Sunday, November 30, 2014

အာဆီယံဥက္ကဋ္ဌတာဝန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာအခမ်းအနားများတွင် မိမိတို့အနေဖြင့် သက်ဆိုင်ရာကဏ္ဍမှ ပါဝင်ခဲ့သည့်ဆောင်ရွက်ချက်များကို နောင်လာနောက်သားများအား ပြန်လည်မျှဝေ



 

နေပြည်တော် နိုဝင်ဘာ ၂၉


(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေး သည့်အဖွဲ့များ၊ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ ဖလား ၂ဝ၁၅ ခုနှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းတို့နှင့် ပျူရှေးဟောင်း မြို့ကြီး(၃)မြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာထည့်သွင်း နိုင်အောင် ဆောင်ရွက်ခဲ့သူများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံ သော ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်၊ ပြည်ထောင်စုတရားသူ ကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ ဘောလုံးအသင်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ကုမ္ပဏီများမှ အလှူရှင်များ၊ အနုပညာရှင်၊ အတတ် ပညာရှင်များ စုစုပေါင်း ၁၃၆၄ ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာ သော (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေးသည့်အဖွဲ့များ၊ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ၂ဝ၁၅ ခုနှစ် ဘောလုံး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းတို့နှင့် ပျူရှေးဟောင်း မြို့ကြီးသုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာထည့်သွင်းနိုင် အောင် ဆောင်ရွက်ခဲ့သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ဂုဏ်ပြုနှုတ်ဆက်အမှာစကား ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ယခုဧည့်ခံ ပွဲသည် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို အောင်မြင် စွာကျင်းပနိုင်ရန်အတွက် တစ်တပ်တစ် အား ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ ယူ-၂ဝ ကမ္ဘာ့ ဘောလုံး အားကစားပြိုင်ပွဲ၏ ခြေစစ်ပွဲ ကို အောင်မြင်ပြီး ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ ကြသည့် မြန်မာနိုင်ငံမှ ယူ-၁၉ ဘောလုံး အားကစားသမားများနှင့် ပျူရှေးဟောင်းမြို့ကြီးသုံးမြို့အား ကမ္ဘာ့ အမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူ များကို ဂုဏ်ပြုခြင်းလည်းဖြစ်ပါကြောင်း။

၂ဝ၁၄ ခုနှစ်သည် မြန်မာနိုင်ငံ အတွက် အလွန်ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ ၂ဝ၁၄ ခုနှစ် မတိုင်မီကတည်းက ကမ္ဘာ့စီးပွားရေး ဖိုရမ်နှင့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ များကို အိမ်ရှင်အဖြစ် စည်ကား သိုက်မြိုက်စွာဖြင့် ကြီးကျယ်ခမ်းနားစွာ လက်ခံကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံ အတွက် အောင်မြင်မှုလမ်းကြောင်းကို အစပျိုးနိုင်ခဲ့ကြပါကြောင်း။

ယခုနှစ် ဇန်နဝါရီလမှစတင်၍ တစ်နှစ်တာကာလပတ်လုံး နိုင်ငံတော် အဆင့် အာဆီယံထိပ်သီးအစည်း အဝေးများ၊ အရှေ့အာရှထိပ်သီးအစည်း အဝေးများ၊ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး များအပါအဝင် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးများ၊ လုပ်ငန်း အဖွဲ့အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် အောင်မြင်စွာလက်ခံ ကျင်းပပေးနိုင်ခဲ့ကြပါကြောင်း။

ထို့အပြင် အာဆီယံဥက္ကဋ္ဌသက်တမ်း တစ်လျှောက်တွင် ASEAN Institute for Green Economy(AIGE) ကို စတင် ထူထောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌအဖြစ် ဦးစီးဦးဆောင်ပြုဆောင်ရွက်နိုင်စွမ်း အားကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပြင် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံ များ၊ ပြင်ပနိုင်ငံများမှ ချီးကျူးထောက်ခံ အားပေးခဲ့ကြသည်ကို တွေ့ရှိရပါ ကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများ သည် တစ်ဦးတစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုတည်း၏ ဆောင်ရွက်မှု အားဖြင့် ဆောင်ကြဉ်း၍မရနိုင်ပါ ကြောင်း။

၂ဝ၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရာ၌ မူဝါဒပိုင်းဆိုင်ရာ ကြီးကြပ် ညွှန်ကြားသွားနိုင်ရန်နှင့် ဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်ရန် ဖွဲ့စည်းထား သော ၂ဝ၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်းထူထောင်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှု အောက်တွင် ထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ ကျင်းပရေး ကော်မတီနှင့် ဆပ်ကော်မတီ (၁၇) ရပ် ၏ ကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင် ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသည့် သမိုင်းမှတ်တိုင်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

လွန်ခဲ့သော (၁၇)နှစ်က မြန်မာနိုင်ငံ သည် ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခု ဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီးတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ ပါကြောင်း၊ စစ်အေးကာလအတွင်းမှာ မည်သူ့ဘက်ကမှမလိုက်ဘဲ တင်းကျပ် သည့် ကြားနေနိုင်ငံဘဝကနေ ဘက်မ လိုက်သော်လည်း မိမိ၏အခြေခံမူများ ကိုစွဲကိုင်ပြီး နိုင်ငံတကာရေးရာများတွင် တက်ကြွစွာပါဝင်မည်ဟူသည့် ပြောင်းလဲ လာသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ဒီမိုကရေစီသို့ ကူးပြောင်းရန် ကြိုးပမ်းစဉ်ကာလ၌ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာအသိုက်အဝန်း တွင် အခက်အခဲများကို ရင်ဆိုင်ခဲ့ ရသော်လည်း ၂ဝ၁၁ ခုနှစ် မိမိတို့ အစိုးရ တက်ရောက်လာပြီးသည့် နောက်ပိုင်း၌ နိုင်ငံတကာ၏ လက်ခံ မှုကိုရရှိခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်း မှ တက်ကြွစွာ ပါဝင်လာနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း နောက်ပြန် မလှည့်စတမ်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဤသို့ကြိုးပမ်းဆောင်ရွက် မှုကြောင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ တိုးတက်လာခဲ့ပြီး ပြည်သူ များအနေဖြင့် အကျိုးရလဒ်များခံစား လာနိုင်ခဲ့ကြပါကြောင်း၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုသည် အခြေခံလိုအပ်ချက်ဖြစ်ခြင်းကြောင့် ကာလရှည်ကြာစွာ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းပဋိပက္ခကို ငြိမ်းချမ်းအောင် ကြိုးပမ်းဆောင်ရွက် ခဲ့ပါကြောင်း၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း အောင်မြင် စွာကျော်လွှားပြီး စစ်မှန်၍ ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေးကို ရရှိနိုင် လိမ့်မည်ဟု မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ထားပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်တိုးတက်မှုသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု
အပေါ် အခြေခံမည်ဟု ယုံကြည်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုများကိုလည်း ဆောင်ရွက်ခဲ့ ပါကြောင်း။
ပြည်တွင်းရေးသာမက ပြည်ပ ဆက်ဆံရေးတွင်လည်း မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုက်အဝန်းအတွင်း တက်ကြွစွာ ပါဝင်လာနိုင်အောင် ကြိုးပမ်းခဲ့ပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအတွင်း ပါဝင်လာနိုင် အောင် ဆောင်ရွက်ရာတွင် ဒေသ ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော အာဆီယံသည် များစွာအရေးပါပါ ကြောင်း၊ အရှေ့တောင်အာရှဒေသ အတွင်း လွန်ခဲ့သည့် နှစ်(၅ဝ)အတွင်း၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရေးကို ကြိုးပမ်းရာတွင် အာဆီယံသည် အဓိက ကျခဲ့ပြီး ယင်းသို့ ငြိမ်းချမ်းတည်ငြိမ်မှုများကြောင့်လည်း အာဆီယံနိုင်ငံများ အနေဖြင့် ၁၉၇ဝ ခုနှစ်များမှစ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ အာဆီယံသည် တစ်နိုင်ငံချင်း ဆောင်ရွက်မှုမှနေ၍ အစုအဖွဲ့၏အကျိုးကို အထောက်အကူ ပြုခဲ့သည်ကိုတွေ့ရပြီး ဤအစုအဖွဲ့ သည်လည်း အဖွဲ့ဝင်တစ်နိုင်ငံစီကို အပြန်အလှန် အကျိုးပြုနေသည်ကို တွေ့ရပါကြောင်း၊ ယနေ့ကာလတွင်မူ အာဆီယံသည် တိုးတက်ထွန်းကားပြီး ကမ္ဘာပေါ်၌ အောင်မြင်သည့် ဒေသ ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါကြောင်း။

မိမိတို့ အစိုးရတက်လာပြီး နောက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် ၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင် သင့်ပြီဟု ယူဆသည့်အတွက် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူခဲ့ခြင်းဖြစ်ပါကြောင်း၊ အာဆီယံ ဥက္ကဋ္ဌတာဝန်သည် မည်မျှကြီးမားမည် ဆိုသည်ကိုလည်း မှန်းဆခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)ကဲ့သို့ အခြေခံအဆောက်အအုံများကို တည် ဆောက်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင် ရာ လေယာဉ်ကွင်းကိုလည်း နေပြည်တော်တွင် တည်ဆောက်ခဲ့ပါ ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ အင်အားကို ရယူပြီး ဟိုတယ်နေရာထိုင်ခင်းများကို တည်ဆောက်ခဲ့ပါကြောင်း၊ တစ်ဖက် တွင်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်း အားနှင့် တည်ဆောက်ခဲ့သကဲ့သို့ အာဆီယံနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ ၏ အကူအညီကို ရယူခဲ့ပါကြောင်း၊ မိမိထိပ်သီးအစည်းအဝေးပိတ်ပွဲအခမ်း အနားတွင် ပြောကြားခဲ့သကဲ့သို့ ယင်း စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် မိမိ တို့၏ ပင်ကိုစွမ်းအားကိုရယူပြီး အကောင်းဆုံးဖြစ်အောင် ထမ်းဆောင် ခဲ့ပါကြောင်း။

အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင် မှုသည် အာဆီယံထိပ်သီးအစည်းအဝေး ကြီးနှစ်ခုကို အောင်မြင်စွာကျင်းပခြင်း ဖြင့် မပြီးဆုံးပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးက ရာပေါင်းများစွာသော အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ခဲ့ကြရပါကြောင်း၊ ဤလုပ်ငန်းတွင် မြန်မာနိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့် ဧည့်ဝတ်ကျေပွန်မှုကိုပြသနိုင်ခဲ့ ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်အောင် လည်း ဌာနဆိုင်ရာအသီးသီး၊ ပုဂ္ဂလိက ကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူငယ်ထု၊ အမျိုးသမီးထုများ၊ မသန် သော်လည်းစွမ်းသူများ၊ ပြည်သူများနှင့် ပြည်သူ့အခြေပြု အရပ်ဘက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ စာနယ် ဇင်းပုဂ္ဂိုလ်များက တက်ညီလက်ညီ ပါဝင် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့ကြပါကြောင်း၊ ယင်းသို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြ သည့်အတွက် ပါဝင်ဆောင်ရွက်ခဲ့သူ အားလုံးကို ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း။

ပြီးခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသည် မိမိတို့၏ အစဉ်တစိုက်ကြိုးစားအား ထုတ်မှု၏ အထွတ်အထိပ်ကိုရောက်ခဲ့ပါ ကြောင်း၊ အာဆီယံခေါင်းဆောင်နှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ ခေါင်းဆောင်များစုံညီစွာတက်ရောက် ခဲ့ပါကြောင်း၊ အဆိုပါခေါင်းဆောင် များအနက် အများစုသည် မြန်မာနိုင်ငံ နေပြည်တော်ကို ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းခေါင်းဆောင်များသည် မြန်မာ နိုင်ငံနှင့် အာဆီယံအတွက် အကျိုးရှိ မည့် ကတိကဝတ်ပြုချက်များကိုလည်း ပြုလုပ်ခဲ့ကြပါကြောင်း၊ နိုင်ငံတော် အဆင့်ထိပ်သီးအစည်းအဝေးများဖြစ် သည့် (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၊ (၂၅)ကြိမ် မြောက်အာဆီယံထိပ်သီးအစည်းအဝေး၊ (၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးများတွင်လည်း အစည်း အဝေးသဘာပတိ၏ ထုတ်ပြန်ကြေညာ ချက်များ၊ အစီရင်ခံစာများ၊ မှတ်တမ်း များစွာကို အာဆီယံနိုင်ငံများ၏ တူညီ ဆန္ဒကိုရယူပြီး အတည်ပြုထုတ်ပြန်နိုင် ခဲ့ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံများမှ နိုင်ငံ။အစိုးရအဖွဲ့အကြီးအကဲများ၊ မဏ္ဍိုင်(၃)ရပ်များမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စား လှယ်များသာမက ပြည်တွင်းပြည်ပ မီဒီယာများကိုပါ အတတ်နိုင်ဆုံးလိုအပ် ချက်များ ပြည့်စုံအောင် အိမ်ရှင်ပီသစွာ ဧည့်ဝတ် ကျေပွန်စေခဲ့ပါကြောင်း၊ ဝန်ဆောင်မှုများကို နိုင်ငံတကာအဆင့် အတန်းနှင့်လျော်ညီစွာ ပေးအပ်နိုင်ခဲ့ ပါကြောင်း၊ အဓိကအရေးကြီးဆုံး အချက်ဖြစ်သည့် လုံခြုံရေးကိုလည်း မကျိုးပေါက်အောင် ကြပ်မတ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ယခုကဲ့သို့ အောင်မြင်မှုများသည် ဘာသာရပ်ပိုင်းတွင်သာမက စီမံခန့်ခွဲမှု ပိုင်း၌ပါ လိုအပ်ချက်များမရှိအောင် ဆောင်ရွက်နိုင်ခဲ့၍သာ ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မြန်မာ နိုင်ငံမှ ရရှိခဲ့သည့်ရလဒ်များသည် မြန်မာနိုင်ငံသားတိုင်းအတွက် ဂုဏ်ယူ ဖွယ်ရာ၊ ကျေနပ်ပီတိဖြစ်ဖွယ်ရာအဖြစ် ရှိနေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ သမိုင်း တွင် အောင်မြင်မှု မှတ်တိုင်တစ်ခုအဖြစ် ထင်ကျန်ရစ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို အာဆီယံအဖွဲ့ဝင်သက်တမ်း(၁၇)နှစ် တာကာလတွင် ပထမဆုံးအကြိမ် ခက်ခက်ခဲခဲ ရယူထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး နောင်နှစ်ပေါင်း (၁ဝ)နှစ်ကြာမှ သာ ပြန်လည်တာဝန်ထမ်းဆောင်ရ မည်ဖြစ်သည့်အတွက် ယခု ၂ဝ၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အစိုးရနှင့် ပြည်သူလက်တွဲညီညီ ပေါင်းစည်း ဆောင်ရွက်မှုကြောင့် ရရှိ လာသည့် အောင်မြင်မှုရလဒ်သည် နောင်လာနောက်သားတိုင်းအတွက် အတုယူဖွယ်ရာ စံနမူနာကောင်းတစ်ခု အနေဖြင့် နောင်ဆယ်စုနှစ်ပေါင်း များစွာ ရှင်သန်တည်ရှိနေမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို တိုက်တွန်းလိုသည့်အချက်မှာ အာဆီယံ ဥက္ကဋ္ဌတာဝန်နှင့် ပတ်သက်၍ မြန်မာ နိုင်ငံ၏ ဂုဏ်ယူဖွယ်အခမ်းအနားများ တွင် မိမိတို့အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍမှ ပါဝင်ခဲ့သည့် ဆောင်ရွက်ချက် များကို နောင်လာနောက်သားများအား ပြန်လည်မျှဝေနိုင်ရန် မှတ်တမ်းမှတ်ရာ များ သိမ်းဆည်းထားရှိပေးကြရန်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိ တို့၏ အလှည့်ကျဥက္ကဋ္ဌ ဆောင်ပုဒ်ဖြစ် သော ''ရှေ့သို့တူညီတက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ'' ဟူသည့် ဆောင်ပုဒ်အတိုင်း အာဆီယံ အသိုက်အဝန်းထူထောင်ရန် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးတိုးတက်သော အာဆီယံ ဒေသကြီးဖြစ်အောင် တာဝန်သိ အဖွဲ့ဝင်တစ်ဦးအနေဖြင့် အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အာဆီယံဥက္ကဋ္ဌ ဆောင်ရွက်မှုနှင့် အတူ အားကစားပိုင်းတွင်လည်း မြန်မာ နိုင်ငံအနေဖြင့် မိမိ၏ ပင်ကိုစွမ်း ရည်ကို ပြန်လည်ပြသနိုင်ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပွဲကြီးကို အောင်မြင်စွာ ကျင်းပခဲ့ပြီးသည့် နောက် ပိုင်းတွင် မြန်မာနိုင်ငံမှ အားကစား သမားများ၏ စွမ်းရည်ကို နိုင်ငံတကာ သို့ ပြသနိုင်သည့် အခွင့်အရေးရရှိခဲ့ပါ ကြောင်း၊ အတိတ်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင်သာမက အာရှ ၌ပါ မြန်မာ့အားကစားသမားများက လွှမ်းမိုးခဲ့ကြပါကြောင်း၊ ၂ဝ၁၄ ခုနှစ် အာရှဘောလုံး ဖက်ဒရေးရှင်း၏ အသက် (၁၉)နှစ်အောက် (၃၈)ကြိမ်မြောက် နိုင်ငံတကာလူငယ် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ ပါကြောင်း၊ ပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံနှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံများတွင် ကျင်းပခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံသည် ကွာတား ဖိုင်နယ်တွင် ယူအေအီးနိုင်ငံကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဆီမီး ဖိုင်နယ်တက်ခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ခြေစစ်ပွဲအောင်မြင် ပြီး ကာတာ၊ ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဥဇဘက် ကစ္စတန်နိုင်ငံ များနှင့်အတူ ၂ဝ၁၅ ခုနှစ် နယူးဇီလန် တွင်ကျင်းပမည့် နိုင်ငံတကာဘောလုံး ဖက်ဒရေးရှင်း၏ အသက် (၂ဝ)အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ယူ-၁၉ ဘောလုံး အဖွဲ့၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ ၏ ဂုဏ်ယူစရာကောင်းသည့်အောင်မြင် မှုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အောင်မြင် မှုရှိအောင် အားကစားသမားများ အနေဖြင့် စိတ်ဓာတ်၊ နည်းစနစ်၊ လေ့ကျင့်မှုနှင့် သက်လုံကောင်းမှုများ မည်မျှ ကြိုးပမ်းရမည်ဆိုသည်ကို မှန်းကြည့်၍ရနိုင်ပါကြောင်း၊ ယင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေး သော အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များ၊ ကလပ်အသင်းများနှင့် အဘက်ဘက်မှ ပံ့ပိုးသူများကို ကျေးဇူးတင်ရှိကြောင်း ဤနေရာမှ ပြောကြားလိုကြောင်း၊ ''မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်'' ဟူသည့်ဆောင်ပုဒ်ကို အပြော သာမဟုတ်ဘဲ အလုပ်ဖြင့်လက်တွေ့ ဖော်ပြရမည်ဖြစ်ပါကြောင်း၊ အားကစားတွင် အောင်မြင်မှုများသည် နိုင်ငံ တစ်နိုင်ငံ၏ အရည်အသွေး၊ နိုင်ငံ ဂုဏ်သိက္ခာကို ဖော်ပြနေခြင်းဖြစ် သည့်အတွက် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ရှာဖွေ ဖော်ထုတ်ကာ မြေတောင်မြှောက်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ ဖော်ထုတ်ကြသည့်နေရာတွင် ထူးချွန်သော အားကစားအပြင် အားကစားစိတ်ဓာတ်ပြည့်ဝစွာရှိသည့် အားကစားသမားများနှင့် တရား မျှတစွာအားပေးသူများလည်း ရှိရမည် ဖြစ်ပါကြောင်း။

နောက်ဆုံးအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဟန်လင်း၊ မကွေး တိုင်းဒေသကြီး မကွေးခရိုင် ဗိဿနိုး နှင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သရေခေတ္တရာ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုစကားပြောကြားလိုပါကြောင်း၊ မိမိတို့မြန်မာ နိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝလှသည့်အပြင် သမိုင်းမတင်မီ ခေတ် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုများမှသည် နှစ်ပေါင်း (၂ဝဝဝ)ဝန်းကျင်ကတည်းက မြို့ပြယဉ်ကျေးမှု အဆင့်အတန်း မြင့်မားနေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအနှံ့တွင်တည်ရှိနေသော အမွေအနှစ်များသည် မိမိတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ပြနေသကဲ့သို့ နောင်မျိုးဆက်သစ် များအထိ ဆက်လက်တည်တံ့နေရန် အတွက်လည်း အဘက်ဘက်က ဝိုင်းဝန်း ထိန်းသိမ်းလျက်ရှိနေပါကြောင်း၊ ယင်း ယဉ်ကျေးမှုအမွေအနှစ်များကို မြန်မာ တွေသာမက ကမ္ဘာကပါသိအောင်၊ တန်ဖိုးထားလာအောင်၊ ဝိုင်းဝန်း စောင့်ရှောက်ပေးနိုင်အောင်လည်း ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ဆောင်ရွက်နိုင်ရန် ၁၉၉၄ ခုနှစ် ကတည်းက ယူနက်စကို၊ ကမ္ဘာ့ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက် ခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ် နိုင်ရေးအတွက် မြန်မာ့အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ရှစ်ခုကို အဆိုပြုစာရင်း UNESCO သို့ တင်သွင်းခဲ့ပါကြောင်း၊ ၂ဝ၁ဝ ခုနှစ် တွင်မူ အဆိုပြုစာရင်းများအနက် အလွန်ရှေးကျသည့် ပျူမြို့ဟောင်း သုံးမြို့ကို ဦးစွာတင်သွင်းရန် ရွေးချယ် ခဲ့ကြပါကြောင်း။

၂ဝ၁၁ ခုနှစ်မှ စတင်၍ အီတလီ နိုင်ငံ UNESCO အဖွဲ့၏ ကူညီမှုနှင့် အတူ ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီး သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာများ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်း စသည်တို့မှ ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ရှေးဟောင်း သုတေသနပညာရှင်ကြီးများ၊ နိုင်ငံ တကာပညာရှင်များနှင့်အတူ ပြည်ထဲ ရေးဝန်ကြီးဌာန တိုင်းဒေသကြီးသုံးခုမှ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန များမှ သက်ဆိုင်ရာဝန်ထမ်းများကပါ ပူးပေါင်းပါဝင်ကြပြီး အင်တိုက်အား တိုက် ဆောင်ရွက်ခဲ့ကြပါကြောင်း။

ယခုကဲ့သို့ အဖိုးမဖြတ်နိုင်သည့် မြို့ဟောင်းကြီးများ၊ အဆောက်အအုံ ကြီးများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ခေတ်အဆက်ဆက်က သမိုင်းပညာရှင် ကြီးများ၊ စာပေပညာရှင်ကြီးများ၊ သုတေသီများက ဇွဲ၊ လုံ့လ၊ ဝီရိယကြီး စွာဖြင့် ဖော်ထုတ်ထိန်းသိမ်းလာကြ သကဲ့သို့ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းစောင့်ရှောက်ထိန်းသိမ်းခဲ့၍သာ ယခုအချိန်အထိ မျက်ဝါးထင်ထင် တွေ့မြင်လေ့လာနိုင်ကြခြင်း ဖြစ်ပါကြောင်း၊ ယခုလည်း ယင်းမြို့ဟောင်း များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် ဆောင်ရွက်သည့်အခါတွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများက ဒေသခံများသည် သက်ဆိုင်ရာအမွေအနှစ်စောင့်ရှောက် ရေးအဖွဲ့များ ဖွဲ့စည်းကာ အင်တိုက် အားတိုက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရ ပါကြောင်း။

အဆိုပါ ပျူခေတ်မြို့ဟောင်းများ၏ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများနှင့် ကိုက်ညီမှု၊ အထောက်အထားများ ခိုင်လုံစွာ တည်ရှိမှု၊ အရေးပါမှု၊ ရှားပါး တန်ဖိုးကြီးမှုတို့နှင့်အတူ ယခုကဲ့သို့ အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်း၊ ပြည်တွင်းပညာရှင်၊ ပြည်ပပညာရှင်များ အားလုံးပူးပေါင်းဆောင်ရွက်မှု၊ အားထုတ် ကြိုးပမ်းမှုတို့ကြောင့် ပြီးခဲ့သည့် ဇွန်လ က ကာတာနိုင်ငံ ဒိုဟာမြို့မှာကျင်းပ ခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ် ကော်မတီညီလာခံတွင် ယင်းမြို့ ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အတည်ပြုသတ်မှတ် လိုက်ပြီဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ''မြန်မာ့ယဉ်ကျေးမှု'' သမိုင်းနှင့်တန်ဖိုး ကို ပြသလိုက်နိုင်ခြင်းဖြစ်သကဲ့သို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ အတွက် လမ်းပွင့်သွားပြီဟု ဆိုနိုင်ပါ ကြောင်း။

(၂)နှစ်မြောက်ကာလအတွင်း ရရှိ အောင် ဆောင်ရွက်နိုင်ခြင်းကိုလည်း နိုင်ငံတကာ၏ ချီးကျူးဂုဏ်ပြုသံများကိုလည်း ကြားသိနေရပါကြောင်း၊ ဤသည်မှာ all inclusive ဟု ခေါ်သည့် အားလုံးညီညီညွတ်ညွတ် ဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံး၏ ပူးပေါင်းညီညွတ် မှုနှင့် ဝိုင်းဝန်းကြိုးပမ်းမှုကို မိမိတို့အနေ ဖြင့် အင်မတန် ကျေးဇူးတင်ပါကြောင်း နှင့် ဂုဏ်ယူဝမ်းမြောက်ဖြစ်ရပါကြောင်း။

ယခုကဲ့သို့ ကမ္ဘာ့စာရင်းဝင်ဖြစ်သွား သည့်အတွက်၊ နိုင်ငံနှင့်လူမျိုးများ အတွက် ဂုဏ်တက်သကဲ့သို့ ပြည်တွင်း ပြည်ပဧည့်သည်များ ဝင်ရောက်မှု များပြားလာမည်ဖြစ်သဖြင့် နိုင်ငံ အတွက်လည်း ဝင်ငွေတိုးတက်ရရှိသကဲ့ သို့ ဒေသခံများအတွက် ပိုမိုအမြင် ကျယ်လာပြီး အလုပ်အကိုင်အခွင့် အလမ်းများလည်း ပိုမိုတိုးတက်လာစေ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ရှေ့ဆက် ယင်းအမွေအနှစ်များကို ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းစောင့် ရှောက်ရာတွင်လည်း ယခုလိုပင် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အားဖြင့် ရတောင့်ရခဲ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခွင့်ရချိန်တွင် အာဆီယံထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မြင့်မား အောင် အဘက်ဘက်မှ ပါဝင်ကူညီ စွမ်းဆောင်ပေးခဲ့ကြသူများနှင့် နိုင်ငံ့ ဂုဏ်ဆောင်ပြီး ယူ-၂ဝ ကမ္ဘာ့ဘောလုံး အားကစားပြိုင်ပွဲ၏ ခြေစစ်ပွဲကို အောင်မြင်ပြီး ကမ္ဘာ့အဆင့်ကို တက်လှမ်း နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြသော မြန်မာနိုင်ငံမှ ယူ-၁၉ ဘောလုံး အားကစားသမားများ၊ ပျူရှေးဟောင်း မြို့ကြီး သုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာထည့်သွင်း နိုင်အောင် ဆောင်ရွက်ခဲ့သူများအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်းနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်မြှင့်တင် နိုင်ရေးတွင် တစ်တပ်တစ်အား ဆက်လက်ပါဝင်ကြရန်တိုက်တွန်းရင်း နိဂုံးချုပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကျင်းပခဲ့မှု၊ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ၂ဝ၁၅ခုနှစ် ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည့် ယူ-၁၉ လက်ရွေးစင်ဘောလုံး အသင်း၏ ပြိုင်ပွဲဝင်မှတ်တမ်းနှင့် ပျူရှေးဟောင်းမြို့ကြီး သုံးမြို့အား ကမ္ဘာ့ အမွေအနှစ်စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုတို့အား ပြသသည်။

ယင်းနောက် ဖီဖာ ယူ-၂ဝ ကမ္ဘာ့ ဖလား ၂ဝ၁၅ခုနှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းကိုယ်စား အသင်း ခေါင်းဆောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများက ညစာ သုံးဆောင်ကြရာ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့် သံစုံတီးဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတသည် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့ပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ (သတင်းစဉ်)

No comments:

Post a Comment