိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသော ရေကြီးဒေသများ အသစ်ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် သဘာဝဘေးဆိုးနှင့်ကြုံတွေ့နိုင်



Myanmaalinn's photo.
လန်ဒန် ဒီဇင်ဘာ ၃ဝ

ဗြိတိန်နိုင်ငံ၌ ဖြစ်ပေါ် နေသော မုန်တိုင်းကြောင့် ရေကြီး ဒေသများအပါအဝင် နိုင်ငံဒေသ အများအပြားတွင် ဆိုးရွားသည့် ရာသီဥတုခြိမ်းခြောက်မှုနှင့် ရင်ဆိုင် နေရကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာသည်။ ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက တိုက်ခတ်လျက် ရှိသော ဖရန့်မုန်တိုင်းကြောင့် ကမ်ဘရီယာ၊ စကော့တလန်တောင် ပိုင်းနှင့် အလယ်ပိုင်းတို့၌ ခြိမ်းခြောက် မှု အများဆုံးခံနေကြရသည်။
အင်္ဂလန်နှင့် ဝေလတို့၌ ရုတ် တရက်ရေကြီးမှု သတိပေးမှု (၄၇)ကြိမ် အပါအဝင် အသက် အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည့် ရေကြီးမှုသတိပေးချက် လေးကြိမ် ထုတ်ပြန်ခဲ့ရသည်ဟု ဆိုသည်။
ယော့(စ်)ရှိုင်းယား မြောက်ပိုင်း နှင့် တက်စ်ကာတာဒေသ၌ ရှေးဟောင်း တံတားတစ်စင်းသည် ဓာတ်ငွေ့ပိုက် လိုင်းပေါက်ကွဲမှုနှင့်အတူ ပြိုကျသွား ခဲ့သည်။ ဝှါဖာမြစ်ပေါ်ရှိ အဆိုပါ တံတားပတ်ဝန်းကျင်၌ ဈေးဆိုင်များ နှင့် စီးပွားရေးလုပ်ငန်းများသည် လွန်ခဲ့သော သီတင်းပတ်ကုန်ပိုင်းက ရေကြီးမှုကို ဆိုးရွာစွာ ကြုံတွေ့လျက်ရှိ ရာ တံတားကို လွန်ခဲ့သော နှစ်ရက်က ပိတ်ထားခဲ့ရသည်ဟု ဆိုသည်။ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၂ ဦး ကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်။ ထိုအတောအတွင်း အင်္ဂလန်မြောက်ပိုင်းရေကြီးမှုဖြစ်ပွား ရာဒေသများ၊ မိသားစုများနှင့် စီးပွား ရေးလုပ်ငန်းများကို ကူညီပေးရန် ပေါင်သန်း ၅ဝ ရန်ပုံငွေအပို ထူထောင်ပေးသွားရန် ကြေညာလိုက် သည်။ အစိုးရက အဆိုပါ အကျပ် အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ပေါင်သန်း ၁ဝဝ ကျော် သုံးစွဲသွားရန် ကတိပြုထားသည်။
ဗြိတိန်နိုင်ငံ၌ ခရစ္စမတ်ကာလ မုန်တိုင်းများတိုက်ခတ်ပြီး ရေကြီးမှု များကြောင့် ဖြစ်ပေါ်ခဲ့သော အကျပ် အတည်းကို မူလအနေအထားသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရန် မျှော်လင့်ထား ကြောင်း ပတ်ဝန်းကျင်အေဂျင်စီ အကြီးအကဲ ဆာဖီးလစ်ဒီလေးက ဒီဇင်ဘာ ၃ဝ ရက်တွင် ပြောကြား လိုက်သည်။
ရေကြီးမှုဖြစ်ပွားရာဒေသများရှိ ပြည်သူများအနေဖြင့် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် အဆိုးရွား ဆုံး ရာသီဥတုအခြေအနေအတွက် ပြင်ဆင်ထားသင့်ကြောင်း ရေကြီးမှု ကယ်ဆယ်ရေးဆိုင်ရာ ဝန်ကြီး ရှိ ရီစတီးဝပ်က ပြောကြားလိုက် သည်။
ဒီဇင်ဘာလအတွင်း ကမ်ဘရီယာ၊ လန်စကာရှိုင်းယား၊ ဂရိတ်မန်ချက် စတာနှင့် ယော့(စ်)ရှိုင်းယားတို့၌ မြစ်ရေလျှံပြီး ရေကြီးမှုများ ဖြစ်ပေါ် လျက်ရှိရာ ဖရန့်မုန်တိုင်းကြောင့် ထပ်မံဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးဆိုးအန္တရာယ်နှင့် ရင်ဆိုင်နေ ကြရသည်။

(ရိုက်တာ)

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ တင်ဒါရလဒ်ကြေညာသည့် အခမ်းအနားကျင်းပ



Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၃ဝ

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းသုံးခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရင်းနှီးတည်ဆောက်သ (Developer) ကို နိုင်ငံတကာစံနှုန်များနှင့်အညီ အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါရလဒ် ကြေညာသည့်အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Kenpinski ဟိုတယ် ပုဂံဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ် သတ္တုနှင့် သစ်တောရေးရာဝန်ကြီး၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မတီ ဝင်များ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများကို ဆောင်ရွက်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာများ တက်ရောက်သည်။
ညနေ ၅ နာရီတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ တင်ဒါရလဒ် ကြေညာသည့် အခမ်းအနားကို အဆိုပါ ဟိုတယ်၌ကျင်းပရာ တင်ဒါခေါ်ယူ ရေးနှင့်စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် CPG အကြံပေးကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူတစ်ဦးက ရင်းနှီးတည်ဆောက်သူများ နိုင်ငံတကာအိတ်ဖွင့်တင်ဒါခေါ်ယူနေသည့် လုပ်ငန်းစဉ်များနှင့် တင်ဒါလုပ်ငန်းစဉ်ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူးက တင်ဒါရွေးချယ်မှုစံနှုန်းများကိုလည်းကောင်း၊ အတွင်း ရေးမှူးက တင်ဒါရလဒ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စီမံကိန်းနှစ်ခုကို ဆောင်ရွက်ရန်တင်ဒါအောင်မြင်သည့် စီတစ်အုပ်စုမှ လုပ်ပိုင်ခွင့်ရပုဂ္ဂိုလ် Mr. Chen Xiaojiaက ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းလုပ်ငန်းစဉ် အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စီတစ်အုပ်စုမှ လုပ်ပိုင်ခွင့်ရပုဂ္ဂိုလ်Mr. Chen Xiaojia ထံ တင်ဒါအောင်စာရင်းကို ပေးအပ်ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှု ဇုန်စီမံကိန်းနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်း သုံးခုရှိသည့်အနက် စီတစ်အုပ်စု က ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းများကို တင်ဒါအောင်မြင် ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် သတင်းစာရှင်းလင်းပွဲကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပရာ တက်ရောက်လာသည့် ပြည်တွင်း ပြည်ပမှ သတင်း မီဒီယာများက တင်ဒါအောင်မြင်မှု၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင် အထည်ဖော်မှုအခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ တင်ဒါခေါ်ယူ ရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ညပိုင်းတွင် အဆိုပါဟိုတယ်၌ တင်ဒါရလဒ်ကြေညာသည့် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသည်။
ညစာစားပွဲတွင် လေးဝတီရခိုင်အနုပညာအဖွဲ့က ရိုးရာအကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်ကEBA အဖွဲ့မှ ချီးမြှင့်သည့် International Flag နှင့်Certificate of Attractiveness ဆုကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမြင့်သိန်းထံ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ CPG အကြံပေးကုမ္ပဏီအုပ်စုနှင့် တင်ဒါအောင်မြင်သည့် စီတစ်အုပ်စုတို့မှ တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကား ပြောကြား ကြသည်။
ယင်းနောက် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရင်းနှီးတည်ဆောက် သူများအား စိစစ်ရွေးချယ်ပြီးသည်အထိ စိတ်ရော၊ ကိုယ်ပါ ကူညီဆောင်ရွက် ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

(သတင်းစဉ်)

အင်ဒိုနီးရှားရောက်လူကုန်ကူးခံမြန်မာရေလုပ်သား ၁၃ ဦးရောက်ရှိလာ


ရန်ကုန် ဒီဇင်ဘာ ၃ဝ

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းတွင် လူကုန်ကူးခံရသော မြန်မာရွှေ့ပြောင်းရေလုပ်သား ၁၃ ဦးသည် သက်ဆိုင်ရာသံရုံးနှင IOM အဖွဲ့များ၏အကူအညီဖြင့် ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာကြောင်း သိရသည်။
ထိုရေလုပ်သားများသည် အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာ သံရုံးမှတာဝန်ရှိသူများက မြန်မာနိုင်ငံ သားဖြစ်ကြောင်း နာမည်၊ နေရပ် လိပ်စာနှင့် အခြားအချက်အလက် များအား သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနတို့ဖြင့် အဆင့်ဆင့် စစ်ဆေးကာ သက်သေခံလက်မှတ် များထုတ်ပေးခဲ့သည်။ ထိုမှတစ်ဆင့် IOM အဖွဲ့တို့နှင့် သံရုံးအဖွဲ့များ ပူးပေါင်းကာ ရန်ကုန်မြို့သို့ လေ ကြောင်းခရီးဖြင့် ပို့ဆောင်ပေးခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်ထံမှ သိရသည်။

ထိုလူကုန်ကူးခံ ရေလုပ်သားအဖွဲ့အား နိုင်ငံခြား ရေးဝန်ကြီးဌာန အမှတ် (၆)လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားဦးစီးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန(ရန်ကုန်) တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်းကာ ကြိုဆိုခဲ့ကြသည်။

ထိုအဖွဲ့အား လူမှုဝန်ထမ်းဦးစီးဌာနမှ မော်တော် ယာဉ်များဖြင့် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းသို့ ပို့ဆောင်ကာ မြို့နယ်ကျန်းမာရေးအဖွဲ့များက ကျန်းမာရေးကောင်း/ မကောင်း စစ်ဆေးခြင်း၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ် ရေးအဖွဲ့ဝင်များက အမျိုးသားမှတ်ပုံတင် ရှိ/မရှိ စစ်ဆေး ခြင်း၊ အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ဝင်များက လူကုန်ကူးခံရသည့်အကြောင်းများ ဖြစ်စဉ် အသေးစိတ်တို့ကို မေးမြန်းခြင်းတို့ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ ထိုမှတစ်ဆင့် လူကုန်ကူးခံ ရေလုပ် သားများအား နေရပ်အသီးသီးသို့ သက်ဆိုင်ရာ မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားကာ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရောက်ရှိလာသောလူကုန်ကူးခံ ရွှေ့ပြောင်းမြန်မာ ရေလုပ်သားများသည် မွန်ပြည်နယ် သထုံမြို့နယ်မှ အောင်ထွန်းလှ (၂၄ နှစ်)၊ ပေါင်မြို့နယ် မုတ္တမကျေးရွာမှ သိန်းဇော်(၄၉ နှစ်)၊ မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်မှ ဟိန်းလတ်(၃၅ နှစ်)၊ ရေးမြို့နယ်မှ ကျော်မိုး(၃၇ နှစ်)၊ ဘီးလင်းမြို့နယ်မှ သားကြီး(ခ)ချစ်ဦး(၃၂ နှစ်)၊ သံဖြူဇရပ် မြို့နယ်မှ စိုးဝင်း (၄၂ နှစ်)၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံ ကုန်းမြို့နယ် တံခွန်တိုင်ကျေးရွာမှ မျိုးဇော်အောင်(၃၄ နှစ်)၊ ကျောက်တန်းမြို့နယ် (၁)ရပ်ကွက်မှ ဇင်မင်းထွန်း (၂၇ နှစ်)၊ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ မောင်မောင် (၄၁ နှစ်)၊ ပန်းတနော်မြို့နယ် ချောင်ကလေး ကျေးရွာမှ အောင်ကျော်ဦး(၃၄ နှစ်)၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်မှ ရဲဝင်းလှိုင်(၁၉ နှစ်)၊ တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ်မှ ဇော်ဝင်းထွန်း(၃၅ နှစ်)၊ ချင်း ပြည်နယ် မင်းတပ်မြို့ အရှေ့ရပ်ကွက်မှ လင်းနိုင်(၃၁ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

ခြေရည်တူအသင်းတွေအပြိုင်နွှဲကြမယ့်ချန်ပီယံရှစ်ပွဲစဉ်

 

မိုးမြင့်လင်းလက်

၂ဝ၁၆ နှစ်သစ်ဦးမှာတော့ ချန်ပီယံရှစ်ပွဲစဉ်တွေလည်း ကစားဖို့ရှိနေပါတယ်။ ချန်ပီယံရှစ်ပွဲစဉ်တွေကို ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်တွေမှာ ယှဉ်ပြိုင်ကစားတဲ့ အခါ အသင်းတိုင်းရလဒ်ကောင်းကို နှစ်သစ်ဦးမှာ ပိုင်ဆိုင်ဖို့အတွက် ကြိုးစား ပါလိမ့်မယ်။ ဒီပွဲစဉ်တွေမှာ မစ်ဒယ်ဘရော့နဲ့ဒါဘီ၊ ဖူလ်ဟမ်နဲ့ရှက်ဖီး၊ ဘန်လေ နဲ့အစ်ဝှစ်တို့ပွဲတွေက ပရိသတ်အကြိုက်ဖြစ်နေဦးမှာ သေချာပါတယ်။

ဘာမင်ဂမ်နှင့်ဘရန်ဖို့ဒ်
အမ်ကေဒွန်းစ်အသင်းကို နိုင်ပွဲပူပူနွေးနွေးရရှိထားတဲ့ ဘာမင်ဂမ်တို့ဟာ အခုပွဲအိမ်ကွင်းဖြစ်တာမို့ ရလဒ်ကောင်းကို ဆက်လက်ဆောင်ကြဉ်းဖို့ ကြိုးစား ပါလိမ့်မယ်။ ဘာမင်ဂမ်တို့က ခံစစ်ပိုင်း ကျစ်လျစ်တဲ့အသင်းဖြစ်ပြီး တိုက်စစ် ပိုင်းအားနည်းပေမယ့် အရေးကြီးတဲ့ အဆုံးအဖြတ်ဂိုးတွေကို သွင်းယူနိုင်ပါ တယ်။ ဘရန်ဖို့ဒ်တို့ကလည်း ရက်ဒင်းကို အနိုင်ကစားထားတာမို့ စိတ်ဓာတ် တက်ကြွနေချိန်မှာ ဆုံတွေ့တာကြောင့် ဘာမင်ဂမ်တို့ ခက်ခဲပေမယ့် ကပ်ပြီး အနိုင်ရသွားမယ့်ပွဲပါပဲ။

မစ်ဒယ်ဘရော့နှင့်ဒါဘီ
နှစ်သင်းစလုံးနိုင်ပွဲတွေ ဆက်တိုက်ရယူနေတဲ့ အသင်းတွေမို့ ဒီပွဲမှာ အပြန် အလှန်ဖိအားပေးမှုတွေနဲ့ အကြိတ်အနယ်ရှိမယ့်ပွဲပါ။ လောလောဆယ် နောက်ဆုံးငါးပွဲမှာ ရှုံးပွဲမရှိအောင် ကစားထားတဲ့မစ်ဒယ်ဘရော့ဟာ ပေးဂိုး လည်း လုံးဝမရှိခဲ့တာမို့ ခြေစွမ်းအကောင်းဆုံးပုံစံရရှိနေပါတယ်။ ဒါဘီတို့က လည်း ပွဲတိုင်းအမှတ်ရအောင်ကစားနေတာမို့ ဒီပွဲမှာလည်း အမှတ်မပါဘဲ အိမ်ပြန်မှာမဟုတ်ပါဘူး၊ ဒီပွဲဟာခြေရည်တူနှစ်သင်းမို့ အမှတ်ခွဲယူရမယ့် ကိန်းဆိုက်သွားနိုင်ပါတယ်။

ဖူလ်ဟမ်နှင့်ရှက်ဖီး
ဒါဘီ၊ ဘော်လတန်၊ အစ်ဆွစ်တို့ကို နိုင်ပွဲရအောင် မကစားနိုင်ဘဲရလဒ်တွေ ဆိုးရွားနေတဲ့ ဖူလ်ဟမ်တို့ဟာ ဒီပွဲမှာတော့ အားထည့်ကစားမှာ ဖြစ်ပါတယ်။ ခံစစ်ပိုင်းယိုယွင်းနေတဲ့ ဖူလ်ဟမ်တို့အတွက်တော့ ရှက်ဖီးတိုက်စစ်မှူးတွေကို ဘယ်လိုဟန့်တားမလဲ ကြည့်ရမှာပါ။ ဖူလ်ဟမ်တို့ အိမ်ကွင်းဆိုပေမယ့် အကြိုက်က ရှက်ဖီးတိုက်စစ်မှူးတွေရဲ့ ကြိုးစားမှုပါပဲ။

ကာဒစ်နှင့်ဘလက်ဘန်း
အမ်ကေဒွန်းစ်နဲ့ ဘာမင်ဂမ်အသင်းတွေကို ရှုံးပွဲကြုံထားတဲ့ ကာဒစ်တို့လည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘလက်ဘန်းတို့ကလည်း ရှုံးပွဲတွေဆက်နေ တာမို့ ဒီပွဲမှာ နိုင်ပွဲရလဒ်ကို ပြန်လည်ရှာဖွေလာပါလိမ့်မယ်။ ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာ တစ်ဂိုးစီသရေပွဲဖြစ်ခဲ့တာမို့ အခုပွဲမှာလည်း လက်ရှိခြေစွမ်းတွေအရ သရေရလဒ်ပဲ ထွက်ပေါ်ဖို့များနေပါတယ်။

ဘန်လေနှင့်အစ်ဝှစ်
တိုက်စစ်မှူးတွေ ခြေစွမ်းပြန်ရလာတဲ့ ဘန်လေဟာ အစ်ဝှစ်ကို အနိုင်ရရေး တိုက်စစ်ဖွင့်ကစားပါလိမ့်မယ်။ ဘန်လေတိုက်စစ်မှူးတွေ ခြေပေါ်ရင် အစ်ဝှစ် ခံစစ်ကြောင်း ထိန်းချုပ်ဖို့ ခက်ခဲမှာမို့ အခုပွဲမှာ အစ်ဝှစ်တို့ပွဲမချောင်ပါဘူး။ ဒါပေမယ့် ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲရလဒ်ကို ကြည့်ရင် အစ်ဝှစ်တို့က နှစ်ဂိုးပြတ်နိုင်ပွဲရထားတာမို့ ဘန်လေဟာ အဲဒီရှုံးကြွေးကို ပြန်ဆပ်ပါလိမ့်မယ်။

လိဒ်ယူနိုက်တက်နှင့်အမ်ကေဒွန်းစ်
ပုံမှန်ခြေစွမ်းရနေတဲ့ လိဒ်ယူနိုက်တက်တို့က နောက်ဆုံးငါးပွဲမှာ တစ်ပွဲမှ မရှုံးအောင် ကစားထားပါတယ်။ ခြေစွမ်းအတက်အကျရှိနေတဲ့ အမ်ကေဒွန်းစ် တို့ကတော့ တိုက်စစ်ရော ခံစစ်မှာပါ အားနည်းချက်ရှိနေပြီး ရလဒ်တွေလည်း ကမောက်ကမဖြစ်နေပါတယ်။ ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာလည်း လိဒ်တို့ပဲနိုင်ပွဲရခဲ့တာမို့ အခုပွဲမှာအိမ်ရှင်တို့ပဲ ရလဒ်ကောင်းကို သိမ်းပိုက်ပါဦး မယ်။ ။

အမျိုးသားလွှတ်တော်အစည်းအဝေး


အမျိုးသားလွှတ်တော်အစည်းအဝေး၌ အစီရင်ခံစာတစ်ခုအတည်ပြုခြင်းနှင့်အစီရင်ခံစာငါးခု တင်သွင်းခြင်းဆောင်ရွက်


Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၃ဝ

ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပ ရာ သဝဏ်လွှာတစ်ခု မှတ်တမ်း တင်ခြင်း၊ အစီရင်ခံစာတစ်ခု အတည်ပြုခြင်းနှင့် အစီရင်ခံစာငါးခု တင်သွင်းခြင်းတို့ကို ဆောင်ရွက် ကြသည်။
အစည်းအဝေးတွင် ကူဝိတ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ထံသို့ပေးပို့သော ကချင်ပြည်နယ် ၌ ဖြစ်ပွားခဲ့သည့် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ထိခိုက်သေဆုံးမှု များအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို လွှတ်တော်က မှတ် တမ်းတင်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့်အတည်ပြုပြီး ပေးပို့လာသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို တတိယအကြိမ်ပြင်ဆင် သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသ ကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာ ကို ကော်မတီဝင်များက လွှတ်တော် သို့ ဖတ်ကြားတင်သွင်းကြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်း ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ် စားလှယ်များ အမည်စာရင်း တင် သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ ပထမအကြိမ်အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေး မှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေးအထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတင်ပြချက် အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးပေါ်လျှံ လွင်က ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြု သည်။
ဆက်လက်၍ အမျိုးသား လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မ တီ၏ ပထမအကြိမ်အမျိုးသား လွှတ်တော် သက်တမ်းကာလများ အတွင်း လုပ်ငန်းဆောင်ရွက်မှုအစီ ရင်ခံစာနှင့် အမျိုးသားလွှတ်တော် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံ ကိန်းများရေးရာကော်မတီ၏ ပထမ ပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေးအထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ တို့ကို ကော်မတီဥက္ကဋ္ဌနှင့် ကော်မ တီဝင်တို့က လွှတ်တော်သို့ ဖတ်ကြား တင်သွင်းကြရာ လွှတ်တော်ဥက္ကဋ္ဌ က ယင်းအစီရင်ခံစာများနှင့် ဆွေး နွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

(သတင်းစဉ်)

အင်္ဂလန်အသင်းမှာနေရာရဖို့ရုန်းကန်နေရတဲ့ ရွန်းနေ

 

ကောင်းမြတ်သူ-စုစည်းသည်

မန်ယူအသင်းခေါင်းဆောင် ရွန်းနေဟာ ချယ်လ်ဆီးနဲ့ ကစားတဲ့ပွဲမှာ ရုန်း ကန်ကြိုးစား ကစားခဲ့ရပါတယ်။ ဒီခြေစွမ်းကို ကြည့်ခြင်းအားဖြင့် ရွန်းနေဟာ သူရဲ့ ဘောလုံးသမားဘဝ သက်တမ်းတစ်လျှောက်မှာတော့ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရွန်းနေရဲ့လက်ရှိ ခြေစွမ်းအရ ပြင်သစ် နိုင်ငံမှာ ကျင်းပမယ့် ယူရို ၂ဝ၁၆ မှာ အင်္ဂလန်အသင်းအတွက် ကစားခွင့်ရဖို့ မလွယ်တဲ့ အနေအထားရှိပါတယ်။ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် နေရာကို အခြားကစားသမားတစ်ဦးက လွှဲပြောင်းရယူသွားနိုင်ပါတယ်။ နည်းပြ ရွိုင်ဟော့ဂ်ဆန်အနေနဲ့ ရွန်းနေကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိရေး စဉ်းစားနေရပြီလို့ဆိုပါတယ်။ လက်ရှိအချိန်မှာ ရွန်းနေ ရဲ့ ပြိုင်ဘက်တွေအဖြစ် ဟယ်ရီကိန်းနဲ့ ဂျိမ်းဗာဒီတို့က အနီးကပ်ခြိမ်းခြောက် လာနေပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ လက်စတာတိုက်စစ်မှူး ဗာဒီ တို့ဟာ လက်ရှိအချိန်မှာ ပရီမီယာလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းသူတွေဖြစ်ကြ ပါတယ်။ စပါးကစားသမားလက်ဒလေကင်းကလည်း ခြေစွမ်းပြကစားနေတာပါ။ ဒါကြောင့် ရွန်းနေဟာ အင်္ဂလန်အသင်းမှာ သူ့ရဲ့နေရာကို ဆက်လက်ထိန်းချုပ် ထားနိုင်ဖို့ မလွယ်တော့ပါဘူး။ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေး



ရေးမြို့နယ် အံဒင်ကျေးရွာအနီး တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဒေသခံများ၏သဘောတူညီမှုရှိသေးမီးကာလအတွင်း စူးစမ်းလေ့လာမှုလုပ်ငန်းများမပြုဘဲ ခေတ္တဆိုင်းငံ့ထား

နေပြည်တော် ဒီဇင်ဘာ ၃ဝ
 
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပရာ မေး ခွန်း ငါးခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းလေးခု အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဖားဆောင်း မဲဆန္ဒနယ်မှ ဦးရဲထွဋ်တင် (ကိုယ် စား) မယ်စဲ့ မဲဆန္ဒနယ်မှ ဦးကျော် ဝင်းခိုင် မေးမြန်းသည့် မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် အနီး ကပ်ဆုံးတွင်တည်ရှိသည့် ဖားဆောင်း မြို့နယ်အတွင်း၌် ကုန်သွယ်ရေးဇုန် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ဖားဆောင်းမြို့နယ် အတွင်း ကုန်သွယ်ရေးဇုန် တည် ဆောက်ပေးရေးမှာ မယ်စဲ့မြို့နယ် နှင့်ဆက်စပ်သည့် ထိုင်းနိုင်ငံဘက် ခြမ်းရှိ ဟွေ့တနွန်မြို့အနေဖြင့် ကုန်းတွင်းပိတ်ဖြစ်နေပြီး ဒေသတွင်း နေပြည်သူများအတွက်သာ တစ်ပိုင် တစ်နိုင် ကုန်သွယ်မှုဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း။
မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းကို ဒေသခံပြည်သူများ ကုန် သွယ်မှုပြုလုပ်နိုင်ရန် ၂ဝ၁၅ ခုနှစ် မေလအတွင်း ဖွင့်လှစ်ပေးခဲ့သော် လည်း ကုန်သွယ်မှုလုပ်ငန်းဆောင် ရွက်မှုမရှိခြင်း၊ ဒေသတွင်းကုန်သွယ် ထုတ်လုပ်မှုနှင့် ထုတ်ကုန်နည်းပါး ခြင်း၊ ဈေးကွက်မရှိခြင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏနည်းပါးခြင်းနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ အခက် အခဲများအရ ဖားဆောင်းမြို့နယ် အတွင်း၌ ကုန်သွယ်ရေးဇုန် တည် ဆောက်ပေးရန် အစီအစဉ်မရှိသေး ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြား သည်။
ထို့နောက် ရေးမဲဆန္ဒနယ်မှ ဒေါ်မိမြင့်သန်း၏ ရေးမြို့နယ် မဟာ ဓာတ်အားလိုင်းလျှပ်စစ်မီးကို ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေတွင် ပါရှိသည့် အတိုင်းဆောင်ရွက်ထားခြင်း ရှိ၊ မရှိနှင့် အံဒင်ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကိစ္စများ အား ဆက်လက်ဆောင်ရွက်ရန် အခြေအနေ ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက လျှပ်စစ်စွမ်း အားဝန်ကြီးဌာနသည် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ရေးမြို့နှင့် ထားဝယ်မြို့များသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃ဝ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပါကြောင်း။
အဆိုပါ ဓာတ်အားလိုင်း၏ EIA, SIAလုပ်ငန်းများ ဆောင် ရွက်ရန် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေပါဝင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်စီမံကိန်းများ ဆောင်ရွက် ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ ပြည်သူလူထု ၏ လူမှုစီးပွားဘဝကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်၍ ဆောင်ရွက်လျက်ရှိပါ ကြောင်း။
မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာအနီး အကောင်အထည် ဖော် တည်ဆောက်မည့် ၁၂၈ဝ မဂ္ဂါဝပ်ရှိသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော်ရန် ကိစ္စကို ဒေသခံပြည်သူများမှ စီမံကိန်း အပေါ် လက်ခံသဘောတူညီမှု ရရှိ ရေးအတွက် ရှင်းလင်းဆွေးနွေးချ ပြသွားရန် ညွှန်ကြားထားပါကြောင်း နှင့် ဒေသခံများ၏ သဘောတူညီမှု မရှိသေးမီကာလအတွင်း EIA, SIA လုပ်ငန်းများအပါအဝင် အခြား သော စူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုဘဲ ခေတ္တဆိုင်းငံ့ ထားပါကြောင်း ဖြေကြားသည်။
ထို့နောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပေးပို့သော လျှပ်စစ် နည်းဥပဒေများနှင့်စပ်လျဉ်း၍ တင် သွင်းထားသည့် ပြင်ဆင်ချက်အဆို အား လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုသည်။
ယင်းနောက် အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့သော ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ၂ဝ၁၅ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကြမ်းနှင့် အခကြေးငွေပေး ရေးဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
 
(သတင်းစဉ်)

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး


အထူးကုန်စည်ခွန်ဥပဒေကြမ်း လွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ်


Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၃ဝ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင်ကျင်းပပြီး ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းနှင့် ဥပဒေကြမ်းသုံးခုနှင့်စပ်လျဉ်းသည့် အစီရင် ခံစာ သုံးခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှပေးပို့သော အထူးကုန်စည်ခွန်ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံး အဖြတ်ရယူ၍ တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုသည်။
ယင်းနောက် အဆိုပါဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က အဆိုတင်သွင်းရာ လွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ်သည်။
ထို့နောက် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း များ ဥပဒေကြမ်းနှင့် ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများကို ပူးပေါင်းကော်မတီ၏ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းကြပြီး လွှတ်တော်နာယကက ယင်းဥပဒေကြမ်းများနှင့်စပ် လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

(သတင်းစဉ်)

မိမိနိုင်ငံဖွံဖြိုးတိုးတက်မှုနှင့်ပထ၀ီအနေအထားပေါ်မှုတည်ပြီး ပြည်သူ့စစ်မဟာဗျူဟာကို နိုင်ငံတော်ကာကွယ်ရေးမူဝါဒအဖြစ်သတ်မှတ်ထား



 
နေပြည်တော် ဒီဇင်ဘာ ၃ဝ
 
မိမိနိုင်ငံသမိုင်းတွင် မြန်မာအမျိုးသမီးများသည် အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြင့်မားပြီး မျိုးချစ်စိတ်ဓာတ်နှင့်အတူ စစ်သွေးစစ်မာန်များ အစဉ် ထက်မြက်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားများသည် ယောက်ျား/မိန်းမ မခွဲခြားဘဲ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်များ အစဉ်ကိန်းအောင်းလျက်ရှိကြောင်း၊ ၁၉၅၄ ခုနှစ် တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အမျိုးသမီးစစ်ဝန်ထမ်းတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ရာ ထူးချွန်ပြောင်မြောက်သည့် အမျိုးသမီး စစ်မှုထမ်းများစွာလည်း ပေါ်ပေါက်ခဲ့ပြီး တပ်မတော် (ကြည်း၊ရေ၊လေ)တွင် အဆင့်၊ ရာထူးအမျိုးမျိုး နှင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ ယခု သင်တန်းဆင်းများအနေဖြင့်လည်း ပေးအပ်လာမည့် တာဝန်များကို ကျေပွန် အောင် ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပသော ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်း အနားတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး နှင့် ရန်ကုန်တပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများကို စစ်ဆေး သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲ များက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ် စဉ် (၂) မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း သိမ့်သိမ့်နွယ်စိုး အား ဆုပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့နိုင်ငံများ၏ တပ်မတော် အများစုတွင် အမျိုးသမီးများကို စစ်မှုထမ်းဆောင်ခွင့်ပေးထားပြီး စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုသည့် အုပ်ချုပ်မှု တာဝန်များအပြင် စစ်မြေပြင်အထိ တိုက်ခိုက်ရေး တာဝန်ကိုပါ ထမ်းဆောင်စေလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံများတွင် အမျိုးသမီးလေသူရဲများအဖြစ် တာဝန်ထမ်းဆောင်နေ ကြကြောင်း၊ သင်တန်းတွင် စစ်ပညာ၊ အုပ်ချုပ်မှုပညာများ၊ စစ်ဘက်ဥပဒေ၊ ခေါင်းဆောင်မှုနှင့် နိုင်ငံတကာ ဆက်ဆံရေးအစရှိသည့် စစ်အတတ်ပညာ များကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်၍ မကြာမီ လက်ရုံးတပ်ဖွဲ့အသီးသီး တွင် တပ်မတော်၏ အဓိကကျသည့် အုပ်ချုပ်မှုဆိုင်ရာတာဝန်များကို လက် တွေ့ကျကျ စတင်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။
မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပထဝီအနေအထားပေါ်မူတည်ပြီး ''ပြည်သူ့စစ် မဟာဗျူဟာ''ကို နိုင်ငံတော်ကာကွယ်ရေးမူဝါဒအဖြစ် သတ်မှတ် ထားကြောင်း၊ ပြည်သူ့စစ်မဟာဗျူဟာဆိုသည်မှာ ပြည်သူကို ဗဟိုပြုထား ခြင်းဖြစ်၍ တပ်မတော်နှင့် ပြည်သူတစ်သားတည်းရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အုပ်ချုပ်မှုစွမ်းရည် ဦးစွာထက်မြက်လာသည်နှင့် စစ်ရေးစွမ်းရည် နှင့် စည်းရုံးရေးစွမ်းရည်လည်း အလိုအလျောက် မြင့်မားတိုးတက်လာ မည်ဖြစ်ကြောင်း၊ အခြေခံအကျဆုံးနှင့်အဓိက လုပ်ငန်းတာဝန်ကြီးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အသက်ပေးထမ်းဆောင်နေရသည့် တပ်မတော်အနေဖြင့် ပိုမိုကျစ်လျစ်ခိုင်မာနေရန် လိုအပ်ကြောင်း၊ ''ဘယ်သူ ခွဲခွဲ တို့မကွဲ၊ အမြဲစည်းလုံးမည်'' ဆိုသည့် တပ်မတော်၏ဆောင်ပုဒ်နှင့်အညီ တပ်တွင်း စည်းလုံးညီညွတ်ရေးကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက် ကြရမည်ဖြစ်ပြီး တစ်ဆက်တည်းတွင် တပ်ပြင်စည်းရုံးရေးကို ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များ ထမ်း ဆောင်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်များ ကျ ရောက်သည့်အချိန်တိုင်း တပ်မတော်သည် ရှေ့ဆုံးက သွားရောက်ကူညီ ခဲ့ကြောင်း၊ ထို့ပြင် သွားလာမှုခက်ခဲသည့်နေရာများအထိ သွားရောက်ပြီး ဆေးဝါးကုသပေးမှုများအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် မွန်မြတ်သော ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထမ်းရွက်နေခြင်းဖြစ်ကြောင်း။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂ဝ)တွင် ''တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်''ဟု အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သကဲ့ သို့ ပြဋ္ဌာန်းချက်များကိုလည်း လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ မည်သို့ပြည့်စုံကောင်းမွန်စေကာမူ နိုင်ငံတော် ကို ကာကွယ်စောင့်ရှောက်မည့် ခေတ်မီတပ်မတော်တစ်ရပ်မရှိခဲ့လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာလည်း အရှည်သဖြင့် မတည်တံ့နိုင်သည်ကို သိရှိ ထားရန်လိုအပ်ကြောင်း။
မိမိတို့နိုင်ငံသည် လူဦးရေများပြားသည့် နိုင်ငံများကြားတွင် တည်ရှိပြီး ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက် တည်နေရာကို ပိုင်ဆိုင်ထားသည့် အတွက် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများဖြစ်သည့် လူဦးရေ စိမ့်ဝင် ထိုးဖောက်လာမှု၊ လူဦးရေမညီမျှမှု ပြဿနာများကို ရင်ဆိုင်ကျော် လွှားနိုင်ရန်လိုကြောင်း၊ တိုင်းရင်းသားအားလုံးသည် မိမိတို့၏ တိုင်းရင်းသား အဖြစ်တည်ရှိမှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုများကို ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားများ၏ ဘဝလုံခြုံရေး၊ ရှင်သန်ရပ်တည်ရေးများအတွက်လည်း အာမခံချက်ရှိသည့် ဥပဒေများနှင့် အရှည်မျှော်တွေးပြီး ကာကွယ်စောင့် ရှောက်သွားရန် လိုအပ်ကြောင်း၊ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို လွှမ်းမိုး အသုံးချခြင်းမခံရအောင် သတိကြီးစွာထားရန်လည်း လိုအပ်ကြောင်း၊ ရရှိခဲ့ ပြီးဖြစ်သည့် သင်ခန်းစာများအပေါ်မူတည်ပြီး တပ်မတော်ကို စွမ်းရည်ပြည့်ဝ သော တပ်မတော်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း။
စည်းကမ်းကောင်းခြင်း၊ အမိန့်နာခံမှုကောင်းခြင်းသည် တပ်၏စွမ်းရည်ကို များစွာ အထောက်အကူပြုကြောင်း၊ တပ်မတော်အစဉ်အလာတွင် စည်းကမ်း ကောင်းမွန်ခြင်းသည် ထိပ်ဆုံးကနေပါရှိပြီး ဆက်လက်ထိန်းသိမ်းခြင်းဖြင့် ဂုဏ်ယူကြရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ပတ်သက်၍ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို လေးလေးစားစား လိုက်နာကြရန် မှာကြားလိုကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် အဖြစ် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ငြိမ်းချမ်းမှုမရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုသည် အလှမ်း ဝေးနေမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်များလည်း နိမ့်ကျနေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပေါင်းစုံနှင့်စုစည်းထားသည့် တပ်မတော်အနေဖြင့် လူမျိုးရေးခွဲခြားမှုလုံးဝ မရှိဘဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွား တိုးတက်မှုကိုသာ အဓိကလိုလားကြောင်း၊ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန် မူဝါဒ(၆)ရပ်ချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံနှင့် ငြိမ်း ချမ်းရေးဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ အားသွန် ခွန်စိုက်ကြိုးပမ်းနေကြောင်း၊ တပ်မတော်၏ ချမှတ်ထားသည့် ငြိမ်းချမ်းရေး မူဝါဒများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုနေကြောင်း၊ ယခုဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ ယင်းဒေသက ပြည်သူများသည်လည်း ဒေသတွင်း ဖွံ့ဖြိုးမှုနှင့် လူမှုစီးပွားဘဝမြင့်မားလာခြင်းဆိုသည့် ငြိမ်းချမ်းရေး၏ အနှစ် သာရကို စတင်ခံစားနေကြရပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ဆို သည်မှာ တိုင်းရင်းသားညီအစ်ကိုအားလုံးတွင် တာဝန်ရှိကြောင်း၊ တိုင်းရင်း သား တစ်ဦးတစ်ယောက်ဆုံးရှုံးခြင်းသည် နိုင်ငံတော်အတွက်လူသားအရင်း အမြစ်တစ်ခု ဆုံးရှုံးခြင်းပင်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် လက်နက်ကိုင် အဖွဲ့များအတွက်လည်း တပ်မတော်အနေဖြင့် အမြဲတမ်းတံခါး ဖွင့်ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကို ငြိစွန်းစေသောအပြုအမူ အပြောအဆိုများကို အထူးဂရုပြု ရှောင်ရှားကြ ရန်မှာကြားလိုကြောင်း။
အမျိုးသမီး စစ်မှုထမ်းအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သူများအနေဖြင့် တပ်မတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်မှုတွင် အထောက်အကူပေးနိုင်အောင် ကြိုးစားဆောင်ရွက် သွားကြရန်၊ သမိုင်းကြောင်းနှင့် ယှဉ်လျက်ရှိသော မြန်မာ့တပ်မတော်၏မွန်မြတ်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ချက်နှင့်အညီ ကျင့်ကြံ နေထိုင်ပြီး တပ်မတော်၏ဂုဏ်ကို ဆောင်နိုင်သော အရာရှိများဖြစ်အောင် ကြိုးစားသွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ကာကွယ် ထိန်းသိမ်း ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးထိုက်သည့် ခေါင်းဆောင် များဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
¤င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်း တပ်ခွဲ များ၏ အလေးပြုခြင်းကိုခံယူသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း သိမ့်သိမ့်နွယ်စိုး၊ သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း သွယ်သွယ်အောင်တို့အား မိဘများနှင့်အတူ တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
 
(မြဝတီ)

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကျင်းပ



Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၃ဝ

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်း အနားကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ကျောင်းဆင်းအရာရှိများနှင့် ¤င်းတို့၏ မိဘဆွေမျိုးများ တက် ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကျောင်းဆင်း အရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများ၊ မိဘ ဆွေမျိုးများနှင့်အတူ ညစာသုံးဆောင် ကြသည်။ ညစာသုံးဆောင်နေစဉ် မြဝတီတေးဂီတအဖွဲ့နှင့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်တီးဝိုင်းအဖွဲ့တို့က တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့် သည်။
ဂုဏ်ပြုညစာစားပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များ၊ ကျောင်းဆင်းအရာရှိ များနှင့် မိဘဆွေမျိုးများသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ မြဝတီတေးဂီတအဖွဲ့နှင့် အငြိမ့် အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှုအားပေးခဲ့ ကြကြောင်း သတင်းရရှိသည်။

(မြဝတီ)

နမ်ဘိုရာ၏မောင်ဖြစ်သူ သေကြောင်းကြံစည်မှုကြောင့်ကွယ်လွန်


တောင်ကိုရီးယားမင်းသမီးချောတစ်ဦး ဖြစ်သည့် နမ်ဘိုရာ၏မောင်ဖြစ်သူသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် ကွယ်လွန်သွားခဲ့ကြောင်း အမ်ဝေ့ဖ်ဒေါ့ကွန်းက ဖော်ပြခဲ့သည်။
ဆေးရုံမှ တာဝန်ရှိသူတစ်ဦး၏ပြောကြား ချက်အရ နမ်ဘိုရာ၏မောင်ဖြစ်သူသည် ဒီဇင်ဘာ ၂၈ ရက်က ကွယ်လွန်သွားခဲ့ရာ သူ၏အလောင်းကို အဆိုပါနေ့ နံနက် ၁ဝ နာရီခွဲခန့်(ကိုရီးယားဒေသစံတော်ချိန်)က ဆေးရုံမှ ထုတ်ယူသယ်ဆောင်သွားခဲ့ပြီဖြစ် ကြောင်း သိရသည်။
နမ်ဘိုရာသည် မွေးချင်း ၁၃ ဦးတွင် ဒုတိယအကြီးဆုံးဖြစ်သည်။
သူသည် အနုပညာနယ်ပယ်သို့ ၂ဝဝ၆ ခုနှစ်က ''Look Back in Anger''ရုပ်ရှင်ဖြင့် စတင်ဝင်ရောက်ခဲ့ကာ ၂ဝဝ၈ခုနှစ်က KBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ရုပ်သံအစီ အစဉ်တစ်ခုဖြစ်သည့် ''ံHuman Theater''တွင် နမ်ဘိုရာသည် သူ၏မွေးချင်းများနှင့်အတူ ပါဝင်တင်ဆက်ခဲ့ပြီး ပရိသတ်၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အေးပြည့်-စုစည်းသည်

မုံရွာမြို့ သီးရိရတနာဈေးဟောင်းတွင် မီးလောင်မှုဖြစ်ပွား


မုံရွာမြို့ပေါ် ဘုရားကြီးရပ်ကွက်ရှိ သီရိရတနာ ဈေးဟောင်းတွင် ဒီဇင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါဈေးရှိ ဆိုင်ခန်း ၇၂ ခန်းပါဝင်သည့် (၉၆x၄၈)ပေ သွပ်မိုး၊ အုတ်ခင်း အကာမပါဈေးရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ အုပ်ချုပ်မှု ယာဉ်များ၊ ဌာနေမီးသတ်ယာဉ်များ၊ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ် အတွင်းမှ မီးသတ်ယာဉ်များ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ် ယာဉ်ခုနစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇ဝ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ ဈေးသူ ဈေးသားများ ဝိုင်းဝန်း ငြှိမ်းသတ်ကြရာ ည ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း နှင့် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ကုန်စုံဆိုင် ရှစ်ခန်း၊ စက်ချုပ်ဆိုင်ခြောက်ခန်း၊ ငှက်ပျောဆိုင်တစ်ခန်း၊ ကွမ်းပစ္စည်း ဆိုင်သုံးခန်း၊ အခန်းလွတ် ၃၈ ခန်း စုစုပေါင်း ဈေးဆိုင်ခန်း ၅၆ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း၊ တိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနမှူး ဦးမင်းစမ်းအေး၊ ခရိုင်စီ/ခန့် ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် တာဝန်ရှိ သူများက အနီးကပ်ကြီးကြပ် စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖိုးချမ်း(မုံရွာ)

စူလီရဲ့ ရုပ်ရှင်သစ် ''Real''


တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''f(x)''မှ အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ကာ ''အလှဆုံးချစ်သူ'' ရုပ်သံဇာတ်လမ်းတွဲတွင် ယောက်ျားလေးတစ်ဦးကဲ့သို့ သရုပ်ဆောင်ခဲ့ပြီး ယင်းရုပ်ရှင်ဖြင့် မြန်မာပရိသတ်နှင့် စတင်ရင်းနှီးခဲ့သော တောင်ကိုရီးယားမင်းသမီးချော စူလီသည် ရုပ်ရှင်သစ် ''Real''တွင် မင်းသား ကင်မ်ဆိုးဟွန်နှင့်အတူ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကေဒရမ်မာဒေါ့ကွန်းက ဖော်ပြခဲ့သည်။
ယင်းရုပ်ရှင်သည် မင်းသားကို အဓိကဇာတ်ဆောင်အဖြစ် ဦးတည်ထားသော ရုပ်ရှင်အမျိုးအစားဖြစ်သောကြောင့် စူလီက ကင်မ်ဆိုးဟွန်အား အကောင်းဆုံးဇာတ်ပို့ပေးသွားမည်ဖြစ်ကြောင်း သူ၏ဇာတ်ကောင်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါရုပ်ရှင်သည် တိုက်ခိုက်ရေးရုပ်ရှင်အမျိုးအစားဖြစ်ကာ မင်းသားကင်မ်ဆိုးဟွန်က ဂိုဏ်းစတားများ၏ ပြဿနာများကို ကူညီဖြေရှင်းပေးသူတစ်ဦးဖြစ်သော ဂျန်တေးယွန်အဖြစ်ပါဝင်သရုပ်ဆောင်ထားသည်။ ဂျန်သည် ကာစီနိုဝိုင်းကိုထူထောင်ကာ သူနေထိုင်ရာမြို့တွင် အင်အားအကြီးဆုံးနှင့် အချမ်းသာဆုံးသူတစ်ဦး ဖြစ်လာရန် ကြိုးပမ်းလိုသည့် ဆန္ဒရှိသူဖြစ်သည်။
စူလီက ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင် ဆင်းယုဟွာအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဂျန်နှင့် ပြန်လည် ထူထောင်ရေးဆေးရုံတစ်ခုတွင် တွေ့ဆုံကာ သိကျွမ်းခဲ့သည်။
ယခုရိုက်ကူးမည့်ရုပ်ရှင်သည် စူလီအတွက် တတိယမြောက်ရုပ်ရှင်ဖြစ်သည်။ ယခင် စူလီရိုက်ကူးခဲ့သော ရုပ်ရှင်များမှာ ''The Pirates'' နှင့် ''Fashion King''တို့ဖြစ်ကြသည်။ စူလီသည် အသက် (၁၁)နှစ်အရွယ်မှစတင်ကာ သရုပ်ဆောင်နယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး ''Ballad of Seodong'' ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသမီးငယ်တစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ရုပ်သံဇာတ်လမ်းတွဲများစွာတို့တွင် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲ ''To The Beautiful You''(အလှဆုံးချစ်သူ)တွင် တောင်ကိုရီးယား အမျိုးသားပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''SHINee ''မှ ချွိုင်မင်ဟိုနှင့်တွဲဖက်ကာ ခေါင်းဆောင်မင်းသမီးနေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
စူလီသည် ဂီတလမ်းကြောင်းပေါ်တွင် အောင်မြင်သည့်တေးသံရှင်တစ်ဦးဖြစ်ခဲ့သော်လည်း သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန် သူ၏တေးဂီတအဖွဲ့ဖြစ်သည့် ''f(x)'' မှ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက နုတ်ထွက်ခဲ့သည်။
အေးပြည့်-စုစည်းသည်

လားရှိုးမြို့၌ (၅)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဆုပေးပွဲ ကျင်းပ


လားရှိုး ဒီဇင်ဘာ ၃ဝ
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၅၈)ကြိမ် မြောက် ကမ္ဘောဇဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဂေါက်ကွင်း၌ ဒီဇင်ဘာ ၂၉ ရက် ညနေ ၆ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် တက်ရောက်ကြသော ဧည့်သည်တော်ကြီးများအား ဂါရဝပြုလက်ဆောင်များပေးအပ်ကာ အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး အမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲမှ ဆုရသူများ အားလည်းကောင်း၊ ဧည့်သည်တော် ဂေါက်သီးရိုက်ပြိုင်ပွဲမှ ဆုရသူများအားလည်းကောင်း၊ အထူးဆုများ၊ အကျောပေးအထူးဆုများ၊ အကျောပေး အသင်းလိုက်ဆုများ၊ အကျောမဲ့ တစ်ဦးချင်းဆုများ၊ အကျောမဲ့ အသင်းလိုက်ဆုများအားလည်းကောင်း တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြသည်။ တံခွန်စိုက်ဆုကို လားရှိုးမြို့ ဂေါက်ကလပ်(F)အသင်းမှ ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လားရှိုးမြို့ ဂေါက်ကလပ်သို့ ရန်ပုံငွေ ကျပ်သိန်း ၅ဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇာဏီအောင်(လားရှိုး)

ပွင့်လင်းရာသီတွင် မန္တလေးဧရာဝတီမြစ်ဆိပ် ချော်ဆိပ်ကမ်းမှ သဲတင်လုပ်ငန်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိ




မန္တလေး ဒီဇင်ဘာ ၃ဝ
မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ်ကမ်းသည် မြို့ခံလုပ်သားများနှင့် နယ်ပေါင်းစုံမှ လာရောက်လုပ်ကိုင်သည့်လုပ်သားများကို အလုပ်အကိုင် အခွင့်အလမ်းများစွာပေးထားသည်။ မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ်ကမ်း တွင် ပေပင်ဆိပ်၊ ချော်ဆိပ်၊ ထင်းဝင်းဆိပ်၊ ဂေါဝန်ဆိပ်၊ မရမ်းခြံဆိပ်တို့ တည်ရှိသည်။ ဆိပ်ကမ်းများထဲမှ ချော်ဆိပ်သည် ဆောက်လုပ်ရေးသုံး သဲများကို အဓိကတင်ပို့ကာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် များစွာအကျိုးပြုလျက်ရှိသည်။
သဲစုပ်လုပ်ငန်းကို စနစ်တကျလုပ်ကိုင်ကြရသည်။ သဲထုတ်ရန်အတွက် ရေယာဉ်လုပ်ငန်း လိုင်စင်ပြုလုပ်ခြင်း၊ ဓာတ်သတ္တုတူးဖော် ရေးဥပဒေအရ အခွန်ဆောင်ပေးခြင်း၊ ဆိပ်ကမ်းခွန်နှင့် စုပုံခွန်၊ဆောက်လုပ်ရေးသုံးပစ္စည်းသိုလှောင်ရောင်းချခြင်းဆိုင်ရာ လိုင်စင်များ ပြုလုပ်ခြင်းများကို စနစ်တကျပြုလုပ်ပြီး ရေအရင်းအမြစ်ဦးစီးဌာနမှသတ်မှတ်ပေးသည့်နေရာတွင် စနစ်တကျတူးဖော်သည့်အတွက် တိုင်းပြည်အတွက်ပါ အခွန်ဝင်ငွေတိုးပွားလျက်ရှိသည်။
ချော်ဆိပ်တွင် သဲတင်ကားများ နေ့စဉ်ပြည့်နှက်ကာ အလုပ်ဖြစ်လျက်ရှိသည်။ သဲလုပ်ငန်းရှင်များ သဲများရောင်းချရာတွင် အထိုင်ဈေး နှင့် အရောက်ပို့ဈေးဟူ၍ နှစ်မျိုးခွဲခြားရောင်းချသည်။ သဲများကို အထိုင်ဈေးတွင် တစ်ကျင်းလျှင် ကျပ် ငါးထောင်ဖြင့်ရောင်းချပြီး အရောက်ပို့ဈေးတွင် သဲတစ်ကျင်းလျှင် ကျပ် တစ်သောင်းအထိရှိသည်။ ရာသီအချိန်အခါ၊ နေရာအနီးအဝေးအလိုက် ဈေးနှုန်းအပြောင်းအလဲ ရှိနေကြောင်း သိရသည်။
သဲတင်ကားများသည် နံနက်ခင်းမှ ညနေအထိ အဆက်မပြတ် တင်ဆောင်ကြသည်။ အများစုတင်သောကားများမှာ ငါးတန်၊ ခြောက်တန် ခြောက်ဘီးကားများ၊ ကားငယ်များ၊ ထော်လာဂျီများဖြင့် လာရောက် တင်ဆောင်ကြသည်။ ငါးတန်၊ ခြောက်တန်ခြောက်ဘီးကားများတွင်သဲလေးကျင်းအထိ တင်ဆောင်ပြီး ထော်လာဂျီများမှာ သဲတစ်ကျင်းခွဲအထိ တင်ဆောင်ကာ ဒိုင်နာကားများမှာသဲနှစ်ကျင်းအထိ သယ်ဆောင်ကြသည်။
ယခုအခါ ချော်ဆိပ်တွင် သဲထုတ်လုပ်မှုမြင့်မားကာ ဆောက်လုပ် ရေးလုပ်ငန်းအတွက် အကျိုးပြုသလို ဒေသခံလုပ်သားများစွာ၊ နယ်မှ လာရောက်လုပ်ကိုင်သော လုပ်သားများစွာတို့ကို အလုပ်အကိုင်အခွင့် အလမ်းပေးရုံသာမက နိုင်ငံတော်အတွက် အခွန်ဝင်ငွေတိုးပွားစေကာ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
(တိမ်တမန်)

ငွေချေးသက်သေခံလက်မှတ်များ တာဝန်ခံရောင်းချပေးမည့်ရုံးချုပ် ရန်ကုန်မြို့ခြောက်ထပ်ရုံးတွင်ဖွင့်လှစ်


ရန်ကုန် ဒီဇင်ဘာ ၃ဝ
မြန်မာ့စတော့ရှယ်ယာ ဈေးကွက် သမိုင်းတွင် ငွေချေးသက်သေခံ လက်မှတ်များကို တာဝန်ခံရောင်းချ ပေးမည့် KBZ Stirling Coleman Securities Co., Ltd. (KBZ-SC Securities)ရုံးချုပ်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ရုံးချုပ် တည်ရှိရာ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square (ယခင်နိုင်ငံတော်၏ ခြောက်ထပ်ရုံး) အဆောက်အအုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ''ကမ္ဘောဇကုမ္ပဏီများအုပ်စုအနေဖြင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကအရေးပါတဲ့ ငွေကြေးအရင်း အနှီးဈေးကွက် လုပ်ငန်းဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေး တွေဆောင်ရွက်နိုင်ရန် အလေးထား ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြန်မာ့စတော့ရှယ်ယာ ဈေးကွက် သမိုင်းမှာ ငွေချေးသက်သေခံ လက်မှတ်တွေကို တာဝန်ခံရောင်းချ ပေးမယ့် ပထမဆုံးနဲ့ တစ်ခုတည်းသော Underwriter ကုမ္ပဏီအဖြစ် တရားဝင်လိုင်စင် ရရှိခဲ့ပါတယ်။ အရင်းအနှီး တိုးမြှင့်လိုတဲ့ စီးပွားရေး လုပ်ငန်းကုမ္ပဏီတွေကို သတ်မှတ်ထား တဲ့ စံချိန်စံညွှန်းတွေနဲ့အညီ Listing ကုမ္ပဏီဖြစ်ရေးအထိ အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးပြီး ယင်းတို့ရဲ့ရှယ်ယာတွေကို ပြည်သူတွေကို တာဝန်ခံရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြံပေးလုပ်ငန်းတွေ၊ Broker လုပ်ငန်း၊ Dealer လုပ်ငန်း တွေနဲ့ နောင်မှာ ကုမ္ပဏီတွေပေါင်း စပ်ခြင်းနဲ့ အစုရှယ်ယာဝယ်ယူခြင်း (Merger & Acquisition – M&A) စတာတွေကို အဆင့်ဆင့်လုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ်'' ဟု ရှင်းလင်း ပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီး ကြပ်ရေးကော်မရှင် (SECM) အဖွဲ့ ဝင်များ၊ ကမ္ဘောဇကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ KBZ SC Securities မှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်၊ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rudolf Rolles နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရုံးချုပ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာနှင့် အုပ်ချုပ်မှု ဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် KBZSC Securities ၏ ရုံးချုပ်သည် ဆူးလေ ဘုရားလမ်းနှင့် ကမ်းနားလမ်းဆုံအနီး ရန်ကုန်မြို့၏ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဗဟိုချက်မနေရာ တွင် တည်ရှိသော နိုင်ငံ့သမိုင်းဝင် ခြောက်ထပ်ရုံးကို ကမ္ဘာ့အဆင့်မီ ရုံးခန်းများအဖြစ် ပြောင်းလဲပြင်ဆင် ထားသည့် Strand Square အဆောက်အအုံကြီးတွင် ဖွင့်လှစ်ထားပြီး ရန်ကုန်စတော့အိတ်ချိန်းနှင့် အနီးဆုံးနေရာတွင် တည်ရှိသည်။ အဆိုပါ အဆောက်အအုံတွင် နိုင်ငံ တကာဘဏ်များနှင့် အာမခံကုမ္ပဏီများ၊ ငွေကြေးနှင့် သက်ဆိုင်သော နိုင်ငံတကာမှ ဝန်ဆောင်မှုကုမ္ပဏီများပါ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
(ကြေးမုံ)

ယခုနှစ်ခရီးသွားရာသီတွင် မင်းလှခံတပ်ကြီးသို့ ဝင်ရောက်လေ့လာသူများပြား


မင်းလှ ဒီဇင်ဘာ ၃ဝ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့ရှိ ရှေးဟောင်းမင်းလှ ခံတပ်ကြီးအား ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြားခရီးသွားများ ဝင်ရောက် လေ့လာမှုများပြားလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့ ဧရာဝတီကမ်းပါးထိပ်တွင် တည်ဆောက်ထားသော မင်းလှ ခံတပ်သည် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြင့် အထူးထင်ရှားသော ရှေးဟောင်း နယ်မြေဖြစ်သည်။ မင်းလှခံတပ်ကို (၁၈၆ဝ-၆၁)ခုနှစ်တွင် ကနောင်မင်းသားကြီးဦးစီး၍ ပြင်သစ်နှင့်အီတလီ အင်ဂျင်နီယာများ၊ နိုင်ငံခြား ပညာတော်သင်ပြန် မြန်မာလူငယ် အင်ဂျင်နီယာများပူးပေါင်း၍ ဧရာဝတီမြစ်မှ ဆန်တက်လာမည့် အင်္ဂလိပ်သင်္ဘောများကို တိုက်ခိုက်နိုင်ရန် ကြီးမားခိုင်ခံ့စွာ တည်ဆောက်ခဲ့သည်။
ခံတပ်ကြီးသည် အရှေ့အနောက်အလျား ၁၈၄ ပေနှင့် တောင်မြောက် အလျား ၁၇၁ ပေ၊ အမြင့်၂၆ ပေရှိ ပြီး နံရံများတွင် စစ်သည်တော်များနေထိုင်ရန်နှင့် ပစ္စည်း ရိက္ခာသိုလှောင်ရန် အခန်းပေါင်း ၂၁ ခန်း ပါဝင်ဖွဲ့စည်းထားသည်။ ခံတပ်အတွင်းပိုင်းမှ အပေါ်တက်ရန် တောင်ဘက်နှင့် မြောက်ဘက်တွင် လှေကား နှစ်စင်းစီ စုစုပေါင်း လှေကား လေးစင်းတပ်ဆင်ထားကာ အနောက် ဘက်အဝင်ပေါက် ဝဲ၊ ယာမှ
ခံတပ်ပေါ်သို့ အမြောက်များတင်ရန် ဆင်ခြေလျှောလမ်းများလည်း ပြုလုပ် ထားသည်။အမြောက်ဒဏ်နှင့် ကျည်ဆန် မဖောက်ဝင်စေရန် နံရံထူကြီးနှစ်ခု ကြား၌ မြေသားများဖို့၍ တည်ဆောက်ထားသည်။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်များ ဝင်ရောက်တိုက်ခိုက်စဉ် မင်းလှခံတပ်မှ မင်းထင်မင်းလှ ရဲခေါင်သူရိန်နှင့် တပ်သား ၅ဝဝ ကျော်တို့က အမြောက်ကြီး ၃၅ လက်၊ ဓား၊ သေနတ်၊ မီးပေါက် စသည် တို့ဖြင့် ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်ခဲ့ကြ သည်။
''မင်းလှခံတပ်ကြီးကို မြန်မာ့ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံကြီးအဖြစ် သတ်မှတ်ပြီး ရှေးဟောင်းသုတေသနနဲ့ စာကြည့်တိုက်ဦးစီးဌာနက ၁၉၅၇ ခုနှစ်ကနေ အခုအချိန်အထိ ပြုပြင် ထိန်းသိမ်းထားပါတယ်။ ခံတပ်ကြီး အတွင်းမှာ ပလတ်စတစ်နဲ့ အမှိုက် ကင်းမဲ့ဇုန်အဖြစ် အမှိုက်ခြင်းတွေ ထားရှိပြီး ဝန်ထမ်းလေးဦးနဲ့ နေ့စဉ် သန့်ရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ ကျွဲ၊ နွားတိရစ္ဆာန်တွေ ဝင်ရောက်မှု၊ ခံတပ်အတွင်း အရက်သေစာ သောက်စားမှုနဲ့ မဖွယ်မရာမှုတွေ မပြုလုပ်ဖို့လည်း အထူးတားမြစ် ထားပါတယ်။ ပြည်တွင်းခရီးသွား တွေအပြင် နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုကလည်း တစ်လကို ပျမ်းမျှ ၁ဝဝ ကျော်ကနေ ၃ဝဝ အထိရှိတယ်''ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် မင်းလှဌာနစိတ်မှ ဒုတိယဦးစီးမှူး ဒေါ်လှဝင်းရီက ပြောသည်။
ကျော်စွာ(မကွေး)

ပါကစ္စတန်နိုင်ငံ မာဒန်မြို့တွင် အသေခံဗုံးပေါက်ကွဲ၊ အနည်းဆုံး လူ ၂၅ ဦးသေဆုံး


အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၃ဝ
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်ပိုင်း မာဒန်မြို့တွင် အသေခံဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး အရပ်သား ၂၅ ဦးသေဆုံးခဲ့ပြီး ၇ဝ ကျော်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
မာဒန်မြို့ရှိ အစိုးရရုံးတစ်ရုံး၏ တံခါးရှေ့တွင် ပြည်သူများက ၎င်းတို့၏နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်လည်ရရှိရန် တန်းစီစောင့်ဆိုင်းနေစဉ် ပေါက်ကွဲစေ သည့် ပစ္စည်းများ လျှို့ဝှက်သယ်ဆောင်လာသော အမျိုး သားတစ်ဦးက အသေခံဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအသေခံဗုံးခွဲခဲ့သည့်အမျိုးသားသည် ပါကစ္စ တန်တာလီဘန်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အခင်းဖြစ်ပွားပြီး မကြာမီတွင် အဆိုပါအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။ ပါကစ္စတန် တာလီဘန်အဖွဲ့သည် နိုင်ငံ၏အင်အားအကြီး ဆုံး အစ္စလာမ္မစ်နိုင်ငံတော်ထူထောင်ရေးအဖွဲ့ဖြစ်သည်။
အစွန်းရောက်အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့များသည် နိုင်ငံ၏အနောက်မြောက်ဘက်ပိုင်းတွင် အခြေချ နေထိုင်လျက်ရှိပြီး အကြမ်းဖက်မှုများကို မကြာခဏ ကျူးလွန်လျက်ရှိသည်။
ပါကစ္စတန်မြေပြင်တပ်ဖွဲ့များက လွန်ခဲ့သည့်နှစ် ဇွန်လမှစပြီး အဆိုပါအကြမ်းဖက်အဖွဲ့များကို တိုက်ခိုက် ချေမှုန်းလျက်ရှိကြောင်း သိရသည်။
ယင်းသို့ပါကစ္စတန်တပ်ဖွဲ့၏ တိုက်ခိုက်ချေမှုန်းမှု များကို လက်တုံ့ပြန်သည့်အနေဖြင့် ယမန်နှစ်ဒီဇင်ဘာ လတွင် ပါကစ္စတန်တာလီဘန်လက်နက်ကိုင်အဖွဲ့က စစ် တပ်ပိုင် စာသင်ကျောင်းတစ်ကျောင်းကို ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ ၁၄၇ ဦးသေဆုံးခဲ့ရသည်။
ယခုအသေခံဗုံးခွဲတိုက်ခိုက်မှုသည်လည်း ပါကစ္စတန် တပ်ဖွဲ့၏တိုက်ခိုက်ချေမှုန်းမှုကို တုံ့ပြန်သည့်လက် တုံ့ပြန်ချက်တစ်ခုဖြစ်သည်ဟု ဒေသခံရဲအရာရှိများက ယူဆကြသည်။
အင်န်အိတ်ခ်ျကေ။

ရေကြီးမှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် အမေရိကန်တွင် သေဆုံးသူ ၄ ဦးထိ မြင့်တက်


ဝါရှင်တန် ဒီဇင်ဘာ ၃ဝ
အမေရိကန်နိုင်ငံတွင် စံချိန်တင်မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံ မှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် သေဆုံးသူအရေအတွက် ၄၈ ဦးအထိ ရှိလာပြီဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များကြောင့် ပြည်နယ်ငါးခုတွင် လူ ၂၇ ဦး သေဆုံးခဲ့သည်။ ဆောင်းရာသီတွင် ရှားရှားပါးပါးဖြစ်ပွားသည့် လေဆင် နှာမောင်းတိုက်ခတ်မှုများကြောင့် တက္ကဆက်ပြည်နယ်အပါအဝင် တောင်ပိုင်း ပြည်နယ်များတွင် လူ ၂ဝ ကျော်သေဆုံးခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်ကတည်းက အနောက်အလယ်ပိုင်းဒေသများတွင် စံချိန်တင်မိုးရွာသွန်းမှုများရှိခဲ့သည်။ ရေကြီးမှုကြောင့် မစ်ဆူရီပြည်နယ် အရှေ့ပိုင်းဒေသအတော်များများတွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး နေအိမ် ခေါင်မိုးများအထိ ရေလွှမ်းမိုးခဲ့သည်။
မစ်ဆူရီပြည်နယ်အစိုးရက အရေးပေါ်အခြေအနေကြေညာထားပြီး ဒေသခံပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားသည်။ အမျိုးသားကာကွယ်ရေးအစောင့်တပ်ကိုလည်း အကူအညီတောင်းခံထားသည်။
မစ်ဆူရီပြည်နယ်ရှိ မစ္စစ္စပီမြစ်တွင်လည်း မြစ်ရေများလျှံတက်နေပြီး ရာသီဥတုဆိုင်ရာတာဝန်ရှိသူများက လာမည့်ရက်အနည်းငယ်အထိ ရေကြီးရေလျှံမှုများဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
အင်န်အိတ်ခ်ျကေ။

အိန္ဒိယ-မြန်မာနယ်စပ်က ဖွံ့ဖြိုးစည်ကားလာသည့် တမူးမြို့


''တပ်မှူး''မြို့ သန္ဓေတည်၍မြန်ရွှေပြည်အနောက် မြောက်ယွန်းကလွမ်းသဖွယ် သာတင့်ထူးလို့ချမ်းမြကြွယ်စာရင်ကျူးရ
တမူးမြို့ရနံ့၊ သင်းပျံ့ထုံထုံ၊မွေးရနံ့ ကစုံစုံ၊သင်းထုံတဲ့ မြို့တမူး။-အလောင်းဘုရား စစ်ချီစဉ်ကအပြန်မှာ တည်ကာထားတဲ့ ''တပ်မှူး''၊ယခုတော့ ''တမူး''၊ မြို့တမူး။
ကျွန်တော်သည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြို့တမူးကို ၁၉၈၅ ခုနှစ်က တစ်ကြိမ်၊ ၂ဝ၁၁ ခုနှစ်က တစ်ကြိမ် နှစ်ကြိမ် ရောက်ရှိခဲ့ဖူးပါသည်။
တမူးမြို့သည် မြန်မာနိုင်ငံ၏ အနောက်မြောက် ယွန်းယွန်း အိန္ဒိယပြည်နယ်စပ်တွင်တည်ရှိပါသည်။ တမူး မြို့ကို သက္ကရာဇ် ၇၃ဝ ခုနှစ်က ''ရွှေမူမြို့'' ၊ သက္ကရာဇ် ၁၁၆၃ ခုနှစ်က ''တပ်မှူးမြို့''ဟု ခေါ်ခဲ့ကြသည်။ ရှမ်းဘာသာ စကားဖြင့်လည်း ''တွမ်မှူးမြို့'' ဟု ခေါ်ကြပါသေးသည်။ ထို့အပြင် ''ကဘော်ချိုင့်ဝှမ်းမြို့တော်''ဟူ၍လည်း အမည် တွင်ပါသေးသည်။ ''ကဘော်'' ဆိုသော ဝေါဟာရစကားမှာ ကသည်းစကားဖြစ်ပါသည်။'' ရှမ်း၊ ဗမာများနေထိုင်သော ဒေသ''ဟု အဓိပ္ပာယ်ရပါသည်။
တမူးမြို့ မြို့လယ်ကောင်တွင် ''တမူးမြို့ ကဘော်ချိုင့်ဝှမ်းမြို့တော်''ဟု ရွှေရောင်စာလုံးဖောင်ြး<ွက မြန်မာမှုကနုတ်ပန်းများဖြင့် ရေးထိုးဂုဏ်ပြု ထားပါသည်။ မြို့လယ်ကောင်က ပန်းခြံနှင့် ပဏာရလှပါ၏။ လှပနေပါ၏။
ရှေးအခါက တမူးနယ်မြေဒေသကို ''ကဘော်ချောင်ဒေသ၊ တမူး ပန်းသာနယ်မြေ၊ တမူး-ခမ်းပတ်နယ်မြေ၊ ပနူးမြစ်ဝှမ်းဒေသ၊ မောရင်္ဂ၊ မောရိယနယ်မြေ''ဟု အမျိုးမျိုးခေါ်ဝေါ်ကြကြောင်း သမိုင်းရာဇဝင်စာအုပ် များတွင် ဖတ်ရဖူးပါသည်။
တမူးမြို့ရှိ ရှေးဟောင်းစေတီပျက်တစ်ဆူကို တူးဖော်ကြရာ ဌာပနာ တွေထဲက ငွေပေလွှာတစ်ခုတွင် ''ရွှေမူမြို့'' ဟု သက္ကရာဇ် ၇၃ဝ ဖြင့် ရေးထိုး ထားသော ကောင်းမှုအလှူ ငွေပေလွှာကို တွေ့ရှိခဲ့ကြရသည်ဟုလည်း တမူးမြို့အထက ရွှေရတုမဂ္ဂဇင်းတွင် ဖတ်ရှုခဲ့ရပါသည်။
တမူးမြို့သည် မြန်မာသက္ကရာဇ် ၁၁၂ဝ ခုနှစ် အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် မဏိပူရသို့ စစ်ချီတိုက်ခိုက်အောင်မြင်ပြီးနောက် တမူးမြို့ ဖြစ်လာမည့်မြေနေရာတွင် ''တပ်မှူးကြီးစက်ရောက်ဘီလူး''ကို ရဲမက်စစ်သည် ၁၅ဝဝ နှင့် အစောင့်ချထားခဲ့ရာမှ မြို့ပြစည်ကားလာပြီး တပ်မှူးမြို့ဟု တွင်စေ ခဲ့ကြောင်း သိရသည်။ ဤကား ''တမူးမြို့ သန္ဓေတည်စအမှန်အစ''ဖြစ်ပါ သည်။
ထို့နောက် မြန်မာသက္ကရာဇ် ၁၁၆၃ ခုနှစ်မှစ၍ မိုးကောင်းစော်ဘွားကြီး စစ်သည်တော်များဖြစ်ကြသော စောခုံခမ်း၊ စောရွှေကြာ၊ စောကျိန်းမယ် စော်ဘွားကြီးသုံးဦးက နယ်ခြားမဟာရာဇာစော်ဘွားများအဖြစ် ကြီးစဉ် ငယ်လိုက် အဆက်ဆက် ဆက်ခံအုပ်ချုပ်ခဲ့ကြောင်းလည်း သိရသည်။
၎င်းစော်ဘွားများ ကွယ်လွန်ကြပြီးနောက် မြို့သူကြီးများအဖြစ် စောခုံခမ်း၏သား ဘိုးအောင်မြ၊ စောရွှေကြာ၏သား ဦးစောနော်၊ ဦးစောနော်၏သား ဦးထွားနီတို့က ဆက်လက်အုပ်ချုပ်ခဲ့ကြသည်။
မြို့သူကြီး ဦးစောနီလက်ထက်တွင် မြန်မာနိုင်ငံတော်ကြီးတစ်ခုလုံး အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ရပြီး မြို့သူကြီးများကို ဖျက်သိမ်းခဲ့ရာမှ တမူးမြို့ခေါ် တပ်မှူးမြို့လေးသည်လည်း ကျေးရွာတစ်ခုအဖြစ်သို့ ရောက်ခဲ့ရသည်။
ထိုအင်္ဂလိပ်လက်ထက်တွင် နယ်ခြားဖြစ်နေ၍ နယ်ခြားစောင့်အဖြစ် ''ကင်းတပ်'' တစ်ခုအမြဲထားရှိ၍ အုပ်ချုပ်ပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်လာ သောအခါ ''မြို့အုပ်ရုံး'' စိုက်၍ ရွာမှ မြို့ဖြစ်လာပြန်သည်။ ထိုအချိန်မှစ၍ ''တမူးမြို့''ဟူ၍ ထင်ရှားလာခဲ့သည်။
တမူးမြို့သည် ရှေးမြန်မာဘုရင် စော်ဘွားများလက်ထက်ကစ၍ တစ်ဖက်နိုင်ငံက သည်းပြည်(မဏိပူရပြည်)နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရှိခဲ့ပါသည်။ မဏိပူရ ကသည်းပြည်သည် မြန်မာလက်အောက်ခံ ပြည်နယ် တစ်ခုဖြစ်ခဲ့၍ လွတ်လပ်စွာကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရှိခဲ့ပါသည်။
ကသည်းလူမျိုးတို့သည် မိမိတို့ရက်လုပ်သောအထည်များ၊ လက်မှုပစ္စည်း များကို တမူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ခြေကျင်ပခုံးထမ်း၍ ရောင်းဝယ်ခဲ့ကြပါသည်။ တမူးဒေသဘက်မှ ထွက်ရှိသော ဆန်စပါး၊ ဆား၊ ဆေးဆိုးရန်ကျွန်းရွက်ခြောက်များကို ဝယ်ယူသွားခဲ့ကြပါသည်။ ဤသို့ဖြင့် တမူးမြို့သည် အိန္ဒိယပြည်ရှိ မဏိပူရနယ်မြေနှင့် ဆက်စပ်နေသဖြင့် ရှေးယခင် ကာလမှစ၍ ကုန်စည်ကူးသန်းရောင်းဝယ်မှုများမပြတ်ရှိခဲ့ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမန်အစိုးရလက်ထက်တွင်လည်း တမူးမြို့၌ ကုန်သည်ကြီးများ ၁ဝ ဦးခန့်နေထိုင်၍ မြန်မာနိုင်ငံဘက်မှ ဆန်၊ စားတော်ပဲနှင့် ပဲမျိုးစုံတို့ကို လိုင်စင်စနစ်ဖြင့် ရောင်းချခဲ့ကြပြီး အိန္ဒိယ ပြည်ဘက်မှ တာယာများ၊ စက်ကိရိယာများနှင့် လူသုံးကုန်ပစ္စည်းများကို ဘာတာစနစ်ခေါ် ကုန်ချင်းဖလှယ်ကြသောစနစ်ဖြင့် ရောင်းဝယ်ဖောက်ကား ခဲ့ကြသည်။
တော်လှန်ရေးအစိုးရ လမ်းစဉ်ပါတီခေတ်တွင်ကား တစ်ပြည်လုံး ပြည်သူပိုင်သိမ်း၍ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်ခဲ့ရာ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို တရားဝင်ခွင့်မပြု၊ ပိတ်ပင်ထားခဲ့သဖြင့် တမူး မြို့နယ်စပ်ကုန်သွယ်ရေးသည် မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်း ဖြစ်သွား ခဲ့ရသည်။ ထိုစဉ်က အိန္ဒိယဘက်မှ ချည်ထုပ်များ ခိုးသွင်းခိုးထုတ်ပြုလုပ်ခဲ့ ရပါသည်။ ဖမ်းမိသော အမျိုးသမီးများ ကုန်ရှုံး၍ မိန်းမပျက်ဘဝသို့ ရောက်ရှိ ခဲ့ကြရပါသည်။
၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီး နောက်ပိုင်းတွင်ကား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့ရာ နယ်စပ်ကုန်သွယ်ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အားပေးဆောင်ရွက်လာခဲ့သည်။ နယ်စပ်မြို့များကို ခရိုင်အထူးမြို့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ အိန္ဒိယ-မြန်မာနယ်စပ်က တမူးမှောင်ခိုမြို့ကလေးသည်လည်း နယ်စပ်ခရိုင်မြို့ကြီးတစ်မြို့အဖြစ် ရောက်ရှိလာခဲ့သည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်က ဖြစ်ပါ သည်။
တမူးခရိုင်မြို့ကြီးဖြစ်လာပြီးနောက် မြို့ကိုလည်း ခရိုင်မြို့ကြီးအဆင့် နှင့် ညီညွတ်လာစေရန် မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ခဲ့ရာ တစ်ဟုန်ထိုးစည်ပင်ဖွံ့ဖြိုးလာခဲ့သည်။ မြို့ပေါ်တွင် ဈေးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ စော်ဘွားအင်းရပ်ကွက်နှင့် စန္ဒကူးရပ်ကွက်ဟူ၍ ရပ်ကွက်ကြီးလေးရပ်ကွက် ဖြစ်ပေါ်လာခဲ့သည်။
ခရိုင်မြို့ကြီးဖြစ်ပြီး ၁၉၉၇ ခုနှစ် ဧပြီ ၁၂ ရက်တွင် အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့နှင့်ကပ်လျက် မြန်မာဘက်ခြမ်းတွင် တမူးမြို့နန်းဖာလုံ နယ်စပ်ဈေးကြီးကိုလည်း ဖွင့်လှစ်ရောင်းချခဲ့ကြသည်။ ထိုအချိန်မှစ၍ တမူးမြို့တွင် ဈေးတန်းရပ်စည်ပင်သာယာမြို့မဈေးကြီးနှင့် မြို့မရပ်ကွက် နန်းဖာလုံနယ်စပ်ဈေးကြီးဟူ၍ ဈေးကြီးနှစ်ဈေးဖြစ်ပေါ်လာခဲ့သည်။ ရောင်းဝယ် ဖောက်ကားသူများဖြင့် စည်ကားလာပြီး တမူးမြို့ကြီးသည်လည်း ခရိုင်မြို့ကြီး အဖြစ် တစ်ဟုန်ထိုးစည်ကားတိုးတက်လာခဲ့ပါသည်။
အသစ်တည်ဆောက်လိုက်သော နန်းဖာလုံနယ်စပ်ဈေးကြီးတွင် ဆိုင်ခန်း ကြီး ၃၃ဝ နှင့် ဆိုင်ခန်းလတ် ၉၆ဝ စုစုပေါင်းဆိုင်ခန်း ၁၂၉ဝ ဖြင့် စည်ကားတိုးတက်လာခဲ့သည်။ မြို့မစည်ပင်သာယာဈေးကြီးထက် နန်းဖာလုံ နယ်စပ်ဈေးက ပို၍အရောင်းသွက်သည်။ ဂျပန်၊ တရုတ်၊ ယိုးဒယားပစ္စည်းစုံ ရောင်းသည်။ တရုတ်နယ်စပ် မူဆယ်-ရွှေလီမှ ကုန်ကားကြီးများဖြင့် တိုက်ရိုက် တင်သွင်းရောင်းချသည်။ အထူးစည်ကား၍ တမူးမြို့သူ မြို့သားများသာမက ကျွန်တော်တို့ ကလေးမြို့၊ ကလေးဝ မြို့သူမြို့သားများပါ ချမ်းသာကြွယ်ဝ လာခဲ့ကြသည်။ တိုက်ပိုင်၊ ကားပိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်ကြီးများ ဖြစ်လာခဲ့သည်။
၂ဝဝ၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် တမူး-ကလေး-ကလေးဝ မြေသားလမ်းမကြီးကို အိန္ဒိယနိုင်ငံက အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမကြီး အဖြစ် ကတ္တရာလမ်းမကြီးကို ဖောက်လုပ်ပေးခဲ့ပြန်ရာ အိန္ဒိယ-မြန်မာနယ်စပ်က တမူးခရိုင်မြို့ကြီးသည်လည်း ပို၍ပို၍ တိုးတက်စည်ကားသွားခဲ့ရပြန်ပါသည်။
ယခုအခါ အိန္ဒိယ-မြန်မာချစ်ကြည်ရေး(တမူး-ကလေး-ကလေးဝ)ကတ္တရာ လမ်းမသစ်ကြီးပေါ်တွင် (AH1) ဟူသော အာရှပတ်လမ်းကြီးဖြစ်ပေါ်ကာ ရန်ကုန်-မန္တလေး-မုံရွာ-ကလေး-ကလေးဝ ကုန်တင်ယာဉ်မျိုးစုံ၊ လိုင်းကားမျိုးစုံ စုန်ဆန်သွားလာပြေးဆွဲပေးလျက်ရှိရာ ယခင်က တစ်ရက်ကြာ၊ တစ်ပတ်ကြာ၊ တစ်လကြာသွားလာခဲ့ရသော တမူးနှင့် ကလေးမှာလည်း အချိန် သုံးနာရီ ဖြင့် နေ့ချင်းပြန် ရေအိုးနှင့်ရေမှုတ်ပမာ နီးကပ်စွာသွားလာနိုင်ခဲ့ရပါတော့သတည်း။
ကလေး - ၀င်းသူ

31.12.2015...ကြေးမုံ ကာတွန်း

ဒေသတွင်းသွားလာမှုအဆင်ပြေအောင် ဆောင်ရွက်ပေးထား


ဝေါ ဒီဇင်ဘာ ၃ဝ
ဒီဇင်ဘာ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁ဝ)တွင် ဖော်ပြထားသော ''စစ်တောင်း တူးမြောင်းမြစ်ကျိုး တာထိပ် အတားအဆီး ပြုလုပ်ထား၊ လယ်ယာလုပ်ငန်းသုံး ယာဉ်များ ဝင်ထွက်သွားလာရန် ခက်ခဲ''ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြ ထားသော သတင်းနှင့်ပတ်သက်၍ ဆည်မြောင်း ဦးစီးဌာန တည်ဆောက် ရေး(၁) တာဝန်ခံက ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းအား ၂ဝ၁၄ ခုနှစ် ဧပြီ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ တာကျိုးအဗျား၊ မြစ်ကျိုးတာပေါင်လမ်းပိုင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအထောက်အကူပြု အဖွဲ့ဝင်များ၊ ဆည်မြောင်းဦးစီးဌာန တည်ဆောက် ရေး(၁)မှ တာဝန်ရှိသူများပါဝင်ပြီး ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိုးယွန်းကြီးခန်းမဆောင်တွင် ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ မြစ်ကျိုး၊ အဗျားတာပေါင် လမ်းပိုင်းအား ရေရှည်တည်တံ့ခိုင်မြဲ စေရန် ယာဉ်/ကုန် ၆ တန် အထက် ယာဉ်များ သွားလာမှုမပြုရန် ဆုံးဖြတ်ခဲ့ကြပြီး တာပေါင်ထိန်းသိမ်းခြင်း လုပ်ငန်းတစ်ရပ်အနေဖြင့် တန်ပိုတာပေါင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုလက်ရှိတွင် ပြုပြင်ဆောင် ရွက်ပြီးဖြစ်၍ တာပေါင်လမ်းအား အသုံးပြုနေသော ဒေသတွင်းမော် တော်ယာဉ်များ၊ အောင်ကျော်စွာ မော်တော်ယာဉ်လိုင်းမှာ နေ့စဉ် မြစ်ကျိုး၊ ဝေါ၊ ပဲခူးခရီးသည်တင်ယာဉ် များ ပြေးဆွဲလျက် ဒေသတွင်း ပြည်သူများအနေဖြင့် ခရီးသွားလာမှု လုံခြုံချောမွေ့စေပြီး ကုန်စည်စီးဆင်းမှု ပုံမှန်ရှိကြောင်း သိသည်။
ဘုန်းသော်(ဝေါ)

နှစ်သစ်ကိုကြို၊ စိတ်သစ်ကိုမွေး





၂ဝ၁၅ ခုနှစ်၏ ရက်ပေါင်း ၃၆၅ ရက်မှာ ယနေ့ကုန်ဆုံးပြီဖြစ်သည်။ နှစ်ဟောင်း ၂ဝ၁၅ ကို ချန်ရစ်၍ မနက်ဖြန်မှစတင်ကာ နှစ်သစ် ၂ဝ၁၆ သို့ ချင်းနင်းဝင်ရောက်တော့မည်ဖြစ်သည်။ နှစ်သစ်သို့ ကူးပြောင်းရာ၌ နှစ်ဟောင်းမှ စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လတို့သည် အချိန်၏သဘော တရားအတိုင်း တရွေ့ရွေ့ ပြောင်းလဲကုန်ဆုံးသွားကြသည်။
ရွေ့လျားနေသောအချိန်ကာလအောက်တွင် လူ့ဘဝများစွာတို့ဖြတ်သန်း နေကြသည်။ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ သေဆုံးခြင်းဟူသော အစ၊ အလယ်၊ အဆုံး သုံးပါးကို အချိန်၏သတ်မှတ်ချက်အတိုင်း စွန့်လွှတ်ကြရသည်။ အချိန်သည် မိမိတို့၏ဘဝ၊ မိမိတို့ဖြတ်သန်းရမည့် ကာလများကို အဆုံးအဖြတ်ပေးနေသည့် အလွန်တိကျသော တရားမင်းဖြစ်သည်ဟု ဆိုနိုင်သည်။
အချိန်၏ရွေ့လျားပြောင်းလဲခြင်းနှင့်အတူ မိမိတို့၏ဘဝများ ပြောင်းလဲလာကြသည်မှာ အမှန်ဖြစ်သည်။ တိကျသေချာသည့် ကူးပြောင်းလဲမှုမှာ အိုမင်း ရင့်ရော်ခြင်းပင်ဖြစ်သည်။ မတိကျမရေရာသည့် ကူးပြောင်းမှုမှာ မိမိတို့ ဖြတ်သန်းခဲ့ရသော ကာလများအတွင်း မိမိတို့ဘဝအတွက် အကောင်းဆုံးနှင့် စိတ်အချရဆုံးဖြစ်အောင် တိကျစွာမလုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်သည်။
သင်သည် ကုန်ဆုံးသွားသောအချိန်ကာလနှင့်အတူ သင့်ဘဝအတွက် သင်ပြုခဲ့သည့်ကံအတိုင်းသာ ခံစားရမည်ဖြစ်သည်။ အချိန်နှင့်အသက်တို့ တရွေ့ရွေ့ကုန်ဆုံးပျောက်ကွယ်သော်လည်း သင်ပြုခဲ့သောကံသတ္တိတို့သည်ကား ကျန်ရစ်ခဲ့လေသည်။ ကောင်းမှု၊ မကောင်းမှုတည်းဟူသော ကံသတ္တိအစွမ်း နည်းခဲ့သော် ချုပ်ပျောက်သွားနိုင်သော်လည်း ကံသတ္တိအစွမ်းကြီးခဲ့သော် သံသရာအစဉ်လိုက်ပါ ကျန်ရစ်လေသည်။
ထို့ကြောင့် အချိန်ကာလသည် တရွေ့ရွေ့ကုန်ဆုံးပျောက်ကွယ်သွား မည်ဖြစ်သလို အချိန်နှင့်အတူလိုက်ပါနေသော မိမိတို့၏ ခန္ဓာအစဉ်အတွက် ကောင်းသောအမှုကို ပြုကြရမည်ဖြစ်သည်။ မိမိခန္ဓာအစဉ်အတွက် ကောင်းအောင်ဆောင်ရွက်ကြရမည်ဖြစ်သလို မိမိမိသားစုအကျိုး၊ မိမိပတ်ဝန်းကျင် အကျိုး၊ မိမိနိုင်ငံအကျိုးများကို ရောက်ဆဲတစ်ခဏတာကာလအတွင်း ဆင်ခြင်ဥာဏ်ဖြင့် သတိတရားလက်ကိုင်ထားကာ ပြုမူဆောင်ရွက်ကြရမည်ဖြစ်ပေသည်။
ကုန်ဆုံးခဲ့သောနှစ်များအတွင်း မိမိတို့ကောင်းသောအမှုကို မည်မျှပြုခဲ့ကြသည်၊ မကောင်းသောအမှုများကို မည်မျှပြုခဲ့ကြသည်တို့ကို မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်မှု ပြုနိုင်ရမည်ဖြစ်သည်။ နောင်တဆိုသည်မှာ နောင်မှတစ်ဖန် ပူပန်ရသောအမှုကိစ္စဖြစ်သည်။ နောင်မှပြန်လည်လုပ်ချင်ရုံဖြင့် ရလိမ့်မည် မဟုတ်ချေ။ အချိန်တို့က တိုက်စားနင်းချေချန်ရစ်ခဲ့ပြီ။ နှောင်းကိစ္စကို အသစ် တစ်ဖန်ပြန်လည်မွေးဖွား၍ ရမည်မဟုတ်ချေ။
ထို့ကြောင့် နောင်တတစ်ဖန် ပူပန်မှုမရှိရလေအောင် မျက်မှောက်ပစ္စက္ခ အချိန်အခါအတွင်းမှာပင် မိမိတို့၏ကောင်းသောအမှုကိစ္စ လုပ်ဆောင်ဖွယ် ရာအားလုံးတို့ကို တစ်ခုမကျန် အမြန်ချက်ချင်း ဆောင်ရွက်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ယခုနှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မည်။ နှစ်ဟောင်းမှ လုပ်ဆောင်ဖွယ်ရာကျန်ရှိသည်များကို ဆက်လက်လုပ် ဆောင်ကြရမည်။
နှစ်ဟောင်းတွင် မိမိတို့ပြုမိခဲ့သည်ရှိသော မကောင်းသောအမှုတို့ကို ထားရစ်ခဲ့ရမည်။ နှစ်ဟောင်းတွင် မိမိတို့ပြုခဲ့ကြသော ကောင်းသောအမှုများ ဆက်လက်တိုးပွားအောင် နှစ်သစ်တွင် ဆက်လက်ဆောင်ကြဉ်းကြရမည်။ နှစ်သစ်တွင် မိမိအကျိုး၊ မိမိ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ မိမိတိုင်းပြည်အကျိုး စသည့် အကျိုးများတိုးပွားအောင် ဆောင်ရွက်ခြင်းနှင့်အတူ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ဆက်လက်သယ်ပိုးကြရမည်။ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နေသောအချိန်အခါသမယတွင် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်ခြင်းဖြင့် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင် အားထုတ်ကြရမည်။
ထို့ကြောင့် နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ အားမာန်သစ်များကို ရယူပိုင်ဆိုင်ကြပြီး နိုင်ငံသူ နိုင်ငံသားအားလုံးတို့သည် ကောင်းသောအမှုများကို စွမ်းဆောင်ကြကာ မိမိအကျိုး၊ အများအကျိုးများကို ဆက်လက် သယ်ပိုးဆောင်ရွက်နိုင်ကြစေရန် ဆန္ဒပြုလိုက်ပါသည်။ ။