Thursday, December 31, 2015

ငွေချေးသက်သေခံလက်မှတ်များ တာဝန်ခံရောင်းချပေးမည့်ရုံးချုပ် ရန်ကုန်မြို့ခြောက်ထပ်ရုံးတွင်ဖွင့်လှစ်


ရန်ကုန် ဒီဇင်ဘာ ၃ဝ
မြန်မာ့စတော့ရှယ်ယာ ဈေးကွက် သမိုင်းတွင် ငွေချေးသက်သေခံ လက်မှတ်များကို တာဝန်ခံရောင်းချ ပေးမည့် KBZ Stirling Coleman Securities Co., Ltd. (KBZ-SC Securities)ရုံးချုပ်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ရုံးချုပ် တည်ရှိရာ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square (ယခင်နိုင်ငံတော်၏ ခြောက်ထပ်ရုံး) အဆောက်အအုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ''ကမ္ဘောဇကုမ္ပဏီများအုပ်စုအနေဖြင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကအရေးပါတဲ့ ငွေကြေးအရင်း အနှီးဈေးကွက် လုပ်ငန်းဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေး တွေဆောင်ရွက်နိုင်ရန် အလေးထား ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြန်မာ့စတော့ရှယ်ယာ ဈေးကွက် သမိုင်းမှာ ငွေချေးသက်သေခံ လက်မှတ်တွေကို တာဝန်ခံရောင်းချ ပေးမယ့် ပထမဆုံးနဲ့ တစ်ခုတည်းသော Underwriter ကုမ္ပဏီအဖြစ် တရားဝင်လိုင်စင် ရရှိခဲ့ပါတယ်။ အရင်းအနှီး တိုးမြှင့်လိုတဲ့ စီးပွားရေး လုပ်ငန်းကုမ္ပဏီတွေကို သတ်မှတ်ထား တဲ့ စံချိန်စံညွှန်းတွေနဲ့အညီ Listing ကုမ္ပဏီဖြစ်ရေးအထိ အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးပြီး ယင်းတို့ရဲ့ရှယ်ယာတွေကို ပြည်သူတွေကို တာဝန်ခံရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြံပေးလုပ်ငန်းတွေ၊ Broker လုပ်ငန်း၊ Dealer လုပ်ငန်း တွေနဲ့ နောင်မှာ ကုမ္ပဏီတွေပေါင်း စပ်ခြင်းနဲ့ အစုရှယ်ယာဝယ်ယူခြင်း (Merger & Acquisition – M&A) စတာတွေကို အဆင့်ဆင့်လုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ်'' ဟု ရှင်းလင်း ပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီး ကြပ်ရေးကော်မရှင် (SECM) အဖွဲ့ ဝင်များ၊ ကမ္ဘောဇကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ KBZ SC Securities မှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်၊ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Rudolf Rolles နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရုံးချုပ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာနှင့် အုပ်ချုပ်မှု ဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် KBZSC Securities ၏ ရုံးချုပ်သည် ဆူးလေ ဘုရားလမ်းနှင့် ကမ်းနားလမ်းဆုံအနီး ရန်ကုန်မြို့၏ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဗဟိုချက်မနေရာ တွင် တည်ရှိသော နိုင်ငံ့သမိုင်းဝင် ခြောက်ထပ်ရုံးကို ကမ္ဘာ့အဆင့်မီ ရုံးခန်းများအဖြစ် ပြောင်းလဲပြင်ဆင် ထားသည့် Strand Square အဆောက်အအုံကြီးတွင် ဖွင့်လှစ်ထားပြီး ရန်ကုန်စတော့အိတ်ချိန်းနှင့် အနီးဆုံးနေရာတွင် တည်ရှိသည်။ အဆိုပါ အဆောက်အအုံတွင် နိုင်ငံ တကာဘဏ်များနှင့် အာမခံကုမ္ပဏီများ၊ ငွေကြေးနှင့် သက်ဆိုင်သော နိုင်ငံတကာမှ ဝန်ဆောင်မှုကုမ္ပဏီများပါ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
(ကြေးမုံ)

No comments:

Post a Comment