Thursday, December 31, 2015

အိန္ဒိယ-မြန်မာနယ်စပ်က ဖွံ့ဖြိုးစည်ကားလာသည့် တမူးမြို့


''တပ်မှူး''မြို့ သန္ဓေတည်၍မြန်ရွှေပြည်အနောက် မြောက်ယွန်းကလွမ်းသဖွယ် သာတင့်ထူးလို့ချမ်းမြကြွယ်စာရင်ကျူးရ
တမူးမြို့ရနံ့၊ သင်းပျံ့ထုံထုံ၊မွေးရနံ့ ကစုံစုံ၊သင်းထုံတဲ့ မြို့တမူး။-အလောင်းဘုရား စစ်ချီစဉ်ကအပြန်မှာ တည်ကာထားတဲ့ ''တပ်မှူး''၊ယခုတော့ ''တမူး''၊ မြို့တမူး။
ကျွန်တော်သည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြို့တမူးကို ၁၉၈၅ ခုနှစ်က တစ်ကြိမ်၊ ၂ဝ၁၁ ခုနှစ်က တစ်ကြိမ် နှစ်ကြိမ် ရောက်ရှိခဲ့ဖူးပါသည်။
တမူးမြို့သည် မြန်မာနိုင်ငံ၏ အနောက်မြောက် ယွန်းယွန်း အိန္ဒိယပြည်နယ်စပ်တွင်တည်ရှိပါသည်။ တမူး မြို့ကို သက္ကရာဇ် ၇၃ဝ ခုနှစ်က ''ရွှေမူမြို့'' ၊ သက္ကရာဇ် ၁၁၆၃ ခုနှစ်က ''တပ်မှူးမြို့''ဟု ခေါ်ခဲ့ကြသည်။ ရှမ်းဘာသာ စကားဖြင့်လည်း ''တွမ်မှူးမြို့'' ဟု ခေါ်ကြပါသေးသည်။ ထို့အပြင် ''ကဘော်ချိုင့်ဝှမ်းမြို့တော်''ဟူ၍လည်း အမည် တွင်ပါသေးသည်။ ''ကဘော်'' ဆိုသော ဝေါဟာရစကားမှာ ကသည်းစကားဖြစ်ပါသည်။'' ရှမ်း၊ ဗမာများနေထိုင်သော ဒေသ''ဟု အဓိပ္ပာယ်ရပါသည်။
တမူးမြို့ မြို့လယ်ကောင်တွင် ''တမူးမြို့ ကဘော်ချိုင့်ဝှမ်းမြို့တော်''ဟု ရွှေရောင်စာလုံးဖောင်ြး<ွက မြန်မာမှုကနုတ်ပန်းများဖြင့် ရေးထိုးဂုဏ်ပြု ထားပါသည်။ မြို့လယ်ကောင်က ပန်းခြံနှင့် ပဏာရလှပါ၏။ လှပနေပါ၏။
ရှေးအခါက တမူးနယ်မြေဒေသကို ''ကဘော်ချောင်ဒေသ၊ တမူး ပန်းသာနယ်မြေ၊ တမူး-ခမ်းပတ်နယ်မြေ၊ ပနူးမြစ်ဝှမ်းဒေသ၊ မောရင်္ဂ၊ မောရိယနယ်မြေ''ဟု အမျိုးမျိုးခေါ်ဝေါ်ကြကြောင်း သမိုင်းရာဇဝင်စာအုပ် များတွင် ဖတ်ရဖူးပါသည်။
တမူးမြို့ရှိ ရှေးဟောင်းစေတီပျက်တစ်ဆူကို တူးဖော်ကြရာ ဌာပနာ တွေထဲက ငွေပေလွှာတစ်ခုတွင် ''ရွှေမူမြို့'' ဟု သက္ကရာဇ် ၇၃ဝ ဖြင့် ရေးထိုး ထားသော ကောင်းမှုအလှူ ငွေပေလွှာကို တွေ့ရှိခဲ့ကြရသည်ဟုလည်း တမူးမြို့အထက ရွှေရတုမဂ္ဂဇင်းတွင် ဖတ်ရှုခဲ့ရပါသည်။
တမူးမြို့သည် မြန်မာသက္ကရာဇ် ၁၁၂ဝ ခုနှစ် အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် မဏိပူရသို့ စစ်ချီတိုက်ခိုက်အောင်မြင်ပြီးနောက် တမူးမြို့ ဖြစ်လာမည့်မြေနေရာတွင် ''တပ်မှူးကြီးစက်ရောက်ဘီလူး''ကို ရဲမက်စစ်သည် ၁၅ဝဝ နှင့် အစောင့်ချထားခဲ့ရာမှ မြို့ပြစည်ကားလာပြီး တပ်မှူးမြို့ဟု တွင်စေ ခဲ့ကြောင်း သိရသည်။ ဤကား ''တမူးမြို့ သန္ဓေတည်စအမှန်အစ''ဖြစ်ပါ သည်။
ထို့နောက် မြန်မာသက္ကရာဇ် ၁၁၆၃ ခုနှစ်မှစ၍ မိုးကောင်းစော်ဘွားကြီး စစ်သည်တော်များဖြစ်ကြသော စောခုံခမ်း၊ စောရွှေကြာ၊ စောကျိန်းမယ် စော်ဘွားကြီးသုံးဦးက နယ်ခြားမဟာရာဇာစော်ဘွားများအဖြစ် ကြီးစဉ် ငယ်လိုက် အဆက်ဆက် ဆက်ခံအုပ်ချုပ်ခဲ့ကြောင်းလည်း သိရသည်။
၎င်းစော်ဘွားများ ကွယ်လွန်ကြပြီးနောက် မြို့သူကြီးများအဖြစ် စောခုံခမ်း၏သား ဘိုးအောင်မြ၊ စောရွှေကြာ၏သား ဦးစောနော်၊ ဦးစောနော်၏သား ဦးထွားနီတို့က ဆက်လက်အုပ်ချုပ်ခဲ့ကြသည်။
မြို့သူကြီး ဦးစောနီလက်ထက်တွင် မြန်မာနိုင်ငံတော်ကြီးတစ်ခုလုံး အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ရပြီး မြို့သူကြီးများကို ဖျက်သိမ်းခဲ့ရာမှ တမူးမြို့ခေါ် တပ်မှူးမြို့လေးသည်လည်း ကျေးရွာတစ်ခုအဖြစ်သို့ ရောက်ခဲ့ရသည်။
ထိုအင်္ဂလိပ်လက်ထက်တွင် နယ်ခြားဖြစ်နေ၍ နယ်ခြားစောင့်အဖြစ် ''ကင်းတပ်'' တစ်ခုအမြဲထားရှိ၍ အုပ်ချုပ်ပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်လာ သောအခါ ''မြို့အုပ်ရုံး'' စိုက်၍ ရွာမှ မြို့ဖြစ်လာပြန်သည်။ ထိုအချိန်မှစ၍ ''တမူးမြို့''ဟူ၍ ထင်ရှားလာခဲ့သည်။
တမူးမြို့သည် ရှေးမြန်မာဘုရင် စော်ဘွားများလက်ထက်ကစ၍ တစ်ဖက်နိုင်ငံက သည်းပြည်(မဏိပူရပြည်)နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရှိခဲ့ပါသည်။ မဏိပူရ ကသည်းပြည်သည် မြန်မာလက်အောက်ခံ ပြည်နယ် တစ်ခုဖြစ်ခဲ့၍ လွတ်လပ်စွာကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရှိခဲ့ပါသည်။
ကသည်းလူမျိုးတို့သည် မိမိတို့ရက်လုပ်သောအထည်များ၊ လက်မှုပစ္စည်း များကို တမူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ခြေကျင်ပခုံးထမ်း၍ ရောင်းဝယ်ခဲ့ကြပါသည်။ တမူးဒေသဘက်မှ ထွက်ရှိသော ဆန်စပါး၊ ဆား၊ ဆေးဆိုးရန်ကျွန်းရွက်ခြောက်များကို ဝယ်ယူသွားခဲ့ကြပါသည်။ ဤသို့ဖြင့် တမူးမြို့သည် အိန္ဒိယပြည်ရှိ မဏိပူရနယ်မြေနှင့် ဆက်စပ်နေသဖြင့် ရှေးယခင် ကာလမှစ၍ ကုန်စည်ကူးသန်းရောင်းဝယ်မှုများမပြတ်ရှိခဲ့ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမန်အစိုးရလက်ထက်တွင်လည်း တမူးမြို့၌ ကုန်သည်ကြီးများ ၁ဝ ဦးခန့်နေထိုင်၍ မြန်မာနိုင်ငံဘက်မှ ဆန်၊ စားတော်ပဲနှင့် ပဲမျိုးစုံတို့ကို လိုင်စင်စနစ်ဖြင့် ရောင်းချခဲ့ကြပြီး အိန္ဒိယ ပြည်ဘက်မှ တာယာများ၊ စက်ကိရိယာများနှင့် လူသုံးကုန်ပစ္စည်းများကို ဘာတာစနစ်ခေါ် ကုန်ချင်းဖလှယ်ကြသောစနစ်ဖြင့် ရောင်းဝယ်ဖောက်ကား ခဲ့ကြသည်။
တော်လှန်ရေးအစိုးရ လမ်းစဉ်ပါတီခေတ်တွင်ကား တစ်ပြည်လုံး ပြည်သူပိုင်သိမ်း၍ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်ခဲ့ရာ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို တရားဝင်ခွင့်မပြု၊ ပိတ်ပင်ထားခဲ့သဖြင့် တမူး မြို့နယ်စပ်ကုန်သွယ်ရေးသည် မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်း ဖြစ်သွား ခဲ့ရသည်။ ထိုစဉ်က အိန္ဒိယဘက်မှ ချည်ထုပ်များ ခိုးသွင်းခိုးထုတ်ပြုလုပ်ခဲ့ ရပါသည်။ ဖမ်းမိသော အမျိုးသမီးများ ကုန်ရှုံး၍ မိန်းမပျက်ဘဝသို့ ရောက်ရှိ ခဲ့ကြရပါသည်။
၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီး နောက်ပိုင်းတွင်ကား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့ရာ နယ်စပ်ကုန်သွယ်ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အားပေးဆောင်ရွက်လာခဲ့သည်။ နယ်စပ်မြို့များကို ခရိုင်အထူးမြို့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ အိန္ဒိယ-မြန်မာနယ်စပ်က တမူးမှောင်ခိုမြို့ကလေးသည်လည်း နယ်စပ်ခရိုင်မြို့ကြီးတစ်မြို့အဖြစ် ရောက်ရှိလာခဲ့သည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်က ဖြစ်ပါ သည်။
တမူးခရိုင်မြို့ကြီးဖြစ်လာပြီးနောက် မြို့ကိုလည်း ခရိုင်မြို့ကြီးအဆင့် နှင့် ညီညွတ်လာစေရန် မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ခဲ့ရာ တစ်ဟုန်ထိုးစည်ပင်ဖွံ့ဖြိုးလာခဲ့သည်။ မြို့ပေါ်တွင် ဈေးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ စော်ဘွားအင်းရပ်ကွက်နှင့် စန္ဒကူးရပ်ကွက်ဟူ၍ ရပ်ကွက်ကြီးလေးရပ်ကွက် ဖြစ်ပေါ်လာခဲ့သည်။
ခရိုင်မြို့ကြီးဖြစ်ပြီး ၁၉၉၇ ခုနှစ် ဧပြီ ၁၂ ရက်တွင် အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့နှင့်ကပ်လျက် မြန်မာဘက်ခြမ်းတွင် တမူးမြို့နန်းဖာလုံ နယ်စပ်ဈေးကြီးကိုလည်း ဖွင့်လှစ်ရောင်းချခဲ့ကြသည်။ ထိုအချိန်မှစ၍ တမူးမြို့တွင် ဈေးတန်းရပ်စည်ပင်သာယာမြို့မဈေးကြီးနှင့် မြို့မရပ်ကွက် နန်းဖာလုံနယ်စပ်ဈေးကြီးဟူ၍ ဈေးကြီးနှစ်ဈေးဖြစ်ပေါ်လာခဲ့သည်။ ရောင်းဝယ် ဖောက်ကားသူများဖြင့် စည်ကားလာပြီး တမူးမြို့ကြီးသည်လည်း ခရိုင်မြို့ကြီး အဖြစ် တစ်ဟုန်ထိုးစည်ကားတိုးတက်လာခဲ့ပါသည်။
အသစ်တည်ဆောက်လိုက်သော နန်းဖာလုံနယ်စပ်ဈေးကြီးတွင် ဆိုင်ခန်း ကြီး ၃၃ဝ နှင့် ဆိုင်ခန်းလတ် ၉၆ဝ စုစုပေါင်းဆိုင်ခန်း ၁၂၉ဝ ဖြင့် စည်ကားတိုးတက်လာခဲ့သည်။ မြို့မစည်ပင်သာယာဈေးကြီးထက် နန်းဖာလုံ နယ်စပ်ဈေးက ပို၍အရောင်းသွက်သည်။ ဂျပန်၊ တရုတ်၊ ယိုးဒယားပစ္စည်းစုံ ရောင်းသည်။ တရုတ်နယ်စပ် မူဆယ်-ရွှေလီမှ ကုန်ကားကြီးများဖြင့် တိုက်ရိုက် တင်သွင်းရောင်းချသည်။ အထူးစည်ကား၍ တမူးမြို့သူ မြို့သားများသာမက ကျွန်တော်တို့ ကလေးမြို့၊ ကလေးဝ မြို့သူမြို့သားများပါ ချမ်းသာကြွယ်ဝ လာခဲ့ကြသည်။ တိုက်ပိုင်၊ ကားပိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်ကြီးများ ဖြစ်လာခဲ့သည်။
၂ဝဝ၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် တမူး-ကလေး-ကလေးဝ မြေသားလမ်းမကြီးကို အိန္ဒိယနိုင်ငံက အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမကြီး အဖြစ် ကတ္တရာလမ်းမကြီးကို ဖောက်လုပ်ပေးခဲ့ပြန်ရာ အိန္ဒိယ-မြန်မာနယ်စပ်က တမူးခရိုင်မြို့ကြီးသည်လည်း ပို၍ပို၍ တိုးတက်စည်ကားသွားခဲ့ရပြန်ပါသည်။
ယခုအခါ အိန္ဒိယ-မြန်မာချစ်ကြည်ရေး(တမူး-ကလေး-ကလေးဝ)ကတ္တရာ လမ်းမသစ်ကြီးပေါ်တွင် (AH1) ဟူသော အာရှပတ်လမ်းကြီးဖြစ်ပေါ်ကာ ရန်ကုန်-မန္တလေး-မုံရွာ-ကလေး-ကလေးဝ ကုန်တင်ယာဉ်မျိုးစုံ၊ လိုင်းကားမျိုးစုံ စုန်ဆန်သွားလာပြေးဆွဲပေးလျက်ရှိရာ ယခင်က တစ်ရက်ကြာ၊ တစ်ပတ်ကြာ၊ တစ်လကြာသွားလာခဲ့ရသော တမူးနှင့် ကလေးမှာလည်း အချိန် သုံးနာရီ ဖြင့် နေ့ချင်းပြန် ရေအိုးနှင့်ရေမှုတ်ပမာ နီးကပ်စွာသွားလာနိုင်ခဲ့ရပါတော့သတည်း။
ကလေး - ၀င်းသူ

No comments:

Post a Comment