Sunday, November 30, 2014

အန္တရာယ်ကွေ့ သတိပေးဆိုင်းဘုတ်နှင့် ကျောက်တိုင်များ ပြန်လည်ပြုပြင်ပေးရန်လို



 
ဖျာပုံ  နိုဝင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံမြို့၏  ဂုဏ်ဆောင်ဖျာပုံတံတားကြီးတွင် ယာဉ်အန္တရာယ်  ကင်းရှင်းစေရေးအတွက်    ဖျာပုံမြို့ဘက်ခြမ်းအန္တရာယ်ကွေ့တွင်  သတိပေးလမ်းညွှန်ဆိုင်းဘုတ်များ   ဖြူ၊ နီကျား ကျောက်တိုင်များကို စိုက်ထူထားသည်မှာ တံတားကြီးတည်ဆောက်ပြီးစဉ် ကတည်းကဖြစ်သည်။

ယခုအခါ အဆိုပါ တံတားကြီး၏အန္တရာယ်ကွေ့ရှိ  သတိပေးလမ်းညွှန် ဆိုင်းဘုတ်များမရှိသည့်အပြင် ဖြူ၊ နီ၊ ကျား ကျောက်တိုင်များ ယိုင်လဲပြုတ်ကျပျက်စီးနေသဖြင့်  ယာဉ်မောင်းသူများ  ယာဉ်အန္တရာယ် ကြုံတွေ့နေရသည်ကို  သိရှိနေရသည်။

''ကျွန်တော်တို့ ဖျာပုံမြို့ရဲ့ ပြည်သူတွေ အဓိကအားထားပြီး  နေ့စဉ်အသုံးပြု ခရီးသွားလာနေရတဲ့ ဒီဖျာပုံ တံတားကြီးမှာရှိတဲ့ အန္တရာယ်ကွေ့က အရင်နှစ်တွေကတည်းက    ယာဉ်မောင်းတွေ      မဆင်မခြင်မောင်းလို့  ကားတွေ၊ဆိုင်ကယ်တွေ အောက်ပြုတ်ကျတာ မကြာခဏဖြစ်နေပါတယ်။အန္တရာယ်ကွေ့ကိုက်   ၁ဝဝ အကွာမှာ သတိပေးလမ်းညွှန် ဆိုင်းဘုတ်နဲ့လမ်းကွေ့အချက်ပြ ဖြူ၊ နီ ကျားကျောက်တိုင်တွေ  စိုက်ထူပေးထားတာ  အောက်တိုဘာလကစပြီး သတိပေးလမ်းညွှန်ဆိုင်းဘုတ်လည်းမရှိတော့ဘူး။ နောက်ပြီး ကားတွေ၊ ဆိုင်ကယ်တွေဝင်တိုက်လို့ ဖြူ၊ နီ၊ ကျားကျောက်တိုင်တွေ အောက်ပြုတ်ကျပြီး ကျန်တဲ့ကျောက်တိုင်တွေ ယိုင်လဲနေတာတွေ တွေ့နေရတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အမြန်ဆုံးပြန်လည်ပြုပြင်ပေးဖို့ လိုအပ်နေပါပြီ'' ဟု   ခရီးသွားပြည်သူတစ်ဦးကပြောသည်။

ဖျာပုံမြို့တွင် အနယ်နယ်အရပ်ရပ်မှခရီးသွားပြည်သူများနှင့် ဖျာပုံမြို့ရှိပြည်သူများ  ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဖျာပုံတံတားကြီး၏   အဆင်းအန္တရာယ်ကွေ့တွင်  တံတားကြီး၏ ဂုဏ်အင်္ဂါရပ်နှင့်ညီ ညွတ်စေရန်နှင့်ယာဉ်မောင်းသူများ သတိထားမောင်းနှင်စေရန်အတွက် သတိပေးလမ်းညွှန်   ဆိုင်းဘုတ်များ၊ ဖြူ၊ နီ ကျား ကျောက်တိုင်များကို   သက်ဆိုင်ရာဌာနများက  အမြန်ဆုံးပြန်လည်စိုက်ထူပေးရန် လိုအပ်နေပြီဖြစ်ကြောင်း  သိရသည်။

(ဝ၇၁)

No comments:

Post a Comment