Saturday, March 31, 2018

CBဘဏ်SME Center (တောင်ဒဂုံ) ဖွင့်ပွဲကျင်းပ

Image may contain: 17 people, people standing
တောင်ဒဂုံ မတ် ၃ဝ
CBဘဏ်၏SME Center (တောင်ဒဂုံ) ဖွင့်ပွဲ အခမ်း အနားကို အမှတ်(၃ဝ) ပြည်ထောင်စုလမ်း တောင်ဒဂုံ မြို့နယ် ရန်ကုန်မြို့၌ ယနေ့တွင် ကျင်းပသည်။
အခမ်းအနားကို ဦးဖေမြင့် Advisor (သမဝါယမဘဏ် လီမိတက်)၊ ဒေါ်နယ်အယ်ဖော ဦးဆောင်ညွှန်ကြားရေးမှူး (သမဝါယမဘဏ်လီမိတက်)၊Mr.Toh Kai Leong-Head of Corporate Banking Department (သမဝါယမဘဏ်လီမိတက်)၊Mr. Oleg Flaum-Team Leader (Frankfurt School of Finance)၊ ဒေါ်စိုးစိုးသင်း အထွေထွေမန်နေဂျာ(သမဝါယမဘဏ်လီမိတက်)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဒေါ်နယ်အယ်ဖော ဦးဆောင်ညွှန်ကြား ရေးမှူး (သမဝါယမဘဏ်လီမိတက်)က ''CBဘဏ် အနေနဲ့SME ကဏ္ဍကို အားပေးတဲ့အနေနဲ့ ယခင်ကတည်း က ချေးငွေတွေထုတ်ပေးခဲ့ပါတယ်၊ နိုင်ငံတော်ရဲ့ စီးပွားရေး မူဝါဒအရ SME ကဏ္ဍကို အဓိကထားသဖြင့် CBဘဏ် အနေနဲ့လည်း ပိုပြီးအလေးထားလုပ်ဆောင်လျက်ရှိပါ တယ်၊ ဘဏ်ရဲ့ဖွဲ့စည်းပုံမှာSME Division ဆိုပြီးတော့ ဖွဲ့စည်းပြီး အထူးလေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေနဲ့ တစိုက် မတ်မတ် လုပ်ဆောင်လျက်ရှိပါတယ်၊ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော CBဘဏ်SME Centerကို ရန်ကုန်မြို့ သီရိမွန်ပလာဇာ ဘဏ်ခွဲ (ဘုရင့်နောင်)နဲ့ ဒုတိယမြောက်SME Center ကို ဇန်နဝါရီလမှာ မန္တလေးမြို့ (၃၃)လမ်းဘဏ်ခွဲတို့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ယခုလိုတတိယမြောက် SME Center (တောင်ဒဂုံ)ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အသေးစားနဲ့ အလတ်စားချေးငွေတွေကို အရင်ကထက် ပိုမိုလွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်တော့မှာဖြစ်ပြီး မြန်မာနိုင်ငံရှိ အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေ ကို လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ချေးငွေတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်သလို မိမိတို့ CB ဘဏ်အနေနဲ့လည်း အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေကို ချေးငွေဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုကူညီပံ့ပိုးနိုင်ဖို့ အတွက်SME Centerတွေကို မြန်မာတစ်နိုင်ငံလုံးမှာ ထပ်မံဖြန့်ကြက်ဖွင့်လှစ် သွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
CBဘဏ်ရုံးချုပ်မှာသာမက SME Center တွေမှာ လည်း အသေးစားနဲ့ အလတ်စားချေးငွေတွေကို လွယ်ကူ လျင်မြန်စွာ လျှောက်ထားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရှိ အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်တဲ့ချေးငွေ ဆိုင်ရာဝန်ဆောင်မှုတွေကို ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။
ကြေးမုံ

တီပီပီစာချုပ်တွင် ပါဝင်ရန် စိတ်ဝင်စားဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ပြော

Image may contain: 7 people, people smiling
ဘန်ကောက် မတ် ၃ဝ
နိုင်ငံ ၁၁ နိုင်ငံ အဖွဲ့ဝင်အဖြစ်ပါဝင်သော ပစိဖိတ် ဒေသ စီးပွားရေးမဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး သဘောတူစာချုပ် (တီပီပီ)တွင် မိမိ၏ နိုင်ငံပါဝင်ရန် စိတ်ဝင်စားကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်ယာတူဆရီပီတက်က ပြောကြားသည်။
ဆွမ်ကစ်သည် မတ် ၂၉ ရက်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ တီပီပီတွင် ထိုင်းနိုင်ငံ ပါဝင်ရေးအတွက် ထိုင်းကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် လုပ်ငန်းအဖွဲ့ တစ်ဖွဲ့ကို ထူထောင်မည်ဖြစ်ပြီး အစိုးရအဖွဲ့က ဂျပန်နိုင်ငံ၏ ထောက်ခံမှုကို ရယူနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆွမ်ကစ်က ပြောကြားသည်။
ဒေသဆိုင်ရာ စီးပွားရေး မိတ်ဖက်ပြု ဆောင်ရွက်ရေး စာချုပ်အတွက် ညှိနှိုင်းဆွေးနွေးမှုများ တိုးတက်မှုရှိလာ မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ပြောကြား သည်။ အဆိုပါစာချုပ်တွင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများ အသင်းမှ အဖွဲ့ဝင် ၁ဝ နိုင်ငံ ပါဝင်သည်။
ကျိုဒို

အစ္စရေးနှင့်ထိစပ်နေသော နယ်စပ်စည်းရိုးတစ်လျှောက်ဆန္ဒပြမှုများအတွင်း ဂါဇာဒေသသား လေးဦးသေဆုံး

Image may contain: one or more people, crowd, basketball court and outdoor
ဂါဇာစီးတီး မတ် ၃ဝ
ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံထားသော လုံခြုံရေး ဆိုင်ရာ ခြံစည်းရိုးတစ်လျှောက်တွင် မတ် ၃ဝ ရက်က ''ပြန်လှည့်ချီတက်ခြင်း'' အမည်ရှိ ဆန္ဒပြပွဲများကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ရာတွင် အစ္စရေးစစ်ဘက်က ဆန္ဒပြသမားများကို ရော်ဘာကျည်များ၊ ကျည်စစ်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ခြင်းကြောင့် ဂါဇာဒေသသား ပါလက် စတိုင်း လေးဦးသေဆုံးပြီး ၃၇ဝ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဆန္ဒပြပါလက်စတိုင်း လူစုလူဝေးက အစ္စရေးစစ်သားများ အား မီးလောင်ဗုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း ကြောင့် အစ္စရေးစစ်သားများက ပြန်လည်ပစ်ခတ်ဖြစ် ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ဂါဇာနယ်စပ်ဒေသတစ်လျှောက်တွင် ပါလက်စတိုင်း ၁၇ဝဝဝ ခန့်က ''ပြန်လှည့်ချီတက်ခြင်း''ဟု အမည်ပေးထား သည့် ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး ယင်းဆန္ဒပြမှုများမှာ အဓိကဆန္ဒပြရာနေရာငါးခုအထိ ပျံ့နှံ့သွားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားသည့်ကြီးမားသော ဆန္ဒပြမှုအတွင်း ပါလက် စတိုင်းလူမျိုး လေးဦးသေဆုံးခဲ့ကြောင်း၊ မတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃ဝ တွင် ထိခိုက်ဒဏ်ရာရသူ ၃၇ဝ ရှိပြီး ဒဏ်ရာရသူအများစုမှာ ရော်ဘာကျည်ဆန် ထိမှန်မှုနှင့် မျက်ရည်ယိုဗုံးတို့ကြောင့်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ အချို့မှာ ကျည်စစ်များ ထိမှန်ခံရသူများဖြစ်ကြောင်း ဟားမားစ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ဆန္ဒပြပွဲ၌ အဓိကလှုံ့ဆော်သွေးထိုးသူများကို စစ်သား များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က အတည်ပြု ပြောကြားသည်။ အချို့သော ဆန္ဒပြသမား များသည် မော်တော်ကားတာယာများကို မီးရှို့ခဲ့ကြပြီး လက်လုပ်မီးလောင်ဗုံးများ၊ ကျောက်တုံးကျောက်ခဲများနှင့် အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းများဖြင့် နယ်ခြားတစ်ဖက်တွင် ရှိနေသည့်အစ္စရေးတပ်ဖွဲ့ဝင်များကို ပစ်ပေါက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားသည်။
ဂါဇာနယ်ခြားဒေသရှိ လုံခြုံရေးစည်းရိုးကို ကျော်ဖြတ် ၍ အစ္စရေးနယ်မြေအတွင်းသို့ ပါလက်စတိုင်းဆန္ဒပြသူများ ဝင်ရောက်လာခြင်း မရှိစေရန် အစ္စရေးစစ်ဘက်က ဟန့်တားခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
အေအက်ဖ်ပီ

အမေရိကန် သံတမန်များအား ရုရှားပြည်နှင်မှု ပြန်လည်လက်တုံ့ပြန်မည်ဟု အိမ်ဖြူတော် သတိပေး

Image may contain: 3 people, outdoor
ဝါရှင်တန် မတ် ၃ဝ
အမေရိကန် သံတမန်များအား ရုရှားနိုင်ငံက ပြည်နှင်ခြင်း သည် မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးတွင် ထပ်မံဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း၊ ရုရှား၏ လုပ်ရပ်အတွက် မိမိတို့ ပြန်လည်လက်စားချေမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က သတိပေးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၃ဝ ရက်တွင် သတင်းထုတ်ပြန် သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မတ် ၂၉ ရက်က ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျွန်မယ်ဒီ ဟန့်မန်းအား ခေါ်ယူတွေ့ဆုံခဲ့ပြီး အမေရိကန် သံတမန် ဆိုင်ရာ ဝန်ထမ်း ၆ဝ ပြန်လည်ထွက်ခွာစေရန်နှင့် စိန့်ပီတာ စဘတ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်သိမ်း ရန် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးတွင် တန်းတူ ညီမျှရေးမူဝါဒအရ အမေရိကန် သံတမန် ၆ဝ ကို ဧပြီ ၅ ရက် နောက်ဆုံးထား၍ ရုရှားနိုင်ငံမှ ထွက်ခွာ ပေးရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြသည်။
စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန်ကောင်စစ် ဝန်ချုပ်ရုံး ဖွင့်လှစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းပြီး ဝန်ထမ်း အားလုံး မတ် ၃၁ ရက် နောက်ဆုံးထား၍ ထွက်ခွာ စေရန် ရုရှားအစိုးရအဖွဲ့က တောင်းဆိုခဲ့သည်။
ရုရှားဆန့်ကျင်ရေး လှုပ်ရှားမှုများအား ထောက်ပံ့ အားပေးမှုများကို အမေရိကန်က လုပ်ဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေ နိုင်သော အပြုအမူများ ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် လေးနက်စွာ စဉ်းစားသင့်ကြောင်း၊ အမေရိကန်က မိမိတို့ သံတမန်များအား ရန်မူသည့် ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ပါက ရုရှားနိုင်ငံကလည်း တုံ့ပြန်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ရုရှားသတင်းအချက်အလက် စုဆောင်းသူဟောင်းနှင့် ၎င်း၏ သမီးတို့ ဗြိတိန်နိုင်ငံတွင် အဆိပ်သင့်လုပ်ကြံခြင်းမှ အစပြုကာ နှစ်နိုင်ငံတင်းမာမှုကြောင့် မတ် ၁၄ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်က ရုရှားသံတမန် ၂၃ ဦးကို ပြန်လည် ထွက်ခွာစေခဲ့သည်။ မတ် ၁၇ ရက်က ရုရှားနိုင်ငံက ဗြိတိန်သံတမန် ၂၃ ဦးကို ထွက်ခွာစေခြင်းဖြင့် တုံ့ပြန်ခဲ့ သည်။ မတ် ၂၆ ရက်တွင် ဥရောပသမဂ္ဂ အီးယူအဖွဲ့ဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အမေရိကန်၊ ကနေဒါနှင့် ယူကရိန်းစသည့် နိုင်ငံတို့က ၎င်းတို့နိုင်ငံအသီးသီးရှိ ရုရှားသံတမန်ပေါင်း ၁ဝဝ ကျော်ကို ပြန်လည်ထွက်ခွာ စေခဲ့သည်။
ဆင်ဟွာ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ထွက်ခွာလာသည့် မြန်မာ အလုပ်သမားများ တင်ဆောင်လာသောယာဉ် မီးလောင်မှုဖြစ်ပွား

Image may contain: one or more people and outdoor
မဲဆောက် မတ် ၃ဝ
ထိုင်းနိုင်ငံ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ မြို့တော် ဘန်ကောက်သို့မောင်းနှင်လာသည့် မြန်မာအလုပ်သမားများတင်ဆောင်လာသောမှန်လုံယာဉ်မှာ တာခ့်မြို့ နယ်ဧရိယာအတွင်းရှိ အမျိုးသား ဥယျာဉ်အနီး၌ ယနေ့နံနက်စော ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်ကြမည့် မြန်မာအလုပ်သမား ၄၇ ဦး တင်ဆောင်လာသော မှန်လုံယာဉ် မှာ ယာဉ်အတွင်း၌ ဆေးလိပ်မီးမတော် တဆပြုတ်ကျရာမှ ထိုင်ခုံများအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာကြသော မြန်မာအလုပ်သမား ၄၇ ဦးအနက် ၂ဝ မှာ အခင်းဖြစ်မီးလောင်ရာနေရာ ၌ သေဆုံးခဲ့ရကြောင်းသိရကာ ကျန်ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးအား တာခ့်ခရိုင်ဆေးရုံကြီးသို့ တင်ပို့ ကုသထားကြောင်း သိရသည်။
မီးလောင်ရာနေရာသို့ ထိုင်းနိုင်ငံမှ ဒေသခရိုင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီမီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိနှင့် မြန်မာ အေဂျင်စီမှ တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်း၊ သေဆုံး ရုပ်အလောင်းများ၏ DNA များ အား စစ်ဆေးလျက်ရှိကြောင်း၊သေဆုံး သူများ ဖြစ်ကြသော ကျောက်တံခါးမြို့ နယ်မှ ကိုသန့်ဇင်အောင်(ဘ) ဦးသိန်းလွင်၊ မဇာဇာနွယ်(ဘ) ဦးကျော်ဝင်း၊ မပန်းအိဖြူ (ဘ) ဦးကံချွန်၊ မမာမာလွင်(ဘ) ဦးစိန်လွင်၊ မတင်နီလာအောင်(ဘ) ဦးနီကျော်၊ မသူဇာငြိမ်း(ဘ) ဦးစိုးသန်းနှင့် ကိုလှစန်းအောင်(ဘ) ဦးစန်းတင့်၊ မော်လမြိုင်မြို့မှ မဝတ်ရည်ဦး (ဘ) ဦးတင်ထူး၊ လယ်ဝေးမြို့နယ်မှ မခင် သန်းဝင်း(ဘ) ဦးတင်လှိုင်၊ မြို့သစ်မြို့ နယ်မှ မလဲ့လဲ့စန်း (ဘ)ဦးခင်မောင် သန်းနှင့် မစောဌေး(ဘ) ဦးစိန်ထွန်း၊ ပျော်ဘွယ်မြို့နယ်မှ မငြိမ်းငြိမ်းဌေး (ဘ) ဦးသန်းစိန်၊ မဇင်မာမိုး(ဘ) ဦးကျော်လွင် ၊ မအိဖြူ (ဘ)ဦးဖိုးချော၊ နတ်မောက်မြို့နယ်မှ မနှင်းဝေ(ဘ) ဦးဝေလင်းနှင့် မတင်မာလင်း(ဘ) ဦးစိန်ရင်၊ သနပ္ပင်မြို့နယ်မှ မမြင့်မြင့် ခိုင်(ဘ) ဦးခင်မြ ၊ အရာတော်မြို့နယ်မှ မချိုမာဝင်း (ဘ) ဦးဖိုးထောင်၊ အောင်လံမြို့နယ်မှ မစန္ဒာဝင်း(ဘ) ဦးမြင့်သိန်း နှင့် မချိုချိုမွှေး (ဘ) ဦးသန်းရွှေတို့အတွက် နာရေးကိစ္စရပ် နှင့် နစ်နာကြေးရပိုင်ခွင့်တို့ကို မိသားစု ဝင်များ ခံစားရရှိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့အပြင်သေဆုံး သူများ၏မိသားစုဝင်များအနေဖြင့် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အလုပ် သမားသံအရာရှိများ၏ ဆက်သွယ် ရန်ဖုန်းများဖြစ်သော ဦးစန်းမောင်ဦး ဝ၉ ၄၈၈၄၅၄၈၄၊ ဦးခင်မောင် ဝ၉ ၉ ဝ၅၉ ၂၃၅၂ ၊ ဦးမျိုးထက်သူ ဝ၆၅ ၂၂ဝ၆၉ ၅၁ ၊ဦးနိုင်မင်းသူ ဝ၆၅ ၂၂ဝ၆၉ ၅၂ နှင့် ဦးအောင်ခင်မြင့် ဝ၆၅ ၂၂ဝ၆၉၅၃ တို့အား ဆက်သွယ် မေးမြန်းနိုင်ကြောင်း မြို့တော် ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပြန် ချက်အရ သိရသည်။
ပွင့်သစ္စာ

ရခိုင်ပြည်နယ် ကျေးလက်ဒေသများမှ ပြည်သူများအတွက် အိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိ

Image may contain: plant and outdoor
စစ်တွေ မတ် ၃ဝ
ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသည့် ကျေးရွာများ၊ ရေကြီးကမ်းပြိုဖြစ်ပွားသည့် ကျေးရွာများနှင့် ဆင်းရဲ ချို့တဲ့ပြီး အိမ်မဲ့ယာမဲ့ ပြည်သူများအတွက် ကျေးလက်အိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
''ကျေးလက်အိမ်ရာတွေကို အဓိက သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့ ကျေးရွာတွေ၊ ရေကြီးကမ်းပြိုဖြစ်ပွားတဲ့ ကျေးရွာတွေ၊ ဆင်းရဲချို့တဲ့ပြီး အိမ်မဲ့ယာမဲ့ဖြစ်နေတဲ့ ပြည်သူတွေအတွက် ဦးစားပေးဆောက်လုပ်ပေးနေပါတယ်''ဟု ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဆွေက ပြောသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ ကျေးရွာ ၁၄ ရွာ၌ ကျေးလက်အိမ်ရာ အလုံး ၂ဝဝ တည်ဆောက်ပေးနေမှုမှာ ယခုအခါ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရန်ပုံငွေကျပ် ၁ဝ၂၉ သန်း၊ နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၃၇၁ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၄ဝဝ နဲ့ မောင်တောမြို့နယ်က ကျေးရွာနှစ်ရွာမှာ အိမ်ရာ ၄၇ လုံး၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာတစ်ရွာမှာ အိမ်ရာ ၂၇ လုံး၊ မင်းပြားမြို့နယ်က ကျေးရွာသုံးရွာမှာ အိမ်ရာ ၂၂ လုံး၊ တောင်ကုတ်မြို့နယ်က ကျေးရွာငါးရွာမှာ အိမ်ရာ ၇၈ လုံးနဲ့ ဂွမြို့နယ်က ကျေးရွာသုံးရွာမှာ အိမ်ရာ ၂၆ လုံး စုစုပေါင်း အိမ်ရာအလုံး ၂ဝဝ ကို တင်ဒါစနစ်နဲ့ ဒေသခံကုမ္ပဏီတွေ ဆောက်လုပ်နေတာ အခုဆိုရင် ၉၅ ရာခိုင်နှုန်းကျော်ပြီးစီးနေ ပါပြီ''ဟု ဦးညီညီဆွေက ပြောသည်။
ဆက်လက်၍ ၎င်းက''ပြီးခဲ့တဲ့နှစ် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်မှာလည်း မောင်တော၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာ လေးရွာမှာ အိမ်ရာ အလုံး ၆ဝ နဲ့ တောင်ကုတ်မြို့နယ်ရှိ တာရဲ ကျေးရွာမှာ အိမ်ရာ အလုံး ၄ဝ စုစုပေါင်း အိမ်ရာ အလုံး ၁ဝဝ ကို ကျွန်တော်တို့ဌာနက ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၃၅ဝ နဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ် ရန်ပုံငွေက ကျပ်သန်း ၁၅ဝ စုစုပေါင်း ကျပ်သန်း ၅ဝဝ နဲ့ တည်ဆောက်ပေးခဲ့ ပါတယ်''ဟု ပြောသည်။
ကျေးလက်အိမ်ရာများဆောက်လုပ်ရာတွင် ယခင်နှစ်က အိမ်တစ်လုံးတန်ဖိုး ငွေကျပ် သိန်း ၅ဝ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အိမ်တစ်လုံး ကျပ်သိန်း ၇ဝ ထိ တိုးမြှင့်ချထားပေးပြီး ဆောက်လုပ်နေကြောင်းလည်း သိရသည်။
အဆိုပါအိမ်ရာများမှာ တစ်ထပ်အုတ်တိုက် steel structure သွပ်မိုးဖြစ်ပြီး ဧရိယာ ၄၆၈ စတုရန်းပေရှိသည်။ ဖွဲ့စည်းပုံမှာ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့် ဝရန်တာပါဝင်ကြောင်း သိရသည်။ အိမ်အပြင် ဘက်တွင် ယင်လုံအိမ်သာပါဝင်ပြီး မိသားစုတစ်စုအဆင့်အတန်းမီ နေနိုင်ရန် ဆောက်လုပ်ထားကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း အိမ်ရာ အလုံး ၃ဝဝ ဆောက်လုပ်ရန် လျာထားပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ခံစားရသည့် ကျေးရွာများ၊ ဆင်းရဲချို့တဲ့သည့်ကျေးရွာများကို ဦးစားပေးအလိုက် ရွေးချယ်၍ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးမှ သိရသည်။
သတင်း- ကျော်သူထက်၊ ဓာတ်ပုံ- ဟန်လင်းနိုင်

ပြည်တွင်းသတင်းမီဒီယာအဖွဲ့ ငန်းချောင်းကျေးရွာနှင့် အိုးထိန်းကျေးရွာများသို့ ကွင်းဆင်းသတင်းရယူ

Image may contain: 5 people, people standing, tree and outdoor
စစ်တွေ မတ် ၃ဝ
စစ်တွေမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း သတင်းမီဒီယာအဖွဲ့ သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိကြပြီး ငန်းချောင်းကျေးရွာနှင့် အိုးထိန်းကျေးရွာတို့သို့ မြေပြင်ကွင်းဆင်း သတင်းရယူကြသည်။
ရှေးဦးစွာ ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည် မောင်တော မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့်တွေ့ဆုံပြီး မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ စနစ်တကျပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(Identity Card for National Verification)ထုတ်ပေးနေမှုနှင့် လယ်ယာမြေကိစ္စရပ်များအပါအဝင် အခြားသိရှိလိုသည်များကို မေးမြန်း သတင်းရယူကြသည်။
မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် မောင်တော မြို့နယ်ရှိ အစ္စလမ်ဘာသာဝင်များနေထိုင်ရာ ငန်းချောင်းကျေးရွာ သို့ရောက်ရှိကြပြီး ကျေးရွာသားများနှင့်တွေ့ဆုံကာ လက်ရှိ နေထိုင်စားသောက်မှု၊ ကျေးရွာတည်ငြိမ်အေးချမ်းမှု၊ နေရပ်စွန့်ခွာ မှုအခြေအနေအပါအဝင် ၎င်းတို့သိရှိလိုသည်များကို မေးမြန်း သတင်းရယူကြသည်။
ယင်းနောက် အိုးထိန်းကျေးရွာသို့ ရောက်ရှိကြပြီး မြိုတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့်တွေ့ဆုံကာ အကြမ်းဖက်တိုက်ခိုက်ခံရမှုအခြေအနေ၊ လက်ရှိတည်ငြိမ် အေးချမ်းမှု အခြေအနေအပါအဝင် အခြားသိရှိလိုသည်များကို မေးမြန်းသတင်းရယူကြသည်။
ဆက်လက်၍ အိုးထိန်းကျေးရွာ၌ မြိုတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များနေထိုင်ရန် နေအိမ်များဆောက်လုပ်ပေးနေမှု ကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် မြိုလူမျိုးများအား အိုးထိန်းကျေးရွာအနီး၌ ယာယီနေရာချထားပေးမှု အခြေအနေကို သွားရောက်လေ့လာကြ သည်။
သတင်းစဉ်