Sunday, November 30, 2014

အာဆင်နယ်အသင်း အဝေးကွင်းတွင် အမှတ်ပြည့်ရယူ

Photo: အာဆင်နယ်အသင်း အဝေးကွင်းတွင် အမှတ်ပြည့်ရယူ

အင်္ဂလန်ပရီမီယာလိဂ် ပွဲစဉ်(၁၃)ကို စနေနေ့ည အစောဆုံးပွဲစဉ်အဖြစ် ဝက်စ်ဘရွန်းနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားရာ အာဆင်နယ်အသင်း အဝေးကွင်းတွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အာဆင်နယ်အသင်းသည် နှစ်ပွဲဆက်တိုက်ရှုံးပွဲကြုံနေရပြီး ယနေ့ပွဲမှ သာ ဒန်နီဝဲလ်ဘတ်၏ မိနစ်၆ဝတွင် သွင်းယူသော တစ်လုံးတည်းဂိုးဖြင့် အနိုင်ရခဲ့သည်။ ဝက်စ်ဘရွန်းအနေဖြင့် သုံးပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ရခြင်း ဖြစ်ခဲ့သည်။ အာဆင်နယ်အသင်း အဝေးကွင်းအနိုင်ရရှိသည့်အတွက် အမှတ် ၂ဝရရှိထားသည်။ အာဆင်နယ်အသင်းသည် နောက်တစ်ပွဲတွင် ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမည်ဖြစ်သည်။

ကောင်းမြတ်သူ-စုစည်းသည်

အာဆီယံဆူဇူကီးပြိုင်ပွဲတွင် ထိုင်းနှင့်မလေးရှာဆီမီးတက်ပြီ မြန်မာအသင်းထိုင်းကို ထပ်မံရှုံးနိမ့်

Photo: အာဆီယံဆူဇူကီးပြိုင်ပွဲတွင် ထိုင်းနှင့်မလေးရှာဆီမီးတက်ပြီ မြန်မာအသင်းထိုင်းကို ထပ်မံရှုံးနိမ့်

စင်ကာပူ   နိုဝင်ဘာ   ၂၉

အာဆီယံ ဆူဇူကီးဖလားဘောလုံး ပြိုင်ပွဲအုပ်စု (က) နောက်ဆုံးပွဲစဉ် များကို ယနေ့ညနေပိုင်းက စင်ကာပူ နိုင်ငံတွင်   ဆက်လက်ကျင်းပရာ မြန်မာအသင်းမှာ   ထိုင်းအသင်းကို နှစ်ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

ထိုင်း - နှစ်ဂိုး
မြန်မာ - ဂိုးမရှိ
ဆီမီးတက်ရေး  မျှော်လင့်ချက် 

အနည်းငယ်ရှိသည့် မြန်မာအသင်းမှာ နိုင်ပွဲရရေး  ကြိုးပမ်းခဲ့သော်လည်း အရှုံးရလဒ်ဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်းမှာ  ယခင်ပွဲများထက် ကစားပုံ     ပိုကောင်းခဲ့သော်လည်း တစ်ကိုယ်တော် ထိုးဖောက်မှုများနေ ခြင်း၊ အဆုံးသတ် မသေချာခြင်းတို့ ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ထိုင်း အသင်းမှာ အုပ်စုသုံးပွဲစလုံး အနိုင်ရရှိ ကာ အုပ်စုပထမနေရာ ရရှိခဲ့သည်။

မြန်မာအသင်းမှာ   ပွဲထွက်လူ စာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂိုး-သီဟစည်သူ၊ နောက်-ဒေးဗစ်ဒန်း၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ စည်သူ အောင်၊ လယ်-မင်းမင်းသူ၊ ဝင်းမင်း ထွဋ်၊ ကြည်လင်း၊ ကျော်ဇေယျာဝင်း၊ စိုးမင်းဦး၊ ရှေ့-ကျော်ကိုကိုတို့ ပါဝင် ကစားခဲ့သည်။   မြန်မာအသင်းမှာ နောက်တစ်ဆင့်တက်ရေး မျှော်လင့် ချက်အနည်းငယ်ရှိ၍ ပွဲစကတည်းက ကြိုးပမ်းခဲ့သော်လည်း   အဆုံးသတ် ဂိုးသွင်းအားနည်းခဲ့၍   ဂိုးမရခဲ့ပေ။ အသင်းခေါင်းဆောင်အဖြစ်  ပါဝင် ကစားခဲ့သည့်ကျော်ကိုကိုမှာ ဂိုးရနိုင် သည့် အပိုင်အခွင့်အရေး လေးကြိမ် ခန့်ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ၁၂ မိနစ်တွင် ကီဆာရွတ်က အဝေး ကန်ချက်ဖြင့် ထိုင်းအတွက် ဂိုးစတင် သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုး ရရှိနိုင်သည့်အခွင့်အရေးများ ထပ်မံရရှိခဲ့သော်လည်း အသုံးမချနိုင် ခဲ့ပေ။ ထိုင်းအသင်းအတွက် ဒုတိယ ဂိုး ၈၄မိနစ်တွင် ပီရာတစ်က ပြစ်ဒဏ် ဘောကို  တိုက်ရိုက်ကန်သွင်းယူခဲ့ သည်။ မြန်မာအသင်းမှာမလိုအပ်ဘဲ တစ်ကိုယ်တော် ထိုးဖောက်မှုများခဲ့၍ ရှုံးသွားရခြင်းဖြစ်သည်။

အမျိုးသားအားကစားကွင်းတွင် ကျင်းပသော   အိမ်ရှင်စင်ကာပူနှင့် မလေးရှားအသင်းတို့ပွဲတွင် မလေးရှား အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။

အုပ်စု(ခ)  ပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက သုံးပွဲနိုင် ကိုးမှတ်ဖြင့် အုပ်စု ပထမ၊ မလေးရှားအသင်းက တစ်ပွဲနိုင်၊  တစ်ပွဲသရေ၊  တစ်ပွဲရှုံး၊ လေးမှတ်ဖြင့်ဆီမီးအဆင့်သို့ တက် ရောက်သွားသည်။ သုံးမှတ်ရရှိသည့် လက်ရှိချန်ပီယံစင်ကာပူနှင့် တစ်မှတ် ရသည့် မြန်မာအသင်းမှာအုပ်စုအဆင့် မှထွက်ခဲ့ရသည်။

ညီမြတ်သော်တာ

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် အာရ်ဘီအီး လူစီးရထား မကြာမီစတင်ပြေးဆွဲမည်

Photo: ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် အာရ်ဘီအီး လူစီးရထား မကြာမီစတင်ပြေးဆွဲမည်

ရန်ကုန်  နိုဝင်ဘာ  ၂၉

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ   သွားလာမှု အဆင်ပြေစေရန် ရန်ကုန်မြို့ ကမ်းနား လမ်းတစ်လျှောက်တွင်   လာမည့် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ အာရ်ဘီအီး လူစီးရထားကို စတင် ပြေးဆွဲပေးတော့မည်   ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ 

'' အခုလို  အာရ်ဘီအီး  လူစီး ရထားကို  ရန်ကုန်မြို့  ကမ်းနားလမ်း တစ်လျှောက် ပြေးဆွဲပေးဖို့  ရည်ရွယ် လုပ်ဆောင်ဖြစ်တာကတော့  ရန်ကုန် မြစ်တစ်ဖက်ကမ်းကနေ    နေ့စဉ် အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန် မြို့တွင်းသွားလာနေကြရတဲ့ ခရီးသည် တွေ   သွားလာတဲ့အခါ  လွယ်ကူ သက်သာပြီး      အချိန်တိုအတွင်း လိုရာခရီးကို   ပို့ဆောင်ပေးနိုင်ဖို့ အပြင်   ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေးနိုင်ဖို့နဲ့ မြို့ပတ်ရထား တွေနဲ့လည်း  ချိတ်ဆက်သွားလာနိုင် စေဖို့ကို ရည်ရွယ်လုပ်ဆောင်ပြေးဆွဲပေးတာဖြစ်ပါတယ်''ဟု    ရထား ပို့ဆောင်ရေးဝန်ကြီးဌာန   မြန်မာ့ မီးရထားမှ   ဦးထွန်းအောင်သင်း အထွေထွေမန်နေဂျာ    (အောက် မြန်မာပြည်)က နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာ့မီးရထား (အောက်မြန်မာပြည်)ရုံး၌   ပြုလုပ် သည့်မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ သည်။ 

ယခုလာမည့် ဒီဇင်ဘာလဆန်း ပိုင်းတွင်    စတင်ပြေးဆွဲပေးမည့် ကမ်းနားလမ်းတစ်လျှောက် အာရ်ဘီ အီး လူစီးရထားတွင် လူစီးတွဲတစ်တွဲ လျှင် ထိုင်ခုံဖြင့်ထိုင်စီးနိုင်သည့် ခရီး သည် ၆ဝ နှင့် ရပ်စီးခရီးသည် ၆ဝ လိုက်ပါစီးနင်းနိုင်သည့် တွဲနှစ်တွဲဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ပြီး နောက် ပိုင်းခရီးသည်များ၏ လိုအပ်ချက်ရှိ ပါက လိုအပ်သလိုတွဲဆိုင်များကို ချိတ် ဆွဲပေးသွားမည်ဖြစ်ကြောင်း   သိရ သည်။ 
 
အဆိုပါ ကမ်းနားလမ်း  တစ် လျှောက်ပြေးဆွဲပေးမည့် အာရ်ဘီအီး ရထားလမ်းကြောင်း   ခရီးစဉ်ကို ကမ်းနားလမ်း   အာရ်ဘီအီး(အေ) ရထား (ပုဇွန်တောင်- ပန်းဆိုးတန်း- ပုဇွန်တောင်)နှင့်   ကမ်းနားလမ်း အာရ်ဘီအီး (ဘီ)ရထား(ပန်းဆိုးတန်း- ထော်လီကွေ့-ပန်းဆိုးတန်း)  ဟူ၍ ခရီးစဉ်နှစ်ဖြတ် စုစုပေါင်းခရီးမိုင် ၃ ဒသမ ၆၆  မိုင်ကို   ပြေးဆွဲပေးမည် ဖြစ်သည်။ အာရ်ဘီအီး (အေ)ရထား (ပုဇွန်တောင်- ပန်းဆိုးတန်း- ပုဇွန် တောင်)ခရီးစဉ်ကို ခရီးသည်တစ်ဦး လျှင် ငွေကျပ် ၁ဝဝ နှုန်းဖြင့်လည်း ကောင်း၊ အာရ်ဘီအီး(ဘီ)ရထား (ပန်းဆိုးတန်း-ထော်လီကွေ့-ပန်းဆိုး တန်း)ခရီးစဉ်ကို ခရီးသည်တစ်ဦး လျှင် ငွေကျပ် ၁ဝဝ နှုန်းတို့ဖြင့် သတ် မှတ်ထားပြီး လက်မှတ်များကို ရထား ပေါ်တွင်ပင်  ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

'' ဒီကမ်းနားလမ်းတစ်လျှောက် အာရ်ဘီအီးခရီးစဉ်မှာ လိုက်ပါစီးနင်း တဲ့  ခရီးသည်တွေအနေနဲ့ ရန်ကုန် မြို့ရဲ့ ကမ်းနားလမ်းတစ်လျှောက်မှာ ရှိတဲ့ရှုခင်းမြင်ကွင်းတွေကို    အထူး တလည်မြင်တွေ့ခံစားနိုင်မှာပါ။အထူး သဖြင့်  နိုင်ငံခြားသားခရီးသွားတွေ ပေါ့ ''ဟု ဦးထွန်းအောင်သင်းက  မြန် မာ့အလင်းသို့ထပ်မံပြောကြားသည်။ 

၎င်းအာရ်ဘီအီး  ရထားသည် အဆိုပါလမ်းကြောင်းပြေးဆွဲရာတွင် ပြည်သူများ    ဖြတ်သန်းသွားလာရာ နေရာများတွင်     ကားများကဲ့သို့   ရပ်တန့်စောင့်ဆိုင်းပြေးဆွဲပေးသွား မည်ဖြစ်သည်။   အာရ်ဘီအီး(အေ) ရထား (ပုဇွန်တောင်- ပန်းဆိုးတန်း- ပုဇွန်တောင်)ခရီးစဉ်တွင် ရပ်နားပေး မည့်  ရပ်စခန်းဘူတာများမှာ  ပုဇွန် တောင် ရပ်စခန်းဘူတာ၊ ရေကျော်ရပ် စခန်းဘူတာ၊  တာဝတိံသာရပ်စခန်း ဘူတာ၊ လင်းစဒေါင်းရပ်စခန်းဘူတာ၊ ဗိုလ်တထောင်  ရပ်စခန်းဘူတာနှင့်  ပန်းဆိုးတန်းရပ်စခန်းဘူတာတို့ဖြစ် ပြီး အာရ်ဘီအီး(ဘီ)ရထား(ပန်းဆိုး တန်း-ထော်လီကွေ့-ပန်းဆိုးတန်း)ခရီးစဉ်တွင်   ပန်းဆိုးတန်းရပ်စခန်း၊ ဆူးလေရပ်စခန်း၊ ရွှေတိဂုံရပ်စခန်း၊ စဥ့်အိုးတန်းရပ်စခန်း၊  မော်တင်ရပ် စခန်း၊ ဝါးတန်းရပ်စခန်းနှင့် ထော်လီ ကွေ့ရပ်စခန်းတို့ဖြစ်ပြီး    ခရီးစဉ် တစ်ဖြတ်တွင် ၂၅ မိနစ်/ နာရီဝက်ခန့် သာ    မောင်းနှင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ယခုပြေးဆွဲပေးမည့်   ကမ်းနား လမ်းတစ်လျှောက် အာရ်ဘီအီးလူစီးရထားလမ်းကြောင်းသည် လွန်ခဲ့သော ၁၈၈ဝ  ခုနှစ်  မတ်လ  ၁  ရက်က ရန်ကုန်မြစ်တစ်လျှောက်ရှိ ဆိပ်ကမ်း များမှ  ကုန်စည်များကို  ကုန်ထုတ် ရထားဖြင့်  သည်ယူပို့ဆောင်နိုင်ရန် အတွက်  ဓနိတောမှ  အလုံအထိ ကုန်ရထားလမ်းနှင့် လမ်းမြှောင်လမ်း တို့ကို မြန်မာ့မီးရထားက ဖွင့်လှစ်ပေး ခဲ့သည်။ ယင်းနောက် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် လင်းစဒေါင်းမှ အလုံအထိ ကုန်ရထားလမ်းပိုင်းကို   ပြန်လည် ဖြုတ်သိမ်းခဲ့ပြီး ယခုပြေးဆွဲပေးမည့် ရထားလမ်းနှင့်  ကားလမ်းတွဲလျက် ပါသော    ကမ်းနားလမ်းသစ်ကြီး ကို   ဖောက်လုပ်ခဲ့ပြီး   ကုန်ရထား ပြေးဆွဲပေးခြင်းလုပ်ငန်းများကို   ပြန် လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 
             
  (မြန်မာ့အလင်း)

ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ သမ္မတပြန်ဖြစ်ရန် ရေပန်းစား

Photo: ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ သမ္မတပြန်ဖြစ်ရန် ရေပန်းစား

ပါရီ  နိုဝင်ဘာ  ၂၉

ပြင်သစ်   ကွန်ဆာဗေးတစ်များအနေဖြင့်    နိုင်ငံရေးလောကသို့ ပြန်လာနိုင်သော နီကိုလတ်ဆာကိုဇီအား လာမည့်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ကြမည်ဟုဆိုသည်။

ပြင်သစ်နိုင်ငံ၏ အဓိကအတိုက်အခံပါတီ ယူအမ်ပီပါတီက ၎င်းတို့ ၏ ဥက္ကဋ္ဌဖြစ်လာနိုင်သောသူအတွက် မဲပေးဆုံးဖြတ်ကြမည်ဖြစ်သည်။

ပြင်သစ်သမ္မတအဖြစ်သက်တမ်းတစ်ကြိမ်   ထမ်းဆောင်ခဲ့သော မစ္စတာဆာကိုဇီသည် အဆိုပါမဲပေးရာတွင်  အနိုင်ရရှိရန်ရေပန်းစားနေသည်။ ပါတီကရွေးချယ်ပေးလိုက်သူသည် ၂ဝ၁၇ ခုနှစ်သမ္မတရွေးကောက်ပွဲအတွက်  သမ္မတလောင်းဖြစ်လာ မည်ဖြစ်သည်။ မဲပေးမှုကာလသည် နှစ်ရက်တာဖြစ်ပြီး     စနေနေ့တွင် အဆုံးသတ်မည်ဖြစ်သည်။

အဆိုပါ  သမ္မတလောင်းရာထူးနေရာအတွက် မစ္စတာဆာကိုဇီသည် ဘရူနိုလီမာရီနှင့်ဟာဗီမာရီတန်တို့ ကို  အဓိကစိန်ခေါ်ရမည်ဖြစ်သည်။ သို့သော်လည်း   သမ္မတလောင်းဆာကိုဇီသည်    ၂ဝ၁၂   သမ္မတ ရွေးကောက်ပွဲတွင်    ရှုံးနိမ့်သွားသော  ဆိုရှယ်လစ်ဝါဒီ  ဖရန်ဆွာ ဟော်လန်ကို အနိုင်ရရှိရန်ရေပန်း  စားနေသည်။ လက်ရှိသမ္မတမစ္စတာ ဟော်လန်သည်  ပြင်သစ်ခေတ်သစ် သမိုင်းတွင်   လူကြိုက်အနည်းဆုံး သမ္မတဖြစ်နေသည်။  ယူအမ်ပီပါတီအနေဖြင့်  ဆာကိုဇီအား ပါတီဥက္ကဋ္ဌ ပြန်ရွေးပြီး  ၂ဝ၁၇  ခုနှစ်  သမ္မတရွေးကောက်ပွဲ    ဝင်ရောက်ဖွယ်ရှိသည်။                        

(ဘီဘီစီ)

မြန်မာ့အလင်းကာတွန်း

Photo: ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)တို့ပူးပေါင်းဆောင်ရွက်သော မသန်စွမ်းသူတို့၏ သန်စွမ်းမှုစွမ်းရည်ပြ(ရန်ကုန်-မန္တလေးခရီးရှည်)ခရီးစဉ်တွင် မသန်စွမ်းအားကစားသမားများ မန္တလေးတိုင်းဒေသ ကြီး ရမည်းသင်းမြို့သို့  နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ရောက်ရှိလာရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ   မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ   က သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုကြသည်ကိုတွေ့ရစဉ်။  

                          အတ်ကလေး(ရမည်းသင်း)

ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)တို့ပူးပေါင်းဆောင်ရွက်သော မသန်စွမ်းသူတို့၏ သန်စွမ်းမှုစွမ်းရည်ပြ(ရန်ကုန်-မန္တလေးခရီးရှည်)ခရီးစဉ်တွင် မသန်စွမ်းအားကစားသမားများ မန္တလေးတိုင်းဒေသ ကြီး ရမည်းသင်းမြို့သို့ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ရောက်ရှိလာရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ က သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုကြသည်ကိုတွေ့ရစဉ်။

အတ်ကလေး(ရမည်းသင်း)

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

အသွင်ကူးပြောင်းရေးတည်ငြိမ်စွာကြိုးပမ်း

နိုင်ငံတော် Stakeholder များနှင့် နိုင်ငံရေးအင်အားစုပါတီများ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမှုသည် ဒီမိုကရက်တစ်နိုင်ငံရေး ယဉ်ကျေးမှုသစ်ပင်ဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတော်၏ အနာဂတ်ရှေ့ခရီးနှင့်နိုင်ငံသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံရေးပါတီများနှင့်အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးလေ့ရှိရာ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် နိုင်ငံရေးပါတီ ၆၇ ပါတီမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအပါအဝင် စုစုပေါင်း ၁၂၆ ဦးတို့နှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်ကလည်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ အမျိုးသားနိုင်ငံရေးအင်အားစုငါးဖွဲ့မှ ခေါင်းဆောင်များနှင့်နိုင်ငံရေးရာဆွေးနွေးပွဲကို ကျင်းပခဲ့ပေသည်။ ယခုတွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံရေးအရ ပိုမိုပေါင်းစည်းလာသော ဝိသေသအဖြစ် တွေ့မြင်ခဲ့ရသည်။

ဤအခမ်းအနားတွင် နိုင်ငံတော်သမ္မတက နိုင်ငံရေးအရရော၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအရရော၊ ငြိမ်းချမ်းရေးအတွက်ပါ မိမိတို့ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သည့်အထဲမှ သိသာထင်ရှားသော ရလဒ်တစ်ခုမှာ နိုင်ငံရေးယဉ်ကျေးမှုသစ် အသက်ဝင်ရှင်သန်လာခြင်းဖြစ်ပါကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများနှင့်နိုင်ငံရေးအင်အားစု အချင်းချင်းအပြန်အလှန် ဖယ်ထုတ်ရန်ကြိုးပမ်းသော နည်းလမ်းများမှ စေ့စပ်ဆွေးနွေး အဖြေရှာကြရန်ဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုသစ် အသက်ဝင်ရှင်သန်လာသည့်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် ယနေ့အထိ လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်နေခြင်း ဖြစ်ပါကြောင်း၊ ထိုအခြေအနေကို ဆက်လက်ဆောင်ကြဉ်းနိုင်ရန် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

မှန်ပေသည်။ စေ့စပ်ဆွေးနွေးခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ဝေဖန်တိုက်ခိုက်ပြောဆိုမှုများကို လျော့ကျစေပြီး ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းဖော်ဆောင်ရာတွင် လက်နက်ကောင်းသဖွယ် ထိရောက်အကျိုးရှိလှပေသည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်နှင့်အညီ ပွင့်လင်းမြင်သာမှုကိုအခြေခံပြီး ပကတိအရှိ တရားအတိုင်း မှန်ကန်သောနည်းလမ်းများဖြင့် စေ့စပ်ဆွေးနွေးမှုများပြုလုပ်၍ အဖြေရှာခြင်းပင် ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဖြစ်စဉ်ရှင်သန်လာမှုသည် သက်ဆိုင်ရာနိုင်ငံရေး အင်အားစုများဖြစ်သည့် လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ခဲ့သဖြင့် သေချာရေရာသောအဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါသည်။ ဆက်လက်၍လည်း ထိုအောင်မြင်မှုများ ဖြစ်ထွန်းရေးအားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်းအားထုတ်ကြဦးမည်ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတွင်နိုင်ငံရေးအရ ယှဉ်ပြိုင်မှုများ၊ အားပြိုင်မှုများ၊ စိန်ခေါ်မှုများရှိလင့်ကစား ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးရရှိထားသည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း၍ တိုင်းပြည်၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးကို တည်ငြိမ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။

ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ လမ်းပိုင်း အာရ်ဘီအီးရထားရပ်စခန်းများ တည်ဆောက်မှုပြီးစီးလုပြီ

Photo: ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ လမ်းပိုင်း အာရ်ဘီအီးရထားရပ်စခန်းများ တည်ဆောက်မှုပြီးစီးလုပြီ

ရန်ကုန်   နိုဝင်ဘာ   ၂၉

 ရန်ကုန်မြို့တွင်းရှိ  ကမ်းနားလမ်းမသစ်၏   အလုံထော်လီကွေ့ရှိ   လျှပ်စစ် ဓာတ်အားပေးစက်ရုံဝင်းရှေ့တွင် ကမ်းနားလမ်းမသစ်တစ်လျှောက် ပုဇွန်တောင်- ပန်းဆိုးတန်း-ထော်လီကွေ့လမ်းပိုင်းကို ဒီဇင်ဘာလဆန်းတွင် အာရ်ဘီအီးရထား စတင်ပြေးဆွဲရန် သက်ဆိုင်ရာမှ  စီစဉ်ဆောင်ရွက်နေသည့် ရထားရပ်စခန်းတစ်ခု  တည်ဆောက် ပြီးစီးလုဖြစ်နေသည်ကို မြင်တွေ့ရသည်။ 
ကမ်နားလမ်းမတစ်လျှောက် အုတ်တံတိုင်းနှင့် ကပ်လျက် ယခင်ရှိခဲ့သော သံလမ်း များပေါ်တွင် အာရ်ဘီအီးရထားများ              
ပြေးဆွဲမည်ဖြစ်ရာ   ပုဇွန်တောင်- ပန်းဆိုးတန်း၊ ပန်းဆိုးတန်း-ထော်လီ ကွေ့ အပိုင်းနှစ်ပိုင်းခွဲခြား ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းလမ်းကြောင်းတွင် ပန်းဆိုးတန်း ရပ်စခန်း၊ ဆူးလေရပ် စခန်း၊ ရွှေတိဂုံ ရပ်စခန်း၊ စဥ့်အိုးတန်း ရပ်စခန်း၊ မော်တင်ရပ်စခန်း၊ ဝါးတန်း ရပ်စခန်း၊ ထော်လီကွေ့ ရပ်စခန်းများ  သတ်မှတ်ထားကြောင်း   သိရသည်။   ဗိုလ်တထောင်ဘုရားဝင်ပေါက်အနီး နှင့်  အလုံထော်လီကွေ့တို့၌  ရပ် စခန်းအဆောက်အအုံများ  တည် ဆောက်ပြီးစီးလုနီးပါးရှိနေပြီ   ဖြစ် သည်ကို  တွေ့ရသည်။
 
အလုံထော်လီကွေ့ရပ်စခန်း အလွန် ကမ်းနားလမ်းမသစ်ကို ဖြတ်၍ ရထားသံလမ်းများရှိသေးသော်လည်း ကမ်းနားလမ်းမဟောင်းပေါ်ရှိ ရထား သံလမ်းများမှာ  မရှိတော့ကြောင်း၊ ယင်းနေရာလမ်းကြောင်းမှတစ်ဆင့် မြို့ပတ်ရထားလမ်းနှင့် ချိတ်ဆက်ကာ ကုန်ရထားတွဲများ  ယခင်ပြေးဆွဲခဲ့ သော်လည်း ကမ်းနားလမ်းမသစ် စတင် အသုံးပြုချိန်တွင်မူ   ကမ်းနားလမ်း  ဖြတ်၍ မြို့ပတ်ရထားလမ်းကြောင်းနှင့် ချိတ်ဆက်၍ ရထားပြေးဆွဲမှုမရှိဘဲ ကမ်းနားလမ်းသစ်တစ်လျှောက်သာ ကုန်ရထားတွဲများ ပြေးဆွဲမှုရှိသည် ဟု အလုံထော်လီကွေ့တွင် နေထိုင်သူ တစ်ဦးကဆိုသည်။ 
           
ခင်ဆိုင်

အာဆီယံဥက္ကဋ္ဌတာဝန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာအခမ်းအနားများတွင် မိမိတို့အနေဖြင့် သက်ဆိုင်ရာကဏ္ဍမှ ပါဝင်ခဲ့သည့်ဆောင်ရွက်ချက်များကို နောင်လာနောက်သားများအား ပြန်လည်မျှဝေ

နေပြည်တော် နိုဝင်ဘာ ၂၉

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေး သည့်အဖွဲ့များ၊ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ ဖလား ၂ဝ၁၅ ခုနှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းတို့နှင့် ပျူရှေးဟောင်း မြို့ကြီး(၃)မြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာထည့်သွင်း နိုင်အောင် ဆောင်ရွက်ခဲ့သူများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံ သော ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်၊ ပြည်ထောင်စုတရားသူ ကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ ဘောလုံးအသင်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ကုမ္ပဏီများမှ အလှူရှင်များ၊ အနုပညာရှင်၊ အတတ် ပညာရှင်များ စုစုပေါင်း ၁၃၆၄ ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာ သော (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေးသည့်အဖွဲ့များ၊ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ၂ဝ၁၅ ခုနှစ် ဘောလုံး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းတို့နှင့် ပျူရှေးဟောင်း မြို့ကြီးသုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာထည့်သွင်းနိုင် အောင် ဆောင်ရွက်ခဲ့သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ဂုဏ်ပြုနှုတ်ဆက်အမှာစကား ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ယခုဧည့်ခံ ပွဲသည် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို အောင်မြင် စွာကျင်းပနိုင်ရန်အတွက် တစ်တပ်တစ် အား ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ ယူ-၂ဝ ကမ္ဘာ့ ဘောလုံး အားကစားပြိုင်ပွဲ၏ ခြေစစ်ပွဲ ကို အောင်မြင်ပြီး ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ ကြသည့် မြန်မာနိုင်ငံမှ ယူ-၁၉ ဘောလုံး အားကစားသမားများနှင့် ပျူရှေးဟောင်းမြို့ကြီးသုံးမြို့အား ကမ္ဘာ့ အမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူ များကို ဂုဏ်ပြုခြင်းလည်းဖြစ်ပါကြောင်း။

၂ဝ၁၄ ခုနှစ်သည် မြန်မာနိုင်ငံ အတွက် အလွန်ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ ၂ဝ၁၄ ခုနှစ် မတိုင်မီကတည်းက ကမ္ဘာ့စီးပွားရေး ဖိုရမ်နှင့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ များကို အိမ်ရှင်အဖြစ် စည်ကား သိုက်မြိုက်စွာဖြင့် ကြီးကျယ်ခမ်းနားစွာ လက်ခံကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံ အတွက် အောင်မြင်မှုလမ်းကြောင်းကို အစပျိုးနိုင်ခဲ့ကြပါကြောင်း။

ယခုနှစ် ဇန်နဝါရီလမှစတင်၍ တစ်နှစ်တာကာလပတ်လုံး နိုင်ငံတော် အဆင့် အာဆီယံထိပ်သီးအစည်း အဝေးများ၊ အရှေ့အာရှထိပ်သီးအစည်း အဝေးများ၊ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး များအပါအဝင် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးများ၊ လုပ်ငန်း အဖွဲ့အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် အောင်မြင်စွာလက်ခံ ကျင်းပပေးနိုင်ခဲ့ကြပါကြောင်း။

ထို့အပြင် အာဆီယံဥက္ကဋ္ဌသက်တမ်း တစ်လျှောက်တွင် ASEAN Institute for Green Economy(AIGE) ကို စတင် ထူထောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌအဖြစ် ဦးစီးဦးဆောင်ပြုဆောင်ရွက်နိုင်စွမ်း အားကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပြင် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံ များ၊ ပြင်ပနိုင်ငံများမှ ချီးကျူးထောက်ခံ အားပေးခဲ့ကြသည်ကို တွေ့ရှိရပါ ကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများ သည် တစ်ဦးတစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုတည်း၏ ဆောင်ရွက်မှု အားဖြင့် ဆောင်ကြဉ်း၍မရနိုင်ပါ ကြောင်း။

၂ဝ၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရာ၌ မူဝါဒပိုင်းဆိုင်ရာ ကြီးကြပ် ညွှန်ကြားသွားနိုင်ရန်နှင့် ဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်ရန် ဖွဲ့စည်းထား သော ၂ဝ၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်းထူထောင်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှု အောက်တွင် ထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ ကျင်းပရေး ကော်မတီနှင့် ဆပ်ကော်မတီ (၁၇) ရပ် ၏ ကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင် ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသည့် သမိုင်းမှတ်တိုင်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

လွန်ခဲ့သော (၁၇)နှစ်က မြန်မာနိုင်ငံ သည် ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခု ဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီးတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ ပါကြောင်း၊ စစ်အေးကာလအတွင်းမှာ မည်သူ့ဘက်ကမှမလိုက်ဘဲ တင်းကျပ် သည့် ကြားနေနိုင်ငံဘဝကနေ ဘက်မ လိုက်သော်လည်း မိမိ၏အခြေခံမူများ ကိုစွဲကိုင်ပြီး နိုင်ငံတကာရေးရာများတွင် တက်ကြွစွာပါဝင်မည်ဟူသည့် ပြောင်းလဲ လာသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ဒီမိုကရေစီသို့ ကူးပြောင်းရန် ကြိုးပမ်းစဉ်ကာလ၌ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာအသိုက်အဝန်း တွင် အခက်အခဲများကို ရင်ဆိုင်ခဲ့ ရသော်လည်း ၂ဝ၁၁ ခုနှစ် မိမိတို့ အစိုးရ တက်ရောက်လာပြီးသည့် နောက်ပိုင်း၌ နိုင်ငံတကာ၏ လက်ခံ မှုကိုရရှိခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်း မှ တက်ကြွစွာ ပါဝင်လာနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း နောက်ပြန် မလှည့်စတမ်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဤသို့ကြိုးပမ်းဆောင်ရွက် မှုကြောင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ တိုးတက်လာခဲ့ပြီး ပြည်သူ များအနေဖြင့် အကျိုးရလဒ်များခံစား လာနိုင်ခဲ့ကြပါကြောင်း၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုသည် အခြေခံလိုအပ်ချက်ဖြစ်ခြင်းကြောင့် ကာလရှည်ကြာစွာ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းပဋိပက္ခကို ငြိမ်းချမ်းအောင် ကြိုးပမ်းဆောင်ရွက် ခဲ့ပါကြောင်း၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း အောင်မြင် စွာကျော်လွှားပြီး စစ်မှန်၍ ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေးကို ရရှိနိုင် လိမ့်မည်ဟု မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ထားပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်တိုးတက်မှုသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု
အပေါ် အခြေခံမည်ဟု ယုံကြည်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုများကိုလည်း ဆောင်ရွက်ခဲ့ ပါကြောင်း။
ပြည်တွင်းရေးသာမက ပြည်ပ ဆက်ဆံရေးတွင်လည်း မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုက်အဝန်းအတွင်း တက်ကြွစွာ ပါဝင်လာနိုင်အောင် ကြိုးပမ်းခဲ့ပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအတွင်း ပါဝင်လာနိုင် အောင် ဆောင်ရွက်ရာတွင် ဒေသ ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော အာဆီယံသည် များစွာအရေးပါပါ ကြောင်း၊ အရှေ့တောင်အာရှဒေသ အတွင်း လွန်ခဲ့သည့် နှစ်(၅ဝ)အတွင်း၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရေးကို ကြိုးပမ်းရာတွင် အာဆီယံသည် အဓိက ကျခဲ့ပြီး ယင်းသို့ ငြိမ်းချမ်းတည်ငြိမ်မှုများကြောင့်လည်း အာဆီယံနိုင်ငံများ အနေဖြင့် ၁၉၇ဝ ခုနှစ်များမှစ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ အာဆီယံသည် တစ်နိုင်ငံချင်း ဆောင်ရွက်မှုမှနေ၍ အစုအဖွဲ့၏အကျိုးကို အထောက်အကူ ပြုခဲ့သည်ကိုတွေ့ရပြီး ဤအစုအဖွဲ့ သည်လည်း အဖွဲ့ဝင်တစ်နိုင်ငံစီကို အပြန်အလှန် အကျိုးပြုနေသည်ကို တွေ့ရပါကြောင်း၊ ယနေ့ကာလတွင်မူ အာဆီယံသည် တိုးတက်ထွန်းကားပြီး ကမ္ဘာပေါ်၌ အောင်မြင်သည့် ဒေသ ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါကြောင်း။

မိမိတို့ အစိုးရတက်လာပြီး နောက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် ၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင် သင့်ပြီဟု ယူဆသည့်အတွက် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူခဲ့ခြင်းဖြစ်ပါကြောင်း၊ အာဆီယံ ဥက္ကဋ္ဌတာဝန်သည် မည်မျှကြီးမားမည် ဆိုသည်ကိုလည်း မှန်းဆခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)ကဲ့သို့ အခြေခံအဆောက်အအုံများကို တည် ဆောက်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင် ရာ လေယာဉ်ကွင်းကိုလည်း နေပြည်တော်တွင် တည်ဆောက်ခဲ့ပါ ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ အင်အားကို ရယူပြီး ဟိုတယ်နေရာထိုင်ခင်းများကို တည်ဆောက်ခဲ့ပါကြောင်း၊ တစ်ဖက် တွင်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်း အားနှင့် တည်ဆောက်ခဲ့သကဲ့သို့ အာဆီယံနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ ၏ အကူအညီကို ရယူခဲ့ပါကြောင်း၊ မိမိထိပ်သီးအစည်းအဝေးပိတ်ပွဲအခမ်း အနားတွင် ပြောကြားခဲ့သကဲ့သို့ ယင်း စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် မိမိ တို့၏ ပင်ကိုစွမ်းအားကိုရယူပြီး အကောင်းဆုံးဖြစ်အောင် ထမ်းဆောင် ခဲ့ပါကြောင်း။

အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင် မှုသည် အာဆီယံထိပ်သီးအစည်းအဝေး ကြီးနှစ်ခုကို အောင်မြင်စွာကျင်းပခြင်း ဖြင့် မပြီးဆုံးပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးက ရာပေါင်းများစွာသော အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ခဲ့ကြရပါကြောင်း၊ ဤလုပ်ငန်းတွင် မြန်မာနိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့် ဧည့်ဝတ်ကျေပွန်မှုကိုပြသနိုင်ခဲ့ ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်အောင် လည်း ဌာနဆိုင်ရာအသီးသီး၊ ပုဂ္ဂလိက ကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူငယ်ထု၊ အမျိုးသမီးထုများ၊ မသန် သော်လည်းစွမ်းသူများ၊ ပြည်သူများနှင့် ပြည်သူ့အခြေပြု အရပ်ဘက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ စာနယ် ဇင်းပုဂ္ဂိုလ်များက တက်ညီလက်ညီ ပါဝင် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့ကြပါကြောင်း၊ ယင်းသို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြ သည့်အတွက် ပါဝင်ဆောင်ရွက်ခဲ့သူ အားလုံးကို ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း။

ပြီးခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသည် မိမိတို့၏ အစဉ်တစိုက်ကြိုးစားအား ထုတ်မှု၏ အထွတ်အထိပ်ကိုရောက်ခဲ့ပါ ကြောင်း၊ အာဆီယံခေါင်းဆောင်နှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ ခေါင်းဆောင်များစုံညီစွာတက်ရောက် ခဲ့ပါကြောင်း၊ အဆိုပါခေါင်းဆောင် များအနက် အများစုသည် မြန်မာနိုင်ငံ နေပြည်တော်ကို ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းခေါင်းဆောင်များသည် မြန်မာ နိုင်ငံနှင့် အာဆီယံအတွက် အကျိုးရှိ မည့် ကတိကဝတ်ပြုချက်များကိုလည်း ပြုလုပ်ခဲ့ကြပါကြောင်း၊ နိုင်ငံတော် အဆင့်ထိပ်သီးအစည်းအဝေးများဖြစ် သည့် (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၊ (၂၅)ကြိမ် မြောက်အာဆီယံထိပ်သီးအစည်းအဝေး၊ (၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးများတွင်လည်း အစည်း အဝေးသဘာပတိ၏ ထုတ်ပြန်ကြေညာ ချက်များ၊ အစီရင်ခံစာများ၊ မှတ်တမ်း များစွာကို အာဆီယံနိုင်ငံများ၏ တူညီ ဆန္ဒကိုရယူပြီး အတည်ပြုထုတ်ပြန်နိုင် ခဲ့ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံများမှ နိုင်ငံ။အစိုးရအဖွဲ့အကြီးအကဲများ၊ မဏ္ဍိုင်(၃)ရပ်များမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စား လှယ်များသာမက ပြည်တွင်းပြည်ပ မီဒီယာများကိုပါ အတတ်နိုင်ဆုံးလိုအပ် ချက်များ ပြည့်စုံအောင် အိမ်ရှင်ပီသစွာ ဧည့်ဝတ် ကျေပွန်စေခဲ့ပါကြောင်း၊ ဝန်ဆောင်မှုများကို နိုင်ငံတကာအဆင့် အတန်းနှင့်လျော်ညီစွာ ပေးအပ်နိုင်ခဲ့ ပါကြောင်း၊ အဓိကအရေးကြီးဆုံး အချက်ဖြစ်သည့် လုံခြုံရေးကိုလည်း မကျိုးပေါက်အောင် ကြပ်မတ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ယခုကဲ့သို့ အောင်မြင်မှုများသည် ဘာသာရပ်ပိုင်းတွင်သာမက စီမံခန့်ခွဲမှု ပိုင်း၌ပါ လိုအပ်ချက်များမရှိအောင် ဆောင်ရွက်နိုင်ခဲ့၍သာ ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မြန်မာ နိုင်ငံမှ ရရှိခဲ့သည့်ရလဒ်များသည် မြန်မာနိုင်ငံသားတိုင်းအတွက် ဂုဏ်ယူ ဖွယ်ရာ၊ ကျေနပ်ပီတိဖြစ်ဖွယ်ရာအဖြစ် ရှိနေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ သမိုင်း တွင် အောင်မြင်မှု မှတ်တိုင်တစ်ခုအဖြစ် ထင်ကျန်ရစ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို အာဆီယံအဖွဲ့ဝင်သက်တမ်း(၁၇)နှစ် တာကာလတွင် ပထမဆုံးအကြိမ် ခက်ခက်ခဲခဲ ရယူထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး နောင်နှစ်ပေါင်း (၁ဝ)နှစ်ကြာမှ သာ ပြန်လည်တာဝန်ထမ်းဆောင်ရ မည်ဖြစ်သည့်အတွက် ယခု ၂ဝ၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အစိုးရနှင့် ပြည်သူလက်တွဲညီညီ ပေါင်းစည်း ဆောင်ရွက်မှုကြောင့် ရရှိ လာသည့် အောင်မြင်မှုရလဒ်သည် နောင်လာနောက်သားတိုင်းအတွက် အတုယူဖွယ်ရာ စံနမူနာကောင်းတစ်ခု အနေဖြင့် နောင်ဆယ်စုနှစ်ပေါင်း များစွာ ရှင်သန်တည်ရှိနေမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို တိုက်တွန်းလိုသည့်အချက်မှာ အာဆီယံ ဥက္ကဋ္ဌတာဝန်နှင့် ပတ်သက်၍ မြန်မာ နိုင်ငံ၏ ဂုဏ်ယူဖွယ်အခမ်းအနားများ တွင် မိမိတို့အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍမှ ပါဝင်ခဲ့သည့် ဆောင်ရွက်ချက် များကို နောင်လာနောက်သားများအား ပြန်လည်မျှဝေနိုင်ရန် မှတ်တမ်းမှတ်ရာ များ သိမ်းဆည်းထားရှိပေးကြရန်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိ တို့၏ အလှည့်ကျဥက္ကဋ္ဌ ဆောင်ပုဒ်ဖြစ် သော ''ရှေ့သို့တူညီတက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ'' ဟူသည့် ဆောင်ပုဒ်အတိုင်း အာဆီယံ အသိုက်အဝန်းထူထောင်ရန် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးတိုးတက်သော အာဆီယံ ဒေသကြီးဖြစ်အောင် တာဝန်သိ အဖွဲ့ဝင်တစ်ဦးအနေဖြင့် အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အာဆီယံဥက္ကဋ္ဌ ဆောင်ရွက်မှုနှင့် အတူ အားကစားပိုင်းတွင်လည်း မြန်မာ နိုင်ငံအနေဖြင့် မိမိ၏ ပင်ကိုစွမ်း ရည်ကို ပြန်လည်ပြသနိုင်ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပွဲကြီးကို အောင်မြင်စွာ ကျင်းပခဲ့ပြီးသည့် နောက် ပိုင်းတွင် မြန်မာနိုင်ငံမှ အားကစား သမားများ၏ စွမ်းရည်ကို နိုင်ငံတကာ သို့ ပြသနိုင်သည့် အခွင့်အရေးရရှိခဲ့ပါ ကြောင်း၊ အတိတ်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင်သာမက အာရှ ၌ပါ မြန်မာ့အားကစားသမားများက လွှမ်းမိုးခဲ့ကြပါကြောင်း၊ ၂ဝ၁၄ ခုနှစ် အာရှဘောလုံး ဖက်ဒရေးရှင်း၏ အသက် (၁၉)နှစ်အောက် (၃၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ ပါကြောင်း၊ ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံနှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံများတွင် ကျင်းပခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံသည် ကွာတား ဖိုင်နယ်တွင် ယူအေအီးနိုင်ငံကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဆီမီး ဖိုင်နယ်တက်ခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ခြေစစ်ပွဲအောင်မြင် ပြီး ကာတာ၊ ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဥဇဘက် ကစ္စတန်နိုင်ငံ များနှင့်အတူ ၂ဝ၁၅ ခုနှစ် နယူးဇီလန် တွင်ကျင်းပမည့် နိုင်ငံတကာဘောလုံး ဖက်ဒရေးရှင်း၏ အသက် (၂ဝ)အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ယူ-၁၉ ဘောလုံး အဖွဲ့၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ ၏ ဂုဏ်ယူစရာကောင်းသည့်အောင်မြင် မှုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အောင်မြင် မှုရှိအောင် အားကစားသမားများ အနေဖြင့် စိတ်ဓာတ်၊ နည်းစနစ်၊ လေ့ကျင့်မှုနှင့် သက်လုံကောင်းမှုများ မည်မျှ ကြိုးပမ်းရမည်ဆိုသည်ကို မှန်းကြည့်၍ရနိုင်ပါကြောင်း၊ ယင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေး သော အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များ၊ ကလပ်အသင်းများနှင့် အဘက်ဘက်မှ ပံ့ပိုးသူများကို ကျေးဇူးတင်ရှိကြောင်း ဤနေရာမှ ပြောကြားလိုကြောင်း၊ ''မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်'' ဟူသည့်ဆောင်ပုဒ်ကို အပြော သာမဟုတ်ဘဲ အလုပ်ဖြင့်လက်တွေ့ ဖော်ပြရမည်ဖြစ်ပါကြောင်း၊ အားကစားတွင် အောင်မြင်မှုများသည် နိုင်ငံ တစ်နိုင်ငံ၏ အရည်အသွေး၊ နိုင်ငံ ဂုဏ်သိက္ခာကို ဖော်ပြနေခြင်းဖြစ် သည့်အတွက် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ရှာဖွေ ဖော်ထုတ်ကာ မြေတောင်မြှောက်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ ဖော်ထုတ်ကြသည့်နေရာတွင် ထူးချွန်သော အားကစားအပြင် အားကစားစိတ်ဓာတ်ပြည့်ဝစွာရှိသည့် အားကစားသမားများနှင့် တရား မျှတစွာအားပေးသူများလည်း ရှိရမည် ဖြစ်ပါကြောင်း။

နောက်ဆုံးအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဟန်လင်း၊ မကွေး တိုင်းဒေသကြီး မကွေးခရိုင် ဗိဿနိုး နှင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သရေခေတ္တရာ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုစကားပြောကြားလိုပါကြောင်း၊ မိမိတို့မြန်မာ နိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝလှသည့်အပြင် သမိုင်းမတင်မီ ခေတ် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုများမှသည် နှစ်ပေါင်း (၂ဝဝဝ)ဝန်းကျင်ကတည်းက မြို့ပြယဉ်ကျေးမှု အဆင့်အတန်း မြင့်မားနေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအနှံ့တွင်တည်ရှိနေသော အမွေအနှစ်များသည် မိမိတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ပြနေသကဲ့သို့ နောင်မျိုးဆက်သစ် များအထိ ဆက်လက်တည်တံ့နေရန် အတွက်လည်း အဘက်ဘက်က ဝိုင်းဝန်း ထိန်းသိမ်းလျက်ရှိနေပါကြောင်း၊ ယင်း ယဉ်ကျေးမှုအမွေအနှစ်များကို မြန်မာ တွေသာမက ကမ္ဘာကပါသိအောင်၊ တန်ဖိုးထားလာအောင်၊ ဝိုင်းဝန်း စောင့်ရှောက်ပေးနိုင်အောင်လည်း ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ဆောင်ရွက်နိုင်ရန် ၁၉၉၄ ခုနှစ် ကတည်းက ယူနက်စကို၊ ကမ္ဘာ့ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက် ခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ် နိုင်ရေးအတွက် မြန်မာ့အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ရှစ်ခုကို အဆိုပြုစာရင်း UNESCO သို့ တင်သွင်းခဲ့ပါကြောင်း၊ ၂ဝ၁ဝ ခုနှစ် တွင်မူ အဆိုပြုစာရင်းများအနက် အလွန်ရှေးကျသည့် ပျူမြို့ဟောင်း သုံးမြို့ကို ဦးစွာတင်သွင်းရန် ရွေးချယ် ခဲ့ကြပါကြောင်း။

၂ဝ၁၁ ခုနှစ်မှ စတင်၍ အီတလီ နိုင်ငံ UNESCO အဖွဲ့၏ ကူညီမှုနှင့် အတူ ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီး သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာများ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်း စသည်တို့မှ ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ရှေးဟောင်း သုတေသနပညာရှင်ကြီးများ၊ နိုင်ငံ တကာပညာရှင်များနှင့်အတူ ပြည်ထဲ ရေးဝန်ကြီးဌာန တိုင်းဒေသကြီးသုံးခုမှ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန များမှ သက်ဆိုင်ရာဝန်ထမ်းများကပါ ပူးပေါင်းပါဝင်ကြပြီး အင်တိုက်အား တိုက် ဆောင်ရွက်ခဲ့ကြပါကြောင်း။

ယခုကဲ့သို့ အဖိုးမဖြတ်နိုင်သည့် မြို့ဟောင်းကြီးများ၊ အဆောက်အအုံ ကြီးများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ခေတ်အဆက်ဆက်က သမိုင်းပညာရှင် ကြီးများ၊ စာပေပညာရှင်ကြီးများ၊ သုတေသီများက ဇွဲ၊ လုံ့လ၊ ဝီရိယကြီး စွာဖြင့် ဖော်ထုတ်ထိန်းသိမ်းလာကြ သကဲ့သို့ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းစောင့်ရှောက်ထိန်းသိမ်းခဲ့၍သာ ယခုအချိန်အထိ မျက်ဝါးထင်ထင် တွေ့မြင်လေ့လာနိုင်ကြခြင်း ဖြစ်ပါကြောင်း၊ ယခုလည်း ယင်းမြို့ဟောင်း များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် ဆောင်ရွက်သည့်အခါတွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများက ဒေသခံများသည် သက်ဆိုင်ရာအမွေအနှစ်စောင့်ရှောက် ရေးအဖွဲ့များ ဖွဲ့စည်းကာ အင်တိုက် အားတိုက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရ ပါကြောင်း။

အဆိုပါ ပျူခေတ်မြို့ဟောင်းများ၏ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများနှင့် ကိုက်ညီမှု၊ အထောက်အထားများ ခိုင်လုံစွာ တည်ရှိမှု၊ အရေးပါမှု၊ ရှားပါး တန်ဖိုးကြီးမှုတို့နှင့်အတူ ယခုကဲ့သို့ အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်း၊ ပြည်တွင်းပညာရှင်၊ ပြည်ပပညာရှင်များ အားလုံးပူးပေါင်းဆောင်ရွက်မှု၊ အားထုတ် ကြိုးပမ်းမှုတို့ကြောင့် ပြီးခဲ့သည့် ဇွန်လ က ကာတာနိုင်ငံ ဒိုဟာမြို့မှာကျင်းပ ခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ် ကော်မတီညီလာခံတွင် ယင်းမြို့ ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အတည်ပြုသတ်မှတ် လိုက်ပြီဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ''မြန်မာ့ယဉ်ကျေးမှု'' သမိုင်းနှင့်တန်ဖိုး ကို ပြသလိုက်နိုင်ခြင်းဖြစ်သကဲ့သို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ အတွက် လမ်းပွင့်သွားပြီဟု ဆိုနိုင်ပါ ကြောင်း။

(၂)နှစ်မြောက်ကာလအတွင်း ရရှိ အောင် ဆောင်ရွက်နိုင်ခြင်းကိုလည်း နိုင်ငံတကာ၏ ချီးကျူးဂုဏ်ပြုသံများကိုလည်း ကြားသိနေရပါကြောင်း၊ ဤသည်မှာ all inclusive ဟု ခေါ်သည့် အားလုံးညီညီညွတ်ညွတ် ဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံး၏ ပူးပေါင်းညီညွတ် မှုနှင့် ဝိုင်းဝန်းကြိုးပမ်းမှုကို မိမိတို့အနေ ဖြင့် အင်မတန် ကျေးဇူးတင်ပါကြောင်း နှင့် ဂုဏ်ယူဝမ်းမြောက်ဖြစ်ရပါကြောင်း။

ယခုကဲ့သို့ ကမ္ဘာ့စာရင်းဝင်ဖြစ်သွား သည့်အတွက်၊ နိုင်ငံနှင့်လူမျိုးများ အတွက် ဂုဏ်တက်သကဲ့သို့ ပြည်တွင်း ပြည်ပဧည့်သည်များ ဝင်ရောက်မှု များပြားလာမည်ဖြစ်သဖြင့် နိုင်ငံ အတွက်လည်း ဝင်ငွေတိုးတက်ရရှိသကဲ့ သို့ ဒေသခံများအတွက် ပိုမိုအမြင် ကျယ်လာပြီး အလုပ်အကိုင်အခွင့် အလမ်းများလည်း ပိုမိုတိုးတက်လာစေ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ရှေ့ဆက် ယင်းအမွေအနှစ်များကို ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းစောင့် ရှောက်ရာတွင်လည်း ယခုလိုပင် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အားဖြင့် ရတောင့်ရခဲ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခွင့်ရချိန်တွင် အာဆီယံထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မြင့်မား အောင် အဘက်ဘက်မှ ပါဝင်ကူညီ စွမ်းဆောင်ပေးခဲ့ကြသူများနှင့် နိုင်ငံ့ ဂုဏ်ဆောင်ပြီး ယူ-၂ဝ ကမ္ဘာ့ဘောလုံး အားကစားပြိုင်ပွဲ၏ ခြေစစ်ပွဲကို အောင်မြင်ပြီး ကမ္ဘာ့အဆင့်ကို တက်လှမ်း နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြသော မြန်မာနိုင်ငံမှ ယူ-၁၉ ဘောလုံး အားကစားသမားများ၊ ပျူရှေးဟောင်း မြို့ကြီး သုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာထည့်သွင်း နိုင်အောင် ဆောင်ရွက်ခဲ့သူများအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်းနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်မြှင့်တင် နိုင်ရေးတွင် တစ်တပ်တစ်အား ဆက်လက်ပါဝင်ကြရန်တိုက်တွန်းရင်း နိဂုံးချုပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကျင်းပခဲ့မှု၊ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ၂ဝ၁၅ခုနှစ် ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည့် ယူ-၁၉ လက်ရွေးစင်ဘောလုံး အသင်း၏ ပြိုင်ပွဲဝင်မှတ်တမ်းနှင့် ပျူရှေးဟောင်းမြို့ကြီး သုံးမြို့အား ကမ္ဘာ့ အမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုတို့အား ပြသသည်။

ယင်းနောက် ဖီဖာ ယူ-၂ဝ ကမ္ဘာ့ ဖလား ၂ဝ၁၅ခုနှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းကိုယ်စား အသင်း ခေါင်းဆောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများက ညစာ သုံးဆောင်ကြရာ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့် သံစုံတီးဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတသည် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့ပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ (သတင်းစဉ်)

ဘေးကင်းလုံခြုံစွာ ကားမောင်းနှင်မှုစွမ်းရည်ပြပွဲ Ford Driving Skills for Life ကျင်းပ

 Photo: ဘေးကင်းလုံခြုံစွာ ကားမောင်းနှင်မှုစွမ်းရည်ပြပွဲ Ford Driving Skills for Life  ကျင်းပ
================================================

ရန်ကုန်     နိုဝင်ဘာ    ၂၉ 

ဘေးကင်းလုံခြုံစွာကားမောင်းနှင်မှုစွမ်းရည်ပြပွဲကို ရန်ကုန်မြို့ သုဝဏ္ဏပြိုင် ကားမောင်းကွင်းတွင် Ford Driving Skills for Life  အနေဖြင့် Ford ကားကုမ္ပဏီမှဦးစီးကျင်းပကာ အာရှပစိဖိတ်ဒေသအတွင်း ၉ နိုင်ငံမြောက်ပွဲအဖြစ် နိုဝင်ဘာ ၂၇ ရက်မှ  ၂၈ ရက်အထိကျင်းပခဲ့သည်။

အဆိုပါဘေးကင်းလုံခြုံစွာကားမောင်းနှင်မှုစွမ်းရည်ပြပွဲတွင် ရန်ကုန်မြို့ တွင်းမောင်းနှင်လျက်ရှိသည့် မော်တော်ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ ဘေးကင်းလုံခြုံစေရန် ယာဉ်မောင်းများ အား ယာဉ်နှင့်ဆိုင်ရာကြိုတင်ပြင်ဆင်မှုများနှင့် ယာဉ်မောင်းများ၏ ယာဉ် မောင်းစဉ်အတွင်း ပြုမူဆောင်ရွက်ရမည်များ ဆောင်ရန်၊ ရှောင်ရန်ဗဟုသုတ များကို မော်တော်ယာဉ်များ၊ မီဒီယာများမှတက်ရောက်သူများအား လူမှုအကျိုး ပြုအစီအစဉ်အနေဖြင့်ဟောပြောပို့ချပေးခဲ့ပြီး လက်တွေ့သရုပ်ပြမောင်းနှင် စေသည်။

ယာဉ်မောင်းများအနေဖြင့် အန္တရာယ်ကင်းဝေးစွာဖြင့် စွမ်းအင်ချွေတာရေး၊ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီစွာ မောင်းနှင်နိုင်ရေးအနေဖြင့် ယာဉ်မောင်း များအားပညာပေးကာ ၎င်းကုမ္ပဏီ၏ ၂ဝ၁၄ ခုနှစ်ထုတ်မော်တော်ယာဉ်အသစ် များဖြစ်သည့် Ford Tarus ၊ Ford EcoSpot ၊ Ford Explore ၊ Ford Focus  ကားများဖြင့် သရုပ်ပြမောင်းနှင်စေခဲ့သည်။ 

ပါရမီယာဉ်လိုင်းမှပါဝင်မောင်းနှင်လေ့လာသူတစ်ဦးက   မိမိတို့အတွက် စည်းကမ်းကောင်း ဗဟုသုတကောင်းများရရှိသဖြင့် ဝမ်းသာမိပါကြောင်းပြောသည်။ မော်တော်ယာဉ် များနှစ်စဉ်တိုးတက်များလာပြီးမော်တော်ယာဉ်အခြေခံဗဟုသုတမရှိဘဲ လမ်းမပေါ်တွင်မောင်းနေသူများပိုမိုများပြားလာခြင်းကြောင့် ယခုလိုပညာပေးပွဲ   ကျင်းပပေးခြင်းဖြစ်ကြောင်း Ford ကုမ္ပဏီမှ Capital Automotive ၏ အထွေထွေမန်နေဂျာ Mike Peace ကပြောသည်။ 

ထို့ပြင် Ford  မော်တော်ယာဉ်များကို နိုင်ငံတကာသို့ အရည်အသွေးတူ နောက်ဆုံးမော်ဒယ်ကားများကို ဆန်းသစ်တီထွင်မှုများဖြင့် တင်ပို့ရောင်းလျက် ရှိကြောင်းသိရသည်။                                       (သန့်ဇင်ဝင်း)
 
ဇန်နဝါရီဈေးကွက်တွင် ကစားသမားသစ်များ အာဆင်နယ် ထပ်မံခေါ်ယူမည်

Photo: ဇန်နဝါရီဈေးကွက်တွင် ကစားသမားသစ်များ အာဆင်နယ် ထပ်မံခေါ်ယူမည်
===============================================

ပရီမီယာလိဂ်ကလပ် အာဆင်နယ် အသင်း၏  ကွင်းလယ်ကစားသမား ဝီရှိုင်းယားသည်  ခြေချင်းဝတ်ဒဏ်ရာ ပြဿနာကြုံခဲ့ခြင်းကြောင့်  အာဆင် နယ်အသင်း၏  ယခုတစ်ပတ်ဒဏ်ရာရ ကစားသမားစာရင်းတွင်  ပါဝင်လာ ခဲ့ပြီး အာဆင်နယ်အသင်းနှင့် ပွဲထွက် ကစားနိုင်လိမ့်မည်မဟုတ်ဘဲ လေးလ ကြာ အနားယူရမည်ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် အာဆင်နယ်အသင်း၏ အားထားရသည့် ကစားသမားတစ်ဦး ဖြစ်သည့် မိုက်ကယ်အာတီတာသည်လည်း  ခြေသလုံးဒဏ်ရာပြဿနာ ကြုံထားခြင်းကြောင့် ၂ဝ၁၄  ခုနှစ် ကုန်အထိ အနားယူရမည်ဖြစ်သည်။ထို့ကြောင့်  အဆိုပါ   ဒဏ်ရာရကစား သမားများကြောင့်  အသင်း၏ ရလဒ်သည် ထင်တိုင်းမပေါက်ခဲ့မှုများ ဖြစ်လာခဲ့ပြီး အာဆင်နယ်အသင်း အနေဖြင့် လာမည့် ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင်  ကစားသမားသစ် များ ထပ်မံခေါ်ယူရန် ပေါင်သန်း ၂ဝ တိုးမြှင့်သုံးစွဲသွားမည်  ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ယခု နှစ် ဘောလုံးရာသီတွင်လည်း  ကစားသမားသစ်ငါးဦးအထိ ခေါ်ယူထားခဲ့သည်။ ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ဗဟိုနောက်ခံကစား သမားတစ်ဦးနှင့်  ကွင်းလယ်ကစား သမားတစ်ဦး ထပ်မံခေါ်ယူရန်  ရှိနေ ပြီး ကွင်းလယ်ကစားသမားဖြည့်ဆည်း မှုအဖြစ်  ဆီဗီလာကွင်းလယ်ကစား သမား  ခရိုင်းချိုဝိတ်ခ်အား ခေါ်ယူ မည်ဖြစ်ရာ အဆိုပါကစားသမားအား ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေး ပေါင် ၂၃ ဒသမ ၈ သန်း  ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရ ကစားသမားများဖြစ်ကြသည့်  ဒီဘူချီနှင့် အိုဇေးလ်တို့သည်လည်း ဇန်နဝါရီလလယ်တွင် အာဆင် နယ်အသင်းနှင့်အတူ  ပြန်လည် ပွဲထွက်လာမည်ဖြစ်ကြောင်း  သိရသည်။ အာဆင်နယ်အသင်းသည် လက်ရှိတွင် ဝဲလ်ဘက်၊ ဆာနိုဂို၊ ဝီရှိုင်း ယား၊ ဝဲလ်ကော့၊ အိုစပီနာ၊ အိုဇေးလ် နှင့် ဒီဘူချီတို့သည် ဒဏ်ရာပြဿနာ များဖြင့် ကြုံတွေ့ နေရသည်။
(ငွေကြယ်)
 
နော်ဝေနိုင်ငံ ဟာရယ်ဘုရင်နှင့် မိဖုရား ဆွန်ယာတို့၏ ကိုယ်ရေးအကျဉ်းနော်ဝေနိုင်ငံ ဟာရယ်ဘုရင်၏ ကိုယ်ရေးအကျဉ်း

Photo: နော်ဝေနိုင်ငံ ဟာရယ်ဘုရင်နှင့် မိဖုရား ဆွန်ယာတို့၏ ကိုယ်ရေးအကျဉ်းနော်ဝေနိုင်ငံ ဟာရယ်ဘုရင်၏ ကိုယ်ရေးအကျဉ်း
==========================================

နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်အား  ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အော်စလို မြို့တော်အနီးရှိ    စကယ်ရ်ဂွမ်း နန်းတော်၌ ဖွားမြင်ခဲ့ပါသည်။ ၎င်းသည်  အိမ်ရှေ့မင်းသား ပဉ္စမမြောက် အော်လက်ဗ်(နောင်တွင် ပဉ္စမမြောက် အော်လက်ဗ်ဘုရင်)နှင့်   မင်းသမီး မာသာတို့၏ တစ်ဦးတည်းသော သားတော်ဖြစ်ပြီး   ၁၉၉၁  ခုနှစ် ဇန်နဝါရီ  ၁၇  ရက်တွင် ၎င်း၏ခမည်းတော်  ကွယ်လွန်ပြီးနောက် နော်ဝေနိုင်ငံ၏ ဘုရင်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။ 

မင်းသားဘဝတွင် ဟာရယ်သည် ၁၉၅၅ ခုနှစ်တွင် အော်စလိုမြို့ ခရစ်ယာန်ကျောင်းမှ  အထက်တန်း အောင်မြင်ခဲ့သည်။ ယင်းနောက်  နော်ဝေမြင်းတပ်  အရာရှိသင်တန်း ကျောင်းသို့  တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် နော်ဝေနိုင်ငံ စစ် တက္ကသိုလ်သို့လည်း  တက်ရောက် အောင်မြင်ခဲ့သည်။ မင်းသား ဟာရယ်သည် စစ်မှုထမ်းခြင်း ပြီးဆုံး ချိန်တွင်  အင်္ဂလန်နိုင်ငံ  အောက် စဖို့ဒ်ရှိ ဘာလီယောကောလိပ်၌ လူမှုရေးသိပံ္ပ၊ သမိုင်းနှင့်ဘောဂဗေဒ ဘာသာရပ်များအား ၁၉၆ဝ ပြည့် နှစ်မှ ၁၉၆၂ ခုနှစ်အထိ သင်ယူ ခဲ့သည်။ 

၁၉၅၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်တွင် နော်ဝေဘုရင် သတ္တမ မြောက် ဟာကွန် ကွယ်လွန်ပြီးနောက် အိမ်ရှေ့မင်းသား  ဖြစ်လာခဲ့ပြီး နိုင်ငံတော်ကောင်စီ အစည်းအဝေး များသို့  စတင်တက်ရောက်ခဲ့သည်။ ၎င်းသည် ခမည်းတော်ဘုရင်  ပဉ္စမ မြောက် အော်လက်ဗ်နှင့်နီးကပ်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး နော်ဝေ နိုင်ငံ၏ စက်မှုလုပ်ငန်းများကို ပြည်ပ နိုင်ငံများတွင် မြှင့်တင်ရန်အတွက် နော်ဝေကုန်သွယ်ရေးကိုယ်စားလှယ်  အဖွဲ့များအား ဦးဆောင်၍ အခြားနိုင်ငံများသို့ ခရီးများစွာသွားရောက်ခဲ့သည်။

၁၉၆၈ ခုနှစ် သြဂုတ် ၂၉ ရက်တွင် အော်စလိုဘုရားရှိခိုးကျောင်း၌ မစ္စ ဆွန်ယာ ဟာရယ်ဆင်နှင့် လက်ထပ်ခဲ့ပြီးနောက် သမီးတော်တစ်ပါး နှင့် အိမ်ရှေ့မင်းသားတစ်ပါး ထွန်းကားခဲ့သည်။ 

ဟာရယ်ဘုရင်သည် နော်ဝေကြည်းတပ်၊ လေတပ်နှင့်ရေတပ်တို့၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး နော်ဝေနိုင်ငံ၏ အဆင့်အမြင့်ဆုံးအရာရှိလည်း ဖြစ်သည်။ 

နော်ဝေတော်ဝင်မိသားစုသည် အားကစားနှင့် ပြင်ပအပန်းဖြေလှုပ်ရှားမှု များတွင် ဝါသနာထုံသည်။ ဟာရယ်ဘုရင်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွင်   အလေးအနက်ပါဝင်ဆောင်ရွက်ပြီး  ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ နော်ဝေရုံး၏ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၂ဝ ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

နော်ဝေနိုင်ငံမိဖုရား ဆွန်ယာ၏ ကိုယ်ရေးအကျဉ်း

မိဖုရား ဆွန်ယာအား  ၁၉၃၇  ခုနှစ်  ဇူလိုင်  ၄ ရက်တွင် အော်စလိုမြို့၌ ဖွားမြင်ခဲ့သည်။  ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဟာရယ်ဘုရင် နန်းတက်သောအခါ (၅၃)နှစ်တွင် နော်ဝေနိုင်ငံ၏ ပထမဆုံးသော မိဖုရားဖြစ်လာခဲ့သည်။ 

၎င်းသည် ၁၉၅၄ ခုနှစ်တွင် အလယ်တန်းအောင်မြင်ခဲ့ပြီး အော်စလို အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းမှ အဝတ်အထည်ချုပ်လုပ်ခြင်း ပညာရပ်ဖြင့် ဒီပလိုမာရရှိခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ လိုဇန်းမြို့ရှိ အမျိုး သမီး အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း၌လည်း လူမှုရေးသိပံ္ပ၊ စာရင်းအင်းပညာ၊ အဝတ်အထည်ဒီဇိုင်းရေးဆွဲခြင်းပညာရပ်တို့ကို သင်ယူ ခဲ့သည်။ ယင်းနောက် နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်မှ ပြင်သစ်၊ အင်္ဂလိပ်နှင့် အနုပညာသမိုင်းဘာသာရပ်များဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ 

မိဖုရား ဆွန်ယာသည် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ပြီး ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများစွာတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် နော်ဝေမိဖုရားတစ်ဦး၏ လုပ်ငန်းတာဝန်များနှင့် ဆက်စပ်သည့် နယ်ပယ်များတွင် စိတ်ဝင်စားမှုရှိပြီး အနုပညာနှင့် ယဉ်ကျေးမှုတို့တွင် အထူးဝါသနာပါသူဖြစ်သည်။
 
ရန်ကုန်မြို့ရှိ ကျောင်းသားမိဘနေအိမ်များတွင် အရှေ့တောင်အာရှလူငယ်များ တစ်ညတာလည်ပတ်နေထိုင်

Photo: ရန်ကုန်မြို့ရှိ ကျောင်းသားမိဘနေအိမ်များတွင် အရှေ့တောင်အာရှလူငယ်များ တစ်ညတာလည်ပတ်နေထိုင်

ရန်ကုန်    နိုဝင်ဘာ  ၂၉

ရန်ကုန်မြို့   ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့  နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင်  Nippon Maru   သင်္ဘောဖြင့်     ရောက်ရှိလာသည့် အရှေ့တောင်အာရှလူငယ်များသည်  အိမ်ရှင်နိုင်ငံ ရန်ကုန်မြို့ရှိ ကျောင်း သားလူငယ်  မိဘနေအိမ်များတွင် ရင်းနှီးစွာဖြင့် ယနေ့ညတစ်ညတာ  တစ်အိမ်လျှင် နှစ်ဦးခန့်ဖြင့် လည်ပတ် နေထိုင်ပြီး  ခရီးပြန်လည်ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ် ၃ဝဝ  ကျော်တို့ သည်  ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာဆောင် အတွင်း မြန်မာတိုင်းရင်းသားသီချင်းများဖြင့်    ဖျော်ဖြေကြပြီး  ရန်ကုန် တက္ကသိုလ်အတွင်းရှိ ဘွဲ့နှင်းသဘင်ဆောင်၊ စာကြည့်တိုက်နှင့် သစ်ပုပ်ပင် စသည်တို့ကို လေ့လာကြသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် စိန်ရတုသို့သွားရောက်ကာ  မြန်မာလူငယ်များက    ထပ်မံဖျော်ဖြေပြီး ရန်ကုန်မြို့နေ     မြန်မာလူငယ် မိဘများက တစ်အိမ်လျှင် ကျောင်းသားနှစ်ဦးခန့် လက်ခံတည်းခိုစေရန် စီစဉ်ဆောင်ရွက်ကာ သက်ဆိုင်ရာ အိမ်များသို့ Homestay အဖြစ် ဧည့်ခံ တည်းခိုကြမည်ဖြစ်သည်။   အိမ်ရှင် လူငယ်မိဘများကလည်း   ယခုလို ဧည့်ခံရသည့်အတွက် အထူးဝမ်း မြောက်ကြောင်း အိမ်ရှင်မိဘတစ်ဦးက ပြောသည်။

ဂျပန်နိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့် ဂျပန်နိုင်ငံမှ နိုဝင်ဘာ ၇ ရက်တွင် တစ်နိုင်ငံလျှင် လူငယ် ၂၈ ဦးစီပါဝင် ကာ အရှေ့တောင်အာရှနိုင်ငံများသို့ Homestay အဖြစ် ဧည့်ခံသည့် အိမ်ရှင်လူငယ်မိဘများ၏ နေအိမ်များတွင်   နေထိုင်ကာ   လေ့လာကြရန်  စတင်ထွက်ခွာလာရာ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ရောက်ရှိ ခဲ့ပြီး မြန်မာနိုင်ငံမှတစ်ဆင့်  အင်ဒို နီးရှားနိုင်ငံသို့ နိုဝင်ဘာ ၃ဝ ရက်တွင် ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ 

(ကြေးမုံ)

30.11.2014 မြန်မာ့အလင်း ကာတွန်း

အန္တရာယ်ကွေ့ သတိပေးဆိုင်းဘုတ်နှင့် ကျောက်တိုင်များ ပြန်လည်ပြုပြင်ပေးရန်လို

ဖျာပုံ  နိုဝင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံမြို့၏  ဂုဏ်ဆောင်ဖျာပုံတံတားကြီးတွင် ယာဉ်အန္တရာယ်  ကင်းရှင်းစေရေးအတွက်    ဖျာပုံမြို့ဘက်ခြမ်းအန္တရာယ်ကွေ့တွင်  သတိပေးလမ်းညွှန်ဆိုင်းဘုတ်များ   ဖြူ၊ နီကျား ကျောက်တိုင်များကို စိုက်ထူထားသည်မှာ တံတားကြီးတည်ဆောက်ပြီးစဉ် ကတည်းကဖြစ်သည်။

ယခုအခါ အဆိုပါ တံတားကြီး၏အန္တရာယ်ကွေ့ရှိ  သတိပေးလမ်းညွှန် ဆိုင်းဘုတ်များမရှိသည့်အပြင် ဖြူ၊ နီ၊ ကျား ကျောက်တိုင်များ ယိုင်လဲပြုတ်ကျပျက်စီးနေသဖြင့်  ယာဉ်မောင်းသူများ  ယာဉ်အန္တရာယ် ကြုံတွေ့နေရသည်ကို  သိရှိနေရသည်။

''ကျွန်တော်တို့ ဖျာပုံမြို့ရဲ့ ပြည်သူတွေ အဓိကအားထားပြီး  နေ့စဉ်အသုံးပြု ခရီးသွားလာနေရတဲ့ ဒီဖျာပုံ တံတားကြီးမှာရှိတဲ့ အန္တရာယ်ကွေ့က အရင်နှစ်တွေကတည်းက    ယာဉ်မောင်းတွေ      မဆင်မခြင်မောင်းလို့  ကားတွေ၊ဆိုင်ကယ်တွေ အောက်ပြုတ်ကျတာ မကြာခဏဖြစ်နေပါတယ်။အန္တရာယ်ကွေ့ကိုက်   ၁ဝဝ အကွာမှာ သတိပေးလမ်းညွှန် ဆိုင်းဘုတ်နဲ့လမ်းကွေ့အချက်ပြ ဖြူ၊ နီ ကျားကျောက်တိုင်တွေ  စိုက်ထူပေးထားတာ  အောက်တိုဘာလကစပြီး သတိပေးလမ်းညွှန်ဆိုင်းဘုတ်လည်းမရှိတော့ဘူး။ နောက်ပြီး ကားတွေ၊ ဆိုင်ကယ်တွေဝင်တိုက်လို့ ဖြူ၊ နီ၊ ကျားကျောက်တိုင်တွေ အောက်ပြုတ်ကျပြီး ကျန်တဲ့ကျောက်တိုင်တွေ ယိုင်လဲနေတာတွေ တွေ့နေရတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အမြန်ဆုံးပြန်လည်ပြုပြင်ပေးဖို့ လိုအပ်နေပါပြီ'' ဟု   ခရီးသွားပြည်သူတစ်ဦးကပြောသည်။

ဖျာပုံမြို့တွင် အနယ်နယ်အရပ်ရပ်မှခရီးသွားပြည်သူများနှင့် ဖျာပုံမြို့ရှိပြည်သူများ  ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဖျာပုံတံတားကြီး၏   အဆင်းအန္တရာယ်ကွေ့တွင်  တံတားကြီး၏ ဂုဏ်အင်္ဂါရပ်နှင့်ညီ ညွတ်စေရန်နှင့်ယာဉ်မောင်းသူများ သတိထားမောင်းနှင်စေရန်အတွက် သတိပေးလမ်းညွှန်   ဆိုင်းဘုတ်များ၊ ဖြူ၊ နီ ကျား ကျောက်တိုင်များကို   သက်ဆိုင်ရာဌာနများက  အမြန်ဆုံးပြန်လည်စိုက်ထူပေးရန် လိုအပ်နေပြီဖြစ်ကြောင်း  သိရသည်။

(ဝ၇၁)

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

အသွင်ကူးပြောင်းရေးတည်ငြိမ်စွာကြိုးပမ်း

နိုင်ငံတော် Stakeholder များနှင့် နိုင်ငံရေးအင်အားစုပါတီများ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမှုသည် ဒီမိုကရက်တစ်နိုင်ငံရေး ယဉ်ကျေးမှုသစ်ပင်ဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတော်၏ အနာဂတ်ရှေ့ခရီးနှင့်နိုင်ငံသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံရေးပါတီများနှင့်အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးလေ့ရှိရာ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင်  နိုင်ငံရေးပါတီ  ၆၇  ပါတီမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအပါအဝင် စုစုပေါင်း ၁၂၆ ဦးတို့နှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်ကလည်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ အမျိုးသားနိုင်ငံရေးအင်အားစုငါးဖွဲ့မှ ခေါင်းဆောင်များနှင့်နိုင်ငံရေးရာဆွေးနွေးပွဲကို ကျင်းပခဲ့ပေသည်။ ယခုတွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံရေးအရ ပိုမိုပေါင်းစည်းလာသော ဝိသေသအဖြစ် တွေ့မြင်ခဲ့ရသည်။

ဤအခမ်းအနားတွင် နိုင်ငံတော်သမ္မတက နိုင်ငံရေးအရရော၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအရရော၊ ငြိမ်းချမ်းရေးအတွက်ပါ မိမိတို့ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သည့်အထဲမှ သိသာထင်ရှားသော ရလဒ်တစ်ခုမှာ   နိုင်ငံရေးယဉ်ကျေးမှုသစ်  အသက်ဝင်ရှင်သန်လာခြင်းဖြစ်ပါကြောင်း၊  ထိပ်တိုက်ရင်ဆိုင်ရေး     နည်းလမ်းများနှင့်နိုင်ငံရေးအင်အားစု  အချင်းချင်းအပြန်အလှန် ဖယ်ထုတ်ရန်ကြိုးပမ်းသော နည်းလမ်းများမှ  စေ့စပ်ဆွေးနွေး အဖြေရှာကြရန်ဆိုသည့်  နိုင်ငံရေးယဉ်ကျေးမှုသစ်  အသက်ဝင်ရှင်သန်လာသည့်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် ယနေ့အထိ လမ်းကြောင်းမှန်ပေါ်တွင်  ဆက်လက်ရှင်သန်နေခြင်း ဖြစ်ပါကြောင်း၊ ထိုအခြေအနေကို ဆက်လက်ဆောင်ကြဉ်းနိုင်ရန် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

မှန်ပေသည်။ စေ့စပ်ဆွေးနွေးခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ဝေဖန်တိုက်ခိုက်ပြောဆိုမှုများကို လျော့ကျစေပြီး ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းဖော်ဆောင်ရာတွင် လက်နက်ကောင်းသဖွယ် ထိရောက်အကျိုးရှိလှပေသည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်နှင့်အညီ ပွင့်လင်းမြင်သာမှုကိုအခြေခံပြီး ပကတိအရှိ တရားအတိုင်း မှန်ကန်သောနည်းလမ်းများဖြင့်  စေ့စပ်ဆွေးနွေးမှုများပြုလုပ်၍ အဖြေရှာခြင်းပင် ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဖြစ်စဉ်ရှင်သန်လာမှုသည် သက်ဆိုင်ရာနိုင်ငံရေး အင်အားစုများဖြစ်သည့် လွှတ်တော်များ၊  နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ခဲ့သဖြင့်  သေချာရေရာသောအဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါသည်။  ဆက်လက်၍လည်း ထိုအောင်မြင်မှုများ ဖြစ်ထွန်းရေးအားလုံး   ပါဝင်ပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်းအားထုတ်ကြဦးမည်ဖြစ်ပါသည်။ သို့ပါ၍  နိုင်ငံတွင်နိုင်ငံရေးအရ ယှဉ်ပြိုင်မှုများ၊ အားပြိုင်မှုများ၊ စိန်ခေါ်မှုများရှိလင့်ကစား ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးရရှိထားသည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း၍ တိုင်းပြည်၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးကို တည်ငြိမ်စွာဖြင့်  ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။   ။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံမှ ရောက်ရှိ

Photo: ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) 
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံမှ ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၉

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး 15th ASEAN Chiefs of Army Multilateral Meeting (ACAMM-15) နှင့် (၂၄) ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 24th ASEAN Armies Rifle Meet (24th AARM)ပိတ်ပွဲအခမ်းအနားတက်ရောက်ပြီး ယနေ့ညနေ ၆ နာရီ ၅ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါခဲ့ကြကြောင်း သတင်းရရှိသည်။

(မြဝတီ)

ရုရှားစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်ရန် အင်္ဂလိပ်ရေလက်ကြားသို့ ဝင်ရောက်

Photo: ရုရှားစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်ရန် အင်္ဂလိပ်ရေလက်ကြားသို့ ဝင်ရောက်

မော်စကို   နိုဝင်ဘာ  ၂၉

ရုရှားစစ်သင်္ဘောများသည် နိုဝင် ဘာ ၂၈ရက်က စစ်ရေးလေ့ကျင့်နိုင်ရန် အင်္ဂလိပ်ရေလက်ကြားအတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း၊   ယူကရိန်း အရေးနှင့်ပတ်သက်၍  အနောက် အုပ်စုနိုင်ငံများနှင့်  တင်းမာမှုပေါ် ပေါက်ခဲ့ပြီးနောက် ရုရှားနိုင်ငံက စစ်အင်အားပြသလိုသည့် လက္ခဏာဖြစ်ကြောင်း အာရ်အိုင်အေသတင်း ဌာနက  နိုဝင်ဘာ  ၂၉ရက်တွင် သတင်းထုတ်ပြန်သည်။

ရုရှားမြောက်ပိုင်း ရေတပ်ဌာနချုပ်မှ ရေငုပ်သင်္ဘောဖျက်သင်္ဘော ဆီဗာရိုမော့စ် ဦးဆောင်သော စစ်သင်္ဘောများသည် ဒိုဗာရေလက်ကြားကို ဖြတ်သန်းဝင်ရောက်ခဲ့ပြီး ယခုအခါ   မုန်တိုင်းဘေးအန္တရာယ်မှ ပုန်းခိုနိုင်ရန် စိန်းပင်လယ်အော်ရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်းသို့ ရောက်ရှိနေကြောင်း အဆိုပါ ရေတပ် ဌာနချုပ်က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။

စိမ့်ဝင်ထိုးဖောက်လာသော ရန်သူရေငုပ်သင်္ဘောတပ်ဖွဲ့ကို တန်ပြန်နိုင်စေရန် ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်ကြောင်းမြောက် ပိုင်းတိုင်းရေတပ်ဌာနချုပ်က ပြောကြားသည်။

အာရ်အိုင်အေ သတင်းဌာန၏ သတင်းဖော်ပြချက်များနှင့် ပတ်သက် ၍ ရုရှားရေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့က ဝေဖန်ပြောကြား ခြင်းမရှိပေ။

ရုရှားစစ်သင်္ဘောများ တည်ရှိမှုနှင့် ပတ်သက်၍ ပြင်သစ်ရေတပ်က အတည်ပြုပြောကြားသည်။   ရိုက်တာ။

ပါလက်စတိုင်း နိုင်ငံတော်ထူထောင်ရေး ပြင်သစ်ပါလီမန်၌ အချေအတင်ဆွေးနွေး

Photo: ပါလက်စတိုင်း နိုင်ငံတော်ထူထောင်ရေး ပြင်သစ်ပါလီမန်၌ အချေအတင်ဆွေးနွေး

ပါရီ  နိုဝင်ဘာ ၂၉

ပါလက်စတိုင်း  နိုင်ငံတော်ထူထောင်ခြင်းကို  ပြင်သစ်အစိုးရအဖွဲ့က အသိအမှတ်ပြုလာစေရန် ဖိအားပေးသင့်၊ မသင့် ပြင်သစ်ပါလီမန်တွင် အချေအတင် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပလျက်ရှိသည်။ အရှေ့အလယ်ပိုင်း  ငြိမ်းချမ်းရေး အဓွန့်ရှည်တည်ရှိစေရန် အထောက် အကူပြုသည့် ဆွေးနွေးပွဲဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၉ရက်တွင် သတင်းထုတ် ပြန်သည်။

ပါလက်စတိုင်း နိုင်ငံတော်ထူထောင်ခြင်းကို ဥရောပနိုင်ငံများက ထောက်ခံအားပေးမှု တိုးတက်ဖြစ်ပေါ် လာနေချိန်တွင် ပြင်သစ်အမျိုးသား လွှတ်တော်က အချေအတင် ဆွေးနွေး ပွဲတစ်ရပ်ကို ကျင်းပနေခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသည်တိုးတက်မှုမရှိဘဲ ဖြစ်နေပြီး ဂါဇာတွင် အစ္စရေးအစိုးရ၏ လှုပ်ရှားဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ရဟူဒီအခြေစိုက်ရာ ရပ်ကွက်များတိုးချဲ့မှုနှင့် ပတ်သက်၍ လည်းကောင်း ပြင်သစ်ပါလီမန်အမတ် အများအပြားမှာ စိတ်ပျက် လျက်ရှိနေကြသည်။

ပါလက်စတိုင်း နိုင်ငံတော် ထူထောင်ရေးတိုက်တွန်းသည့် အဆိုပြုချက်တစ်ရပ်ကို ပြင်သစ် အမတ်များက အတည်ပြုပေးမည်ဟု မျှော်လင့်ရသည်။ ပါလက်စတိုင်းနိုင်ငံတော် ထူထောင်ရေး နိုင်ငံတကာ၏ အသိ အမှတ်ပြုမှုကို မိမိထောက်ခံပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ရှင်သန်လာစေရန် တိုက်တွန်း အားပေးသွားမည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက ပြောကြားခဲ့သည်။ ပီတီအိုင်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအား အသရေဖျက်သော ဝက်ဘ်ဆိုက်ပိုင်ရှင် အမှုရှုံးနိမ့်

Photo: စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအား အသရေဖျက်သော ဝက်ဘ်ဆိုက်ပိုင်ရှင် အမှုရှုံးနိမ့်

စင်ကာပူ နိုဝင်ဘာ ၂၉ 

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း အား ဝက်ဘ်ဆိုက်တစ်ခုမှ  အသရေဖျက်ခဲ့သောကြောင့်   ပြန်လည်တရားစွဲ ဆိုခဲ့ရာယင်းအမှုကို နိုဝင်ဘာ ၇ ရက်က ဆုံးဖြတ်ခဲ့ပြီး     လီရှန်လွန်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။  

လီရှန်လွန်းသည် အွန်လိုင်းဝေဖန် ရေးဝက်ဘ်ဆိုက်တစ်ခုအား တရားစွဲဆို ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

အသက် (၃၃) နှစ်အရွယ်မစ္စတာ ရိုးငေ့ဂ်ျက နိုင်ငံတော် ပင်စင်စား ဝန်ထမ်းများအတွက် ချွေတာရေး အစီအစဉ်၏  ဘဏ္ဍာငွေများအား ဗဟိုပင်စင်စားများငွေကြေးအဖွဲ့က စီမံခန့်ခွဲမှုပြုရာတွင် ဝန်ကြီးချုပ်အနေဖြင့် ငွေကြေးအလွဲသုံးစားပြုထားကြောင်း 'နှလုံးသားမှအမှန် တရားများ'အမည်ရှိ အွန်လိုင်းဝေဖန် ရေး ဝက်ဘ်ဆိုက်တွင်  ရေးသားအသရေဖျက်ခဲ့သောကြောင့် ဝန်ကြီးချုပ်က မေလအတွင်းက တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး လျော် ကြေးမည်မျှပေးရမည်ကိုမူ  တရားရုံး က မကြာမီ  ကြေညာလိမ့်မည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း တရားမမှု များနှင့်ပတ်သက်ပြီး လျော်ကြေးငွေ အနည်းဆုံး စင်ကာပူဒေါ်လာ နှစ်သိန်း ခွဲ (အမေရိကန်ဒေါ်လာ နှစ်သိန်း) ပေးရလေ့ရှိကြောင်း သတင်းများအရ သိရသည်။  

စင်ကာပူနိုင်ငံအကြီးအကဲဟောင်းများအနေဖြင့်လည်း နယူးယောက် တိုင်းမ်၊ဝေါစထရိဂျာနယ်၊ ဘလွန်းဘတ်ဂ်ျနှင့် စီးပွားရေးဂျာနယ်များ အပါအဝင် အခြားသောနိုင်ငံခြားမီဒီ ယာများနှင့်  တရားရင်ဆိုင်မှုများ မကြာခဏကြုံတွေ့ခဲ့ကြရသည်။ 

တရားသူကြီး လီဆိုင်ကင်သည် မစ္စတာငေ့ဂ်ျအား နောင်မည်သည့် အခါတွင်မှ ထိုကဲ့သို့သော ခိုင်မာမှု မရှိသည့်  အကြောင်းတရားများကို ပြည်သူများထံသို့ဖော်ပြခြင်းမပြုမိစေရန် တားမြစ်ပိတ်ပင်ခဲ့သည်။

စင်ကာပူအစိုးရအနေဖြင့် အင်တာနက်သုံးစွဲမှုမှ ရိုက်ခတ်လာသော ဆိုးကျိုးများအား မည်သို့ဖြေရှင်းရမည်ကို အဖြေရှာနေရသည်။ ယမန်နှစ်က သတင်းဝက်ဘ်ဆိုက်များဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းအသစ်များကို ပြဋ္ဌာန်း ခဲ့ကြောင်းသိရသည်။         ရိုက်တာ။