Thursday, December 31, 2015

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ တင်ဒါရလဒ်ကြေညာသည့် အခမ်းအနားကျင်းပ



Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၃ဝ

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းသုံးခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရင်းနှီးတည်ဆောက်သ (Developer) ကို နိုင်ငံတကာစံနှုန်များနှင့်အညီ အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါရလဒ် ကြေညာသည့်အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Kenpinski ဟိုတယ် ပုဂံဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ် သတ္တုနှင့် သစ်တောရေးရာဝန်ကြီး၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မတီ ဝင်များ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများကို ဆောင်ရွက်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာများ တက်ရောက်သည်။
ညနေ ၅ နာရီတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ တင်ဒါရလဒ် ကြေညာသည့် အခမ်းအနားကို အဆိုပါ ဟိုတယ်၌ကျင်းပရာ တင်ဒါခေါ်ယူ ရေးနှင့်စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် CPG အကြံပေးကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူတစ်ဦးက ရင်းနှီးတည်ဆောက်သူများ နိုင်ငံတကာအိတ်ဖွင့်တင်ဒါခေါ်ယူနေသည့် လုပ်ငန်းစဉ်များနှင့် တင်ဒါလုပ်ငန်းစဉ်ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူးက တင်ဒါရွေးချယ်မှုစံနှုန်းများကိုလည်းကောင်း၊ အတွင်း ရေးမှူးက တင်ဒါရလဒ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စီမံကိန်းနှစ်ခုကို ဆောင်ရွက်ရန်တင်ဒါအောင်မြင်သည့် စီတစ်အုပ်စုမှ လုပ်ပိုင်ခွင့်ရပုဂ္ဂိုလ် Mr. Chen Xiaojiaက ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းလုပ်ငန်းစဉ် အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စီတစ်အုပ်စုမှ လုပ်ပိုင်ခွင့်ရပုဂ္ဂိုလ်Mr. Chen Xiaojia ထံ တင်ဒါအောင်စာရင်းကို ပေးအပ်ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှု ဇုန်စီမံကိန်းနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်း သုံးခုရှိသည့်အနက် စီတစ်အုပ်စု က ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းများကို တင်ဒါအောင်မြင် ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် သတင်းစာရှင်းလင်းပွဲကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပရာ တက်ရောက်လာသည့် ပြည်တွင်း ပြည်ပမှ သတင်း မီဒီယာများက တင်ဒါအောင်မြင်မှု၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင် အထည်ဖော်မှုအခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ တင်ဒါခေါ်ယူ ရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ညပိုင်းတွင် အဆိုပါဟိုတယ်၌ တင်ဒါရလဒ်ကြေညာသည့် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသည်။
ညစာစားပွဲတွင် လေးဝတီရခိုင်အနုပညာအဖွဲ့က ရိုးရာအကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်ကEBA အဖွဲ့မှ ချီးမြှင့်သည့် International Flag နှင့်Certificate of Attractiveness ဆုကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမြင့်သိန်းထံ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ CPG အကြံပေးကုမ္ပဏီအုပ်စုနှင့် တင်ဒါအောင်မြင်သည့် စီတစ်အုပ်စုတို့မှ တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကား ပြောကြား ကြသည်။
ယင်းနောက် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရင်းနှီးတည်ဆောက် သူများအား စိစစ်ရွေးချယ်ပြီးသည်အထိ စိတ်ရော၊ ကိုယ်ပါ ကူညီဆောင်ရွက် ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

(သတင်းစဉ်)

No comments:

Post a Comment