Thursday, December 31, 2015

စူလီရဲ့ ရုပ်ရှင်သစ် ''Real''


တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''f(x)''မှ အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ကာ ''အလှဆုံးချစ်သူ'' ရုပ်သံဇာတ်လမ်းတွဲတွင် ယောက်ျားလေးတစ်ဦးကဲ့သို့ သရုပ်ဆောင်ခဲ့ပြီး ယင်းရုပ်ရှင်ဖြင့် မြန်မာပရိသတ်နှင့် စတင်ရင်းနှီးခဲ့သော တောင်ကိုရီးယားမင်းသမီးချော စူလီသည် ရုပ်ရှင်သစ် ''Real''တွင် မင်းသား ကင်မ်ဆိုးဟွန်နှင့်အတူ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကေဒရမ်မာဒေါ့ကွန်းက ဖော်ပြခဲ့သည်။
ယင်းရုပ်ရှင်သည် မင်းသားကို အဓိကဇာတ်ဆောင်အဖြစ် ဦးတည်ထားသော ရုပ်ရှင်အမျိုးအစားဖြစ်သောကြောင့် စူလီက ကင်မ်ဆိုးဟွန်အား အကောင်းဆုံးဇာတ်ပို့ပေးသွားမည်ဖြစ်ကြောင်း သူ၏ဇာတ်ကောင်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါရုပ်ရှင်သည် တိုက်ခိုက်ရေးရုပ်ရှင်အမျိုးအစားဖြစ်ကာ မင်းသားကင်မ်ဆိုးဟွန်က ဂိုဏ်းစတားများ၏ ပြဿနာများကို ကူညီဖြေရှင်းပေးသူတစ်ဦးဖြစ်သော ဂျန်တေးယွန်အဖြစ်ပါဝင်သရုပ်ဆောင်ထားသည်။ ဂျန်သည် ကာစီနိုဝိုင်းကိုထူထောင်ကာ သူနေထိုင်ရာမြို့တွင် အင်အားအကြီးဆုံးနှင့် အချမ်းသာဆုံးသူတစ်ဦး ဖြစ်လာရန် ကြိုးပမ်းလိုသည့် ဆန္ဒရှိသူဖြစ်သည်။
စူလီက ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင် ဆင်းယုဟွာအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဂျန်နှင့် ပြန်လည် ထူထောင်ရေးဆေးရုံတစ်ခုတွင် တွေ့ဆုံကာ သိကျွမ်းခဲ့သည်။
ယခုရိုက်ကူးမည့်ရုပ်ရှင်သည် စူလီအတွက် တတိယမြောက်ရုပ်ရှင်ဖြစ်သည်။ ယခင် စူလီရိုက်ကူးခဲ့သော ရုပ်ရှင်များမှာ ''The Pirates'' နှင့် ''Fashion King''တို့ဖြစ်ကြသည်။ စူလီသည် အသက် (၁၁)နှစ်အရွယ်မှစတင်ကာ သရုပ်ဆောင်နယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး ''Ballad of Seodong'' ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသမီးငယ်တစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ရုပ်သံဇာတ်လမ်းတွဲများစွာတို့တွင် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲ ''To The Beautiful You''(အလှဆုံးချစ်သူ)တွင် တောင်ကိုရီးယား အမျိုးသားပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''SHINee ''မှ ချွိုင်မင်ဟိုနှင့်တွဲဖက်ကာ ခေါင်းဆောင်မင်းသမီးနေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
စူလီသည် ဂီတလမ်းကြောင်းပေါ်တွင် အောင်မြင်သည့်တေးသံရှင်တစ်ဦးဖြစ်ခဲ့သော်လည်း သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန် သူ၏တေးဂီတအဖွဲ့ဖြစ်သည့် ''f(x)'' မှ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက နုတ်ထွက်ခဲ့သည်။
အေးပြည့်-စုစည်းသည်

No comments:

Post a Comment